Tuesday, September 10, 2013

“ဂျပန်ရေချိုး ခပ်ရိုးရိုး”

September 9, 2013 at 9:31pm
          ဘယ်တုန်းကမှ စိတ်ကူးတောင်ယဉ်မကြည့်ဖူးတဲ့ အဖြစ်တွေထဲမှာ ဂျပန်ပြည်ကို ရောက်သွားရလိမ့်မယ် ဆိုတာလည်း ပါတယ်။ သင်ကြားရေးမှာနေတုန်းကတော့ မွန်ဘူးရှူးစကောလားရှစ်တွေ လူပြည့်ရုံဝင်ဖြေဖူးတာပေါ့။ ဒါပေမယ့်လည်း အဲသည်အချိန်ကတည်းက ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာတောင် မဖြစ်နိုင်မှန်းသိပြီးသားပါ။ ဟိုဘက်က နှစ်တိုင်းခေါ်တယ်ဆိုပေမယ့် ကိုယ်တွေဘက်ကတော့ အခုသူတို့ဆီမှာတွေ့ရတဲ့ တံခါးများလိုပဲ ၀င်မယ့်လူရှေ့ရပ်လာမှ ဖြတ်ကနဲ ခဏပွင့်သွားတဲ့ အခွင့်အလမ်းတွေပါ။ ဆာဂျင်ဖြစ်မယ့်သူဟာ တခြားဟာတွေဖြစ်သွားမစိုးလို့ ကံဖယ်တာနေပါလိမ့်မယ်လေ။ ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်း မစားရလို့ ထိုင်ငိုနေတဲ့ကလေး ရှိမှ မရှိတာ။ လက်တွေ့ဘ၀မှာ စိတ်ကူးက ယဉ်မနေနိုင်ပါဘူး။
အလုပ်ထဲနေတယ်ဆိုတာ ကလေးတွေ ဂိမ်းကစားသလိုပဲ။ လှစ်ကနဲ လှစ်ကနဲ ပေါ်လာတဲ့ ဒင်္ဂါးပြားလေးတွေကို ခုန်ဆွဲလိုက်၊ အတိုက်အခိုက် အခက်အခဲတွေ ကျော်လွှားလိုက်၊ ပါဝါပြည့်လာအောင် လက်နက်တွေတပ်ဆင်လိုက်နဲ့ လှစ်လှစ်ကလေး ပြေးနိုင်မှ လယ်ဗယ်တွေ တက်တက်လာတဲ့သဘောရှိတယ်ဗျ။ ဒီလိုနဲ့ပဲ ဆရာသမားများ စောင်မကြည့်ရှုတဲ့ ကျေးဇူးကြောင့် မမျှော်လင့်ပဲ နေနတ်နွယ်တို့ နိပွန်ရွှေပြည်ကြီးကို ရောက်ခဲ့ရပါတယ်။ ဘာတွေ လေ့လာတတ်သိထားသလဲ လို့မေးရင်တော့ ဘာမှ မတတ်ဘူးဗျ။ ဂျပန်လိုဆိုလို့ ရေချိုးတာတစ်ခုပဲ တတ်တယ်။ “ခွန်နီးချိဝ” “ခွန်ဘန်းဝ” ကလွဲရင် “အရီးကတော့ ကိုသာအိမှတ်တာ” လို့ပဲ ခါးလေးညွှတ်ညွှတ် ပြောတတ်တယ်။ ပထ၀ီတွေ သမိုင်းတွေကတော့ မေးမနေပါနဲ့တော့။ “ဂျပန်အစ ပန်းကန်က” လို့ ပြောလိုက်ရင် ဖွားစောစံကြီးကို ဆာမူရိုင်းတွေအလယ်မှာ ပြေးမြင်မိလိုက်တာ။ သမီးကမှ သူတက်နေတဲ့ ဂျပန်ကျောင်းကျေးဇူးနဲ့ ဆူရှီဆိုင်သွားရင် ဘာတွေရေးထား ဘာတွေစားနားလည်သေးတယ်။ ကိုယ့်မှာ နကန်းတစ်လုံး နားမလည်။ အရုပ်ကလေးတွေသာ မပါရင် အိမ်သာတောင် မှားဝင်မိမယ့်သဘောရှိတယ်။

