Monday, September 23, 2013

အရက်သမားရဲ့ ဒဿနမေးခွန်း

သင်္ဂဇာဆရာတော်ဘုရားကြီး ထင်ရှားတော်မူစဉ်ကပင် ဖြစ်၏။ အတွေးအခေါ်ရှိသော အရက်သမားတစ်ဦးက ဆရာတော်အား ဤသို့လာလျှောက်၏။
“ဆရာတော်ဘုရား၊ တပည့်တော်စိတ်ထဲမှာ မရှင်းတာလေးတစ်ခု လျှောက်ထားပါရစေဘုရား၊ ငါးပါးသီလထဲမှာ သူ့အသက်သတ်တာ၊ သူတစ်ပါးဥစ္စာခိုးတာ၊ လိမ်ညာပြောတာ၊ သူတစ်ပါးသားမယား ဖျက်ဆီးတာ၊ ဒီလေးပါးကတော့ မိမိရော သူတစ်ပါးကိုပါ စိတ်ဆင်းရဲစေလို့ မလုပ်နဲ့လို့ တားမြစ်တာ ထားပါတော့ဘုရား၊ အရက်သောက်တာကတော့ ဘယ်သူ့ကိုထိခိုက်တာမှတ်လို့ ဘုရား၊ ဒီအရက်လေး ကိုယ်ကြိုက်လို့ ကိုယ့်ပါးစပ်ထဲ ထည့်လောင်းတာပဲ၊ အဲဒါ ဘာကြောင့် သုရာမေရယကံဟာ ငါးပါးသီလထဲ ပါနေရတာလဲဘုရား”

“ဒကာတော်၊ ပုံပြင်တစ်ပုဒ်နဲ့ ရှင်းပြမယ်၊ တစ်ခါက ရွာတစ်ရွာမှာ နွားမွေးထားတဲ့ အဘိုးတစ်ယောက်ရှိတယ်။ သူ့နွားခြံမှာ နွားတွေဟာ တစ်ရာကျော်နှစ်ရာနီးပါး ရှိတယ်။ အဘိုးကြီးကတော့ သိပ်ပြီး အလုပ်အကိုင် မလုပ်နိုင်တော့ဘူး။ သူ့မြေးကလေးကပဲ အဓိကထားပြီးလုပ်ရတယ်။ ညနေရောက်လို့ နွားတွေကို နွားခြံထဲသွင်းပြီးပြီလို့ဆိုတာနဲ့ အဘိုးဖြစ်သူက မြေးဖြစ်သူကို နေ့စဉ် မေးလေ့ရှိတယ်”

“အဲဒီ မေးခွန်းကတော့ ချိုထောင်နွားလေးကို ကြိုးချည်ထားရဲ့လား ဆိုတာပဲ။ နေ့စဉ် ဒီမေးခွန်းချည်း မေးနေတော့ မြေးဖြစ်သူက ထူးခြားတာနဲ့ တစ်ရက်မှာတော့ အဘိုးဖြစ်သူကို ပြန်မေးတယ်။ နွားအများကြီး ရှိတဲ့အထဲက ဘာဖြစ်လို့ချိုထောင်လေး တစ်ကောင်တည်းကိုချည်း ကြိုးချည်ပြီးပြီလားလို့ မေးနေရတာလဲတဲ့”

“ဒီတော့ အဘိုးဖြစ်သူက ပြန်ပြောတယ်။ ဒီနွားတစ်ရာကျော်ထဲမှာ ချိုထောင်လေးဟာ အဆိုးဆုံးဖြစ်တယ်။ သူ့ကိုချည်မထားရင်တွေ့သမျှ နွားတွေကို လိုက်ဝှေ့တတ်တဲ့အတွက် နွားခြံတစ်ခြံလုံး ဘယ်နွားမှ အိပ်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့် ချိုထောင်လေးကိုပဲမေးတာ။ ငါးပါးသီလထဲမှာ သုရာမေရယဟာ ချိုထောင်နွားလေးနဲ့တူတယ်”

“ချိုထောင်နွားလေးကြောင့် နွားခြံတစ်ခြံလုံး ဒုက္ခရောက်ရသလို အရက်တစ်ခုကြောင့် ကျန်တဲ့ သိက္ခာပုဒ်တွေ အကုန်ပျက်တတ်တယ်။ ဒါကြောင့် ငါးပါးသီလရဲ့ အချုပ်အခြာဖြစ်တဲ့အတွက် သုရာမေရယသိက္ခာပုဒ်ကို ငါးပါးသီလထဲထည့်ထားရတာ” ဟူ၍ သင်္ဂဇာဆရာတော်ကြီးက ဖြေဆိုတော်မူခဲ့သည်။

မှန်၏။ အရက်သောက်ခြင်း၏ အဓိကဆိုးကျိုးနှစ်ခုအနက် ပထမတစ်ခုမှာ အကုသိုလ်ဒုစရိုက် အလုပ်မှန်သမျှကို လွယ်လွယ်ကူကူ ကျူးလွန်မိတတ်ခြင်းပင်ဖြစ်သည်။ မည်မျှလောက်ထိ ကျူးလွန်မိတတ်ပါသနည်း။ ထိုအရက်သာဝင်သွားပြီဆိုလျှင် အဖေကလည်း သားကို ပြတ်သတ်မိသည်။ သားကလည်း အဖေကို ပြန်သတ်မိတတ်သည်။ အဖေအရင်းက သမီးအရင်းကို ပြန်စော်ကားမိသည်။

ထိုအချက်သုံးချက်နှင့် ပတ်သက်၍ လက်တွေ့ဖြစ်ရပ်သုံးခုကို ရှာဖွေတင်ပြပါမည်။ အဖေက သားကိုသတ်မိသောဖြစ်ရပ်မှာ သိပ်မကြာလှသေး။ တစ်နှစ်ခန့်သာ ရှိသေးသည်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့တွင် ဖြစ်ခဲ့သည်။ ဖခင်တစ်ဦးသည် အရက်ကြောင်ပြီး အိမ်ရှိသားသမီးများကို ဓားဖြင့် လိုက်ခုတ်သတ်လျက် ရှိသည်။ အရွယ်ရောက်နေပြီဖြစ်သော သားသမီးအကြီးများကား ပြေးနိုင်၍လွတ်သွားကြပါ၏။

ပြေးနိုင်ဖို့နေနေသာသာ ထိုင်ရုံပင်မထိုင်နိုင်သေးသော ကိုးလအရွယ်ခန့် သူ့သားလေးတစ်ယောက်ကား အော်ဟစ်ငိုယိုလျက် အိပ်ရာပေါ်တွင် ပက်လက်လေး ကျန်နေခဲ့သည်။ လူစိတ်ပျောက်နေသော ဖခင်သည် ထိုကလေးကိုပင် အတုံးအတစ်ဖြစ်အောင် ဓားဖြင့် ခုတ်သတ်လိုက်လေသည်။ ယခုအချိန်တွင်တော့ ဖခင်ဖြစ်သူမှာ ထောင်ထဲရောက်နေလေပြီ။

အပေါ်ယံကြည့်လျှင် အဖေကသားကိုသတ်ခြင်း ဖြစ်သည်။ နက်နဲစွာ တွေးခေါ်ကြည့်လျှင်ကား အဖေက သားကို သတ်ခြင်းမဟုတ်။ အရက်က သားကို သတ်လိုက်ခြင်းသာ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++++++++
မေတ္တာရှင်(ရွှေပြည်သာ) “သင်လူတစ်ယောက်ဖြစ်ပြီလား? (ဓမ္မဒဿနနှင့် ဓမ္မရသစာစုများ)” စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...