Sunday, September 8, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁ဝ)

September 8, 2013 at 12:16am
ကိုရဲ ကျနော်ရှိတဲ့ ၃၂ လမ်းကို နေ့လည် ၁ နာရီလောက်ရောက်လာတယ်၊ သူ့ပုံစံအတိုင်း ကောင်းဘွိုင်ဦးထုပ်နဲ့ပါပဲ၊ ကျနော်တို့နှစ်ယောက် ၃၂ လမ်းထဲက မီးသတ်ကဖွင့်ထားတဲ့ သက်သာလ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုရဲက မိုင်ကျော်ခင်းရေ...ကိုယ် အိမ်ထောင်ကျပြီဆိုတော့ ပိုက်ဆံရှာဖို့ စဉ်းစားတယ်၊ သီချင်းလည်းခုတလော မရေးဖြစ်ဘူး၊
အဲတော့ ကိုယ်ရေးခဲ့တဲ့ သီချင်းတွေအားလုံးပေါင်းပြီး ရဲလွင်သီချင်းပေါင်းချုပ်ဆိုပြီးစာအုပ်ထုတ်ရင်ကောင်းမလား လို့ စဉ်းစားမိတယ်၊ အဲဒါ မိုင်ကျော်ခင်းကို တိုင်ပင်တာ တဲ့၊ ကောင်းတယ်ကိုရဲ ကိုရဲ သီချင်းတွေစုလိုက်လေ၊ လုပ်ကြတာပေါ့၊ လိုတဲ့အကူအညီရှိရင်လဲ ဘိုစိန့် ဆီမှာ သွားတောင်းတာပေါ့ဗျာ လို့ ကျနော်ပြန်ပြောလိုက်ရင်း သူ့သီချင်းပေါင်းချုပ်စာအုပ်အတွက် ခေါင်းထဲထည့်ထားလိုက်ပါတယ်။

ကိုရဲပြန်သွားပြီး နောက် ၂ နာရီလောက်ကြာတော့ ကိုရဲ အမျိုးသမီး တယ်မီ (Tammy) ရောက်လာတယ်၊ ဒါနဲ့ ကျနော်လဲ တယ်မီနဲ့ တခါ မီးသတ်သက်သာလ္ဘက်ရည်ဆိုင်မှာပဲ စကားပြောရပြန်တယ်၊ မင်းကျော်ခိုင် ကိုရဲကို သီချင်းရေးဖို့ နင်တိုက်တွန်းစမ်းပါဟာ..ငါကတော့ သူ့ကို နေ့တိုင်း သီချင်းရေးဖို့ပြောပြောနေရတာ မောလှပြီ၊ ဒါကြောင့် နင့်ကိုလာပြီး ဝိုင်းပြောပေးဖို့ ငါလာပြောတာ တဲ့၊ တယ်မီ ခုနကပဲ ကိုရဲငါ့ဆီ လာသွားတယ်၊ နင်သူ့ကို သီချင်းရေးပါ သီချင်းရေးပါ ဆိုပြီးသွားနားပူနားဆာမလုပ်နဲ့၊ သူတို့အကြောင်းငါအသိဆုံး၊ သီချင်းရေးတယ်ဆိုတာ ရေးချင်တဲ့အချိန်ကောက်ရေးလို့ရ ရအောင် စက်ရုံကထုတ်တဲ့ပစ္စည်းမျိုးမဟုတ်ဘူး...၊ သူတို့ Mood ဝင်တဲ့အချိန်၊ ရေးချင်စိတ်ပေါ်လာတဲ့အချိန် နောက် ပါတ်ဝန်းကျင်နဲ့လဲဆိုင်တယ်၊ တိတ်ဆိတ်တဲ့ နေရာ၊ တိတ်ဆိတ်တဲ့ ညမျိုးတွေ သူ အတွေးနယ်ချဲ့ပြီး စဉ်းစားရေးရတာမျိုး၊ သံစဉ်ရှာရတာမျိုး၊ နင် အဲလို ကိုရဲကို နေ့တိုင်း သီချင်းရေးခိုင်းနေရင် သူလဲ စိတ်ညစ်မှာပဲ၊ သူရေးချင်တဲ့အချိန်ကျ သူရေးမှာပေါ့..သူ့ကို စိတ်ညစ်အောင်မလုပ်ပါနဲ့ဟာ..လို့ပြောရတယ်၊ မဟုတ်ပါဘူးဟာ၊ ငါ သူ့ကိုချစ်ပါတယ်၊ သူ့ကိုလဲ ဘယ်တော့မှ စိတ်မညစ်စေချင်ပါဘူး၊ ခု ငါတို့က အိမ်ထောင်ကျနေကြပြီလေ၊ ဒီတော့ ဘာပြောပြော အိမ်အတွက်က ငွေလိုတာပဲ ဒါကြောင့်ပါဟာ..ဆိုတော့၊ ကျနော် တယ်မီ့ကို ခုနက ကိုရဲ လာပြီး သူ့ သီချင်းပေါင်းချုပ်စာအုပ်ထုတ်ဖို့ စိတ်ကူးကို အကောင်အထည်ဖေါ်ဖို့ လာသွားတဲ့အကြောင်းပြောပြလိုက်တော့၊ လုပ်ပါဟာ ဖြစ်စေချင်တယ် ငါ့မှာ စု ထားတဲ့ပိုက်ဆံတော့ရှိတယ် အရင်းဘယ်လောက်ကျမလဲသာပြော ငါပေးပါ့မယ်မင်းကျော်ခိုင်ရယ် ဆိုပြီးအားတက်သရောပြောလာတယ်၊ အေးပါဟာ ငါကူညီပါ့မယ၊် ခုဟာက စ မလို့ပဲရှိပါသေးတယ်၊ ဖြစ်အောင်လုပ်ရမှာပေါ့ဟာ...နောက် နင့်ကိုငါကြိုပြောထားမယ် ကိုရဲတို့ အနုပညာသမားတွေက သူတို့အနုပညာကိုချစ်တယ်၊ တန်ဘိုးထားတယ်၊ တချို့က အနုပညာသမားတွေအပေါ် နားမလည်ကြဘူး၊ သူတို့ အနုပညာကိုဖန်တီးကြတာတွေက လွယ်တယ်လို့ ထင်ကြတယ်၊ အဲဒါ မှားတယ် အနုပညာကိုဖန်တီးကြတဲ့သူတွေမှာ သူတို့အရင်းအနှီးတွေက အရမ်းကြီးကြတယ်၊ စွန့်လွှတ်ခဲ့ကြတာတွေ အများကြီးပဲ၊ အဲဒါကြောင့် နင် ကိုရဲကိုနားလည်ပေးစေချင်တယ်၊ ကိုရဲကို သီချင်းရေးလေ..ရေးလေ နဲ့ ဘယ်တော့မှ နားပူနားဆာမလုပ်ပါနဲ့ဟာ လို့ပြောလိုက်တော့ အေးပါဟာ ငါသူ့ကို မပြောတော့ပါဘူး..သူထုတ်ချင်တဲ့ သူ့သီချင်းစာအုပ်ကိုပဲ ထုတ်ဖြစ်အောင်ထုတ်ပေးလိုက်ပါဟာ..ငါ နင့်ကိုကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်စရာမလိုပါဘူး ကိုရဲဆိုတာငါ့အကိုကြီးပါပဲ သူ့အတွက်ငါအတတ်နိုင်ဆုံးလုပ်ပေးမှာပါ၊ အေးဟာ နင် အဲဒီစာအုပ်အတွက် အရင်းလိုပြီဆိုငါ့ပြော၊ ငါ ကိုရဲနဲ့ပေးလိုက်မယ် လို့ပြောပြီး Tammy ပြန်သွားတယ်။ ကျနော်လည်း သူတို့အတွက် အဆင်ပြေအောင် အကူအညီပေးဖို့ ဆုံးဖြတ်ထားပြီးသားပါပဲ...။