            အဲလိုအခြေအနေမျိုးနဲ့များ သူများတစိမ်းတွေမြေ နင်းမိတာ နေ့မကူးသေးဘူး။ ချိုသည်ခါးသည် စာဖွဲ့ချင်နေသေးတယ်နော်။ ချိုလည်း မချိုပါဘူး။ ခါးလည်း မခါးပါဘူး။ ပအုန်းရည် ပုံပြင်ထဲကလို ပြောရရင် ဖန်တွတွနဲ့ပါ။ ပအုန်းရည်တို့မည်သည် ရွှေဖလားနဲ့သောက်သောက်၊ ငွေဖလားနဲ့သောက်သောက်၊ အုန်းမှုတ်ခွက်နဲ့ သောက်သောက် အကုန်လုံး ဖန်တွတွချည့်သာဆိုတဲ့ ပုံပြင် ကြားဖူးတယ် မဟုတ်လား။ နိုင်ငံခြားဆိုမှတော့ ဂျပန်မှ မဟုတ်ဘူး။ ယိုးဒယား၊ လာအို၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ ဘယ်နိုင်ငံမဆို ကိုယ့်ထက်တော့ တိုးတက်နေပြီ။ ဒါပေသိ သူတို့အရသာတွေက ကိုယ်တွေမြန်မာပါးစပ်နဲ့တော့ အကုန်ဖန်တွတွချည့်ပဲ။ ဘယ်သူ့နှမ်းဖတ်ချဉ် ဘယ်လိုကောင်းကောင်း ကိုယ်တွေကတော့ ခွေးချေးမှ ခွေးချေး။ မွေးကတည်းက မကောင်းမကန်းနဲ့ နေသားကျလာတော့ အဲဒီမကောင်းမကန်းကိုပဲ အသည်းစွဲတော့တာ။ သူတို့ဆီက ဆာရှိမိ နဲ့ ၀ါဆာဘီကို ငပိရည်တို့စရာလောက် ခံတွင်းမတွေ့တာ ထားလိုက်ပါတော့လေ။ ဒါပေမယ့် မကောင်းတဲ့အကျင့်တွေကျတော့ ရိုးရာအမွေအနှစ်တွေအဖြစ် အတင်းဖက်တွယ်ထားလို့ မသင့်တော်တော့ဘူး။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သူတို့ရပ်ရွာမှာ ခဏတဖြုတ် ဧည့်သည်သွားလုပ်ရတာ ဘယ်နေရာမှာမှ အောက်ကျအားငယ်တဲ့စိတ်မျိုး မဖြစ်မဘူး။ ဒါပေမယ့်လည်း အကျင့်တွေနဲ့ ပတ်သက်လာတဲ့အခါ နှပ်ချေးတွဲလောင်းနဲ့ ပေတလူးကလေးလေးကို ဘောင်းဘီမပါပဲ အလှူခေါ်သွားခံရသလိုပဲ။ ရှက်ကိုးရှက်ကန်း မလုံမလဲခံစားရလို့ ဟိုဟာဆွဲဖုံး သည်ဟာဆွဲဖုံး ဖုံးမိသလို ဖြစ်ရလေတယ်။ ငါတို့အကျင့်တွေဟာ ရှက်စရာကောင်းပါလား လူတောမတိုးပါလား လို့ သိလိုက်ရတယ်။

           ပထမဦးဆုံးအကျင့်ကတော့ လွယ်လွယ်နဲ့ ပြီးပြီးရော လုပ်တာပါ။ ဗီဇာလျှောက်တုန်းက လျှောက်လွှာဖြည့်ကတည်းက လူကိုတောသားလို ဆက်ဆံခံရတယ်။ နမူနာစာရွက်ပေါ်မှာ မြန်မာလို ပီပီသသ ဖြည့်ပြထားသားပဲ။ အဲဒီအတိုင်းကြည့်ဖြည့်ရတာ ဘာခက်တာလိုက်လို့။ ဒါပေမယ့် ကိုယ့်အတွက်တော့ မလွယ်ပါဘူး။ အရင်လျှောက်ဖူးတာမှ မဟုတ်ပဲ။ မဖြည့်တတ်တာတွေ အားကြီး။ ဂျပန်ရောက်ရင် ဘယ်သူလာခေါ်၊ ဘယ်မှာနေ၊ လိပ်စာလေး၊ ဖုံးနံပါတ်လေး ဆိုတာတွေက ကိုယ့်လည်း ဘယ်သူမှ ပြောပြထားတာ မဟုတ်တော့။ မသိဘူး။ မသိတော့ မဖြည့်ဘူး။ တို့က သူတို့ခေါ်လို့လာတာ။ သိချင် ကိုယ့်ဘာသာမေးကြည့်ချေ။ အောင်မယ်လေး။ မှန်ချပ်ကြီးနောက်က မမနဲ့တွေ့တော့ မရဘူးဗျား။ ၃၆ ခေါက်လောက် ပြန်ဖြည့်ခိုင်းတာ။ ကွက်လပ်သေးသေးကလေး တစ်ခုတောင် မကျန်စေရဘူး။ ဖြည့်ထားရတဲ့ စာရွက်ပေါင်း သောင်းခြောက်ထောင်မှာ သူတို့က တစ်ရွက်တောင်းလိုက်ရင်း ကိုယ့်မှာ ဟိုဟာလား သည်ဟာလား ပြောင်းဆန်အောင် ရှာဖွေလှန်လှောရရင်းနဲ့ နောက်မှာတန်းစီနေတဲ့သူတွေ မီးပွိုင့်ကားပျက်နေသလို ဖြစ်ကုန်တယ်။ လေယာဉ်စီးတော့လည်း သည်အတိုင်း၊ လေဆိပ်ဝင်တော့လည်း သည်အတိုင်း၊ ပေးထားတဲ့စာရွက်ပေါ် ဘာကွက်လပ်မှ ကျန်တာမလိုချင်ဘူး။ ရှေ့တစ်ယောက် လည်နေလို့ နောက်ကလူက ၀င်ဝင်ကူရင်လည်း မကြိုက်။ တန်းစီထား၊ ကျော်မတက်နဲ့တဲ့။ အောင်မယ်လေးဟဲ့။ ငါတို့ ဂျပန်ခေတ်ကများ လူဖြစ်ခဲ့ရင် ခူးရကား၊ ဘတ်ကဲရိုးစာမိတာနဲ့ပဲ ထမင်းမစားနိုင်ပဲ ဆန်ပြုတ်သောက်နေရမယ့်ကိန်း။ သူတို့ဆီမှာသာ နိုင်ငံခြားဆိုတာ သန်လျင်၊ ဒလ ဇက်ကူးသလို ဥဒဟိုသွားနေကြတာ။ ကိုယ်တို့ဆီကလူတွေ ဘယ်လောက်ခက်ခဲသလဲ သိလည်းသိပဲနဲ့။ ဒါပေမယ့် သူတို့တွေ သိပ်တိကျတာ၊ စည်းကမ်းကြီးတာတော့ မသိမသာ အတုခိုးလိုက်ပါ့မယ်လေ။

            တန်းစီဆိုတဲ့နေရာမှာ နှစ်ယောက်ယှဉ်ရပ်နေရင် မကြိုက်ဘူး။ ