Thursday, September 5, 2013

ဘယ်ဘာသာမှ အားမပေးသော

September 5, 2013 at 5:47am

ဘယ်တုန်းက ဖတ်မိမှန်းမသိတဲ့ ဝထ္ထုတိုလေး တစ်ပုဒ်ကို ပြောပြချင်တယ်။ ကျနော့်မှတ်ဥာဏ် အားနဲတာကြောင့် ဘယ်သူရေးတယ် ဘာခေါင်းစဉ်ရယ်ဆိုတာ မပြောပြနိုင်ပါဘူး၊ ကမူးရေးတာပဲဖြစ်မလား၊ မိုပါစွန်းပဲဖြစ်မလားပဲ ဇာတ်လမ်းအရက မြို့ပေါ် ဆေးသိပ္ပံတက္ကသိုလ်တစ်ခုကနေ ဘွဲ့လွန်ဒီကရီရ လို့ ပျော်ရွှင်နေတဲ့ ကျောင်းသားလေး တစ်ယောက်ဆီကို သူ့ဖခင်က သူမြို့ကို အလုပ်လုပ်ဖို့ ပြန်ခေါ် တဲ့စာပါ။ သူ့ဖခင်ဟာ ဘာအလုပ်လုပ်တယ်ဆိုတာ ငယ်ငယ်ကတည်းက မသိခဲ့ရပါဘူး။
ဒါပေမယ့် သူကို မတောင့်တ မကြောင့်ကျရအောင် ထားနိုင်တဲ့အပြင် ကြင်ရာရှာဖို့နဲ့ လူတန်းစေ့နေနိုင်ဖို့ပါ ထောက်ပံ့နိုင်သူပါ။ သည်လိုနဲ့ ပဟေဒိဆန်ဆန် သူ့ဖခင်ဆီ အပြန်လမ်းမှာ သူသိခဲ့ရတာကတော့ သူ့ဖခင်က သူ့ကို မျိုးရိုးအမွေပေးစရာရှိတာနဲ့ လုပ်ငန်းတစ်ခုပေးမယ်ဆိုတာပါပဲ။ ချစ်သူလက်ကိုဆွဲပြီး ဖခင်ဆီ အပြန်လမ်းဟာ သာယာလို့ပေါ့။ သည်လိုနဲ့ ဖခင်နေရာ သူ့မွေးရပ်လေးကို ရောက်ပြီး ၃ရက်လောက်အကြာညမှာ သူ့ဖခင်က သူ့ကို လာခေါ်ပါတယ်။ အလုပ်သွားကြမယ်တဲ့။ သူတို့ဟာ ကြိုးတိုက်လို့ခေါ်တဲ့ သေဒဏ်ပေးရာ နေရာကို ရောက်သွားပါတယ်။ အဲဒီမှာ သူ့ဖခင်ဟာ သေဒဏ်စီရင်ပေးရတဲ့ အာဏာပါးကွက်သား ဖြစ်နေတာပါပဲ။ ဒါပေမယ့် ကျနော်တို့ မြင်နေသိနေပြီးသားတွေနဲ့ အများကြီးကွဲလွှဲပြီး ခြယ်မှုန်းထားပါတယ်။ သေဒဏ်ကျ ရာဇဝတ်သားကို အပြေလည်ဆုံးနဲ့ အငြင်သားဆုံး ကိုင်တွယ်ရတာ။ လူရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သူ့ကိုသေအောင် လုပ်မယ့်အရာကို နားလည်ရတာ။ ဝေဒနာ အနည်းဆုံးနဲ့(နောက်ဆုံးမိသားစုဝင်တွေ ရှေ့မှာ) သက်သက်သာသာ အသက်ထွက်အောင် ချိတ်ဆက်လုပ်ရတာတွေကို အသေးစိတ်ခြယ်မှုန်းထားပါတယ်။ ဟုတ်ပါတယ်။ သူ့ဖခင်ဟာ သေဒဏ်ကျ ကြိုးသမားတွေရဲ့ နောက်ဆုံးခရီးကို အသက်သာဆုံးပို့ပေးသူအဖြစ် ဘာသာရေး သင်းအုပ်ဆရာ၊ မြို့စားအာဏာပိုင်ကြီးနဲ့တကွ မြို့ခံလူတွေက ကျေကျေနပ်နပ်ကြီး ခန့်ထားတဲ့သူပါ။ သူ့လက်ထက်မှာ တစ်ယောက်မှ အမှားယွင်းမရှိ ဆောင်ရွက်ခဲ့တာကို ဂုဏ်ယူနေတဲ့၊ သည်ပညာဟာ သိပ်ကို လေးနက် အရေးကြီးတယ်လို့ ဂုဏ်ယူနေတဲ့ ဖခင်နဲ့ ပညာတတ် သားဟာ အဲသည်မှာ အငြင်းအခုန်စပါတယ်။ သူ့ကို ဘာလို့ အစကတည်းက မပြောတာလဲ။ ဒါဟာ လူသတ်တာပဲ။ လူသတ်ဖို့ဆို သူ့ပညာတွေနဲ့ မတန်ဘူး၊ အဖေဟာ လူသတ်ရတာကို အရသာတွေ့နေတဲ့ စိတ္တဇသမားပဲ စတာတွေနဲ့ အော်ဟစ်ပြောဆိုတာတွေကို ဖခင်ဖြစ်သူက အေးဆေးသက်သာပဲ ရှင်းပြပါတယ်။ သူ့ဖခင်ဟာလဲ သူ့ကို အဲသလိုပဲ ပညာသင်စေခဲ့ပါတယ်။ ဘာလို့လဲဆို သည်လို ပညာတွေတတ်မှ လူတွေကို စာနာနားလည်လာမယ်။ လူ့အကြောင်းနဲ့ အခြားလိုအပ်တဲ့ သိပ္ပံပညာတွေကို ခေတ်နဲ့အညီ နားလည်တတ်ကျွမ်း သဘောပေါက်လာမယ်။ ဒါမှသာ သည်အတိမ်းအစောင်းမခံတဲ့ နောက်ဆုံးခရီး ကိုသူများတွေလက်ခံလာနိုင်တဲ့ အတိုင်းအတာ အတွင်းမှာ သေမယ့်သူကိုယ်တိုင် ချောမွေ့စွာနဲ့ သွားနိုင်ရေး ဆောင်ရွက်နိုင်မယ်။