နောက် ၃ ရက်လောက်ကြာတော့ ကိုရဲနဲ့ ကျနော် သိမ်ကြီးဈေးက ဘိုစိန် ဆီချီတက်ကြတယ်၊ ဘိုစိန်ဆိုတာက ရန်ကုန်မြို့ သိမ်ကြီးဈေးက အမွှေးတိုင်လုပ်ငန်းရှင် မြန်မာပြည်ဖွား အန္ဒိယအမျိုးသား၊ အရမ်းသဘောကောင်းတယ်၊ ကိုရဲ၊ ကိုတိုး၊ ကိုမောင် တို့ဆိုသူကအရမ်းခင်တယ်၊ အရမ်းလဲလေးစားတယ်၊ ဘာအကူအညီလိုလို အချိန်မရွေးလိုတဲ့အကူအညီပေးတတ်တယ်၊ သိမ်ကြီးဈေးထဲ ရွှေတိဂုံဘုရားလမ်း ကုန်တိုက် ၁ နဲ့ မျက်နှာချင်းဆိုင်၊ ဈေးထဲဝင်ရင် ကိုအုန်းမြင့် (ရီဇော်) တို့ရဲ့ ဒေါ်ရီ ကွမ်းယာပစ္စည်းဆိုင်ကို အရင်ဖြတ်ရမယ်၊ ဒေါ်ရီဆိုတာက ကိုအုန်းမြင့်တို့ရဲ့ အမေပါ၊ သူ့တို့ဆိုင်မှာက အန်တီရီ၊ ကိုအုန်းမြင့်၊ ကိုထွန်းဝင်း (ဒိန်း)၊ ကိုကျော်ဇော၊ ကိုထွန်းလင်း၊ ချိုတူး (ချိုချိုမြိုင်) ချိုတူးကိုလဲ ရင်းနှီးတဲ့ သူ့သူငယ်ချင်းတွေက ဒိန်း လို့ခေါ်ကြတယ်၊  သူတို့မိသားစု ဈေးမှာထိုင်ကြတယ်။ နောက်ပိုင်း သူတို့မိသားစုက ရန်ကုန်မှာ အောင်မြင်လာတဲ့ ဒေါ်ရီနဲ့သားများအထည်ဆိုင်ဆိုပြီး ဖွင့်ခဲ့ကြတယ်၊ ချိုတူး(ချိုချိုမြိုင်)က ကမ္ဘောဒီးယား က ဖနွမ်းပင်မှာ ဧရာဝတီ မြန်မာထမင်းဆိုင်ဖွင့်ထားပါတယ်။

ကိုရဲတို့ အုပ်စုက ကိုအုန်းမြင့်တို့ ဆိုင်လဲ ဝင်တယ်၊ ကိုအုန်းမြင့်က လ္ဘက်ရည်မှာတိုက်မယ် အားလုံးကို၊ သူတိုက်တဲ့လ္ဘက်ရည်သောက်  ပြီးရင်ဘိုစိန့်ဆိုင်ဆက်သွားကြတာလေ၊ လမ်းစရိတ်လိုရင်တောင် ကိုအုန်းမြင့်ဆီက ဆွဲကြတာ၊ ကိုရဲနဲ့ ကျနော် ဘိုစိန့်ဆိုင်ရှေ့ရောက်တော့ ဘိုစိန်က ကိုရဲ ဘယ်လိုလဲ ဆိုပြီး သူ့ အိန္ဒိယသံဝဲတဲ့မြန်မာစကားနဲ့ နှုတ်ဆက်တယ်၊ ကိုရဲက ဘိုစိန် ကိုယ်တို့ ၇ မိုင်က အိုအေစစ်စတူဒီယိုမှာ ကိုယ့်သီချင်းစာအုပ်မျက်နှာဖုံးအတွက် ဓါတ်ပုံသွားရိုက်မလို့ အဲဒါ  RASU ထဲက ဓါတ်ပုံဆရာ ကိုဝင်ခေါ်ပြီး သွားမလို့ ဘိုစိန်ဆီက ကားအကူအညီလာတောင်းတာ လို့ပြောတော့၊ ဘိုစိန်က အိုကေ ကိုရဲ ကျနော့ကားယူသွား ကျနော့်ဒရိုင်ဘာကိုပြောလိုက်မယ်၊ ကိုရဲတို့ ကိစ္စပြီးမှ ကားပြန်လွှတ်လိုက်ပေါ့ လောလောဆယ်လ္ဘက်ရည်သောက်သွားလေ ဆိုတော့ သောက်ပြီးပြီဘိုစိန် ကိုအုန်းမြင့်ဆီမှာ သောက်ခဲ့ပြီးပြီ လို့ပြောပြီး ဘိုစိန့်ကားနဲ့ ၇  မိုင်က အိုအေစစ်စတူဒီယိုကို ထွက်ခဲ့ကြတယ်၊ အိုအေစစ်စတူဒီယိုဆိုတာ အဲဒီအချိန်က ဖြူသီရဲ့ သီချင်းခွေတွေသွင်းခဲ့တဲ့ စတူဒီယို၊ ဘိုစိန်ပေးလိုက်တဲ့ကားကလဲကြည့်အုန်း....သူ့အမွှေးတိုင်တွေတင်ပို့လုပ်တဲ့ ဒေါ့ဂျစ်ကားကြီး။
အဲဒီကားကြီးနဲ့ ဘိုစိန့်ကားဒရိုင်ဘာရယ်၊ ကျနော်ရယ၊် ကိုရဲရယ် သုံးယောက်သား RASU (ရန်ကုန်တက္ကသိုလ်) ထဲဝင် ဓါတ်ပုံဆရာ(နံမည်မမှတ်မိ) ကိုဝင်ခေါ် ပြီးတော့ အိုအေစစ်ကိုချီတက်ခဲ့ကြတယ်။
အိုအေစစ်ကို ရောက်တော့ အဲဒီနေ့မှာ အသံသွင်းသူမရှိဘူး၊ စတူဒီယိုက အားတယ်၊ တာဝန်ရှိတဲ့သူတွေက တံခါးဖွင့်ပေးရင်း ကိုရဲ ဘယ်ကဘယ်လိုရောက်လာတာလဲ၊ ကျနော်တို့ဘာအကူအညီပေးရမလဲ တလေးတစားမေးကြတယ်၊ ကိုရဲက ကိုယ်တို့ထုတ်မဲ့သီချင်းစာအုပ်အတွက် အဖုံးဓါတ်ပုံလာရိုက်တာလို့ပြောတော့ ဝိုင်းကူညီကြပါတယ်၊ သူတို့စတူဒီယိုခန်းမကိုဖွင့်ပေးပြီး ဓါတ်ပုံရိုက်ဖို့လိုတဲ့အကူအညီပေးကြတယ်၊ ခန်းမထဲက ဂစ်တာတွေနဲ့ပဲ ကိုရဲကို ကျနော်က ဂစ်တာကို ဘယ်လိုစတိုင်နဲ့ ဘယ်လိုကိုင် ဘာညာနဲ့ ဆရာကြီးလုပ်ပြောပြီး RASU က ဓါတ်ပုံဆရာ နဲ့ ပုံတော်တော်များများရိုက်ခဲ့ကြတယ်။

