Sunday, September 22, 2013

သင်ယူမှုမှ တတ်မြောက်မှုဆီသို့ .....

September 22, 2013 at 1:53am
“သုတေသန” ပါဠိ ဝေါဟာရသည် “သုတေ + ဧသန” ပုဒ်ပေါင်းဖြစ်သည်။ သုတ (အကြားအမြင်) + ဧသန (ရှာမှီးခြင်း) ဖြစ်၏။ “သုတ” သည် အကြားအမြင်သာမက၊ အတွေးအခေါ်သည်လည်း ပါရှိ၏။ “အတွေးအခေါ်” သည် စင်စစ်မှာ “ဥာဏ်ဖြင့်မြင်ခြင်း” ပင်ဖြစ်၏။ (ဘ၀ပညာ၊ တက်တိုး၊ စာ-၂၁၈-)
ကျနော် မာစတာ thesis လုပ်နေတဲ့အချိန်မှာ ကျနော့်ရဲ့ Supervisor ဆရာမဖြစ်သူက စာတမ်းကို ကြီးကြပ်ပေးရင်း ကျနော်တို့နိုင်ငံရဲ့ MR - မမ (မြန်မာမီးရထား) အကြောင်း တစေ့တစောင်းလေ့လာ ခွင့်ရသွားတယ်။
Field of Study က … Overground Transport System, Project က အများသိတဲ့ HRD လို့ခေါ်တဲ့ Human Resources Development … စာတမ်းဖတ်ရမယ့် Faculty က Maintenance of Exploitation in Railways Transport …. အထူးသဖြင့်တော့ ဒီနိုင်ငံရဲ့ မြေပေါ်မြေအောက် ရထားပြေးဆွဲရတဲ့ အော်တိုမက်တစ် ကွန်ထရိုလ်း စစ်စတမ်တွေ၊ Schedule (ဆိုက်ရောက်/ ထွက်ခွါ) အချိန်ဇယားတွေ၊ အဲဒီ အချိန်ဇယားတွေနဲ့ ဆက်စပ်နေတဲ့ ဂရပ်ဆွဲတာတွေ၊ စသဖြင့်ပါတယ်။ နောက် ရထားဝန်ဆောင်မှုနဲ့ ပါတ်သတ်တဲ့ Service တွေအကြောင်းလည်းပါတယ်။

ဆိုတော့ … အဲဒီ ဆရာမက စာတမ်းရဲ့ အစမှာ Review ရေးဖို့ ကျနော့်တို့နိုင်ငံနဲ့ ပါတ်သတ်တဲ့ Data တွေတောင်းတယ်။ စာတမ်းခေါင်းစဉ်က အကယ်၍ (အကယ်၍) မြန်မာနိုင်ငံမှာ Metro (မြေအောက်ရထား၊ စင်ကာပူတွင် (MRT)၊ အချို့ နိုင်ငံများတွင် Subway ဟု သုံးသည်။) တည်ဆောက်ဖြစ်ပါက ၄င်းမြေအောက်ရထားနှင့် မြေပေါ် Overground Network အား ချိတ်ဆက်ခြင်း (Transport Network) တဲ့။ Transportation Network ဆိုတာ လေဆိပ်၊ ရထားဆိပ်၊ ကားဂိတ်တွေက ကွန်ယက် တစ်ခုအနေနဲ့ ရှိတာ။ သယ်ယူပို့ဆောင်ရေးကွန်ယက်လို့ ပြောလို့ရမယ်ထင်တယ်။ (ခေါင်းစဉ်က ကြီးကျယ်နေသလိုပဲ၊ တကယ်တော့ နက်နက်နဲနဲ ဘာမှမလေ့လာခဲ့ရပါဘူး။)

ဘာသာရပ်တစ်ခုကို လေ့လာရင် ချဉ်းကပ်နည်းနှစ်မျိုးရှိတယ်လို့  ဆရာမ ဒေါ်ခင်မမမျိုး ရဲ့ စာတစ်ခုမှာ ဖတ်ဖူးတယ်။ Surface approach learning နဲ့ Deep approach  learning ပါတဲ့။ မျက်နှာပြင်လေ့လာခြင်း (သမန်ကာ လျှံကာလေ့လာခြင်း) နဲ့ နက်နက်ရှိုင်းရှိုင်းလေ့လာခြင်း ဆိုပြီးနှစ်မျိုးရှိရာမှာ ကျနော်လေ့လာခဲ့မိတာတော့ မျက်နှာပြင်လေ့လာခြင်းပဲဖြစ်ပါလိမ့်မယ်။

ဆိုတော့ … ဆရာမက ကျနော်တို့ရထားတွေရဲ့ gauge အကျယ် (၁၀၀၀) မီလီမီတာကို သိသွားတဲ့နောက်မှာ .. “ဟယ် .. အဲလောက်ကျဉ်းနေရင် တွဲတွေကလည်း သေးသေးကျပ်ကျပ်လေးတွေနေမှာ၊ တွဲတွေ လှုပ်ယမ်းမှုကလည်း အရမ်းများမှာပေါ့တဲ့” .. သူ့ မျက်နှာမှာ အံ့သြခြင်းတွေ အပြည့်။ ဟုတ်မှာပေါ့ .. သူတို့ဆီမှာ gauge အကျယ်က (၁၅၂၀) မီလီမီတာ၊ ဥရောပနိုင်ငံတွေရဲ့ Standard rate ကလည်း (၁၄၀၀) ကျော်၊ သူ့ ကွန်ပျူတာကနေ မြန်မာ့ရထားအကြောင်းကို google ခေါက်ကြည့်လိုက်တော့ … သူတို့နိုင်ငံက tourist တွေ လာသွားတုန်း မှတ်တမ်းထင်ထားတဲ့ သတင်းဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ဒလဟော ထွက်ကျလာပါရော၊ တိုးကျိတ်လုယက်နေရတဲ့ ဈေးသယ်တွေနဲ့ Passengers တွေ၊ ညစ်ပါတ်ပေရေနေတဲ့ စင်္ကြန်တွေ၊ (၁) နာရီကို ကီလိုမီတာ (၄၀) လောက် အရှိန်နဲ့ ပြေးနေတဲ့ ရထားတွေ၊ Electrical locomotive မရှိဘဲ Diesel engine နဲ့ run ရတဲ့ စက်ခေါင်းတွေ … ထပ်တွေ့ပြန်ရော ..

“တွဲတွေ (ရထားတွေ) နဲ့ စတေရှင် (ဘူတာ)တွေကို သီးခြားခွဲမထားဘူးလား” တဲ့။ သူတို့ဆီမှာတော့ ရထားက မြို့တွင်း၊ (ပြင်)၊ ကုန်တင်၊ ခရီးသည်သီးသန့်၊ သယ်ဆောင်ရမယ့် ကုန်စည်အပေါ်အမျိုးအစားအလိုက် တွဲ တွေကလည်း အမျိုးအစား (၄) မျိုးလောက် ခွဲထားတာကိုး။ ဘူတာဆိုလည်း ခရီးသည်တင်ဘူတာ၊ sorting (တွန်းလွှတ်/ရှန်တိန်)  ဘူတာ၊ ကုန်စီတင်ဖို့အတွက် သီးသန့်ဘူတာ .. စသဖြင့် အဲလိုမျိုးခွဲထားသေးတာ …

