Monday, September 9, 2013

မိရိုးဖလာဗုဒ္ဓဘာသာတွေများလာရင်......

ကိုသောင်း ပုလဲမြေ's photo.

အထက်ပါခေါင်းစဉ်လေးဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း အမြဲတမ်းတွေးကြည့်သင့်တဲ့ အကြောင်းအရာလေးပါ။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတာနဲ့အမျှ အနာဂတ်သာသနာရေးဟာလည်း ရင်လေးစရာပါ။
ယခုခေတ်မှာ ဘာသာရေးကို စိတ်ပါဝင်စား လုပ်ဆောင်တဲ့လူငယ်တွေ အင်မတန် နည်းကြပါတယ်။ ဒါဟာဘာလို့လည်းဆိုတော့ မိရိုးဖလာဗုဒ္ဓဘာသာတွေ များသထက်များလာတဲ့ အကြောင်းအရင်းကြောင့်ပါပဲ။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ထဲထဲဝင်ဝင် မလေ့လာ မသုံးသပ်.. ကိုယ်နဲ့မဆိုင်သလို နေတာဟာ တကယ်တော့ လူငယ်တွေရဲ့ အနာဂတ်ဟာ ဆိုးသထက်ဆိုးဖို့ သေချာနေပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတယ်ဆိုတာကို ပေါ့ပေါ့လေး မထင်ပါနဲ့။ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဘာသာရေးအသိစိတ်မရှိတဲ့ လူငယ်တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာဆိုတာ ဘာမှမသိသလို မိဘနဲ့ ဆရာဆိုတာလည်း အလကားထင်မှတ်သွားမှာပါ။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဓမ္မတွေနဲ့ကတော့ ဝေးသထက် ဝေးပြီးပေါ့။ ဓမ္မနဲ့ဝေးလေလေ အဓမ္မဘက် ရောက်လေလေပါပဲ။ အဓမ္မဆိုတာ တကယ်တော့ ဘုရားအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အလုပ်တွေကို လုပ်နေတာကို ပြောလိုတာပါ။ ဒီတော့.. ဗုဒ္ဓဘာသာတွေဖြစ်နေပြီး အဓမ္မတွေ လုပ်နေတာဟာ ဘယ်လိုဗုဒ္ဓဘာသာတွေလဲ?