နောက်နေ့ကိုရဲနဲ့ ကျနော်တွေ့ကြတော့ ကိုရဲက တယ်မီက သီချင်းစာအုပ်ရိုက်တဲ့အခါ သုံးဖို့ ငွေ ၂ဝဝ ကျပ်ပေးလိုက်တဲ့အကြောင်းပြောတယ်၊ သုံးတဲ့ စားရိတ်တွေကို လက်ခံပြေစာယူခဲ့ဖို့လဲမှာတယ်တဲ့၊ ဒါပေမဲ့ အဲဒီငွေ၂ဝဝ လဲ ပြေစာမရတဲ့ အသုံးစားရိတ်ထဲပါသွားတာပါပဲလေ....ဟိုကောင်းဒီကောင်းပေါ့။
နောက်ဆုံးတော့ ထုံးစံအတိုင်း သိမ်ကြီးဈေးက ဘိုစိန်ပဲ ရှင်းပေးခဲ့ပါတယ်၊ ကျနော်တို့ သုံးခဲ့တာတွေကိုပါ၊ စာအုပ်ကတော့ ဘာမှ မလုပ်ရသေးဘူး။

ကြားထဲ စကားဖြတ်ပြောပါရစေ၊ ဘာလဲဆိုတော့ ကိုရဲ အမေရိကားမလာခင် သူနဲ့ကျနော်ခဏခဏဖုန်းပြောဖြစ်တယ်၊ အဲဒီအချိန်တုန်းက သူ YMCA မှာနေ နေတဲ့အချိန်၊ YMCA ဖုန်းနံပါတ်က မွန်းအောင်ဆီကရတာ၊ သူ့ကိုကျနော် မနက်စောစော ၇ နာရီပါတ်ဝန်းကျင်ခေါ်ရတယ်၊ ဘာလို့ဆို ကိုရဲက စောစောထပြီး မနက်စာ ဆင်းဆင်းစားတတ်တယ်ဆိုတာသိထားလို့၊ ဒါတောင်တခါတလေ ဖမ်းမမိချင်ဘူး၊ ကျနော်ဖုန်းခေါ်တိုင်း အော်ပရေတာကို ကျနော်မင်းကျော်ခိုင်ပါ နယူးယောက်ကခေါ်ပါတယ် ကိုရဲလွင်နဲ့ စကားပြောချင်လို့ပါ လို့ဆိုလိုက်ရင် ခဏကိုင်ထားပါနော် ဆိုပြီး ပြန်မာပြည်ထုံးစံအတိုင်း သူ့ အော်ခေါ်တဲ့အသံကြားနေရတယ်၊ ဦးရဲလွင် အမေရိကား နယူးယောက်က ကိုမင်းကျော်ခိုင် ဖုန်းခေါ်ပါတယ်၊ ဦးရဲလွင် ဖုန်း....ဖုန်း...နဲ့ ကိုရဲကိုအကြောင်းကြားနေတဲ့အသံအမြဲကြားနေရတယ်။