“ မရှိဘူးဆရာမရယ် .. ကျနော်တို့ ဒီလိုနည်းနဲ့ပဲ ရပ်တည်လာတာ အခုချိန်ထိပါပဲ” ဆိုပြီးပြန်ပြန်တော့ .. သူလည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားပုံရပါတယ်။ ကျနော်ဒီကိုလာဖြစ်တဲ့ အကြောင်းကိုက ဒီက ပညာရပ်တွေကို လေ့လာဖို့ပါ။ ကျနော်တို့ဆီမှာလည်း မကြာခင် ကဏ္ဍပေါင်းစုံမှာ အဆင့်အတန်းမြင့်ဖို့ လုပ်ပါတော့မယ်ပေါ့။ ဆရာမက ထိုင်းကို အားလပ်ရက် မကြာခဏသွား အနားယူတတ်တဲ့သူဆိုတော့ … ထိုင်း နိုင်ငံအကြောင်း တစေ့တစောင်းတော့ သိပုံရပါတယ်။ မင်းတို့နိုင်ငံမှာ ကြည့်ရသလောက် .. ရှေးဟောင်း အမွေအနှစ်တွေရှိတယ်။ ဥရောပသားတွေအကြိုက် နွေးထွေးတဲ့ ရာသီဥတုရှိတယ်။ ကျယ်ပြန်တဲ့သဲသောင်ခုံတွေနဲ့ ပင်လယ်တွေရှိတယ်။ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေသာ အဆင့်အတန်းမြင့်လိုက်နိုင်ရင် ထိုင်း ထက်တောင် နိုင်ငံခြားသားတွေ လာဦးမှာတဲ့။ အဲဒီတော့ Tourism နဲ့ ပါတ်သတ်တဲ့ ရထားလမ်းစီမံကိန်းလိုမျိုးတောင် စာတမ်းပြုစုဖို့ အကြံပေးပါသေးတယ်။

ဆရာမက အဲလိုပြောတော့ ကျနော့်မှာ သီချင်းတစ်ပုဒ်ထဲကလို “အိပ်မက်တွေ တပုံကြီးပဲ …” ဆိုပြီး ပြန်ဆိုပြလိုက်ချင်ပါရဲ့။ ကျနော်တို့နိုင်ငံမှာ .. ကဏ္ဍပေါင်းစုံဖွံဖြိုးတိုးတတ်ဖို့ဆိုတာ .. နိုင်ငံသားအားလုံးရဲ့ အိပ်မက်တွေ တလှေကြီးပါပဲ။ နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု၊ အဲဒီနဲ့အတူ .. ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားအားလုံးသဘောတူ လက်ခံတဲ့ ဖယ်ဒရယ်မူနဲ့ ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး .. ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပြီး နောက်မျိုးဆက်များအတွက် အနာဂါတ်ဘ၀သာယာလှပရေး .. စတဲ့  သမ္မတကြီးပြောတဲ့ခေါင်းစဉ်ကြီးတွေ အောက်မှာ အများကြီးခေါင်းစဉ်ခွဲလေးတွေလည်း အများကြီးပါပဲ။

ခေတ်အဆက်ဆက် ယိုပေါက်တွေကို အခုမှ လိုက်ဖာနေရတော့ စိမ့် နေတဲ့နေရာလေးတွေလည်းရှိနေသေးတယ်။ ကျနော်ကတော့ သာမန်ပြည်သူဝန်ထမ်းတစ်ယောက်မို့လို့ ပြည်သူလူထုရဲ့ လိုအပ်ချက်ဆန္ဒတွေလည်း နားလည်ပေးနိုင်ပါတယ်။ သူတို့ကို Demanding များတယ်လို့ အပြစ်တင်လို့မရဘူး။အဲဒီလိုပဲ လက်မလည်အောင်လည်း အလုပ်လုပ်နေရတဲ့ Stake holders တွေ၊ လက်ရှိအခင်းအကျင်းမှာ ပါဝင်နေတဲ့ Players တွေအားလုံး အပေါ်မှာလည်း နားလည်ပေးနိုင်ပါတယ်။
ပြောရင်းနဲ့ နိုင်ငံရေးတွေဘက်ရောက်သွားတယ်။ နိုင်ငံရေးတွေပြောချင်တာ မဟုတ်ပါဘူး။

ငယ်ဘ၀ရဲ့ ပညာရေး အခြေခံအားနည်းမှုနဲ့ လက်ရှိ ကြုံတွေ့ရတဲ့ ဘာသာရပ်ဆိုင်ရာ အခက်အခဲလေးတွေနဲ့   ပါတ်သတ်ပြီးတွေးမိတာ မိတ်ဆွေတွေကို sharing လုပ်ချင်တာပါ။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ Freight transport နဲ့ ပါတ်သတ်တဲ့ field တစ်ခုကို စာတမ်းပြုစုရဖို့ဖြစ်လာပါတယ်။ Loading capacity (ကုန်တင်နိုင်မှုစွမ်းရည်) ကို တွက်ချက်ရတာမျိုးပါ။ ဟိုဘက်မှာ ကုန်စည်ပြန်ပြီး Unload နိုင်သလောက်ပဲ ဒီဘက် နေရာကနေ တွက်ချက်ပြီး loading လုပ်ရတာပါ။ ဒီလိုတွက်ချက်မှု့ကြောင်း လမ်းခရီးမှာ ကြန့်ကြာမယ့် risk တွေ နည်းသွားမယ်။ Time ပိုထွက်လာမယ်။ ထုတ်လုပ်သူ >> ဖြန့်ဖြူးသူ >> အသုံးပြုသူ (စားသုံးသူ - consumers) သုံးဦးသုံးဖလှယ် စီးပွားရေးအရ အဆင်ပြေမယ်။

Logistics အရပြောရရင်တော့ ထုတ်လုပ်တဲ့နေရာကနေ Destination point ကို ပို့မယ့် တွဲအရေအတွက်ကို အချိန်ကန့်သတ်ချက်တစ်ခုအတွင်းမှာ အများဆုံး ဘယ်လောက် ပို့နိုင်မလည်းတွက်ချက်ခြင်းလို့ အတိုကောက် ပြောရမှာပေါ့။ (ကုန်စည်ဆိုပေမယ့် freight, goods ကုန်စည်အမျိုးအစား၊ အလေးချိန် စတာမျိုးနဲ့ ယူနစ် မတွက်ဘဲ တွဲအရေအတွက် wagon နဲ့ပဲ တွက်ပါတယ်။ ဆန်ပိသာချိန် ဘယ်လောက်ဆိုတာမျိုးမဟုတ်ဘဲ၊ ဆန်တင်ထားသော တွဲ အရေအတွက်ဘယ်လောက် .. ဆိုတာမျိုး)

ရထားနဲ့ပါတ်သတ်တဲ့ ပညာရှင်မဟုတ်၊ ရထားကို (၁၀) ခေါက်ပြည့်အောင်တောင် မစီးဘူးတဲ့ ကျနော့်အတွက်တော့ အတော့်ကို ဖိစီးမှုများတဲ့ကာလတွေပါ။ ဘာသာရပ်ဆိုင်ရာအသုံးအနှုန်းတိုင်းကို  by heart အသစ်မှတ်ရတယ်။ ဆရာတွေ ပြောတာ recorder နဲ့ သွင်းပြီး အဆောင်မှာ တစ်ခေါက် ပြန်နားထောင်ရတယ်။ ဒီလိုမျိုးတွေ ဖြစ်လာမယ်ဆိုတာ ကြိုတွေးမိလို့ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်လို့ ဆုံးဖြတ်ခဲ့တာမှန်ပေမယ့် တကယ်ကြုံလာတဲ့အခါ .. လက်မြောက်အရှုံးပေးချင်စိတ်တွေကို ဖြစ်လာပါတယ်။

တော်လို့ တတ်လို့ဆိုတာထက်၊ ငါ လုပ်နိုင်မလား၊ စမ်းကြည့်မယ်ကွာ ဆိုတဲ့ စိတ်မျိုးနဲ့ချခဲ့မိတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း ပါပါတယ်။ ညီလေး၊ ညီမလေးတွေ .. ပညာရပ်ဆိုင်ရာနဲ့ ပါတ်သတ်လို့ နယ်ပါယ်အသစ်တစ်ခုကို လေ့လာတော့မယ်ဆို “ငါ ပြီးမြောက်အောင် လုပ်ကို လုပ်နိုင်တယ်” ဆိုတဲ့ စိတ်မျိုးထားရှိဖို့လည်း လိုပါတယ်။ ပြီးရင် တကယ်လည်း အဲဒီ ဘာသာရပ်နဲ့ ပါတ်သတ်တဲ့ နောက်ခံဗဟုသုတ (Background Knowledge) ပြည့်ဝနေဖို့လည်း လိုပါတယ်။

ဆရာကြီး တက်တိုးကတော့ သူ့ရဲ့ စာအုပ်တစ်တစ်အုပ်မှာ သုတေသန (research) ဆိုတာနဲ့ ပါတ်သတ်ပြီး “လေ့လာမှု၊ သုံးသပ်မှု နဲ့ ဝေဖန်မှုက အတွဲလိုက် ပါတယ်”လို့ ရေးထားတယ်။ ကျနော့်အမြင့်အရတော့ လေ့လာမှု (Self-study) က မိမိဘယ်လောက် အချိန်ပေးနိုင်လည်း၊ စိတ်အင်အားထည့်နိုင်သလည်း (enthusiam) အပေါ်မူတည်ပါတယ်။ သုံးသပ်မှု နဲ့ ဝေဖန်မှု နှစ်ခုကို လုပ်ဖို့ကတော့ ကိုယ်တိုင်က ပြည့်ဝနေမှကို ရမှာပါ။ ကိုယ် မသိတဲ့ (မကျွမ်းကျင်တဲ့ ဘာသာရပ်) ကို သုံးသပ်မှု နဲ့ ဝေဖန်မှု လုပ်လို့မရပါဘူး။ ဘောလုံးပွဲမကြည့်ဖူးတဲ့သူတစ်ယောက်ကို ပွဲစဉ်သုံးသပ်ခိုင်းလို့ မရသလိုမျိုးပေါ့။

ကျနော့် စာတမ်းမှာ အသုံးပြုတဲ့ တွက်နည်းတွေဟာ .. မသိကန်း coefficient ထည့်ထားရတဲ့ ဖော်မြူလာတွေ၊ ကိန်းရှင် (constant) ပါတဲ့ calculation တွေ၊ Summation တွေ၊ Probability တွေ၊ နဲ့ Differentiate and Integrate တွေပါပဲ။ သင်ခဲ့ဖူးပြီးသား၊ တနေ့နေ့ တချိန်ချိန်မှာ ဒါတွေက ဘ၀ထဲမှာပြန်အသုံးကျလာမယ်လို့ မထင်မိလို့ကို တပွဲထိုးဖြတ်ကျော်ခဲ့တဲ့ ဘာသာရပ်တွေပါ။ သင်ခဲ့တဲ့ဆရာတွေ ကိုယ်တိုင်ကလည်း သိအောင်၊ တတ်အောင်သင်ပေးခဲ့ပါတယ်။  ကျနော် သင်ယူခဲ့တယ်။ ဒါပေမယ့် မတတ်မြောက်ခဲ့ဘူးလို့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရချိန်မှာ ကိုယ့် ကို ကိုယ် မှတ်ချက်ချမိတယ်။ ဒီကြားထဲကမှ Maths အထူးပြုကနေ Railways နဲ့ ပါတ်သတ်တာတွေ ပြောင်းလဲ လေ့လာခဲ့ရတဲ့ သုံးနှစ်ခွဲက ကာလမှလည်း တော်တော်လေး Linking ပြတ်သွားခဲ့ရတယ်။

ရူပဗေဒ အထူးပြုဘာသာရပ်နဲ့ အဝေးသင်တတ်နေတဲ့ ညီမတစ်ယောက်နဲ့ အွန်လိုင်းမှာစကားပြောဖြစ်တော့ သူ့ကို “ဟဲ့ .. နင် Dalton law of Partial Fraction” တို့ “Ohn’s Law” တို့ သိလား ဆိုတော့ သင်ရတယ်။ သိပ်တော့ နားမလည်ဘူးတဲ့။ ဒါဆို ကွမ်တန် သီအိုရီ တို့ Relativity Theory တို့ကိုရော ဘယ်လိုနားလည်လည်း ဆိုတော့ အဲဒါတွေက သိကိုမသိသေးဘူးတဲ့။ နင် physics သမားဆိုသိသင့်တယ်လေ ဆိုတော့ ဘာလုပ်မှာလည်းအကိုကြီးရယ်၊ အချိန်တန်လုပ်ငန်းခွင်ထဲရောက်တော့လည်း ဒါတွေက လိုမှ မလိုအပ်တော့တာတဲ့။ အင်း … ငါလည်း ကျောင်းသားဘ၀တုန်းက Algebra တို့ Linear Programming တို့ကို လုပ်ငန်းထဲမှာ မလိုအပ်ဘူးလို့တွေးခဲ့ဘူးတယ်လို့ပဲ ကိုယ့် ဘာသာတွေးလိုက်မိတယ်။  စစ်အစိုးရပညာရေးဆိုပြီးကျနော် အပစ်လုံးဝ မတင်ပါဘူး။ သင်ကြားမှုက ကောင်းခဲ့တယ်။ ကျနော့်ဘက်ကသင်ယူမှုပဲ လိုအပ်ချက်တွေ ရှိခဲ့တာ။ ကျနော့်မှာ စွဲစွဲမြဲမြဲ မှတ်ယူသင်ကြားနိုင်မှုက အားနည်းခဲ့တာ။

ကိုယ်လုပ်နေတဲ့ အလုပ်ကိုမှ မသိရင်၊ နားမလည်တာတွေများလာရင် စိတ်ဖိစီးမှုများလာမယ်၊ အလုပ်ပေါ်မှာလည်း ငြီးငွေ့လာမယ်။ လုပ်ငန်းအောင်မြင်ဖို့လည်း ရာခိုင်နှုန်းက နည်းလာမယ်။ ကျနော်ဟာ အလုပ်အပေါ်မှာ စိတ် နှစ်ဖို့ ကြိုးစားလေ၊ မသိနားမလည်တဲ့ အကြောင်းတွေ ပို တွေ့ရှိလာလေ၊ ဖြေရှင်းချင်စိတ် မရှိလေ ဖြစ်လာရတာပါပဲ။ အဆဲအဆို ခံရတာတွေအများကြီး ကြုံခဲ့ရတယ်။ မင်းစာတမ်းပြန်ယူသွားဆိုပြီး လွှင့်မပစ်ရုံတမယ် ပစ်ပေးခံရတာမျိုးလည်း ကြုံဖူးတယ်။ မြန်မာနိုင်ငံမှာပဲ လုပ်လို့ရမယ်။ ငါတို့ဆီမှာ ဒါမျိုးမရဘူးလို့ ပြောတာကိုလည်း အသည်းနာတယ်။

“စစ်မှန်တဲ့ သုတေသနကျောင်းသားဟာ သူ့ ရဲ့ သုတေသနစာတမ်းအပေါ် တကယ်သာ ကျွမ်းကျင်ပိုင်နိုင်ပြီ ဆိုပါက ဆရာဖြစ်သူရဲ့ လမ်းညွှန်ပြသမှုကိုတောင် မခံယူဘဲ သူ သိရှိထားတဲ့ နယ်ပါယ်အသစ်ကို ဘောင်ဝင်အောင် ချပြနိုင်တယ်” တဲ့။ ဆရာတစ်ဦးက အဲလိုပြောချိန်မှာ ကျနော် ရှက်သလို၊ ကြေကွဲသလိုလို ခံစားရတယ်။ တကယ်လို့သာ ဘ၀ကို ဂ ငယ်ကွေ့ (U-turn) ပြန်လုပ်ပစ်လို့ရမယ်ဆိုရင် (၈) တန်းကျောင်းသား ဘ၀ကို ပြန်ဆင်းပြီး .. ကျောင်းသင်ခန်းစာတွေကို အပေါ်ယံကြော အောင်မြင်ယုံသတ်သတ်မဟုတ်ဘဲ ထဲထဲဝင်ဝင်သိရှိတာမျိုး ဖြစ်အောင် ပြန်လုပ်လိုက်ချင်ပါတယ်။ ပြီးရင် ကိုယ်ကျွမ်းကျင်တဲ့ နယ်ပါယ်ကိုပဲ အသက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်မိမယ်။