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာငါးမျိုးရှိတယ်ဆိုတာ ဗုဒ္ဓရဲ့အဆုံးအမတွေကို လေ့လာ လိုက်စားနေတဲ့သူတွေ အနည်းနဲ့အများတော့ သိကြမှာပါ။ ဗုဒ္ဓဘာသာဝင်ငါးမျိုးမှာ (၁) ကုလဗုဒ္ဓဘာသာ- မိရိုးဖလာအရကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၂) လာဘဗုဒ္ဓဘာသာ- လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသ (၃) ဘယဗုဒ္ဓဘာသာ- ဘေးကိုကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ- ဘုရား၊ တရား၊ သံဃာကို တကယ်သက်ဝင် ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ (၅) ပညာဓိက ဗုဒ္ဓဘာသာ- သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိမြင်တဲ့ ဗုဒ္ဓဘာသာ ဆိုပြီး ငါးမျိုးရှိပါတယ်။ ကုလ၊ ဘယ၊ လာဘဆိုတဲ့ ဗုဒ္ဓဘာသာတွေကိုတော့ အောက်တန်းစား ဗုဒ္ဓဘာသာတွေအဖြစ် သတ်မှတ်ထားပြီး.. သဒ္ဓါနဲ့ပညာပါရှိတဲ့ ဗုဒ္ဓဘာသာတွေကိုတော့ အထက်တန်းစား ဗုဒ္ဓဘာသာအဖြစ် သတ်မှတ်ထားပါတယ်။ အောက်တန်းစားဗုဒ္ဓဘာသာတွေကိုတော့ ဘုရားရှင်ရဲ့အဆုံးအမနဲ့ ဆန့်ကျင့်လုပ်ဆောင်နေကြတဲ့ အဓမ္မဗုဒ္ဓဘာသာတွေလို့ ပြောလို့ရပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတာဟာ သာသနာကွယ်ကြောင်းတစ်ခုပါပဲ။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးအပေါ်မှာ တကယ်သက်ဝင်ယုံကြည် ကိုးကွယ်တတ်တဲ့ သဒ္ဓါတရား မရှိဘူးဆိုရင် သာသနာတော်ကို ထောက်ပံ့ဆည်းကပ် ကြည်ညိုတတ်မှာ မဟုတ်ပါဘူး။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဘုရားရှင်ရဲ့ တပည့်သားသံဃာတော်တွေပဲရှိပြီး ထောက်ပံ့ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေ မရှိဘူးဆိုရင် အနာဂတ်သာသနာဟာ အနှေးနဲ့အမြန် ကွယ်ပျောက်မယ်ဆိုတာ မလွဲပါဘူး။ ဒါ့ကြောင့်မလို့လည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ များလာတာဟာ သာသနာကွယ်ကြောင်းတစ်ခုလို့ ပြောရတာပါ။ ဒီတော့ မိရိုးဖလာကနေ အထက်တန်းစားဗုဒ္ဓဘာသာတွေအဖြစ် တက်လှမ်းဖို့ လိုအပ်ပြီပေါ့။ မိရိုးဖလာဗုဒ္ဓဘာသာကနေ အထက်တန်းစားဗုဒ္ဓဘာသာအဖြစ် တက်လှမ်းဖို့ဆိုရင် မိရိုးဖလာဗုဒ္ဓဘာသာ အကြောင်း အရင်ဆုံး သိသင့်ပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဆိုတာ မိဘတွေက အစဉ်အလာအရ ကိုးကွယ်လို့သာ ကိုးကွယ်လိုက်ရတယ်.. ဘုရား၊ တရား၊ သံဃာအကြောင်းကို တစ်လုံးမှမသိပါဘူး။ တရားစာပေမဖတ်၊ တရားမနာ.. နောက်ပြီး ဘုရားရှင်ရဲ့ အဆုံးအမတွေကို မလိုက်နာ မကျင့်ကြံတဲ့သူတွေပါ။ ဘုရားရှင်ကို အားကိုးလွန်းပြီး ကံနဲ့ကံရဲ့အကျိုးကို မယုံကြည်တဲ့သူတွေ.. ဘုရား၊ တရား၊ သံဃာမှတစ်ပါး ကိုးကွယ်စရာတွေ များပြားနေတဲ့သူတွေ.. ဗေဒင်၊ ဘိုးတော်၊ နတ်၊ မယ်တော် အစရှိတဲ့.. မကိုးကွယ် မဆည်းကပ်သင့်တာတွေကို ကိုးကွယ်ဆည်းကပ်နေတဲ့ သူတွေဖြစ်ပါတယ်။ မိရိုးဖလာတွေကနေပြီးတော့ ဘုရားရှင်ကို လာဘ်လာဘ မျှော်ကိုးပြီး ကိုးကွယ်လာတဲ့သူတွေ.. ဘေးကြောက်လို့ ကိုးကွယ်လာတဲ့သူတွေဖြစ်လာဖို့ ရာခိုင်နှုန်းဟာ အင်မတန် များပါတယ်။ ဘုရားရှင်ရဲ့အဆုံးအမကို သေချာမသိတော့ ဘုရားရှင်ကို အားကိုးစရာတစ်ခု အနေနဲ့ပဲ အားကိုးလွန်းပြီး ကိုယ်တိုင် မကျင့်ကြံ အားမထုတ်တဲ့သူတွေပါ။ ကိုယ့်ကိုကိုယ့် အားကိုးလိုစိတ်မရှိတဲ့ မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင် ဘာသာခြားအဖြစ်လည်း အလွယ်တကူ ပြောင်းလဲသွားနိုင်ပါတယ်။

