Sunday, September 22, 2013

တိုက်စားခြင်းများဖြင့် ထွန်းလင်းလျက်

September 21, 2013 at 2:24pm
ရန်ကုန်

မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ခဲ့ဖူးသော၊ ယခုထက်တိုင် စီးပွါးရေးမြို့တော်အဖြစ် တည်ရှိနေသော၊ နယ်စုံပယ်စုံနိုင်ငံစုံမှ တစ်ရာ့တစ်ပါးမကသော လူရောင်စုံများဖြင့် လှုပ်ရှားသက်ဝင်နေသောရန်ကုန်သည် ဇာတိချက်ကြွေမြို့မဟုတ်သော်လည်း ညို့ဘ၀ရဲ့ အချိန်အတော်များများ၊ သက်တမ်းထက်ဝက်ကျော် ခိုလှုံခဲ့သော မြို့တစ်မြို့ဖြစ်သည်။
သူငယ်တန်းတက်တော့ ရန်ကုန်၊ ဘွဲ့ရတော့ရန်ကုန်၊ ပထမဆုံး အလုပ်ဝင်တော့ရန်ကုန်။ ထိုမျှမက ညို့ဘ၀ရဲ့ အရေးတကြီးအစိတ်အပိုင်း များဖြစ်တဲ့ စေတနာ့ ၀န်ထမ်းလုပ်ငန်းအများစုကို စတင်အခြေပြုအကောင်အထည်ဖော်ခဲ့တာ လည်း ဟောဒီရန်ကုန်ပါပဲ။


ရန်ကုန်နှင့် ဤမျှနီးစပ်ပြီဆိုမှတော့ မီးစက်တို့၊ ဖယောင်းတိုင်တို့နဲ့လည်း ကျွမ်းဝင်ပြီးသားအဖြစ် သဘောပေါက်ကြမှာပါ။
“အိမ်နီးချင်းတို့ထိန်ထိန်ငြီးဖို့၊ အားလုံးဖယောင်းတိုင်ထွန်းကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ရန်ကုန်မြို့တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအမှောင်ချခဲ့ကြတုန်းက သစ္စာအရှိဆုံးလက်တွဲဖော်ဖြစ်ခဲ့တဲ့ ဖယောင်းတိုင်ကို

မီးခြစ်ကလေးခြစ်လိုက်
သူ့မီးစာလေးမှာတို့လိုက်
ဟော…………..လင်းသွားပြီဆိုတာထက်ပိုမသိခဲ့မိပါဘူး။
စိတ်မကောင်းပါဘူးကွယ် ကိုယ့်ဘက်ကများ အချစ်ပေါ့ခဲ့မိလေသလား။

ကျေးလက်စီမံကိန်းတစ်ခုအတွက်လိုအပ်သည့်အချိန်ကျမှ ငယ်ချစ်ဟောင်းဖယောင်းတိုင်လေးဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို သုတပညာလေထန်ကုန်းမှာ မေးမြန်းပြီးစူးစမ်းလေ့ကျက်မိခဲ့သည်။

လိုချင်တဲ့ဖယောင်းတိုင်အရွယ်အစားနှင့်ပုံသဏ္ဍာန်ကိုလိုက်ပြီး အရင်ဆုံး သွပ်ခွက်ကလေးနဲ့မိုလ်လုပ်ရသည်။ ပြီးလျှင် ထိုခွက်များထဲ၌ ချည်တွေကို စီ ထားရသည်။ သွပ်ခွက်ကလေးများအား စီးဆင်းနေသောရေထဲတွင်နှစ်ထားပြီး အရည်ကျိုထားသည့် ဖယောင်းရည်များကို တစ်ခွက်ချင်းစီထဲ လောင်းထည့်ပေးရသည်။ အနည်းငယ်ခဲသွားပြီးသောအခါ အပေါ်ယံဖယောင်းလွှာကို ဓါးနဲ့လိုအပ်သလိုလှီးပစ်ပုံဖော်ရသည်။ ထွက်လာတဲ့ဖယောင်းဖြတ်စများကိုတော့ ကျိုအိုးထဲ ပြန်ထည့်ရသည်။ အချိန်တစ်ခုစောင့်ဆိုင်းပြီး ဖယောင်းသားများလုံးဝခဲသွားပြီး မိမိလိုချင်သည့် ပုံသဏ္ဍာန်၊ အရွယ်အစားကို ရရှိပြီဆိုပါက မိုလ်(သွပ်ခွက်)ကလေးများအတွဲလိုက်ကို ဒလက်လှည့်ပေါ်တင်လိုက်ပြီး မီးစာကြိုးများ ဖြတ်ချရသည်။ အရည်အသွေးပြည့်မှီသော ဖယောင်းတိုင်ရရှိရန်အတွက် အကောင်းစားဖယောင်းခဲကို အသုံးပြုထုတ်လုပ်မှဖြစ်သော်လည်း ဈေးကွက်တွင် ပစ္စည်းရှားပါးခြင်း၊ ရောင်းကုန်ပစ္စည်းအနေအထားတို့ကြောင့် သာမန်ဖယောင်းခဲကို မာဆေး ထည့်ပြီး ထုတ်လုပ်၍လည်းရသည်။