သူများနိုင်ငံမှာ ပညာတွေ သွားသင် ယူရတာကိုက ကိုယ်တွေက မတတ်လို့ ၊ သူတို့လောက် မသိခဲ့လို့လေ။ အဲတော့ .. အတတ်ပညာ ရမလား၊ အသိပညာ ရမလား၊ ရတာ တစ်ခုတော့ သူတို့ဆီက ပြန် ယူရမှာပဲ။ ကျောင်းသင်ခန်းစာ မဟုတ်တဲ့ ပြင်ပအတွေ့အကြုံ၊ သင်ယူမှုတွေတော့ အများကြီးရလိုက်တာ ကံကောင်းမှုတစ်ခုပါပဲ။ ဆရာတွေဆီက အတွေးအခေါ်တွေ၊ ဆွေးနွေးငြင်းခုန်တတ်တဲ့ အလေ့အကျင့်တွေ၊ ဆရာ နဲ့ ကျောင်းသား အပြန်အလှန်ဆွေးနွေးတဲ့ အစဉ်အလာတွေ .. အားလုံးကို သင်ယူရပါတယ်။ ဒါက ဘ၀ထဲက သင်ခန်းစာလို့ ဆိုလို့ရပါတယ်။

ပြီးတော့ သူတို့ဆီမှာ Long Life Learning ဆိုတဲ့ စဉ်ဆက်မပြတ်တဲ့ ပညာသင်ကြားရေးစနစ်ရှိတယ်။ Ph.D Defence ပြီးသား ကျောင်းသား တစ်ယောက်ဟာ အဲဒီ နယ်ပါယ်နဲ့ ပါတ်သတ်တာမှာ အလုပ်လုပ်၊ တစ်ဖက်ကလည်း စာတွေ ပြန်ပို့ချ၊ Doctrate ရထားတဲ့ အကယ်ဒမစ် အဖိုးကြီးတွေ၊ အသက်တွေသာ ကြီးသွားတယ်၊ အအား မနေရဘူး၊ Research centre ကြီးတွေမှာ နေရာပေးထားတယ်၊ ပါရဂူစာတမ်းကို အကဲဖြတ်တဲ့ ဘုတ် အဖွဲ့တွေမှာ ခန့်အပ်ပေးထားတယ်။ အပါတ်စဉ်ထွက်တဲ့ သုတေသနဂျာနယ်တွေမှာ ဆောင်းပါးတွေ ထည့်ရတယ်၊ စာ ပြန်သင်ရတယ်။ Seminar တွေ Conference တွေဟာ နှစ်ပါတ်ကို တစ်ကြိမ်လောက် နီးနီး ကျောင်း တိုင်းမှာ ရှိနေတော့တာ။ (ဒေါ်စု UN ကိုရောက်တုန်း အဲဒီက ၀န်ထမ်းတွေနဲ့ တွေ့တဲ့အချိန်မှာတော့ အဲဒီက ပုဂ္ဂိုလ်တစ်ယောက်က ပညာရပ်ဆိုင်ရာ Research centre တွေနဲ့ ပါတ်သတ်လို့ အစီအစဉ်ချမှတ်ဖို့ ကိစ္စမေးတာ သတိထားလိုက်မိတယ်။)

ကျနော်ကတော့ နောင်လာမယ့် ညီငယ် ညီမငယ်တွေကို ကိုယ့်လို ယောင်ဝါးဝါး (ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ဘ၀မျိုး) မရောက်စေချင်တာ အမှန်ပဲ။ စာမေးပွဲအောင်ဖို့ထက်၊ သိဖို့ တတ်ဖို့ အားပေးတဲ့ ပညာရေးစနစ်မျိုးဖြစ်လာအောင် အားလုံး အဖက်ဖက်က ၀ိုင်း စဉ်းစားပေးဖို့လိုပါမယ်။ အဆင့်ကောင်းဖို့အတွက် မှတ်ဥာဏ်ထဲ ရိုက်သွင်းလိုက်တာထက်၊ လက်တွေ့ နယ်ပါယ်မှာ အသုံးချလာနိုင်တဲ့အထိ နောင် မျိုးဆက်လေးတွေကို သွန်သင်ရပါမယ်။ သင်ပြီးသားကို တတ် အောင်၊ တတ် ထားတာကို အသုံးချနိုင်အောင်၊ အသုံးမချနိုင်သေးရင်တောင် မေ့ မသွားအောင် .. ဘယ်လို လုပ်ရမလည်းဆိုတဲ့ အစီအစဉ်တွေလည်း ချမှတ်ရမယ်။