ဘုရားရှင်ရဲ့ အဆုံးအမတန်ဖိုး.. ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ တန်ဖိုးကို သေချာမသိရင် ဘာသာခြားအဖြစ် ပြောင်းလဲသွားဖို့ဟာ အင်မတန်လွယ်ကူပါတယ်။ ယခုအခါမှာလည်း လွယ်လွယ်ကူကူ ပြောင်းလဲနေကြတာပါ။ ဘာသာခြားနဲ့လက်ထပ်တာကို ဂုဏ်ယူဝင့်ကြွားစွာ ကြော်ငြာထည့်တဲ့ အနေအထားတောင် ရောက်နေပါတယ်။ ဒါဟာ တကယ်တော့ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့.. မိမိရဲ့မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာတဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဆုံးအမတွေကို သေချာမသိတဲ့အတွက်ပါ။ ရတနာရဲ့တန်ဖိုး မသိတဲ့လူတစ်ယောက်ကို ရတနာတစ်ခုခုသွားပေးရင် သူတန်ဖိုးထားရကောင်းမှန်း မသိသလိုပါပဲ.. ဘုရားရှင်ရဲ့ အဆုံးအမတွေကို တန်ဖိုးရှိမှန်းမသိတဲ့အတွက် သူတန်ဖိုးထားရမှန်း မသိတာပါ။ ဒါဟာဘာလို့ မသိတာလည်းဆိုတော့ မိရိုးဖလာအရပဲ ကိုးကွယ်လာခဲ့လို့ပါ။

ကျွန်တော် အထက်မှာ ဖော်ပြထားတာတွေဟာ မိရိုးဖလာတွေ များလာရင် ဘာတွေ ဖြစ်လာမယ်.. ဘယ်လို ကြောက်ဖို့ကောင်းတယ်ဆိုတာ သိမြင်အောင်.. အနည်းငယ် ဖော်ပြလိုက်တာပါ။ တကယ်တမ်း ဖြန့်တွေးကြည့်မယ်ဆိုရင် ဖြန့်တွေးနိုင်သလောက်.. ရင်လေးစရာပါ။ မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင် ဗုဒ္ဓဘာသာရဲ့ အခြေခံစောင့်ထိန်းရမယ့် ငါးပါးသီလဆိုတာလည်း အလကားထင်သွားမှာဖြစ်သလို.. ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ လူသားအချင်းချင်းမေတ္တာထားရမယ်.. ကိုယ့်ထက်နိမ့်ကျတဲ့သူကို ဂရုဏာထားရမယ်.. ကိုယ့်ထက်ကြီးပွားချမ်းသာတဲ့သူတွေကို မုဒိတာပွားပေးရမယ်ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေဟာလည်း ကွယ်ပျောက်သွားတော့မှာပါ။ ကိုယ့်အနားမှာရှိတဲ့ တန်ဖိုးရှိတဲ့ ရတနာတွေကို တန်ဖိုးမရှိတဲ့အရာတွေပဲဆိုပြီး အလကားထင်လာရင် အလွယ်တကူပဲ သူတစ်ပါးရဲ့ ခိုးယူလုယက် ခံရမှာပါ။ ခိုးယူလုယက်မှုခံရတာနဲ့အမျှ ရတနာတွေဟာ တဖြေးဖြေး ပျောက်ကွယ်သွားရတော့မှာပါပဲ။

ဒ့ါကြောင့် ကျွန်တော်တို့အနေနဲ့ မိရိုးဖလာဗုဒ္ဓဘာသာတွေ များလာရင်ဆိုတဲ့ အတွေးလေးကို စိတ်ထဲမှာ ထည့်ပြီးတော့.. ကိုယ်ကိုတိုင်လည်း မိရိုးဖလာထဲ မပါအောင် ကြိုးစားဖို့.. ကိုယ်နဲ့နီးစပ်ရာတွေမှာ မိရိုးဖလာတွေ ရှိနေရင်လည်း ပြောင်းလဲပေးဖို့.. တိုက်တွန်းလိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံး မိရိုးဖလာဗုဒ္ဓဘာသာတွေအဖြစ်မှ ကင်းဝေးစေပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေခြင်း အလို့ငှာ ဆန္ဒပြုရေးသားလိုက်ရပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာမှ အထက်တန်းစား ဗုဒ္ဓဘာသာသို့ တက်လှမ်းကြစေဖို့အတွက်.. လူငယ်တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲ ဆိုတာကိုလည်း နောက်ပိုစ့်မှာ ဆက်လက်ဖော်ပြပါအုံးမယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။
--------------------------------------------------------------
ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...