သူ့အဖိုးဟာ ခေါင်းဖြတ်စက်ကနေ ကြိုးစင်ကို ပိုသက်သက်သာသာဖြစ်အောင် လေ့လာခဲ့တယ်။ လူ့အလေးချိန်ဘယ်လောက် ကြိုးအလျား ဘယ်လောက်ဆိုတဲ့အထိ တိတိကျကျဖြစ်အောင် သင်ယူခဲ့ရတယ်။ စနစ်ကျခဲ့ရတယ်။ သူ့လက်ထက်မှာ လျပ်စစ်ကုလားထိုင်ဖြစ်လာတော့လဲ လျပ်စစ်ရဲ့ သဘော ဗို့အ်အားတွေ သဘောနဲ့ လူ့ခန္ဓာအပေါ် သက်ရောက်တဲ့ ပညာသဘောတွေကို သူသင်ယူပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း သုံးလာကြတဲ့ ဓါတ်ငွေ့တွေ၊ ဆေးတွေကိုတော့ သားဖြစ်သူတက်ခဲ့တဲ့ တက္ကသိုလ်တွေကသာ သင်ပေးနိုင်တာမို့ သည်ပညာတွေလိုလို့ လွှတ်တယ်။ သည်ပညာနဲ့ သည်အလုပ်ကို သားဖြစ်သူက အချိန်တန်ရင် ဆက်ခံလိမ့်မယ်လို့လဲ မြို့ခံလူထုက ယုံကြည်တယ်။ သူတို့မြို့ကလေးဟာလဲ သည်ထောင်လုံခြုံရေးနဲ့ သည်ရာဇဝတ်သားတွေကို ထိန်းထားမှုကို တည်မှီပြီးစားသောက်နေရတာကြောင့် သူလုပ်ရမယ့် ကြိုးမင်းသား အလုပ်ဟာလဲ အင်မတန်အရေးပါတဲ့ နေရာတွေဖြစ်တယ်။ မင်းမိန်းမကိုလဲ ခုလိုပဲ နားဝင်အောင် ရှင်းပြဖို့နဲ့ တကယ်ချစ်ရင် လက်ခံနိုင်မယ်လို့ ပြောပါတယ်။ မင်းသားကတော့ အောင်မြင်နေတဲ့ ပညာတတ် သူ့ဘဝနဲ့ သူ့ချစ်သူခရီး (ပိုက်ဆံတော့ မရှိပေါ့လေ)ကနေ လူမသိသူမသိ သိုသိပ်နေရပြီး မပူမပင်ဆိုပေမယ့် တစ်သက်လုံး အောင်မြင်တာကို ကြွားဝါလို့မရတဲ့ ဘဝကို အကူးအလူး အရွှေ့အပြောင်းမှာ နောက်ဆုံးပြေးထွက်သွားပါတယ်။ ဒါပါပဲ။ ဝထ္ထုလေးက အဖြေကို ပေးမသွားပါဘူး တွေးစရာတွေပဲ အများကြီးပေးသွားပါတယ်။ ရွေးစရာတွေ အများကြီးပေးပါသွားပါတယ်။ ကျနော်အနေနဲ့ကတော့ ကြိုးစင် ကြိုးမင်းသားနဲ့ ကြိုးတိုက်ထဲက ကိစ္စတွေမှာ လူသတ်တာဟာ ထင်သလောက် အထင်သေးစရာကောင်းလောက်အောင် နုံချာပညာမဲ့တာ မဟုတ်ဘူးလို့ တေးမှတ်စရာရပါတယ်။

နောက်တစ်ခါ ကြိုးတိုက်တွေနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးလိုက်ပြန်တာကတော့ ထောင်ဝထ္ထုတွေပါပဲ။ သို့သော် အားလုံးသိမယ့် ဇာတ်လမ်းကတော့ မင်းသားတွမ်ဟန့်နဲ့ Michael Clarke Duncan တို့ဦးဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Green miles ဆိုတဲ့ ဇာတ်လမ်းလေးပါ။ ကြိုးတိုက်နဲ့ ရာဇဝတ်သားတွေနဲ့ အာဏာပါးကွက်သားတွေကို ဇာတ်လမ်းဆင်ထားတဲ့ ထူးဆန်းမှုလေးတွေပါထည့်ထားတဲ့ သည်ဇာတ်လမ်းလေးထဲမှာ အပေါ်ဝထ္ထုထဲကလိုပဲ ကြိုးတိုက်ထဲက လူသတ်တဲ့ကိစ္စတွေဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေါသအလျောက် မဟုတ်ပါပဲ။ ဆန္ဒအလျောက်မဟုတ်ပါပဲ တရားဥပဒေအရဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျန်းမာပါရဲ့လားလို့ ဆေးစစ်ထားတဲ့ လူတစ်ယောက်ကို အလျင်မြန်ဆုံးနဲ့ အသက်သာဆုံး လူ့လောကနေ အခြားတစ်ဘက်ကို ရောက်အောင် ပို့ရတဲ့ လူတစ်စုနဲ့ အပို့ခံရတဲ့ လူတစ်စုအကြောင်းကို လူသားအဆန်ဆုံး ရိုက်ပြထားတာပါ။ ဆုတွေ တစ်လှေကြီးရတဲ့ ရုပ်ရှင်ဖြစ်သလို ကြည့်ရင်း ငိုရတဲ့ ရုပ်ရှင်လေးလဲဖြစ်ပါတယ်။
ခုလဲ BBC ကရိုက်ပြတဲ့ How to kill a human being documentary နဲ့ last 24hrs of dead row  ရယ် နောက် တရုတ်က လုပ်တဲ့ သေဒဏ်ကျသမားတွေကို အင်တာဗျူးတဲ့ တီဗီ အစီစဉ်ကို ကြည့်ပြီး လူ့အဖွဲ့စည်း လူ့ဥပဒေက သေထိုက်တယ် သတ်လိုက်တော့ ဆိုတဲ့ လူတစ်ယောက်ကို သေအောင် သတ်တဲ့ နည်းစနစ်ဟာ လွယ်လွယ်လေးမဟုတ်ဘူး ဆိုတာ သိခွင့်ရလိုက်ပါတယ်။ လူအဖွဲ့စည်းတစ်ခု အတွက်လဲ လိုအပ်နေသေးတဲ့လူတွေ လူအဖွဲ့စည်းတစ်ခုကနေလဲ မသေစေချင်တဲ့လူတွေ ကို သေအောင် သတ်ဖို့ကို ထားလို့ သေထိုက်လို့ သတ်လိုက်တော့ ဆိုတဲ့ လူတစ်ယောက်ကို သတ်ဖို့ လူ့အဖွဲ့စည်းကနေ လူသားဆန်ဆန် ဖျောက်ဖျက်ပစ်ဖို့ ဘယ်လောက် စနစ်ကျနရသလဲဆိုတာ အဲသည် ကြည့်ဖူးတာတွေကနေ မြင်သလောက် ရေးပြချင်ပါတယ်။


ရေထဲနှစ်မယ်။ မီးတင်ရှို့မယ်။ လူမြင်ကွင်းမှာ ခေါင်းဖြတ်မယ်။ သေနှတ်နဲ့ပစ်မယ်။ ကြိုးဆွဲချစီရင်တယ်။ လျှပ်စစ်ထိုင်ခုံနဲ့ စီရင်တယ်။ ဆေးထိုးမယ်။ အဆိပ်ငွေ့လွှတ်မယ်။ ဒါ့အပြင် နည်းစနစ်တွေ အများကြီးနဲ့ သေဒဏ်ဆိုတာကို စီရင်ခဲ့တာမှာ ခုနောက်ဆုံး ၂၁ရာစုမှာ ကျင့်သုံးနေဆဲ သေဒဏ်စီရင်နည်း ၅နည်းကျန်ခဲ့ပါတယ်။ အဲတာတွေကတော့ သေနှတ်နဲ့ပစ်တာရယ်။ ကြိုးဒဏ်ရယ်၊ လျှပ်စစ် ထိုင်ခုံရယ်။ ဆေးထိုးတာရယ်။ အဆိပ်ငွေ့ရယ်ပါ။ သေဒဏ်ကျသူဟာ သေမယ့် နေ့မတိုင်ခင် ၂၄နာရီ(အချိန်တိုင်းတာ တစ်ခုမှာ) ကြိုးတိုက်(dead house) ဆီကို ပြောင်းရွှေ့ထားရပါတယ်။ သေဒဏ်ကျ ရာဇဝတ်သားကို ချုပ်နှောင်ထားဆဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာ။ ဒဏ်ရာရအောင်လုပ်တာ။ မကျန်းမာအောင်လုပ်တာတွေကို မပြုရအောင် ကြိုးတိုက်တာဝန်ကျတို့က အထူးကြီးကြပ်ရပါတယ်။ သေဒဏ်ကျသူဟာ တရားရုံးက စီရင်သော သတ်နည်းကို ကျန်းကျန်းမာမာ အသိစိတ်ကောင်းကောင်းနဲ့ တိတိကျကျ ရင်ဆိုင်စေဖို့ လိုရင်းပါ။ မရွှေ့ခင်မှာ ကျန်းမာရေးဆေးစစ်တာကအစ လုံခြုံရေးအထူးတင်းကြပ်ရပါတယ်။ အဲသည်နောက် သေဒဏ်စီရင်ဖို့ သင့်တယ်ဆိုတဲ့ မှတ်ချက်ရပြီဆိုရင် ကြိုးတိုက်ဆီကို ရွှေ့ပါတယ်။ အဲသည်မှာလဲ သက်ဆိုင်ရာ နိုင်ငံနဲ့ဒေသ အလိုက် ရွေ့ပြောင်းနည်းကွဲပါတယ်။ တရုတ်ကတော့ ရိုးရာမပျက် နာမည်နဲ့ ပစ်ဒဏ်ကို လည်မှာဆွဲပြီး အမိုးဖွင့်ကားနဲ့ စစ်တပ်အစောင့်ရှောက်နဲ့ ခေါ်ပါတယ်။ ဥရောပနဲ့ အမေရိကား ပြည်နယ်အချို့ကတော့ လူတွေ့ မခံတော့ပဲ ထောင်ထဲမှာပဲ ခေါ်ပါတယ်။ အမေရိကားက ပြည်နယ်အချို့ကတော့ ကားနဲ့ပတ်ပြီး ဝေးတယ်ထင်အောင် ခေါ်ပါတယ်။ သည်နောက်မှာတော့ ရာဇဝတ်သားဟာ ကြိုးတိုက်ထဲကို ရောက်ပြီး နောက်ဆုံး ၂၄နာရီကို ကျော်ဖြတ်ရပါတော့တယ်။


ကြိုးတိုက်ရဲ့ သဘောဘာဝဟာ တရားခံကို နောက်ဆုံးအနေနဲ့ သူ့သဘောကျထားနိုင်ဖို့ အစွမ်းကုန်ထားပြီး သူ့ကိုယ်သူသတ်သေတာနဲ့ သူ့ကိုယ်သူ အန္တာရယ် ဖြစ်စေတာမျိုးတွေကို အထူးမပြတ်စောင့်ကြည့်ရတာမျိုးပါ။ ဒါ့ကြောင့် ကြိုးတိုက်တာဝန်ကျတွေဟာ စက်ရုပ်တွေလို အမှားအယွင်းမရှိရအောင် လုပ်ထုံးလုပ်နည်းကို ဂရုစိုက်ကြရတာပါ။ ကြိုးတိုက်ထဲမှာ ဖုန်းတစ်လုံးရှိပြီး ဖုန်းကောင်းမကောင်းကို အမြဲမပြတ်သိရှိနေအောင် စီမံထားရတာပါ။ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန် နောက်ဆုံးကောက်ရိုး နောက်ဆုံးအခွင့်ရေးလေးဟာ ဘာကြောင့်မှ လွဲချော်မသွားရအောင် စီမံထားတာပါ။ ရာဇဝတ်သားရဲ့ နောက်ဆုံးဖုန်းခေါ်ချင်တာ၊ ဘာသာရေးအရ ဆုတောင်းချင်တာမျိုးတွေ၊ နောက်ဆုံးစားချင်တဲ့ အစားစာမျိုးတွေကို အန္တာရယ် မဖြစ်စေပဲ အကောင်းဆုံးဖြစ်စေဖို့ စီမံပေးရတာမျိုးပါ။ ဒီနေရာမှာလဲ နေရာဒေသအလိုက် ရနိုင်တဲ့ အခွင့်ရေးတွေ အများကြီးကွာခြားမှာပါ။ မကွာခြားမှာကတော့ သေဒဏ်စီရင်မယ့်နေ့ သေဒဏ်စီရင်ရာကို သွားမယ့် ခြေလှမ်းတွေပါပဲ။ ရာဇဝတ်သားအတွက် အလေးဆုံးခြေလှမ်း ကြိုးတိုက် အာဏာသားတွေအတွက် အဝေးဆုံးခရီး ၁၀ဂဏန်းသာသာ ခြေလှမ်းတွေဟာ တစ်ယောက်ဟာ တုန်လှုပ်စရာ မျှော်လင့်ချက်မဲ့တဲ့ နောက်ဆုံးနေရာကို သွားရတာဖြစ်ပြီး အစောင့်တွေကတော့ နောက်ဆုံးခရီး နောက်ဆုံးလူတစ်ယောက်ရဲ့ အစွန်းဆုံးသော တုန့်ပြန်မှုနဲ့ တန်ပြန်ပြုမူမှုတွေကြားကနေ သတိကြီးစွာထားပြီး အားလုံးဘာမှမဖြစ်အောင် နောက်ဆုံးအချိန်ထိ အဆင်ချောအောင် လစ်ဟင်းတာ မရှိရအောင် သွားနေရတာပါ။ အဲသလိုဖြစ်လာဖို့ အာဏာသားတွေကိုယ်တိုင် အကြိမ်ကြိမ်လေ့ကျင့်ကြရတာဖြစ်ပြီး လူတစ်ယောက်ကို မစီရင်ခင်မှာ အနဲဆုံး ၅ကြိမ်ထက် မနဲ ဇာတ်တိုက် လေ့ကျင့်ကြရတယ်လို့ ဆိုပါတယ်။ ရာဇဝတ်သားကို ဘယ်လိုထုတ်မယ်။ အဲသလိုထုတ်ချိန်မှာ ဘယ်သူက လက်ထိတ်ကို ဘယ်လိုခတ် ဘယ်သူက ဘယ်ကိုဂရုစိုက်ကစလို့ ခြေတစ်လှမ်း အကြည့်တစ်ချက် မလွဲအောင် လေ့ကျင့်ထားရပါသတဲ့။ ကြိုးတိုက် တာဝန်ကို နှစ်ရှည်ယူခဲ့သူများကတော့ ဒါဟာ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲလို့ ဆိုပါတယ်။


တရားခံတွေဟာ အချို့ကတော့ မိမိသေမယ့် နည်းကို ရွေးခြယ်နိုင်ကြပြီး၊ အချို့ကတော့ ရွေးခြယ်ခွင့်မရကြပါဘူး။ တရုတ်ပြည်မှာတော့ ဆေးထိုးတာနဲ့ သေနှတ်နဲ့ပစ်ခံတာကို ရွေးခြယ်နိုင်သလို အမေရိကားက ပြည်နယ်အချို့မှာတော့ နည်း ၅နည်းထဲက တစ်နည်းကို ရွေးခြယ်နိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမှာ တော်တော်များကျင့်သုံးနေပြီး အကုန်ကျအနည်းဆုံးနည်းကတော့ ကြိုးဆွဲချနည်းပါပဲ။ ကြိုးတိုတိုနဲ့ ခြေလွတ်ရရုံမှာ လည်ပင်းအစ်သေတဲ့နည်းကို တကယ့် သေဒဏ်စီရင်ရတဲ့ အခါမှာ မသုံးပါဘူး။ အမြင့်တစ်ခုကနေ လွှတ်ချလိုက်ပြီး အရှိန်နဲ့ ကျောရိုးမကြီးရဲ့ လည်ပင်းရိုးကိုကျိုးသွားစေတာနဲ့ သူ့ထဲက အာရုံကျောမကြီးကို ဆတ်ကနဲချိုးလိုက်နိုင်အောင် လုပ်တာပါ။ သည်နည်းနဲ့သေစေတာပါ။ ဒါ့အတွက် အနဲဆုံး အမြင့်ဘယ်လောက်ကနေ လွှတ်ချရမလဲဆိုတာ ဗြိတိန်စစ်တပ်က စပြီးသုတေသနာပြုထားပါတယ်။ ၁၉ရာစုလောက်က စတင်ပြဌာန်းခဲ့တဲ့ ကြိုးပေးနည်းနိဿယီး လမ်းညွှန်ချက်ကြီးဟာ ခုထက်ထိ အသုံးဝင်ဆဲပါ။ ကိုယ်အလေးချိန် ဘယ်လောက်ရှိရင် ကြိုးလုံးပတ် ဘယ်လောက်နဲ့ ဘယ်အမြင့်ကနေချပါဆိုတာကို ရေးထားတာပါပဲ။ ဒါ့အပြင် ကြိုးအထိုးကို နောက်မှာထားမလား၊ ဘေးမှာလား၊ အရှေ့မှာထားမှာလားဆိုတာကိုလဲ ရာဇဝတ်သားရဲ့လည်ပင်းကြွက်သား တည်ဆောက်ပုံတွေကိုကြည့်လို့ အာဏာပါးကွက်သားက နားလည်ရပါသတဲ့။ မဟုတ်ရင် လည်ပင်းရိုးကြိုးတဲ့ဒဏ်နဲ့မသေပဲ လည်ပင်းအစ်လို့ အသက်ရှုကြပ်တာနဲ့သေရတာမျိုး ဖြစ်ရင် မျက်မြင်သက်သေတွေရဲ့ အမြင်ဆိုးတာမျိုးနဲ့ ရာဇဝတ်သားရဲ့ နောက်ဆုံးခရီးကို အနာကျင်ဆုံးဖြစ်ရပ်ဆိုးကြီးနဲ့ အဆုံးသတ်ရမှာဆိုးလို့ပါ။ ဒါ့အပြင် ရာဇဝတ်သားကို ကြိုးမပေးခင်ကတည်းက ပေးမယ့်ကြိုးကို ကြိုပြင်ထားပြီး အလေးချိန်တူတာနဲ့ စမ်းထားရတဲ့အပြင် ကြိုးပေးမယ့် မနက်မှာ ပိုးသေအောင်ပြုတ်ထားပေးရပါသေးသတဲ့။ ဖြစ်လာတဲ့ မျက်နှာအမူအရာဆိုးရွားတာနဲ့ ရာဇဝတ်သားရဲ့ အရှက်နဲ့ အကြောက်အတွက် မျက်နှာဖုံးခေါင်းစွပ်ကို သုံးပါတယ်။ နောက်ဆုံးအနေနဲ့ ရာဇဝတ်သားက ငြင်းဆန်မယ်ဆို ငြင်းဆန်နိုင်တယ်ဆိုပါတယ်။ ကြိုးဖြုတ်မယ့် ကြိုးမင်းသားကို လူမြင်ကွင်းမှာ မထားတဲ့အပြင်။ ပါးစပ်နဲ့ အမိန့်ပေးလေ့မရှိပါဘူး။ အမိန့်ပေးမယ်လို့ မထင်ထားရတဲ့သူနဲ့ ဇာတ်တိုက်ထားပြီးသူက ကြိုတင်တိုင်ပင်ထားတဲ့ အမိန့်အချက်ပြတစ်ခုခုကို သုံးပါတယ်။ နာရီကြည့်လိုက်တာ။ ဦးထုပ်ကိုင်လိုက်တာ။ ဘောလ်ပင်ထုတ်လိုက်တာ။ မျက်မှန်ချွတ်လိုက်တာမျိုးပါ။ အဲသလောက် အတိအကျစီရင်ပါလျက်နဲ့က ၃ကြိမ်၃လားချတာတောင် မသေပဲ လွတ်ဖူးသူတွေရှိလို့ မသေမချင်းဆိုတဲ့ စကားရပ်ကို ကြိုးဒဏ်မှာ ထည့်သွင်းစီရင်ရတဲ့အထိပါပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် ကြိုးမင်းသားနဲ့ အာဏာသား တစ်ခုခုမှားတာနဲ့ အခါခါ ကြိုးစင်ပြန်တက်ရတာတွေ ဖြစ်လာပါတော့တယ်။