အိုင်ဆက်နယူတန်သာ ပန်းသီးကြွေတာကို အမှုမဲ့နေခဲ့ရင် ကမ္ဘာမြေကြီးရဲ့ဆွဲအား (Acceleration due to Gravity) ဆိုတာကို ရှာဖွေ့တွေ့ရှိခဲ့မှာ မဟုတ်ပါဘူး။ အဲဒီအဆင့်ကနေ လူတွေ အမှုမဲ့နေခဲ့ရင်လည်း အဲဒီကမ္ဘာ့ဆွဲအားကို ဆန့်ကျင်တဲ့ လေယဉ်တွေ၊ အာကာသ ဒုံးပျံယာဉ်တွေ တီထွင်ဖန်တီးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ညီလေး ညီမလေးတွေကို တွေးခေါ်တတ်အောင် ကျနော်တို့ Train ပေးရပါမယ်။ ဆရာကြီးဦးအောင်သင်းပြောသလို တက္ကသိုလ် ဆိုတာ တက္က - လွတ်လပ်စွာ တွေးခေါ်ခြင်းဆိုင်ရာ သီလ - အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးရာ တက္ကသီလ ပြန် ဖြစ်လာအောင်လည်း အားလုံးဝိုင်းလုပ်ဖို့ လိုပါတယ်။ ကိုယ် ညံ့မှန်းသိလာလေလေ၊ ကိုယ့် နောက်လူတွေကို ပို တော်လာစေချင်လေပါပဲဗျာ။

အသိပညာဖြင့် မောင်းနှင်သောခေတ် မှာ … နောင် လူဖြစ်လာမယ့် ညီငယ် ညီမငယ်တွေကို သဥာသိ၊ ပညာသိ တွေနဲ့ နိုင်ငံကို၊ ခေတ်ကို အများနည်းတူ ရင်ဘောင်တန်းမောင်းနှင်နိုင်မယ့်သူတွေ ဖြစ်လာစေချင်ပါတယ်။ ကျနော် လေးနှစ်တာ ကာလ မှ ဖိစီးခဲ့ရတဲ့ သင်ခန်းစာမကျေညက်တဲ့ ခံစားမှုမျိုး ဘယ်သူ့ကိုမှ မခံစားစေချင်တော့ဘူး။ အချိန်တန်ရင် သူတို့အရိပ်မှာ ကျနော်တို့ခိုရမှာ။ ငှက်တွေ အများကြီး ခိုရမယ့် အပင်ကြီးတွေ ဖြစ်လာကြမှာ။ အဲဒီအပင်လေးတွေ သန်လာအောင် အခုထဲက မျိုးစေ့လေးတွေကို မြေဆီသြဇာကောင်းကောင်း၊ နေရောင်ခြည်လည်းရတဲ့ သဘာဝပါတ်ဝန်းကျင် ကောင်းကောင်းမှာ မျိုးစေ့ချနိုင်အောင် ကျနော်ကတော့ တတ်နိုင်သလောက် (အစိတ်အပိုင်းသေးသေးလေး တစ်ခုလောက်ပဲ ဖြစ်ဖြစ်) ကြိုးစားကြည့်တော့မယ်။ အနည်းဆုံးတော့ .. ကျနော် ပြည်ပနိုင်ငံတစ်ခုမှာ လေးနှစ်နီးပါး၊ ဘယ်လောက်ထိ စိတ် ဖိစီးပင်ပန်းခဲ့ရဖူးတယ်ဆိုတာ .. သူတို့ကို ပြောပြရုံလောက် ဖြစ်ဖြစ်ပေါ့ …။

ဝဏ္ဏသန်းထွန်း
(၂၂၊ စက်တင်ဘာ၊ ၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...