တရက် ကိုရဲနဲ့ဖုန်ပြောတော့ ကိုရဲအသံက တမျိုးဖြစ်နေတယ်၊ မိုင်ကျော်ခင်း ကိုယ် ကိုယ့်ဖုန်းနံပါတ်ပေးမယ် လက်ကိုင်ဖုန်း အိုကေ နောက်ဆို ကိုယ့်ဆီ မိုင်ကျော်ခင်း ဒါရိုက်ခေါ်လို့ရပြီ ဆိုပြီး သူ့ Cell Phone နံပါတ်ပေးတယ်၊ သြော်...ဒါကြောင့် သူအသံက ဝမ်းသာအားရပြောတဲ့အသံဖြစ်နေတာကိုး၊ ကျနော်နဲ့ သူ အချိန်မရွေးဖုန်းခေါ်ပြောလို့ရပြီလေ....အချိန်မရွေးစကားပြောလို့ရပြီလေ....။

နောက်တပါတ်လောက်အကြာ သူ့Cell Phone ကိုခေါ်တော့ ကိုရဲက မိုင်ကျော်ခင်းကို ကိုယ်ပြောစရာရှိတယ်၊ ပြောဗျာ ကိုရဲ ဆိုတော့ ကိုယ့်မှာ ပြသနာတခုရှိတယ်ကွာ မိုင်ကျော်ခင်းရာ.. ကိုယ် အပြင်သွားစရာရှိတဲ့အခါ ဘာအင်္ကျီ ဝတ်ရမှန်းမသိဘူးကွာ..ရွေးရခက်တယ်၊ ခု အဲဒါအဆင်ပြေသွားပြီ၊  ကိုယ့်ကို အမျိုးသမီးတယောက်က လုံးဝအကူအညီပေးတယ်၊ သူရွေးပေးတယ်၊ ခု ကိုယ်ကိုင်နေတဲ့ဖုန်းကလဲ သူပဲ ဝယ်ပေးတာလေ၊ အဲဒါကိုယ် သူနဲ့တော်တော်အဆင်ပြေတယ်မိုင်ကျော်ခင်းရေ ဆိုပြီးပြောလာတော့ ကျနော် တော်တော်အံ့သြရင်း ဒါကြောင့် ကိုရဲ ဒီနေ့ ကိုရဲအသံ ခါတိုင်းနဲ့ မတူဘူး...တော်တော်လန်းနေတယ်လို့ ဆိုတော့ ကိုရဲအသံ ဟိုး ...ငယ်ငယ်ကလို ဟဲဟဲ တဲ့ လူကြီးရှက်ရီရီတဲ့အသံနဲ့..။
ကျနော်က ပြန်မေးလိုက်တယ် နေပါအုန်း ကိုရဲမှာ အဝတ်အစားရွေးဝတ်ဖို့ ခက်နေရအောင် ဘယ်နှစ်စုံတောင်ရှိလို့လဲ ဆိုတော့ အင်္ကျီလုံချည် ၃ စုံတဲ့။ ဒါများကိုရဲရာ နေပါအုန်း အဲဒီအမျိုးသမီးက ဘယ်သူလဲ ဘယ်ကလဲ မေးခွန်းတွေမေးရင်း ကိုရဲကို အဲလောက်တောင်ဂရုစိုက်တယ်ဆိုရင် ကိုရဲ ဘာမှစဉ်းစားမနေနဲ့ ယူလိုက်ဗျာ ကိုရဲအတွက် ဘာပဲဖြစ်ဖြစ်အဖေါ်ဆိုတာလိုတယ်၊ ကိုရဲလဲ အသက်ကြီးပြီ ကိုယ့်အပေါ် အဲလိုနားလည်ပေးနိုင်တဲ့ ပြုစုပေးမဲ့အဖေါ်တော့လိုတယ် လို့ပြောလိုက်တော့၊ ကိုရဲက မိုင်ကျော်ခင်း ကိုယ်အိမ်ထောင်ကျဖူးတာသိတယ်နော် လို့ မေးတော့ သိတယ်လေ ကိုရဲ တယ်မီနဲ့ အိမ်ထောင်ကျဖူးတာလေ၊ တယ်မီ့ကို ကောင်းကောင်းသိတာပေါ့ ဆိုတော့ ကိုရဲက အေး ခုနက ကိုယ့်ကို ဂရုစိုက်တယ်ဆိုတဲ့ အမျိုးသမီးက တယ်မီပဲလေ တဲ့။


Ko Yeh and Tammy
Photo Credit: Zin Wai Latt (သားငယ်)


(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...