-

ညို့ဦးနှောက်သေးသေးလေးနဲ့ စဉ်းစားကြည့်တော့ အရည်အသွေးပြည့်ဖယောင်းတစ်တိုင်ဖြစ်လာဖို့ ဖယောင်းသား (ခဲ)၊ မီးစာချည်၊ ရေ နဲ့ ဖယောင်းမာဆေး။ စိတ်ကြိုက်ပုံဖော်ဖို့ရန်အတွက် မိုလ်ခွက်။ တွေးစရာအတွေးတစ်ရရရင် မတွေးဘဲ မနေနိုင်တတ်တဲ့ မွေးရာပါဥာဉ်ဆိုးက ခေါ်ဆောင်သွားရင်း သတိရမိတဲ့အခါ ၅နှစ်တာကာလအတွင်းကို အပြန်အပြန် အလှန်အလှန် ရက်ယှယ်ဆန်းစစ်ကြည့်မိခဲ့ရသည်။

-

နာဂစ်ဆိုတဲ့မုန်တိုင်းကြီးတစ်ခုက ညိုတို့တစ်နိုင်ငံလုံးကို တအားကြောက်လန့်တုန်လှုပ်သွားစေခဲ့သည်။ မိမဲ့ ဖမဲ့ သားသေ လင်ဆုံး။ ကံကြမ္မာပဲဆိုဆို၊ သဘာဝတရားပဲပြောပြော ထိုနေ့ထိုအချိန်အတွင်းမှာတော့ လူမျိုးဘာသာခြားနားခြင်းမရှိ၊ ဆင်းရဲချမ်းသာမရွေး အတူတူငိုကြွေးခဲ့ကြသည်။ အတူတူနာကျင်ခံစားခဲ့ကြသည်။ အတူတူဝေမျှသုံးစွဲခဲ့ကြသည်။ မည်သည့်အတားအဆီးမျှမရှိ၊ မုန်းခဲ့သူတွေပြန်ချစ်ကြသည်။ ဆန်ကြွေးမပေးလို့ရန်ဖြစ်ခဲ့ဖူးကြသော လင်သေမုဆိုးမတွေ တူတူဖက်ငိုခဲ့ကြသည်။ ကျောင်းစာ အပြိုင်အဆိုင်လုပ်ခဲ့ကြသော ကျောင်းသားလေးတို့ မိဘမဲ့ကျောင်းတွေကို လွယ်အိတ်ကိုယ်စီပိုက်ပြီး ချီတက်ခဲ့ကြရသည်။ သိပြီးကြသည့်အတိုင်း နာဂစ်အလွန်ကာလများတွင် ရုတ်ချည်းပေါ်ပေါက် လာသော ထူးခြားထင်ရှားသည့် လုပ်ဆောင်ချက်များ။
-
ထင်မှတ်မထားသည့် လူသားချင်းစာနာစိတ်၊ ယိုင်းပင်းကူညီလိုစိတ်၊ မေတ္တာတရားတို့ဦးဆောင်သည့်အခါ တက္ကသိုလ်စာသင်ခန်းထဲမှ လူငယ်၊ အလုပ်ခွင်ထဲကလူငယ်၊ ရပ်ကွက်ဓမ္မာရုံက လူငယ်၊ လက်ဖက်ရည်ဆိုင်ကလူငယ်၊ ဘီယာဆိုင်ကလူငယ်၊ အသံသွင်းစတူရီယိုထဲကလူငယ်၊ မိဘစကားမြေ၀ယ်မကျ နားထောင်သည့်လူငယ်၊ နားမထောင်သည့်လူငယ်၊ လူတိုင်းအပေါ်ယဉ်ကျေးရိုကျိုးတဲ့လူငယ်၊ ဘယ်သူ့စကားမှ မနာယူတတ်တဲ့လူငယ်။
လူငယ်တွေ အများကြီးမှ အများကြီး ကယ်ဆယ်ရေးလုပ်ငန်းတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့ ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးသည့်နောက်မှာလည်း ထိုလူငယ်များတို့ဦးဆောင်ကြသည့် လူမှုရေးအဖွဲ့များ ပေါ်ပေါက်လာ ခဲ့ကြသည်မှာ မျက်မြင်အသိပင်ဖြစ်သည်။ ထိုအဖွဲ့ထဲမှအများစုမှ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရာ၊ ယဉ်ကျေးမှုဓလေ့စရိုက်အစုံအလင်တို့ကို အလွယ်တကူလေ့ကျက်နိုင်စရာ မြို့ကြီးပြကြီးများတွင် အုတ်မြစ်ချခဲ့ကြသည်။ အထူးသဖြင့် လူမှုရေးအသင်းအဖွဲ့တို့အတွက် အခွင့်အလမ်းရေခံမြေခံကောင်းသော ရန်ကုန်မြို့၌ပန္နက်စွဲကြသည်။

-

သဘာဝဘေးအန္တရာယ် “နာဂစ်” သည် ဖယောင်းတို့ကိုပုံသွင်းသည့် မိုလ်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး လူငယ်အများအပြားကို ထိုနယ်ပယ်ထဲသို့ ပုံသွင်းပို့ဆောင်ပေးခဲ့သည်ဆိုပါစို့။ ရန်ကုန်နှင့်မကင်းနိုင်ကြလေတော့လည်း ရန်ကုန်၏အချစ်ဦး ဖယောင်းတိုင်လေးများသဖွယ် လောကကြီးအားတတ်စွမ်းသရွေ့ အမှောင်ခွင်း၍အလင်းဆောင်ကြပြန်ကြလေသည်။ အချို့ဖယောင်းတိုင်ကလေးများသည် တည်တည်ငြိမ်ငြိမ်နှင့် မလင်းမမှိန်၊ အချို့သည် အင်အားကြီးစွာ၊ အချို့တို့သည် လင်းတခါမှိတ်တလှည့်၊ အချို့တို့ကြပြန်တော့ လေအဝှေ့မှာယိမ်းထိုးနွဲ့ပါးစွာအားယူလင်းပြနေကြသည်။

