ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၇ )
September 8, 2013 at 1:37pm
ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်ကြည်ညိုကြကုန်သော လူနတ်ဗြာဟ္မာသတ္တဝါ အပေါင်းသည် ဤသို့သောဗျာဒိတ်တော်ကို ကြားသိကြရသောအခါ အနာဂတ်အတွက် စကြာဝဠာ၏ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံသားတို့၏ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာနှစ်ထောင်းအား ရဖြစ်ကြတော့သည်။ အလွန်အားကြီးသော ဝမ်းသာပီတိကို ခံစားကြရလေသည်။ ထိုဝမ်းသာမှုသည် အလွန်တရာမြင့်မြတ်ဖြူစင်၏။ သဂြိုဟ်စကားဖြင့်ပြောရလျှင် သောမနဿသဟဂုတ် ဥာဏသမ္ဗယုတ် အသခါင်္ရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကိလေသာအားကြီး ပွါးစီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက် ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်လေသည်။
ထို့ပြင် နတ်ဗြာဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်၏။ အကယ်၍ မိမိတို့သည် ဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကို မရခဲ့လျှင် နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်အခါ၌ တရားထူးကို ရရှိကြမည်ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်၍ အတုယူအားကျထိုက်သလို စံလည်းပြုထိုက်၏။ ယနေ့သာသနာတော်၏ ဖြစ်ဖျားခံရာ အစဦးဆုံးအခမ်းအနားသည် ဤမျှသာဖြစ်၏။ အမှန်စင်စစ် ဤအခမ်းအနားသည် ယနေ့သာသနာတော်၏ အုတ်မြစ်ချအခမ်းအနားလည်းဖြစ်ပေသည်။ လောကတွင် အကျိုးရလာဒ်တစ်ခုဖြစ်ပေါ်ရေးအတွက် အဖက်ဖက်မှ အကြောင်းတရားများ ပြည့်စုံညီညွတ်ဘို့သည် အရေးကြီးလှပါသည်။ ထို့အတူ သဗ္ဗညုတဥာဏ်တော်ရရှိရေးတွင်လည်း အကြောင်းတရားများပြည့်စုံဘို့ အလွန်ပင်လိုအပ်ပါသည်။ ထိုအကြောင်းတရားများကား ပါရမီဆယ်တန်ပြည့်စုံဘို့ပင်ဖြစ်သည်။ ပါရမီမပြည့်စုံပါဘဲနှင့် မည်သို့မျှဘုရားဖြစ်နိုင်မည်မဟုတ်ချေ။ တဖန် ထိုပါရမီဆယ်တန်ပြည့်စုံရေးအတွက်လည်း ဘုရားအလောင်းတော် တစ်ယောက်တည်းအနေဖြင့် ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ်ပေ။ သို့မဟုတ် ဖြည့်ဆည်းဘို့ခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်သည်။ အကြောင်းမှာ ခေါင်းဆောင်ရှိလျှင် ဖြည့်ဆည်းပေးသူ နောက်လိုက်ရှိရမည်ဖြစ်သလို နောက်လိုက်ဖြည့်ဆည်းသူမရှိလျှင်လည်း လောကခေါင်းဆောင်သည် မဖြစ်ပေါ်နိုင်သောကြောင့်ပင်ဖြစ်သည်။
ယခု ဤအခမ်းအနားတွင် လောကအတွက် ဦးဆောင်ပါရမီဖြည့်မည့် သုမေဓာရှင်ရသေ့လည်းရှိပြီ။ နောက်လိုက်ဖြည့်ဆည်းပေးမည့် ပါရမီဖြည့်ဖက် သုမိတ္တာလည်းရှိပြီ။ ပါရမီဆယ်ပါးကိုလည်း မလျှော့သော ဇွဲလုံလတို့ဖြင့် ဘုရားဖြစ်သည်အထိ အမှန်ပင်ဖြည့်ကြတော့မည်။ အခြေခံအကြောင်းတရားကား စုံလေပြီ။ ထိုအခြေခံအကြောင်းတရားသည်လည်း နောင်လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကြာမြင့်သောကာလဝယ် အထွဋ်အထိပ်သို့ရောက်၍ အမှန်ပင်ဖူးပွင့်ကာ သီးပေတော့မည်။ ထိုအသီးသည် သဗ္ဗညုတဥာဏ်တော် အသီးပင်ဖြစ်လေသည်။ ထိုအသီးမှ အမျိုးမျိုးသော သာဝကတို့၏ မဂ်ဥာဏ် ဖိုလ်ဥာဏ် ဗောဓိဥာဏ်တော်ဟူသော အသီးတို့ကိုလည်း ထပ်မံ၍သီးစေပေလိမ့်မည်။ သို့သော် ထိုအသီးများသည် နောက်တစ်ဖန်ပြန်၍ အပင်ပေါက်ကာ ဖူးပွင့်ကြမည်မဟုတ်သလို သီးလည်းသီးကြတော့မည်မဟုတ်ချေ။ အမှန်စင်စစ် ထိုထို ဗောဓိဥာဏ်တော်ဟူသော အသီးများသည် လောကအတွက် သက်သက်သာသာလျှင်ဖြစ်လေသည်။ အကြောင်းမှာ ဗောဓိဥာဏ်အသီးကို သီးပြီးကြကုန်သော အဂ္ဂသာဝကစသော သာဝကအမျိုးမျိုးတို့သည် သူတို့အတွက် ပြုစရာအသစ်ဟူ၍ ဘာမှမရှိကြတော့ဘဲ အားလုံးပြီးပြည့်စုံကာ သံသရာဇာတ်သိမ်းကြတော့မည်ဖြစ်သောကြောင့် ပင်ဖြစ်သည်။
သုံးဆယ့်တစ်ဘုံသားတို့အား ကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကို ခံယူလျှက်ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော အလောင်းတော်သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးပါဝင်လာသည်ကို အလွယ်တကူပင် ကြည်ကြည်ဖြူဖြူလက်ခံခဲ့သည်။ ဒီပင်္ကရာဘုရားရှင်သည်လည်း တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့သည်။ ဤသည့်အကြောင်းများကား အသို့နည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို ပိဋကတ်စာပေများတွင် တွေ့နိုင်ပေသည်။ ထိုကြီးမားလှသော ချစ်ခြင်းမေတ္တာတရားသည် အတူတွဲ၍ဖြည့်ဆည်းခဲ့ရသော ပါရမီတော်တို့ကြောင့် ကြီးမားလာလေသလော သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကြောင့်ပင် ပါရမီတော်တို့ကို အတူတွဲကာ ဖြည့်ဆည်းနိုင်ခဲ့လေသလော။
( ဆက်လက်ဖေါ်ပြပါမည် )
Director of Religious Education
0 comments:
Post a Comment