Sunday, September 22, 2013
“ ၀ိရောဓိများနှင့် ….မြ ”
Kyar Phyu Nwe. September 22, 2013 at 12:02pm
 “ မြရေ…သွားပြီနော်…တာ့တာ  ”
“ ပြန်သာပြန်ရမှာ..သီချင်းဆိုရတာတောင်မ၀သေးဘူး..မြရေ..ဘိုင့် ဘိုင် ”
“  မြရေ…နောက်လည်း ဒီလိုလာကဲကြမယ်နော်..ဟိဟိ”
“ တာ့တာ..သူငယ်ချင်းတို့ ရေ …”
ပျော်ရွှင်ရယ်မော ကာ နုတ်ဆက် ရင်း တံခါးပြန်ပိတ်အပြီးမှာတော့မြ  ရဲ့ တိုက်ခန်းလေးဟာ ငြိမ်သက်တိတ်ဆိတ်လို့ သွားပါသည်။
သူငယ်ချင်းတွေ နှင့် ကာရာအိုကေ သီချင်းတွေဆိုရင်း စားသောက်ခဲ့သော ပန်းကန်ခွက်ယောက်များ ၊ အမှိုက်များကိုအေးမာက
သိမ်းဆည်းနေပါပြီ။တစ်ယောက်တည်းနေသည့်မြဟာ အိမ်အလုပ်အကုန်လုံး ကိုယ့်ဘာသာလုပ်ပြီး အကူမခေါ်ပေမယ့်  ဒီနေ့  သူငယ်ချင်းများ အတွက်ချက်ပြုတ်ကျွေးရန် ခင်မင်နေသည့် လမ်းထိပ်ကွမ်းယာဆိုင်မှဒေါ်မြသမီး အေးမာကို အကူခေါ်ထားရပါသည်။
“ မမမြ ..အားလုံးပြီးပါပြီ  ”
ရင်ထဲတွင်တလှပ်လှပ်နှင့် မောလာသောကြောင့် ဆိုဖာပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ကာမှိန်းနေသောမြသည်
အေးမာအသံကြားမှ သတိဝင်လာသည်။
“ အော..အေးအေး…ကျေးဇူးပဲအေးမာရေ..ဒီနေ့ သမီးရှိလို့ မမမြ သက်သာတာ..
ရော့ ..မုန့် ဖိုးယူသွားနော်…မိုးတောင်ချုပ်နေပြီပဲ ”
မြလှမ်းပေးသည့်ပိုက်ဆံကို ယူပြီးအေးမာကမပြန်သေးဘဲ မြကိုငေးကြည့်နေပါ၏။
“ အေးမာ…မမမြကို ဘာပြောမလို့ လဲ ”
“ ပြောဖို့ တော့ မရှိပါဘူး..ဟိုလေ..မမမြ ကို နားမလည်လို့ ”
“ဟယ်..ဘာပြောတာလဲအေးမာ …မမမြကို နားမလည်ဘူးဟုတ်လား”
ဆယ့် ငါးနှစ်အရွယ်အပျိုပေါ က်လေး အေးမာ က စကားအဆန်းပြောတာမို့  မြ ရယ်ရင်းမေးလိုက်တော့…
“ဟုတ်တယ်..မမမြ က ပျော်နေတာလား..၀မ်းနည်းနေတာလား နားမလည်လို့ပါ…
ခုန သူငယ်ချင်းတွေရှိတုန်းကမမမြ အော်ဟစ်ရယ်မောပြီးသီချင်းဆိုနေတော့ ပျော်နေတယ်ထင်မိတာ..
အခု မမမြတ်ပုံစံမြင်တော့လည်းဝမ်းနည်းနေသလိုပဲ…”
“အော်..ဒီလိုပါပဲအေးမာရယ်..ပျော်တဲ့ အခါပျော်၊ ၀မ်းနည်းတဲ့ အခါဝမ်းနည်းပေါ့ ၊အေးမာလည်း
ပျော်တဲ့ အချိန် ရှိသလို ၀မ်းနည်းတဲ့အချိန် လည်းရှိတာပဲမဟုတ်လား ”
“ဟုတ်..ဒါပေမယ့် အေးမာကပျော်ရင်လည်းတစ်နေကုန် ပျော်ပြီးရယ်နေတာ၊မမမြက ပျော်ရာက
ခုချက်ချင်း ၀မ်းနည်းသွားတာဆန်းလို့ ပါ”
“အော်..မမမြက လူကြီးဆိုတော့ ဒီလိုပဲလေ.. ကဲ.. ကဲ ပြန်တော့..မှောင်လာပြီ ”
အေးမာပြန်သွားမှ ကင်မရာကိုင်ရင်း မှန်ရှေ့ မှာ မြ သွားရပ်မိပါသည်။ ကြေးမုံပြင်မှာပေါ်နေသည့် ပုံရိပ်ယောင် မြကိုသေချာကြည့်ကာ ၊ကင်မရာထဲမှာရိုက်ထားသည့်  သူငယ်ချင်း တွေနှင့် သီချင်းဆိုနေသည့်မြနှင့် နှိုင်းယှဉ်ကြည့်တော့…
ဟုတ်ပါရဲ့ ..အေးမာ ပြောလည်းပြောချင်စရာပါလား...လွန်ခဲ့သည့်နာရီပိုင်းအချိန်လောက်အထိ ပျော်ရွှင်ရယ်မြူးနေသည့် ကင်မရာထဲမှ မြ နှင့် လားလားမှ မဆိုင်သလိုကြေးမုံပြင်ထဲမှ မြ က ၀မ်းနည်းညှိးငယ်နေပါ၏။
ပျော်ရွှင်ခြင်း နှင့် ဝမ်းနည်းခြင်းဆိုသည်မှာ ဆန့် ကျင်ဘက်ဝိရောဓိတရားဆိုပေမယ့် မြဆီမှာတော့ အမြဲအတူတူရှိနေ
တတ်ပါသည်။ပျော်ရွှင်ခြင်း နှင့် ဝမ်းနည်းခြင်း..မှမဟုတ်ပါပေ..။မြ ရင်ဆိုင်တွေ့ ရသည့်  ၀ိရောဓိတွေ က အများသား….။
မှန်ရှေ့ မှ ခွာ ကာ ၀ရန်တာ ဘ က်ထွ က်လာခဲ့ သည့်မြ မြင် ကွင်းထဲ လမင်းကြီးဝင်ရောက်လာပါသည်။
မြ ..အဖော် လာပြီပဲ..လမင်းကြီးပေါ်လာမှ မြ အားရှိသွားသလိုလိုပင်..
 လပြည့်ကျော် နှစ်ရက်နေ့ မို့ လမင်းကြီး ကထိန်ထိန်သာနေ၏။တစ်ကယ့် သိပ္ပံပညာရပ်အရ လ သည် ကိုယ်ပိုင်အလင်းမရှိပါ။
စိန်နားကပ်ရောင် နှင့် ပါးပြောင်ဆိုသည့် စကားပုံကဲ့ သို့ ပင်…နေမင်းကြောင့်သာ လ  အရောင်ထွက်ရတာပါ။ ဒါပေမယ့် လူသားတွေကတော့အေးမြသည့်လရောင်..ရယ်လို့ တင်စားနေကြပြန်ပါ၏။
နေရောင်မရသည့် အချိန်များမှာ ဆို.. လမို က်ညမို့ လ သည် မည်းမှောင်ရပြန်လေသည်။
ဒီနေ တော့ လင်းလက် နေသည့်လ မျက်နှာပြင်ဟာ ချောမွေ့ နေသလိုလိုပင်..။
ဒါပေမယ့် နာဆာ မှ ရို က်ပြထားသည့်ပုံများကြ ည့် ဖူးထားသည့် မြ ကတော့ချိုင့် ဝှမ်း များ တွင်းနက်များဖြင့် ရုပ်ဆိုးလှသည့်  လမျက်နှာပြင် အစစ်အမှန် ကိုသာမြင်ယောင်မိပါသည်။
“ လမင်းကြီးရေ..ရှင့် ဆီမှာလည်း လင်းလက်ခြင်း နဲ့ မည်းမှောင်ခြင်း ၊လှပခြင်း နဲ့ ရုပ်ဆိုးခြင်းဆိုတဲ့  ၀ိရောဓိတရား တွေကို မြတွေ့ နေရတယ်...
မြမှာတင်.. ဆန့်  ကျင်ဘက်အရာတွေရှိတာမဟုတ်ဘူး..ရှင့် မှာလည်းဆန့်  ကျင်ဘ က်တွေရှိနေတယ်နော် ”
မြသည် လမင်းကြီးအားမော့ ကြည့် ကာ တီးတိုးရေရွတ် အဖော်ညှိနေရင်းဝဲဘက်ရင်အုံ မှ စူးအောင့်လာတာ မို့ လက်ဖြင့် အသာဖိထားရပါသည်။နှလုံသားလေး ပင်ပန်းနေလို့ နာလာပြီပဲ။
မြ သည် မြ ရဲ့ နှလုံးသားလေးကို သနားလှပါသည်။
အဘယ်ကြောင့် ဆိုသော်.. မြ ရဲ့  ဆန့် ကျင်ဘက် ခံစားချက်များကြောင့် နှလုံးသားလေးသည်မောပန်းရတာကြာပါပြီ။
Xxxxxxxxxxxxxxxxxxxxxxxxx
မိဘနှစ်ပါးစလုံးမရှိတော့သည့် မြ သည် မောင့် ကို သိပ်ချစ်ပြီး သိပ်တွယ်တာခဲ့ပါသည်။
မြ သည် မောင့် ကို …..
ချစ်သူလိုလည်းချစ်ပါသည်။
 အစ်ကို တစ်ယောက်လိုလည်း အားကိုးပါသည်။
မောင်လေးတစ်ယောက်လိုလည်း ယုယကြင်နာပါသည်။
သူငယ်ချင်းတစ်ယောက်လိုလည်း ဖွင့် ဟတိုင်ပင်ပါသည်။
တစ်ဘ၀လုံးလက်တွဲသွားရန်အတွက်လည်းရည်ရွယ်ပြင်ဆင်ခဲ့ ပါသည်။
မောင့် ဘက် မှ မိဘများကလည်း သဘောတူကြည်ဖြူခဲ့ သည်မို့ မြတို့ အတွက်ပန်းခင်းသော လမ်းလေးလျှောက်ရတော့မည် ဟု မြထင်ခဲ့ပါသည်။
မောင်ကြိုက်တတ်တာလေးတွေချက်ပြုတ်ပေးနေသည့်မြကို မောင်ကလည်းကူလုပ်ရင်း ၊စနောက်ကြည်စယ်ရင်း မြ ရဲ့  ရုံးပိတ်ရက်လေးသည် ပျော်ရွှင်စရာကောင်းလှပါသည်။နေ့ ခင်း စားသောက်ပြီးလျှင်  အပြင်ထွက်လည်ချင်လည် ၊ မလည်ချင်လျှင် ဂိမ်းအတူတူကစားရင်း ၊ ကြိုက်သည့်ဇာတ်ကားခွေလေးတွေအတူတူကြည့်ရင်း ၊ တစ်ခါတစ်လေ စကားများရန်ဖြစ်ကြရင်း ….တနင်္ဂနွေများကို မြတို့ အတူတူကုန်ဆုံးလာကြသည်မှာ ချစ်သူသက်တမ်း ၂နှစ်ရှိလာပါပြီ။
မြ သည် မောင်နှင့် တိုက်ခန်းမှာတစ်နေကုန်ရှိနေပေမယ့် မောင့် သိက္ခာကိုယုံကြည်သူမို့ မကြောက်ပါ။
သိမ်မွေ့ ညင်သာသောမောင့် အနမ်းလေးများကို ရင်ခုန်ကြည်နူးစွာလက်ခံခဲ့ သည်မှလွဲပြီးမြတို့ စည်းမကျော်ခဲ့ ပါ။
အတွေ့ အထိ ထက်  သိမ်မွေ့ သော ရင်သံခုန်သံလေးများနှင့် နှလုံးသားချင်းနားလည်ရတာမြသဘောကျပါသည်။
သည်လို သန့် စင်သောချစ်ခြင်းများနှင့် ကြည်နူးနေရတာပျော်သောမြ ကို တုန်လှုပ်သွားစေ သည်ကပြောင်းလဲ လာသောမောင့် အပြောအဆိုအပြုအမူများပင်…။
အွန်လိုင်းမှာ မောင် ပို့ ပေးသည့်လင့် ကို ဖွင့်ကြည့်မိသည့်မြသည် မျက်နှာထူပူသွားရပါသည်။
“မောင်နော်….ဘာလင့် တွေမြဆီပို့ နေတာလဲ…မြမကြိုက်ဘူး.. ”
“ မြကလည်း တုံးလိုက်တာ…ဒီခေတ်မှာ ဒီလိုပဲကြည့်နေကြတာ ”
“မောင်တို့ ယောင်္ကျားလေးချင်းကြည့်ချင်လည်း တိတ်တိတ်ကြည့်ကြပေါ့ …ဘာလို့ မြကိုလာပြရတာလဲ”
“အော်..မြလည်း ကြည့်ထားရအောင်ပါ..ဗဟုသုတရတာပေါ့ ကွာ”
“ဘာဗဟုသုတလဲ…တော်တော့မောင်..မြ က အပျိုပါ..အိမ်ထောင်သည်မဟုတ်သေးဘူး.. နောက်ဒါတွေမပြနဲ့ … ”
မြ ခါးခါးသီးသီးငြင်းသောကြောင့် မောင်ဒီလိုလင့်တွေမပို့ တော့ပေမယ့်လူချင်းတွေ့ လျှင်လည်း မောင့် အကြည့်များက အရင်လိုမဟုတ်တော့ပါ။
မြ ကို နမ်းသည့် မောင့် အနမ်းတွေကြမ်းလာသည့်အခါမှာတော့  မြ လက်မခံနိုင်တော့ပါ။
“ မောင်နော်… ဒါမျိုးမြမကြိုက်ဘူး..မြကို ဘယ်လိုထင်နေလဲ… ”
“ မြရယ်..နောက်ဆိုရင်လက်ထပ်ကြမှာပဲကွာ ”
“အို..လက်ထပ်တာကလက်ထပ်တာပဲ…မြအတွက်အဲ့ ဒီအချိန်အထိ အပျိုစင်ဘ၀ကိုတန်ဖိုးထားရမယ်…စည်းမကျော်ပါနဲ့ ”
“ဟာကွာ..မြကလည်း…ရိုးလိုက်တာ… ”
“ဘာ..ဘာရိုးလိုက်တာလဲ ၊မောင်နော်..အဲ့ လိုလုပ်နေရင် မြတိုက်ခန်းကိုမလာနဲ့ တော့”
မြ ဘယ်လိုပြောပြောမောင့် အပြုအမူတွေ ပိုဆိုးလာတာမို့  အံ့ သြထိတ်လန့် မိသည်။
ဘုရား..ဘုရား..မောင့် မျက်လုံးတွေထဲမှာ မြတခါမှမမြင်ဖူးသော အရောင်တွေရှိနေပါလား..
မောင့် လက်တွေဟာလည်း အရင်လို သိမ်မွေ့ နူးညံ့ မှုတွေမရှိတော့ပါလား..။
ကြည့်နေရင်း မြရှေ့ တွင် မြသိပ်ချစ်တဲ့ မောင် ..မရှိတော့ပါလား..
မြ မြင်နေရတာ အလိုရမက်ကြီးသည့် ယောင်္ကျားတစ်ယောက်ပါလား…။
သူ့ ကို မြ မနှစ်မြို့ ပါဘူး..။
သူဟာ မြချစ်သူမဟုတ်ဘူး…။
မြချစ်သူ က မြကို သိပ်တန်ဖိုးထားတာ..
မြတို့ တစ်နေကုန် ဒီတိုက်ခန်းထဲမှာ  ဖြူဖြူစင်စင်နေခဲ့ ကြတာ…ခုရှေ့ မှာရှိတဲ့ သူ နဲ့ ဆို မြ ဒီတို က်ခန်းထဲမှာ မနေရဲဘူး..
သူ့  ကိုမြကြော က်တယ်…ကြောက်တယ်…
မြသည် မြကို ခပ်ကြမ်းကြမ်းလှမ်းဖက်လိုက်သောမောင့် ကို အားနှင့် ဆောင့် တွန်းထုတ်ကာတိုက်ခန်းထဲမှ ထွက်ကာဖိနပ်မပါဘဲ အောက်ဆင်းပြေးသွားသည်။လမ်းထိပ်ရောက်မှ သတိဝင်ကာ ရပ်ရင်း တိုက်ခန်းဆီပြန်လှည့်ကြည့် မိတော့ မောင့် ကားဖြူလေးအရှိန်ပြင်းပြင်းနှင့် မောင်းထွက်သွားတာတွေ့ ရသည်။တိုက်ခန်းပေါ်ပြန်တက်လာ ရင်း မြ မျက်ရည်တွေတွေ ကျလာကာငိုမိပါတော့သည်။
ထိုနေ့ မှ စပြီး မောင့် ကို မြ တိုက်ခန်းထဲ အ၀င်မခံတော့ပါ။တနင်္ဂနွေတွေ့ ချင်လျှင် လူမြင်သူမြင်ဆိုင်မျိုးမှာပဲ အေးအေးဆေးဆေး စားသောက်ပြောဆိုပါသည်။မောင်က မြ ဘယ်လိုမှလက်မခံ တာသိရမှ လက်လျှော့ သွားကာ မြကို အရင်လို ပြန်ဆက်ဆံပေမယ့်  မြ မယုံနိုင်တော့ပေ....။မောင့် နုတ်ဖျားမှ ကြားရသည့်စကားတွေကလည်းကြောက်ခမန်းလိလိပင်..
“ ဟား…ကျော်နိုင်ကြီးတော့ ခုချိန်ဆို ဇိမ်ပဲကွာ ”
“ ဘာပြောတာလဲ..မောင် ”
“အော်..မောင့်သူငယ်ချင်း ကျော်နိုင်လေ..ဒီနေ့ သူ့ ကောင်မလေးနဲ့ …..ဟိုတယ်မှာ သွားအပန်းဖြေနေတာ ၊ သူ့ ကောင်မလေးက ကျော်နိုင့် ကိုသိပ်ချစ်တာ ၊ အရာရာကျော်နိုင့်သဘောတဲ့ …”
“ဒီလို စည်းကျော်ပြီးလိုက်လျောမှ မောင်တို့ ယောင်္ကျားတွေက ချစ်တယ်ထင်တာလား..
မှားနေပြီနော်…ဒါ Love မဟုတ်ဘူးမောင်… Sex ပါ ”
“မြ ကလည်းကွာ… Love  မှာ Sex ပါပါတယ်…ဒါကြောင့် လည်းမြ.. လူဖြစ်လာတာပေါ့  ”
“ဒီလို မပြောပါနဲ့ …အိမ်ထောင်သားမွေး…ဆိုတဲ့ မြန်မာစကားကို မြလက်ခံတယ် ၊ အိမ်ထောင်ပြုပြီးမှ Sex ဆိုတာ ရှိပြီး
သားမွေးရမှာလေ… ခု လက်မထပ်သေးဘဲ အိမ်ထောင်သည်လို နေနေကြတာ ဟုတ်ကိုမဟုတ်သေးပါဘူး ”
“ဘယ်ခေတ်မှာ အိပ်ပျော်ကျန်ခဲ့တာလဲကွာ..မြကသာမဟုတ်သေးဘူးလုပ်နေ …ဒီခေတ်ကောင်မလေးတွေကိုက
သူတို့ ချစ်သူတွေဆို ကြည်ဖြူပြီးသားလေ..”
“မိန်းကလေးတွေကချစ်မိပြီဆိုရင် ကိုယ့် ချစ်သူ ကို ယုံပြီးပုံအပ်ချင်တတ်ကြတယ်..
ဒါပေမယ့်  ကံကြမ္မာဆိုတာ မမြင်ရဘူး..ဘယ်လောက်ချစ်တယ်ပြောပြော မယူဖြစ်ဘဲ
ကွဲကွာသွားရသူတွေ အများကြီှးရှိတယ်လေ ”
“ မြရေ… လိုက်ပူပေးမနေနဲ့ ..သူ တို့ ဘာသာအဆင်ပြေနေကြတယ်…
မြ လို  အတွေးခေါင်တတ်တဲ့ ချစ်သူမျိုးရတာ မောင်တော့ ကံဆိုးတာပဲ.. ”
အို..မောင်  ပြောရက်လိုက်တာ…
မြ က အတွေးခေါင်တာတဲ့လား…
သေချာတာက…မောင် ဘယ်လိုမှ အရင်လိုမဖြူစင်တော့ပါ..။
မောင့် မှာ မြချစ်ခဲ့တဲ့ သိမ်မွေ့ ခြင်းများ အပြင် ပြင်းပြတဲ့ ဆန္ဒရမက်တွေရှိနေပါသည်။
နောက်ပိုင်း ..မြရင်ထဲမှာ မောင့်  ကို မနှစ်မြို့ သလို ခံစားရကာ ခပ်စိမ်းစိမ်းနေမိပါတော့သည်။
နှလုံးသားထဲမှ မောင့် ကို မြ ချစ်ပါသည်။ချစ်နေဆဲပင်…။
သို့ ပေမယ့် ...
သိမ်မွေ့ ခြင်း နှင့် ပြင်းပြခြင်းဆိုသည့် ဆန့် ကျင်ဘက်ဝိရောဓိ တွေ ရှိနေသည့်မောင့်  ကို မြ မပြောချင်မခေါ်ချင်တော့ပေ…။
မြ သည် မောင့်  ကို ချစ်နေလျှက်မှာပဲ မနှစ်သက်တော့ပါ။
 မြ ရင်ထဲမှာလည်း  ချစ်ခင်ခြင်း နှင့်  မနှစ်မြို့ ခြင်း ဆိုသည့် ဝိရောဓိများဒွန်တွဲ ရှိနေပါပြီ။
သည်လိုနှင့်  မြ နဲ့ မောင်သည် အရင်လို မဟုတ်ဘဲ တဖြည်းဖြည်းဝေးကွာသွားကြသည်မှာ ကောင်မလေး တစ်ယောက်နှင့် မောင်ထပ်တွဲသည့်အချိန်ထိပင်…။မောင့်မိဘများကတော့  မောင်နှင့် ကောင်မလေးကိုသဘောမတူဘဲ
မြနှင့် ပဲလက်ထပ်ခိုင်းမည်ဟု ပြောနေဆဲပင်…။
မောင့်  ကို အဲ့ ဒီေ ကာင်မလေး က သည်းသည်းလှုပ်ချစ်ပြီး မောင်ခေါ်ရာလိုက်ပါသတဲ့ …။
မြသိအောင် တစ်ဆင့်ပါးခိုင်းလိုက်သည့် မောင့် စကားများပါ…။ပျော်မယ်ဆိုရင်နေပါတော့..မောင်…။
သည်လိုနှင့်  မြ တို့ ကွဲကွာခဲ့ပါသည်။
နောက်တော့…
မောင် လည်း မောင့် ကောင်မလေးနှင့် လက်မထပ်ဖြစ်ပါ…။ မြ လည်းမောင့် ကို ပြန်လက်မခံနိုင်ပါ..။
နောက်ထပ်ချစ်ရမယ့် အချစ်တွေ မ ကျန်လော က်အောင် မောင့်  ကို မြ ချစ်ခဲ့ ပြီးပြီမို့ မောင့် အပြင်နောက်တစ်ယောက် ဆိုတာမရှိနိုင်တော့ပါဘူး….မောင်
ဒါပေမယ့် ….အဲ့ ဒီလောက်ချစ်ရတဲ့ မောင့် ကို သိပ်နာကျည်းပါတယ်…မောင်
မောင်…ဟာ အချိန်တန်ရင် ရွှေဥ တွေဥပေးမယ့် ငန်းလေးကို အလိုဆန္ဒစောပြီးရင်ခွဲသတ်ခဲ့တဲ့ လူမိုက်ငန်းပိုင်ရှင်လိုပါပဲလား…။
လက်ထပ်ပြီးရင် မြ ရဲ့ အသွေးအသား နဲ့ တစ်ဘ၀လုံးရတော့မှာကိုသိပါရက်နဲ့  အချိန်မတိုင်ခင်စည်းကျော်ချင်ခဲ့တာကိုး…။
မြ ချစ်ပေမယ့် မနှစ်လို တဲ့ မောင့် ကို မြဘ၀ ထဲက ထုတ်လိုက်ပါတော့မယ်…။
နေခဲ့ပါတော့မောင်
xxxxxxxxxxxxxxxxxxxxxxxx
ခုတော့ မြ သည် တချိန် က မက်ခဲ့ ဖူးသော နှစ်ကိုယ်တူအိပ်မက်လေးကိုမေ့ ပစ်လိုက် ကာ အလုပ် ခွင် နှင့် သူငယ်ချင်းများ ကြားမှာ ပျော်နိုင်အောင် နေနေပါသည်။
ထောင့် ငါးရာ ဆိုသည့် ကိလေသာအချစ်မရှိပေမယ့် မြမှာ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာများ ရှိနေသေးသောကြောင့်  မောင် မရှိပေမယ့် 
မြဘ၀ က မခြောက်သွေ့ ခဲ့ ပါ…။မြ ရပ်တည်မှု  ကို မြေ ကျနပ်ပါသည်။
သို့ သော်…
ဆန့် ကျင်ဘက်ဝိရောဓိများကြားမှာ ရုန်းထွက်ပြီး တည်ငြိမ်အေးချမ်းသွားရန်အတွက်တော့ မြ ဆက်ကြိုးစားရပါဦးမည်။
ဝိရောဓိများနှင့် ဗျာများရခြင်း ကင်းကြပါစေ
ကြာဖြူနွယ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...