နောက်တစ်နည်းကတော့ Gun squard လို့ခေါ်တဲ့ သေနှတ်နဲ့ ပစ်တဲ့နည်းပါ။ ရာဇဝတ်သားကို မျက်နှာအဝတ်စည်းတာ မစည်းတာအပါအဝင် ကြိုးတုပ်တာ မတုပ်တာအထိပါ ရာဇဝတ်သားဟာ ဒေသအလိုက် ရွေးချယ်ခွင့်ရပါတယ်။ ရဲရဲကြီးသေချင်သူတွေကတော့ သည်နည်းကို ရွေးကြတယ်ဆိုပါတယ်။ ထောင်ထဲမှာ အဲသည်နည်းကို ကျင့်သုံးတဲ့ဒေသမှာတော့ ရာဇဝတ်သားကို နံရံနောက်ခံနဲ့ လက်ထိပ်ခတ်ရပ်စေပါတယ်။ ရိုင်ဖယ်သမား တွေထဲက တစ်လက်ကို ဗလာကျည်ထည့်ပေးတယ်။ မသိသာတဲ့ အချက်ပြနည်းသုံးတယ်လို့ ဆိုပါတယ်။ ပစ်သူတွေထဲက တစ်ယောက်ဟာ ဗလာကျည်ဖြစ်လို့ ပစ်သူတွေဟာ ငါ့ကျည်ကြောင့်သေတာ ဟုတ်ချင်မှ ဟုတ်မှာပါဆိုတဲ့ ဖြေသာမှုကိုရတယ်လို့ ဆိုပါတယ်။ ပစ်ရမယ့် ပစ်မှတ်ကတော့ ရင်ညွန့်ရိုးလို့ဆိုပါတယ်။ အပေါ်က ကြိုးနည်းနဲ့ သေနှတ်နည်းဟာ စစ်တပ်တွေလဲ သုံးကြတာဖြစ်ပြီး စစ်တပ်အသုံးမှာတော့ အမိန့်ပေးနည်းဖြစ်တဲ့အတွက် အလံအချက်ပြသော်လည်းကောင်း နုတ်နဲ့ အမိန့်ပေးတာသော်လည်းကောင်းသုံးတယ်။ ဗလာကျည်ထည့်ပေးတာမျိုးလဲ မရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အမိန့်ပေး ခေါင်းဆောင်ကိုယ်တိုင်က နောက်ဆုံးမှာ ခေါင်းထဲကို ကျည်တစ်ထောင့် ထည့်ပေးရသေးတယ်လို့လဲ ဆိုပါတယ်။ ဒီလို စီရင်နည်းမျိုးကို ခုခေတ်မှာ လူမြင်ကွင်းမှာ စီရင်လေ့မရှိတော့ပါဘူး။ ဒါ၂နည်းကတော့ သိပ်မဖွင့်ဖြိုးသေးတဲ့ နိုင်ငံတွေနဲ့ အဖိုးနဲအိုးကွဲ စီရင်နည်းတွေဖြစ်ပါတယ်။


သည်နည်းတွေဟာ ရက်စက်တယ်လို့ ထင်တဲ့အတွက် အနောက်နိုင်ငံက သိပ္ပံနည်းကျ စီရင်နည်းတွေကို တီထွှင်လာကြပါတယ်။
အက်ဒီဆင်ဟာ သူရှာဖွေတွေ့ရှိတဲ့ လျပ်စစ် (DC) နဲ့ သူ့တပြည့်တစ်ယောက် ထပ်တွေ့တဲ့ (AC) အားပြိုင်လာရာမှာ AC ရဲ့ အန္တာရယ်ကြီးမှုကို ပြချင်တာနဲ့ ဆပ်ကပ်ထဲက ဆင်ကြီးကို ဝိုင်ယာကြိုးနဲ့ဆက် AC ရှော့တိုက်ပြလိုက်တာ မိနစ်ပိုင်းအတွင်းတင် ဆင်ကြီး ဘုန်းဘုန်းလဲသွားခဲ့တာဟာ အင်မတန်လူသိများပါတယ်။ အဲသည်ကနေ စိတ်ကူးရလို့ အကောင်ထည်ဖေါ်လိုက်ကြရမှာ လျပ်စစ်ကုလားထိုင်ဆိုတဲ့ သေဒဏ်စီရင်နည်းကို ၁၈၉၀ နူးယောက်က အကျဉ်းထောင်တစ်ခုမှာ စတင်စမ်းသပ်ခဲ့ကြပါတယ်။ ပထမဆုံး ဗို့အား ၁၇၀၀ကျော်နဲ့ ၁၇စက္ကန့်လွှတ်အပြီးမှာတော့ နှလုံးခုန်တာ၊ အသက်ရှူတာတွေ ရပ်သွားလို့ အောင်မြင်တယ် ထင်တုန်းမှာ နှလုံးပြန်ခုန်လာလို့ နောက်ထပ် ဗို့အား ၂၀၀၀ နဲ့ စက္ကန့်၂၀ ထပ်ပေးလိုက်တဲ့အခါ အရေပြားက သွေးကြောငယ်လေးတွေ ပေါက်ထွက်ပြီး အောင်မြင်စွာ စီရင်နိုင်ခဲ့ကြပါတယ်။ မြင်ရသူတွေက ကြိုးပေးတာထက် ဆိုးရွားတယ်လို့မှတ်ချက်ပေးခဲ့ကြပေမယ့် စီရင်သူတွေကတော့ ကြိုးပေးတာထက် ပိုစိတ်ချရတဲ့ နည်းလို့ ယုံကြည်တဲ့အတွက် ၁၉၀၀ လောက်ကစလို့ အမေရိကန်နယ် တစ်လွှားမှာ သုံးခဲ့ကြပါတယ်။ အာရှဒေသထဲကိုတော့ ၁၉၂၄မှာ အမေရိကန် ကိုလိုနီနယ်ဖိလစ်ပိုင်မှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ပထမ အစမှာ အသုံးပြုတာ အဆင်ပြေသလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဗို့အားနဲ့ အချိန်အသုံးပြုမှုအပေါ်မှာ ပြဿနာကြီးကြီးမားမားကြုံလာရပါတယ်။ ခေါင်းအောက်က ခံတဲ့ ရေစွတ်ရေမြုတ် အမျိုးစားကွာတာကြောင့် မီးလောင်တာမျိုးတွေ၊ သွေးကြောတွေ ပေါက်ထွက် ရုပ်ပျက်ဆင်းပျက်ဖြစ်တာမျိုးတွေ အပါအဝင် စက္ကန့်၂၀ကနေ မိနစ်အတော်ကြာအထိ ဗို့အား ၂၀၀၀ လောက်ပေးပေမယ့် မသေတာတွေ၊ အကြိမ်ကြိမ်ပေးပေမယ့် မသေတာမျိုးတွေ ကြုံလာရပါတယ်။ အဲသည်အခါ အစီရင်ခံရမယ့် ရာဇဝတ်သားဟာ အကြိမ်ကြိမ် ခုံပေါ်ပြန်သွားရပါတော့တယ်။ ပထမတစ်ကြိမ် မအောင်မြင်ရင် အနဲဆုံးတစ်ပတ်ကနေ ထောင်အာဏာပိုင်များ ခွင့်ပြုချက်ကျသည်အထိ ကြိုးတိုက်ထဲမှာ ပြန်စောင့်ကြရတာပါ။ အဲသည် စက္ကန့်၂၀ဟာ လျပ်စစ်ဒဏ်ခံ ရာဇဝတ်သားအဖို့ ဘယ်လောက်ဆိုးရွားတဲ့ ဝေဒနာနဲ့ကြုံရမယ် မသေသူဖို့ ဘယ်လို အကြိမ်ကြိမ်ကြုံရမယ်ဆိုတာ မတွေးဝံ့စရာပါ။ ဒါကြောင့် သိပ္ပံပညာရှင်တွေ လူပေါင်း ထောင်နဲ့ချီလေ့လာပြီးတဲ့အခါ လျပ်စစ်ဗို့အားကို တစ်ခါတည်းပေးတာထက် ပထမ ၈စက္ကန့်ကို ဗို့အား ၂၀၀၀ကျော်နဲ့စပြီး တစ်စက္ကန့်အနားပေးပါတယ် နောက်မှ ဗို့အား ၄၀၀နဲ့ ၈၀၀ကြားကနေ ၂၂စက္ကန့်အထိ လိုက်ပါတယ်။ ဒါဟာ ပထမအကျော့သာဖြစ်ပြီး စက္ကန့်၂၀လောက် နားပြီး နောက်ထပ် ၃ကျော့ အနည်းဆုံးထပ်ကျော့စေပါတယ်။ ပထမ ၈စက္ကန့်ဟာ သိပ်ကို အရေးပါတာဖြစ်ပြီး ရာဇဝတ်သား သတိမေ့သွားဖို့က အဓိကပါ။ မမေ့သေးရင် လိုအပ်သလောက် ၂၄၀၀ အထိမြင့်နိုင်သလို အချိန်ကိုလဲ မိနစ်ဝက်အထိ တိုးနိုင်ပါတယ်။ သူ့ထက်ဗို့အားနဲ့ အချိန်များသွားရင်တော့ လျပ်စစ်နဲ့မသေပဲ မီးလောင်ပြီးသေသွားမှာမို့ ဒါ့ထက်တော့ မတိုးရဘူးလို့ဆိုပါတယ်။ ရာဇဝတ်သားဟာ ဗို့်အားဘယ်လောက်များများ အချိန်ဘယ်လောက်ကြာကြာ ပထမ ၈စက္ကန့်ကနေ ၁၅စက္ကန့်အတွင်းမှာ သတိမေ့သွားမှာဖြစ်လို့ ဝေဒနာခံစားရမှု နည်းတယ်လို့ ဆိုကြပေမယ့် တစ်ချီတည်းနဲ့ အသက်ထွက်ဖို့ကို ကြိုးမင်းသားနဲ့ အာဏာသားတို့ အကြိမ်ကြိမ်ကြိုတင်လေ့ကျင့်ပြင်ဆင်ကြရတဲ့အပြင် စက်နဲ့ လျပ်စစ်တွေပါလာတာကြောင့် အချိန်တိကျဖို့ ဗို့အားပြည့်မှီဖို့ လျပ်စစ်ဟာ ဦးခေါင်းကဝင် ခြေထောက်ကထွက်တာသေချာဖို့ အခြားလျပ်ကူးနေရာ မရှိဖို့၊အပြင် ရာဇဝတ်သားရဲ့ ခန္ဓာဗေဒနဲ့ လျပ်စစ်တို့သဘောကို ကြေညက်အောင် သဘောပေါက်ထားဖို့ လိုတဲ့အပြင် သေချာသည်ထက် သေချာအောင် ပိုမိုအာရုံစိုက်ပြင်ဆင်ကြရတဲ့ နည်းတစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် လျပ်စစ်စီးကူးထားတဲ့ ခန္ဓာကိုယ်ဟာ သိပ်ကို ပူနေတာကြောင့် သေမသေ အတည်ပြုဖို့ ဆရာဝန်ဟာ ၁၀မိနစ်ကနေ ၁၅မိနစ်ထိ စောင့်ရပါတယ်။ အဲသည်အခါ စီရင်တာကို မျက်မြင်သက်သေကြည့်ရတဲ့ အဖွဲ့အတွက် အချိန်ပိုကြာလို့ စိတ်ညစ်စရာ တစ်ရပ်ဖြစ်လာပါတယ်။


အမေရိကားမှာ လျပ်စစ်ကုလားထိုင်နည်းကို ကရိကထများတယ်လို့ ဆိုသူများအတွက် အင်္ဂလန်နဲ့ အမေရိကားက သိပ္ပံပညာရှင်တွေ ထပ်မံရှာဖွေပေးတာကတော့ ဆေးထိုးပြီးစီရင်နည်းပါပဲ။ သွေးပြန်ကြောထဲကို ဆေးသုံးမျိုး အစဉ်တကျထိုးပေးနည်းဟာ အပေါ်က ဖေါ်ပြခဲ့တဲ့ နည်းတွေထက် ဝေဒနာခံစားရမှုသိပ်ကို နည်းပါပြီး အမြင်ကောင်းတဲ့ စီရင်နည်း လူသားဆန်တဲ့ စီရင်နည်းလို့ ခုထက်ထိ သုံးနေကြတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ပထမ ရာဇဝတ်သားကို စီရင်မယ့် ခုံပေါ်မှာ သက်တောင့်သက်သာ လှဲစေပြီး သွေးကြောထဲကို ဆေးသွင်းမယ့် ပိုက်ထည့်ပါတယ်။ သို့သော်လည်း သာမန်ဆေးရည်တစ်မျိုးသာပေးထားပြီး စီရင်မယ့် ဆေးထိုးမယ့်သူကတော့ လူနဲ့ရဲ့ မမြင်ကွယ်ရာကနေ အဆင်သင့်စောင့်ရတာပါ။ ဇာတ်တိုက်ထားတဲ့ အချက်ပြရချိန်မှာတော့ ပထမ မေ့သွားစေမယ့် မေ့ဆေးကို အရင်ပေးလိုက်ပါတယ်။ စက္ကန့်အနည်းငယ်အတွင်း မေ့သွားချိန်မှာတော့ ကြွက်သားတွေကို အကြောဆိုင်းသွားစေမယ့် ဆေးတစ်မျိုးထပ်ပေးလိုက်တဲ့အခါ အသက်ရှူတာ နဲ့ လူရဲ့ လှုပ်ရှားနိုင်တဲ့ကြွက်သားတွေ ရပ်ဆိုင်းသွားပါတယ် သူ့နောက်မှာမ နှလုံးခုန်ရပ်သွားစေမယ့် ဆေးကို ထိုးသွင်းကာ အဆုံးသပ်လိုက်တာပါ။ သိပ်ကို အဆင်ပြေတယ် ထင်ရပေမယ့် ပထမ မေ့ဆေးမတိုးတာကြောင့် အသက်ရှုရပ်တာနဲ့ အကြေသေမယ့် ဆေးထိုးချိန်မှာ အသိစိတ်မပြယ်တဲ့ ရာဇဝတ်သားဟာ ဆိုးဆိုးရွားရွားခံစားရမှုတွေ ရှိတယ်ဆိုတာတွေ ကြုံလာကြရပြန်ပါတယ်။ ပထမ သတိမေ့ဖို့ မိနစ်ဝက်ကနေ တစ်မိနစ်ခွဲလောက်ထိ လိုတာအပြင် မေ့ဆေးမတိုးတာမျိုးတွေကြောင့် အသားဆေးကူရတာ ဆေးအမျိုးအစားနဲ့ ပမာဏ အပြောင်းအလဲတွေကို ယနေ့အထိ လေ့လာပြင်ဆင်နေကြဆဲပါ။ သို့သော်လည်း ယနေ့အထိ အသုံးများဆုံးသော စီရင်နည်းတစ်ခုအနေနဲ့ ရပ်တည်နေပြီး ဆေးထိုးတာကိုတော့ အမေရိကန်နဲ့ ဗြီတိန်မှာ ဆရာဝန်တွေကို လုံးဝ ထိုးခွင့်မပြုပါဘူး။ ဆေးဝါးအထူးပြုသို့မဟုတ် ဆေးသိပ္ပံအထူးပြု ကျွမ်းကျင်သူတွေကိုသာ ထိုးခွင့်ပြုတယ်လို့ဆိုပါတယ်။ သေဖို့ကြာချိန် ၄မိနစ်ကနေ ၁၁မိနစ်ထိကြာမြင့်ပေမယ့် မျက်မြင်သက်သေတွေရှေ့မှာ စီရင်ကြလျင်တော့ မသေမချင်း ထပ်ကျော့ရမယ့် ကိစ္စတွေဟာ လျပ်စစ်ကုလားထိုင်နည်းလောက် မဆိုးဘူးလို့ သုံးသပ်ကြပါတယ်။


သူနဲ့ခေတ်ပြိုင် ဂျာမနီက တီထွှင်လိုက်တာကတော့ အဆိပ်ငွေ့လွှတ်စီရင်နည်းပါပဲ။ လူတစ်ယောက် နာကျင်မှုတွေကို မသိအောင်လုပ်တာရဲ့ အဓိက သော့ချက်ဟာ မေ့မျောသွားစေတာ မဟုတ်ဘူး။ နာကျင်တာတွေကို သိနေတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းကို ရပ်စေမှန်းမသိ ရပ်စေရင်းသည်သာ အဓိက လို့ ယူဆလိုက်ကြတဲ့ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်အလုပ်လုပ်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ဖယ်ရှားလိုက်ရင် လူဟာ မြန်မြန်နဲ့သက်သက်သာသာသေမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ အဲသည်အခါ အောက်ဆီဂျင်အစား အောက်ဆီဂျင်ကိုဖယ်ရှားစေမယ့် ဓါတ်ငွေ့ကို ရှုစေချင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းကာ သေဆုံးစေမယ်လို့ ယူဆဲ့ ဓါတ်ငွေ့တွေကိုစမ်းသပ်ခဲ့ကြပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် ဓါတ်ငွေ့တွေနဲ့ စမ်းသပ်ခဲ့ကြပြီး ဆိုက်ယာနိုက်ကို အတည်ပြုခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ အနံ့ အရသာမှာ ကာဗွန်တွေလောက် ဆိုင်ယာနိုက်ဟာ မသိသာဘူးလို့ဆိုပါတယ်။ ပိုပြီးလဲ မြန်မြန်ဆန်ဆန် အကျိုးသက်ရောက်တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာတော့ ဓါတ်ငွှေ့လွှတ်စီရင်တဲ့ နည်းကို သုံးရာမှာ ပိုတက်ဆီယံဆိုက်ယာနိုက်နဲ့ ဆာလဖြူရစ်အက်စစ်ကို ဓါတ်ပြုစေပြီး စီရင်တယ်လို့ဆိုပါတယ်။ အဲသလိုစီရင်ရာမှာ ရာဇဝတ်သားကို တတ်နိုင်သမျှ များများရှူသွင်းဖို့ မှာထားရပြီး များများရှူသွင်းမှ မြန်မြန်မေ့ပြီး မြန်မြန်ပြီးမြောက်လို့ ဝေဒနာ ခံစားရတာ သက်သာမယ်လို့ ဆိုပါတယ်။ ရှုမိပြီး တစ်မိနစ်အတွင်းမှာပဲ သေချာပေါက် အသက်ဆုံးရှုံးတာမို့ ၂ခါမလိုတဲ့ သေချာနည်းပါ။ ၄မိနစ်ကနေ ၁၁မိနစ်ပဲ ကြာတာကြောင့် အဆင်ပြေတယ်ဆိုရမှာပါ။ သို့သော်လည်း ဓါတ်ငွေ့ခန်းဟာ အဆိပ်ငွေ့တွေနဲ့ ရှိနေတဲ့အပြင် သေသူမှာလဲ အဆိပ်ငွေ့တွေကပ်ကျန်နေနိုင်တာကြောင့် သိပ်ကို ဂရုစိုက်တဲ့အပြင် လိုအပ်သော ပစ္စည်းပစ္စရများပြားပါတယ်။ ဒါ့အပြင် ခက်မီကယ်တွေကို ထိန်းသိမ်းရမှုနဲ့ ဓါတ်ငွေ့လွှတ်ခန်းတွေ အာဏာသားတွေအတွက် ကျန်းမာရေးကုန်ကျစားရိတ်တွေအပြင် အထွေထွေ ကုန်ကျစားရိတ်ကြီးမြင့်တာကြောင့် တစ်ခါစီရင်ရင် ၂ယောက် ၃ယောက် တပြိုင်တည်း စီရင်လေ့ရှိတယ်လို့တောင် ဆိုကြပါတယ်။ သူလဲပဲ လျပ်စစ်ကုလားထိုင်နည်းလို၊ ကြိုးနည်းလို မစီရင်ခင်မှာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ တိရိစ္ဆာန်အချို့နဲ့ ဓါတ်ငွေ့လွှတ်ခန်းကို ဇာတ်တိုက် စမ်းသပ်ကြသေးပါတယ်။ သိပ်ကို ကုန်ကျစားရိတ်ကြီးမြင့်တဲ့ နည်းပါ။

လူတစ်ယောက်ကို အသက်သာဆုံးနဲ့ အသက်ဆုံးစေဖို့ စပ်စုတဲ့ BBC ကပုဂ္ဂိုလ်ကတော့ ဦးနှောက်ထဲကို အောက်ဆီဂျင်ပြတ်လတ်စေတဲ့ နည်းဟာ အကောင်းဆုံးပဲလို့ဆိုပါတယ်။ Hypoxia ဖြစ်စေဖို့ သူကိုယ်တိုင် အာကာသနဲ့ လေယာဉ်စမ်းသပ်တဲ့ထဲကို သွားပြီး G-force လို့ခေါ်တဲ့ ပိုင်းလော့တွေ ကြုံရမယ့် သွေးစီးဆင်းမှုပြဿနာကို ကိုယ်တိုင်သွားလေ့လာခံစားခဲ့ပြီး လူကို အရှိန်ပြင်းပြင်းနဲ့လှည့်တဲ့စက်ထဲမှာ သူဟာ ၅-၈စက္ကန့်အတွင်းမှာပဲ သွေးလည်ပတ်မှုတွေက ဦးနှောက်ဆီမရောက်တော့ပဲ သေလုမျောပါးခံစားခဲ့ရပါတယ်။ သူ့အဆိုအရတော့ သည်နည်းနဲ့ဆိုရင် ၁၅စက္ကန့်အတွင်းမှာ သူသေသွားနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့်ဒါဟာ သွေးကို မရောက်စေအောင် လုပ်ရတာဖြစ်လို့ နောက်တစ်ခုနဲ့ သူထပ်စမ်းသပ်ပါတယ်။ နောက်တစ်ခုကတော့ အမြင့်ပေအတိုင်း အောက်ဆီဂျင်ရှားပါးမှုကို ခံနိုင်အောင်လေ့ကျင့်ပေးတဲ့ နေရာမှာ သူစမ်းတဲ့အခါ သူကို အောက်စီဂျင်ရှူထားစေရာကနေ အခန်းထဲက ပေ၂၀၀၀၀ အမြင့်အတိုင်း ဖိအားလျော့တာနဲ့ အောက်စီဂျင်တွေကို စုပ်ထုတ်လိုက်အပြီးမှာတော့ သူဟာ တဖြေးဖြေးနဲ့ သူ့ဦးနှောက်က ဝေဝါးမှန်းမသိဝေဝါးလာပြီး စက္ကန့် ၂၀လောက်အကြာမှာတော့ ဘာကိုမှကို မသိလောက်အောင် သေလုမျောပါးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူကတော့ Hypoxia ဟာ လူကိုလူလိုသေစေဖို့ အကောင်းဆုံးနည်းပဲလို့ သတ်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဓါတ်ငွှေ့လွှတ်သေစေရာမှာ နိုက်ထရိုဂျင်လိုဓါတ်ငွေ့နဲ့ အနံ့အရသာမရှိတဲ့ အခြားမြန်ဆန်ထိရောက်တဲ့ ဓါတ်ငွေ့တွေကို ဝက်တွေနဲ့ စမ်းသပ်ခဲ့ပါသေတယ်။ ဘာကိုမှပဲ သိချိန်မရလိုက်ပဲ အစားစားရင် လဲကျသွားတာကြောင့် သည်နည်းဟာ အကောင်းဆုံးသော စီရင်နည်းပဲလို သူကဆိုပါတယ်။ ဒါပေမယ့် သူ့အစီစဉ်ရဲ့ နောက်ဆုံးမှာတော့ လူဟာ လူ့တန်ဖိုး လူအသုံးကျမှုနဲ့ သေတယ်ဆိုတာဟာ သိပ်ကို ဆိုးရွားတာဖြစ်လို့ လူကိုသေစေတဲ့နေရာမှာ ရာဇဝတ်သားကို စီရင်တဲ့နေရာမှာ ဘယ်နည်းကမှ အသင့်တော်ဆုံးသော သေစေနည်းဖြစ်လာမှာ မဟုတ်ဘူးလို့ အငြင်းပွားရင်း အဆုံးသတ်ထားပါတယ်။


လူ့အခွင့်အရေးဆိုတာရဲ့ ပထမမူလ အယူအဆဟာ Human is unique လူသားဟာအနှိုင်းမဲ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအရတော့ လူသားဟာ အသက်ရှင်နေသ၍ တန်ဖိုးရှိနေပါတယ်။ လူကို လူကစီရင်လို့ လူကိုလူကို အဆုံးသတ်စေဖို့ ကြံဆောင်ရာမှာ လူကို လူလို လူ့အလိုကျ လူ့ဘဝက အဆုံးသတ်စေဖို့ သိပ္ပံပညာရှင်တွေ မည်သို့ပင် တိကျသေချာအောင် ကြံစည်ပါစေ လူတစ်ကိုယ်ချင်းစီ၏ ကံအတိုင်းသာ အဆုံးသတ်ကြရတာဖြစ်ပါတယ်။ ဘယ်လိုပင် သက်သာအောင် စီရင်ပါစေ သေငယ်စောဆိုတာ ရှိမြဲဖြစ်ပြီး သေမယ်ဆိုတာကို နောက်ဆုံးအကြိမ်ထိ ကြောက်သွားကြရတာဖြစ်ပါတယ်။ သို့သော်လည်း လူကို လူက သတ်ဖို့ အကြောင်းအရင်းများစွာနဲ့ အကြောင်းအချက်များစွာ ကမ္ဘာကြီးမှာ စိုးစင်းမျှ လျော့နည်းမသွားတာကြောင့် လူကိုလူချင်းစီရင်ရာမှာ လူကိုလူလို လူ့ဥပဒေဆိုသည်နှင့်အညီ လူ့အလိုကျ လူ့ဘဝမှာ အဆုံးသတ်စေဖို့ရာမှာ လွယ်လွယ်လေးတော့ မဟုတ်ပါကြောင်း။     ။

“လူကို လူချင်းသတ်တာ ဘယ်ဘာသာမှ အားမပေးပါကွယ်”
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...