-

ဖယောင်းတိုင်ပုံပြင် (၁)

နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရပ်ကွက်တွင်းလူငယ်များဦးဆောင်၍ အရေးပေါ်ကူညီရေးအဖွဲ့ ဖွဲ့စည်း လိုက်ကြသည်။ ၀ါတွင်းအရုဏ်ဆွမ်းကပ်လှူရာတွင် လုပ်အားပေးနေကြလူငယ်များဖြစ်သောကြောင့် ကယ်ဆယ်ရေး အစားအသောက်နှင့်ပစ္စည်းပစ္စယများ စီမံခန့်ခွဲရာတွင် အခက်အခဲမရှိ။ မုန်တိုင်းဘေးဒဏ်သင့်ဒေသများသို့ အခေါက် ၂၀ ကျော်သွားရောက်လှူဒါန်းနိုင်ခဲ့ကြသည်။ ငွေရေးကြေးရေးယုံကြည်စိတ်ချရသူများဖြစ်သဖြင့် ရပ်မိရပ်ဖများ၊ ရပ်ဝေးရောက် ရပ်ကွက်သူရပ်ကွက်သားများ ဖေးမမှုဖြင့် ရန်ပုံငွေများစွာလည်းရရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြသည်။ ကယ်ဆယ်ရေးကာလပြီးဆုံးသောအခါ စာရင်းရှင်းပြီးရန်ပုံငွေလက်ကျန်အချို့ကျန်ရစ်ခဲ့သေးသည်။ သို့သော်ကယ်ဆယ်ရေးကာလကြာညောင်းလာသည်နှင့်အမျှ ဦးဆောင်လုပ်ကိုင်သူလူငယ်တို့အလုပ်ပျက်လှပြီ။ မိမိတို့၏ ပုံမှန်လုပ်ငန်းဆောင်တာများ ပျက်ကွက်မှုများလာသည်။ ညည်းသံထွက်လာကြပြီ။ ရန်ပုံငွေကျန်ရှိနေသေးသဖြင့် အခြား လူမှုရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သင့်သည်၊ လိုအပ်ပါကလည်း ထပ်မံလှူဒါန်းပါဦးမည်ဟု ရပ်မိရပ်ဖများနှင့် အလှူရှင်များက ကမ်းလှမ်းသော်လည်း ရေရှည်အတွက် စဉ်းစားကြည့်၍မရကြတော့။ ပုံမှန်လူမှုရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အစောပိုင်းကာလများကဲ့သို့ စိတ်အားတက်ကြွမှုမရှိကြတော့။ လူကြီးများနှင့်အလှူရှင်များဖက် ကလည်း ထပ်မံတိုက်တွန်းဖို့ဆန္ဒမရှိသဖြင့်။


ထိုအဖွဲ့တွင်ဦးဆောင်ခဲ့သူ တက်ကြွသူတစ်ဦးကတော့

“ကျွန်တော်အပါအ၀င် ကျွန်တော်တို့အဖွဲ့က အရေးပေါ်ကာလရဲ့ လိုအပ်ချက်အရမို့လို့သာ လုပ်ချင်တာ။ ပြီးတော့ တချို့ကလေးတွေကျတော့ သူများတွေလဲသွားကြတယ် ကိုယ်လဲသွားသင့်တယ်ဆိုတာမျိုး၊ လူစုလူဝေးနဲ့ခရီးဝေးထိ သွားလှူရတဲ့ပီတိမျိုးကိုပဲလိုချင်ကြတာမဟုတ်လား? ရေရှည်အတွက်တော့ လူမှုရေးကိုဇောက်ချလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်”

ဟု မှတ်ချက်ချသည်။


အကယ်စင်စစ် ပရဟိတကိုယ်ခံအား တနည်းအားဖြင့် ဖယောင်းသားစံချိန်မမှီခဲ့။ မီးစာနှင့်တူသောအလှူရှင်များ ပုံမှန်ရှိ နေသော်လည်း မာရသွန်ပြေးပွဲအတွက် အဆင်သင့်မဖြစ်ခဲ့ကြခြင်းရယ်ပါ။

-

ဖယောင်းတိုင်ပုံပြင် (၂)


မုန်တိုင်းနှင့်ပါတ်သတ်သော တရားဝင်မဟုတ်သည့်သတင်းများ ဆက်တိုက်ဆိုသလိုကြားနေရသည်။ ဟိုမှဒီမှ အလှူရှင်များလည်း မြစ်ဝကျွန်းပေါ်ဒေသသို့သွားရောက်လှူဒါန်းနေကြပြီ။ ထိုလူငယ်တစ်ယောက် ထိုင်မရထမရနှင့် စိတ်လှုပ်ရှားနေရသည်။ တကယ်တော့ သူ့မိသားစုက အလှူအတန်းများနှင့် အတော်နီးစပ်ခဲ့သည်။ ပြောရမည်ဆိုလျှင် ဘာသာရေးအလှူများသာမက ဘာသာရေးနှင့်မသက်ဆိုင်သော ထူးခြားသောလူမှုရေးအလှူများ၊ ခုခံအားကျဆင်း နေသော ကလေးများအားအဟာရကျွေးမွေးခြင်း၊ နွမ်းပါးချို့တဲ့သောစာသင်ကျောင်းများသို့ စာရေးကိရိယာနှင့်စာရေး စားပွဲ များလှူဒါန်းခြင်းစသော အလှူများစွာပြုလုပ်ခဲ့ကြသည်။ သူ့အတွက်အလှူဆိုတာအစိမ်းသက်သက်တော့မဟုတ်။ ယခုလည်း သူ၏မိဘများကိုယ်တိုင်ကလှုပ်လှုပ်ရှားရှားဖြစ်နေပြီး လူငယ်၏သူငယ်ချင်းများလည်းအတူပါဝင်နေသည်။ သူ့အတွက်ပို၍ စိတ်လှုပ်ရှားစရာကောင်းနေသည်က သူငယ်ချင်းများသာမကတိတ်တခိုးချစ်မိသူလဲပါဝင်နေပြန်သဖြင့် ခါတိုင်းမိသားစုအလှူများထက် ပိုမိုကြိုးစားလုပ်ဆောင်နေဖြစ်သည်။ ငွေရေးကြေးရေးကလည်းစိတ်ပူစရာမလိုသော အခြေအနေတွင် မိဘများအမွေပေးထားသောပရဟိတစိတ်ဓါတ်ကလေးအား အခြားဘေးဘီအကြောင်းအရာများက တွန်းအားပေးလိုက်ပြန်သောအခါ သူ၏လုပ်ဆောင်မှုများက ထူးခြားစွာထွန်းတောက်လင်းဖြာလာခဲ့တော့သည်။ ခေတ်လူငယ်ပီပီ ချစ်စဖွယ်ကောင်းစွာ၊ တက်ကြွစွာ အားအင်အပြည့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဖွဲ့အစည်းနှင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အောင်မြင်ကျင်လည်စွာလုပ်ဆောင်ပြနိုင်ခဲ့သည်။ မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ချစ်မိသူထံမှအချစ်ကိုလည်းရရှိပြီးသောအခါ သူ့မိသားစုကလည်း ပရဟိတစိတ်ဓါတ် အမွေခံမည့်သူအဖြစ် အခြားအလှူများ၊လုပ်ငန်းများအတွက် နေရာပေးတာဝန်လွှဲလာသည်။ ထိုအခါ သူ့အတွက် စိတ်ဖိစီးမှုကိုစတင်ခံစားရပြီး ရင်ထဲ၌ရှိပြီးသားလူမှုဝန်ထမ်းမီးညွှန့်မီးလျှံလေး ငြိမ်းချင်လာသည်။


သူက

“ကျွန်မဒီအလုပ်တွေကို စိတ်မ၀င်စားဘူးမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက အိမ်ကမိသားစုတွေအမြဲ အလှူလုပ်နေတာပဲ။ စိတ်ဝင်စားမှုတော့ရှိပါတယ်။ ဒါပေမယ့် မောင်နှမလေးယောက်ထဲမှာ ကျွန်မတစ်ယောက်တည်းကိုပဲ ကွက်ပြီးတော့ ဒီအလုပ်တွေချည်းလုပ်ခိုင်းနေတော့ မခက်ဘူးလား။ နာဂစ်တုန်းကတော့ အဲဒီဒေသကလူတွေကို အရမ်းသနားတာရော ပြီးတော့ ကျွန်မသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့သူက အားပေးနေကြတာရောဆိုတော့ အင်တိုက်အားတိုက်လုပ်ပေးခဲ့သားပဲ။ နာဂစ်ဆိုတာ အမြဲဖြစ်နေတာမဟုတ်သလို မုန်တိုင်းဒါဏ်သင့်တဲ့လူတွေကလည်း ကျွန်မတို့ကိုအမြဲတမ်းလိုအပ်နေတာ မဟုတ်ပါဘူး။ အခုလို အမြဲတမ်းစိတ်မချမ်းသာစရာနေရာတွေကို လွှတ်နေတာတော့သိပ်မကောင်းဘူးပေါ့။ အချိန်မပေးနိုင် တော့တာလဲ ပါပါတယ်”

လို့ ခပ်ညည်းညည်းလေးပြောခဲ့ဖူးပါသည်။


သူ့၌ပုံမှန်တန်းဝင်ဖယောင်းသား လူမှုရေးစိတ်ဓါတ်တော့အပြည့်အ၀ရှိပါသည်။ သို့သော် သူ့ရဲ့တွန်းအားမီးစာကြီးများက တုတ်ခိုင်သန်မာလှပြီး သူကိုယ်တိုင်က အချိန်၊ နေရာ၊ ပညာစသည်တို့ကို ပါးနပ်စွာအသုံးမချနိုင်လေတော့ မာဆေးမထည့် ထားသည့်ဖယောင်းတိုင်လေးလို လောင်ကျွမ်းလွယ်လှသည်။ မီးစာကြီးသဖြင့် လင်းသည့်ခဏမှာတော့ ထိန်ထိန်ညီးအောင် တောက်ပစွာထွန်းလင်းပေးခဲ့ရှာသေးသည်။


ဖယောင်းတိုင်ပုံပြင် (၃)

ဒီလူငယ်လေးတွေကတော့ နာဂစ်ဖြစ်မှ ထ ဖွဲ့သည့်အဖွဲ့တစ်ခုမဟုတ်။ အရင်ကတည်းကရှိပြီးသားအဖွဲ့တစ်ခုဖြစ်သည်။ သို့သော် လူမှုကူညီရေးအသင်းအဖွဲ့အဖြစ်ဖွဲ့စည်းခဲ့သည်မဟုတ်ဘဲ ၀ါသနာပါရာအနုပညာလမ်းကို လျှောက်လှမ်းဖို့ အတွက် အားယူဖွဲ့စည်းထားခဲ့ကြသူများဖြစ်သည်။ အနုပညာရဲ့တံခါးချပ်တွေတစ်ချပ်စီဆွဲဖွင့်နေတုန်း ဗြုန်းဆိုနာဂစ် ဆိုတာကြီးက ၀င်ရောက်မွှေနှောက်လေတော့ ဒီလူငယ်လေးတွေရဲ့ နူးညံ့တဲ့ နှလုံးသားဝိညာဉ်က သူတို့ကို ဒီအတိုင်းထိုင်နေရန်ခွင့်မပြုတော့ချေ။ မုန်တိုင်းအလွန်ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေမှာ သူတို့တွေစိတ်ပါဝင်စားစွာ တက်ကြွရွှင်လန်းစွာ လုပ်ဆောင်ခဲ့ကြသည်။ နာမည်ရပြီးသားလူငယ်အဖွဲ့တစ်ဖွဲ့၏ လူမှုကူညီရေးလုပ်ငန်းများမှာ အချို့အချို့သော လုပ်ငန်းရှင်ကြီးများ၊ သတင်းနှင့်မီဒီယာသမားများ အကြိုက်တွေ့စရာ၊ အားပေးသူပရိသတ်တို့ ဘ၀င်ခိုက်စရာဖြစ်ခဲ့သည်။ ငွေကြေးအထောက်အပံ့များ ကလည်း ပူပန်စရာမလိုသလို လုပ်အားပေး လူငယ်အင်အား၊ ပစ္စည်းပစ္စယ၀ယ်ခြမ်းရေး၊ ခရီးသွားလာရေး၊ လုပ်ငန်းအစီအစဉ်များကအစ မနက်ဖြန်များစွာအတွက် အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့သည်။ အခြားလုပ်ဖော်ကိုင်ဖက်စာပေနှင့်အနုပညာလောကမှ ညီအစ်ကိုမောင်နှမများ ပါရမီဖြည့်ဆည်း ကြလေသော် အတိုင်းအထက်အလွန်အောင်မြင်သော ခရီးစဉ်များ၊ ကယ်ဆယ်ရေးသာမက ဖျော်ဖြေရေး၊ အနုပညာနှင့် ပျော်ရွှင်စရာများပါ တင်ဆက်အသုံးတော်ခံခဲ့ကြသော ရဲရဲတောက်လူငယ်များပါပေ။

နောက်ဆက်တွဲအားဖြင့် အလှူငွေအတွက်အနုပညာတစ်ရပ်ကို ပြန်လည်ပေးဆပ်ရတာမျိုး၊ အလှူငွေအတွက် ပုဂ္ဂိုလ်ရေး ဆိုင်ရာတစ်စုံတစ်ရာ ပြန်လည်ကျေးဇူးပြုရတာမျိုး၊ လုပ်အားပေးသူများအတွက် အပြန်အလှန်တန်ဖိုးတစ်ခုခုပေးဆပ်ရန် လိုအပ်တာမျိုး စသည့်အခြင်းအရာတို့ဖြစ်ပွါးခဲ့သည်ဟု သိုးသိုးသန့်သန့်ကြားမိရသည်။

ထိုလူငယ်များကတော့

“တချို့ကိစ္စရပ်လေးတွေအတွက် ကျွန်တော်/ကျွန်မတို့တကယ်စိတ်မကောင်းပါဘူး။ ပရိသတ်ကြီးက ကျွန်တော်/မတို့ကို နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ရင်း၊ တပြိုင်နက်တည်းမှာလည်း နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါရစေ” လို့သာ

သူတို့လေးတွေရဲ့မဖော်ပြနိုင်တဲ့ ဝေဒနာအချို့ကို လှစ်ဟပြခဲ့ကြရသည်။


ဖယောင်းသားကကောင်းမွန်သော်လည်း ထည့်သွင်းသည့်မီးစာနှင့် မိုလ်သွပ်ခွက်ဘေးမှ စီးဆင်းနေသည့်ရေတို့ရောနှောပြီး မီးစာရေမစင်ခဲ့ပါ။ ရေလွတ်သည့်နေရာလေးရောက်လိုက် တည်တည်ငြိမ်ငြိမ်လေးအလင်းပေးလိုက်
ရေစိုမိသည့် နေရာလေးရောက်လိုက် တဖျိုးဖျိုးတဖြစ်ဖြစ်မြည်ပြီး ငြိမ်းလုငြိမ်းခင်ဖြစ်လိုက်နှင့် တတ်စွမ်းသလောက် ပရဟိတခရီးကြမ်း ကို ဆက်လက်ချီတက်နေကြတော့သည်။


ဖယောင်းတိုင်ပုံပြင် (၄)


သူတို့တတွေကတော့ တကယ့်အမှန်အကန်တွေ၊ ပေါ်ပင်မဟုတ်။ အရင်ကတည်းက အသက်ရှင်နေသောသွေးလှူဘဏ် အဖြစ်ရပ်တည်ခဲ့ကြသည့် လူငယ်များဖြစ်ကြသည်။ ဆိုလိုသည်မှာ ပရဟိတစိတ်ထားမြေဆီမြေနှစ် ကောင်းမွန်ပြီးသား လူငယ်များဖြစ်ကြသည်။ ရန်ပုံငွေများများစားစားရှိသည်မဟုတ်သော်လည်း လုပ်ငန်းအတွေ့အကြုံနှင့် ယုံကြည်ချက်များ အတိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အလွယ်တကူအဆင်ပြေအောင်လုပ်ဆောင်ခဲ့ကြပါသည်။ အယူအဆနှင့် စိတ်ဓါတ် ပိုင်းဆိုင်ရာ အားကောင်းသူများဖြစ်ကြပြီး သွေးလှူအဖွဲ့အနေနှင့် စည်းရုံးပြီးသားအမာခံ လုပ်ဆောင်သူများအဆင်သင့် ရှိနေသည်။ နိုင်ငံရပ်ခြားအလှူရှင်အဖွဲ့အစည်းကြီးများအား ရုတ်ချည်းချဉ်းကပ်ကာ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် ငွေကြေးဆိုင်ရာ၊ ကယ်ဆယ်ရေးပစ္စည်းများ နှင့် နည်းပညာအထောက်အပံ့တို့ ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ကြသည်။ သွေးလှူအဖွဲ့ဖြစ်သောကြောင့် ကလေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ဆေးရုံကြီးများနှင့် ခရိုင်ဆေးရုံများ တိုက်နယ် ဆေးရုံများစသည်ဖြင့် ဆေးရုံပေါင်းစုံသို့ လွယ်ကူရင်းနှီးစွာ ၀င်ရောက်ပြီး မုန်တိုင်းဒါဏ်သင့်လူနာများနှင့် တိုက်ရိုက် ထိတွေ့ အကူအညီပေးခွင့်ရရှိခဲ့သည်မှာ ထိုကာလအတွင်း ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သူများဖြစ်သည်။ ခက်သည်က သွေးလှူဒါန်းသည့်လုပ်ငန်းနှင့် ကယ်ဆယ်ရေးအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့၏ လုပ်ငန်းသဘော သဘာဝခြင်းမတူညီမှုတို့ရှိနေသည်။ စေတနာသုံးတန်ပြတ်သားစွာပြဌာန်းပြီး ကိုယ့်သွေးကိုယ်ဖောက်ထုတ်ပေးလိုက်သည့် အလှူရှင်များအတွက် ငွေကြေးအရစာရင်းရှင်းမှုများစွာ မလိုအပ်သော်လည်း မြို့ကြီးများနှင့်ချီကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ဆောင်သည့်အခါတွင်တော့ ငွေကြေးငါးကျပ် တစ်ဆယ်ကျပ်က အစ စေ့စပ်သေချာစွာ စီစစ်သုံးစွဲရမှုများ၊
ပြန်လည်ရှင်းလင်းတင်ပြရမှုများရှိနေသည်။ ယုံကြည်မှုအတွက် အသက်ကိုပင်စွန့်လွှတ်ဝံ့သော ဤပရဟိတသူရဲကောင်း တို့အတွက်မူ ရှင်းလင်းတင်ပြရမှုများမှာ မသင်္ကာစိတ်မှမြစ်ဖျားခံလာသည်ဟု လက်သင့်မခံနိုင်စရာ ကိစ္စရပ်များဖြစ်သည်။ ထို့အပြင် အဖွဲ့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးပါက ပြန်လည်ထူထောင်ရေးအတွက် သို့မဟုတ် မိမိတို့၏ မူလသွေးလှူဘဏ်လုပ်ငန်းအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များချမှတ်တင်ပြပြီး ထောက်ပံ့ပေးမည့် ရန်ပုံငွေများအား ရယူရန် အလှူရှင်အဖွဲ့အစည်းများဖက်မှ ကမ်းလှမ်းမှုကိုလည်း ပြတ်သားစွာငြင်းပယ်လိုက်ခဲ့ကြသည်။


သွေးလှူအဖွဲ့၏ကိုယ်စားလှယ်တစ်ဦးကမူ

“ကျွန်မတို့ရဲ့သန့်စင်တဲ့ပရဟိတစိတ်ဓါတ်ကို လိပ်ပြာခုံရုံးမှာ အစစ်ခံနိုင်ပါတယ်။ ဒါပေမယ့် အစီရင်ခံစာတွေ၊ ရေတိုရေရှည်စီမံကိန်းတွေဆိုပြီး နေရာတကာ စာရွက်စာတမ်းတွေလုပ်ခိုင်းနေတာက မယုံကြည်လို့လုပ်ခိုင်းနေသလို ခံစားရတယ်။ သူတို့ရှိမှမဟုတ်ပါဘူး။ အရင်ကတည်းကလည်း ကျွန်မတို့ဖာသာရပ်တည်လုပ်ကိုင်လာတာ ကြာလှပါပြီ။ ရပ်ကွက်အဆင့်ကမတက်ရင်နေပါလေစေ၊ အဲဒီလို မသင်္ကာမှုမျိုးနဲ့တော့ နိုင်ငံအဆင့်အဖွဲ့အစည်းမဖြစ်ချင်တော့ပါဘူး။ ကျွန်မတို့ကို မယုံမကြည်ဖြစ်နေတဲ့သူတွေနဲ့ ဆက်ပြီးလက်တွဲသွားဖို့ ဆန္ဒမရှိပါဘူး။”

လို့ ခံပြင်းစွာပေါက်ကွဲသွားခဲ့ဖူးပါသည်။


လေးစားစွာဦးညွတ်ထိုက်သော ပရဟိတစိတ်ဓါတ်၊ သတ္တိနှင့် ဇွဲတို့ပါပေ။ သို့သော် လိုက်လျောညီထွေရှိမှု၊ စီမံခန့်ခွဲမှု၊ ဦးစီးဆောင်ရွက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာအတွေးအခေါ်တို့ အားနည်းလေသောအခါ ဖြစ်နိုင်ချေရှိသောအလှူရှင်များပါ လက်လွှတ်ခဲ့ရသည်။ ထိုမျှမက မိမိတို့အဖွဲ့အစည်းအား တိုးတက်သည်ထက်တိုးတက်အောင် မြေတောင်မြှောက်ခွင့်တို့ လက်လွှတ်ခဲ့ရပြီး အဖွဲ့ငယ်လေးအဖြစ်နှင့်သာ ရုန်းကန်ရပ်တည်နေရသည်မှာ အင်မတန်မှနှမြောဖို့ကောင်းလှပါသည်။

-

ဖယောင်းတိုင်ပုံပြင် (၅)


မုန်တိုင်းဖြစ်သည့်နေ့က သူတို့သူငယ်ချင်း ငါးဦးအတူရှိနေကြသည်။ အလုပ်ကစောပြန်ခိုင်းသဖြင့် လက်ဘက်ရည်ဆိုင် ထိုင်ရင်း ဖြစ်ပေါ်လာမည့် သတင်းဆိုးများကိုခန့်မှန်းတွက်ချက်နေကြသည်။ မြန်မာပြည်အထက်ပိုင်း နယ်မြို့အသီးသီးမှ လာကြသူများဖြစ်ပြီး ဇာတိမြို့များ၌ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသူများချည်းဖြစ်သည်။ ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် အတော်အသင့်လုပ်တတ်ကိုင်တတ်ကြသော လူငယ်များဖြစ်သည့်အပြင် မုန်တိုင်း၏နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း
တွေးဆထားသဖြင့် မုန်တိုင်းပြီးပြီးချင်း ကယ်ဆယ်ရေးလုပ်ငန်းများစတင်ရန် ပြင်ဆင်မှု ပြုလုပ်ခဲ့ကြသည်။ သူတို့ငါးဦး ကိုယ်စီကျွမ်းကျင်ရာလုပ်ငန်းများကိုလည်း တာဝန်ခွဲဝေပြီးဖြစ်သည်။ ကုန်သည်ဥာဉ်ရှိသူက ကယ်ဆယ်ရေးပစ္စည်းများ
ဈေးအသက်သာဆုံးဖြင့်ဝယ်ယူနိုင်ရန်ကြိုးစားသည်။ အင်္ဂလိပ်စာကောင်းမွန်သူက အလှူရှင် ဖြစ်နိုင်ချေရှိသော နိုင်ငံခြား အဖွဲ့အစည်းကြီးများသို့ တိုက်ရိုက်သွားရောက်တွေ့ဆုံသည်။ နည်းပညာပိုင်းကျွမ်းကျင်သူက ပြည်တွင်းအလှူရှင်များရရှိရန် သတင်းအချက်အလက်စုဆောင်းပြီး အလှူခံစနစ်များတီထွင်ဖြန့်ချီသည်။ စကားပြော ကောင်းသူက လုပ်အားပေးလူငယ်များ လိုက်လံရှာဖွေသည်။ စီမံခန့်ခွဲမှုအားကောင်းသူက ကျန်လေးဦး၏ လုပ်ဆောင်မှုများ အဆင်ပြေချောမွေ့စေရန် ဆက်သွယ်ရေးပိုင်း၊ အုပ်ချုပ်မှုအပိုင်းနှင့်လုပ်ငန်းအရည်အသွေးတိုးတက်ခြင်းတို့ကို အမြဲမပြတ် လေ့လာကူညီပေးနေသည်။ ဘက်စုံထောင့်စေ့အောင် စနစ်တကျရှိလှသောသူတို့အတွက် အလှူရှင်မရှားပါးတော့၊ အဖွဲ့အစည်းကြီးများနှင့် ချိတ်ဆက်မှုအားကောင်းနေသဖြင့် လုပ်ငန်းများအောင်မြင်ပေါက်မြောက်လှသည်။ အရေးပေါ် ကယ်ဆယ်ရေးကာလအဆုံးသတ်သို့ ရောက်ခါနီးလာလေလေ သူတို့ငါးဦးစိတ်လှုပ်ရှားလာလေလေဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြည့်ရှုပြုစုထားသည့် မိဘမဲ့ကလေးငယ်များ ရပ်တည်နေထိုင်ရေး၊ အခြေအနေမဲ့ ရွာသူရွာသားတို့အား အလုပ်အကိုင်တစ်ခုခုဖော်ဆောင်ပေးနိုင်ရေး၊ သူတို့နှင့်ချိတ်ဆက် ထားသောအဖွဲ့အစည်းများနှင့် လက်တွဲမပြတ်စေရေးစသည်ဖြင့် ရေတိုရေရှည်လုပ်ငန်းစဉ်များစွာက သူတို့အဖို့ အသင့်စောင့်စားနေခဲ့ကြပြီ။ မိမိတို့နိစ္စဒူဝ လုပ်ငန်းများကိုလည်း လုပ်ဆောင်ရင်း၊ လူမှုရေးလုပ်ငန်းများကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်ရင်းဖြင့် ယနေ့တွင် ပြည်တွင်းပြည်ပလူမှုရေးလုပ်ငန်းအဖွဲ့များကြားတွင် မျက်နှာပွင့်လှသောအဖွဲ့တစ်ခုအဖြစ် အောင်မြင်စွာရပ်တည်နိုင်ပါပြီ။


ထိုအဖွဲ့၏လုပ်ငန်းအရည်အသွေးအတွက် အထောက်အပံ့ပြုနေသူလူငယ်က ဤသို့ရင်ဖွင့်ဖူးသည်။

“ ကျွန်တော်တို့ဒီကလေးတွေ၊ ဒီအရပ်ကရွာသူရွာသားတွေအတွက် တစ်ခုခုကောင်းကျိုးရှိအောင် လုပ်ပေးချင်နေတယ်။ လူတွေကို လူပီပီသသ၊ လူတန်းစေ့နေထိုင်အသက်ရှင်အောင် ဘာလေးပဲဖြစ်ဖြစ် အထောက်အကူတစ်ခုခု လုပ်ပေးချင်တဲ့စိတ်ပါပဲ။ ကျန်တာတွေကတော့ ဥာဏ်ကူရတာပေါ့ဗျာ။ ကိုယ်မတတ်တဲ့အလုပ်၊ ကိုယ်မလုပ်နိုင်တဲ့အလုပ် သွားလုပ်ရင် အချိန်ကုန်လူပန်း မအောင်မြင်တာပဲရှိမယ်။ အကျိုးမဖြစ်ထွန်းဘူးလေ။ ကိုယ်ပိုင်အလုပ်တွေကလည်း ရှိသေးတော့ အချိန်ကိုသေချာအသုံးချရတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ကြကိုင်ကြတော့ စိတ်ချမ်းသာတယ်။ ကျွန်တော်တို့ ကျောင်းထားပေးတဲ့ ကလေးတွေစာကျက်နေတာမြင်ရရင်လဲ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးမိတယ်။ ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင်
နောက်ဘ၀လည်း ကျွန်တော်ဒီလိုကိုယ်ကျိုးစွန့်ဝန်ထမ်းပဲ ဖြစ်ချင်ပါတယ်။”

ထိုလူငယ်တို့၏ရင်တွင်းမှဖြစ်ပေါ်လာသော ပရဟိတစိတ်ဓါတ်ကလည်း အားကြီးလှသည်။ ဖယောင်းသားကောင်းသည်ပဲ
ပြောကြစို့ရဲ့။ သူတို့အားပုံမှန်ထောက်ပံ့ပေးနိုင်သော အလှူရှင်နှင့် ပတ်ဝန်းကျင်ကိုလည်း ကောင်းစွာထိန်းချုပ်ထားသဖြင့် စံချိန်စံနှုံးမှီ မီးစာလည်းထည့်သွင်းထားသည်။ တတ်စွမ်းကျွမ်းကျင်သောနယ်ပယ်အလိုက် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ ခွဲဝေစီမံပြီး တစ်ဦးကောင်းတစ်ယောက်ကောင်းကိုယ်ကျိုးရှာမှုများနှင့်ကင်းလွတ်စွာ ဖယောင်းသားမာဆေး သုံးသကဲ့သို့ မိမိအဖွဲ့အစည်းအား ပညာဖြင့်ဦးဆောင်ခဲ့ခြင်းသာဖြစ်တော့သည်။

-

ကျွန်မစဉ်းစားမိတဲ့ ဖယောင်းတိုင်လေးများသည် သူတို့စွမ်းအားဖြင့်တတ်နိုင်သလောက် လင်းနိုင်သမျှ လင်းပေးသွားခဲ့ကြ သူချည်းပဲဖြစ်ပါသည်။ မည်သည့်ဖယောင်းတိုင်တွင်မှ ရည်ရွယ်ချက်ရှိရှိ မိမိကိုယ်တိုင်ငြှိမ်းသတ်ပစ်ခြင်းမျိုး၊
လောင်ကျွမ်းပစ် ခြင်းမျိုးမရှိကြပါ။

ထိုထိုသောဖယောင်းတိုင်လေးများ အနာအဆာကင်းစင်ပြီး ကောင်းသောအရည်အသွေးများပြည့်စုံကာ ကျွန်မတို့ တစ်နိုင်ငံလုံးနေရာအနှံ့အပြား၌ တောက်ပထိန်ငြီးကြာရှည်စွာ လင်းလက်နိုင်ပါမည့်အကြောင်း ဆုမွန်တောင်းလျက်….


(မည်သည့်အဖွဲ့အစည်းကိုမျှ ရည်ရွယ်ခြင်းမရှိဘဲ ဖြစ်လေ့ဖြစ်ထရှိသည့်ပုံပြင်များကို ကောက်နှုတ်တင်ပြထားခြင်း သက်သက်သာဖြစ်ကြောင်း ရိုးသားစွာဝန်ခံပါသည်)

ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
22-Sept-2013
12:46

စိတ်ချင်းတူလျက်ပေါင်းဖက်ဖို့ရန် ရည်ရွယ်ထားသည့် ချစ်သူအတွက် မွေးနေ့လက်ဆောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...