မြို့လေးက ရန်ပွဲတွေနဲ့
Author: lubo601 |
12:31 AM |
No မှတ်ချက် |
က)။
“ငါတဲ့ဟေ့”
သူက သူ့ကိုယ်သူ ကြွေးကြော်လိုက်တယ်။
“သူတဲ့ဟေ့”
သူ့ကို ကြိုက်တဲ့သူတွေကလည်း သူ့ကို ၀ိုင်းအားပေးကြတယ်။
“နေပါဦး …. မင်းက ဘယ်လောက်များ ချဉ်နိုင်လို့လဲ ……..”
သူ့ကို မနာလိုတဲ့ တစ်ယောက်က သူ့ကိုလာမေးတယ်။
“ဟဟ … ကျုပ်ဘယ်လောက်ချဉ်သလဲ သိချင်လား ……. ရော့ …” ဆိုပြီး သူက သူ့ လေကို မှုတ်ထုတ်လိုက်တယ်။
“ဖူး …………”
“အယ်မလေးဗျာ ………” ဆိုပြီး ချဉ်လွန်းလို့ မနေနိုင် ထပြေးသွားတယ်။
တွေ့လား။ သူက အဲလိုလူ။ သူ့နာမည်လား။ ပြောပြမယ်။ သူက ကိုသံပရာတဲ့။
…………………..။
ခ)။
“လာစမ်းကွ…… မင်းက ဘာကောင်လဲ ……”
“ငါကလား …. ငါက ချိုတဲ့ကောင်လေ ….”
“ အေး … မင်းက ဘယ်လောက်ချိုနိုင်လို့လဲ …………..”
သူတို့ချင်း ပြိုင်ပွဲလုပ်နေကြတယ်။ ဘယ်သူ ပိုချိုလဲ ပြိုင်တဲ့
ပြိုင်ပွဲပေါ့ ….။ အုပ်စုပွဲကနေ ..၊ အုပ်စု ပထမ၊ ဒုတိယ။ အဲဒီကနေ ရှုံးထွက်၊
ဆီမီးဖိုင်နယ်၊ ကွာတားဖိုင်နယ်။ ဗိုလ်လုပွဲထိပေါ့။ သူက
နောက်ဆုံးဖိုင်နယ်မှာ ဆုရသွားတယ်။ အများကြီးက ၀ိုင်းအားပေးကြတယ်။
“ဟေး …………………… သူတဲ့ကွ ……………….”
ထုံးစံအတိုင်း သူကလည်း ……
“ဟေး …………… ငါတဲ့ ကွ …………”
သူတို့ချင်း အဆင်ပြေကြတယ်။
နောက်ဆုံး သူ ဆုတွေ အများကြီးရတယ်။
“အချိုဆုံး ဆုပိုင်ရှင် ….. ကိုသကြား ဖြစ်ပါတယ်ဗျား…………..”
……………………။
ဂ)။
အားလုံးက အဆင်ပြေပါတယ်။ လေတွေလည်း တိုက်တုန်း။ မိုးတွေလည်း ရွာတုန်း။
ဒါပေမယ့် သူတို့ နှစ်ဦးတွေ့တော့ အခြေအနေက မတူတော့ဘူး။ ခက်နေတာက
သူတို့နှစ်ဦး အဆင်မပြေကြဘူး။
“မင်းက ဘာလဲ”
“မင်းကကော….. ဘာလဲ”
“နေပါဦး … မင်းကကော …. ဘယ်လောက် အဆင့် ရှိလို့လဲ”
“ဟဟား ……….. မင်းလောက်ကတော့ ကွာ”
သူတို့ချင်း အဆင်မပြေကြဘူး။
လူတွေကလည်း …။ အဲ။ ဘယ်သူမှန်တယ် မသိကြဘူး…။ သူကြိုက်တာ သူ အားပေးကြတယ်။
“ဟေး………….. သံပရာသီးကွ ……………”
အချဉ်ကြိုက်တဲ့ သူတွေက အားပေးမြဲ သူ့ကို။
“ဟေး ………….. သကြားတဲ့ကွ ………..”
သူတို့က အချိုကြိုက်တဲ့သူတွေ….။
ခက်နေတာက သူတို့ချင်း မတည့်ကြတာ။ ကြားနေ ၀ါဒ လည်း မရှိပြန်ဘူး။
“မင်းတို့က အချဉ်တွေပါကွာ”
“ဟဟ …. အချိုတွေ တက်မလာနဲ့”
“ပျင်းတောင် ပျင်းသေးတယ် အချဉ်တွေ”
“လစ်လိုက်တော့ မင်းတို့ခေတ်ကုန်ပြီဟ ….. သောက်အချိုတွေ”
မီဒီယာကလည်း ဖွကြတယ်။ အချိုတွေ ဘယ်လောက်ချိုတဲ့အကြောင်း။ ဆန့်ကျင်ဘက်
မီဒီယာကလည်း ပြန်ဖွတယ်။ အချိုစားရင် ဆီးချို၊ သွေးချိုဖြစ်မယ့်အကြောင်း။
ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ သူတို့နှစ်ယောက် မတည့်ကြဘူး။ သတင်းစာ
ရှင်းလင်းပွဲလုပ်ကြတယ်။ စကားချင်း ရှင်းမရတော့ သူတို့ချင်း နပန်းလုံးကြတယ်။
ကျန်တဲ့ ပရိတ်သတ်တွေလည်း ပါလာကြတော့ ပိုဆိုးကုန်တာပေါ့။
“ဟေ့ကောင်တွေ … အချဉ်တွေကို သတ်ပစ်”
“သကြားတွေကို အချဉ်တည်ဖြစ်မယ်ကွ ………….”
ရန်ပွဲကြီးက တော်တော်ကြီး ကြီးလာတယ်။ တစ်စ။ တစ်စ။
ဃ)။
ရဲတွေက ရန်ပွဲအကြောင်းကို သိတော့ လာရောက် ရှင်းကြတယ်။ ဒါပေမယ့် ခက်နေတာက
သူတို့ထဲမှာလဲ အချိုကြိုက်တဲ့ သူနဲ့ အချဉ်ကြိုက်တဲ့ သူနဲ့
အုပ်စုကွဲနေကြတယ်။
“ဟေး … ဟေး … ရန်မဖြစ်ကြပါနဲ့ကွာ……….”
သူတို့လည်း ရှင်းလို့မနိုင်ဘူး ..။ ဘာလုပ်လို့ လုပ်ရမှန်း မသိကြဘူး။
နောက်ဆုံး ရှင်းပေးမယ့်သူတစ်ယောက် ပေါ်လာတယ်။ သူက အယူအဆ၊ ၀ါဒတွေ
လက်ကိုင်မထားဘူး။ တရားမျှတတယ်။ ပြတ်သားတယ်။ သူ့ကို ရှင်းပေးဖို့ အားလုံးက
ဝိုင်းတောင်းဆိုကြတယ်။ သူ့နာမည်က ကိုမျှတ တဲ့။
“ကိုမျှတ … လုပ်ပါဗျာ …. ကိစ္စက ကြီးနေပြီ.. ရန်တွေလည်း ဖြစ်ကုန်ပြီဗျ
ကြာလာရင် တတိယကမ္ဘာစစ်ကြီးတောင် ဖြစ်လာနိုင်တယ် … ခင်ဗျား ရှင်းမှ ဖြစ်မှာ”
သူက အေးဆေးပဲ သူရှင်းပေးမယ် ဆိုပြီး လက်ခံလိုက်တယ်။
နောက်တော့ သူက မီးသတ်ကားတစ်စင်းခေါ်တယ်ဗျာ။ ရေအပြည့်ဖြည့်။ အဲဒီ ရန်ပွဲဆီကို သူကိုယ်တိုင် သွားတယ်။ ပြီးတော့ …………..။
င)။
အေးဆေးပဲ သူကတော့။ ရန်ပွဲဆီကိုရောက်တော့ မီးသတ်ကားကို အချက်ပေးလိုက်တယ်။
မီးသတ်ကားကလည်း သူအချက်ပေးတာနဲ့ ရန်ပွဲကြီးကို ရေနဲ့ ဖျန်းချလိုက်တယ်။
“ဝေါ……………. ဝေါ…………..”
………………………………………………………………………………………
…………………………………………………………………………………………………..
အားလုံး တဒင်္ဂ ငြိမ်သက်သွားကြတယ်။ ပွဲကြည့်ပရိတ်သတ်ကလည်း ကိုမျှတ
ဘယ်လိုများလုပ်လိုက်ပါလိမ့်နော်။ တကယ်ပဲ … ။ အားလုံးဟာ အသက်ပင် မရှူနိုင်။
…………..။
……………………………….။
စ)။
ဆိုင်တွေ…။ ဈေးဆိုင်တွေ။ ဈေးဆိုင်တွေ အားလုံးပေါင်းလိုက်တော့ ဈေးတန်းကြီးတစ်ခု။………………….။
သူတို့ရောင်းတာ တစ်ခုတည်း။ ဒါပေမယ့် စားသုံးသူတွေကလည်း စီကားလို့။
“ဗျို့ …………. ကျွန်တော့်ကို သံပရာရည် တစ်ခွက် … အချိုလျှော့မယ်…”
“ဗျို့ …………. ကျွန်တော့်ကို သံပရာရည် တစ်ခွက် … အချဉ်လျှော့မယ်…”
“ဗျို့ …………. ကျွန်တော့်ကို သံပရာရည် တစ်ခွက် … အနေတော်…”
သူတို့ချင်းတော့ အဆင်ပြေကြပါတယ်။
“ဟေ့ … သံပရာရည် ကြိုက်သလားဟေ့”
“ဟ.. ကြိုက်သပါ့ .. သိပ်ကောင်း”
“အိုး … ဘာပြောကောင်းမလဲ … ညက များထားတော့ … ဒါလေး သောက်လိုက်မှ ခေါင်းကြည်သကိုးဗျ”
ကိုမျှတက ပြုံးလိုက်တယ်။ သံပရာရည်ထဲက သံပရာသီးနဲ့ သကြားကတော့ သူ့ကို ဘယ်ကြည်မလဲဗျ။
ရင်နင့်အောင်
၁၄၊ ၉ ၊ ၂၀၁၁။
ည ၁၂း၃၀
(အဟောင်းလေးပေမယ့် အမှတ်တရအဖြစ် တင်လိုက်ပါတယ်။)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment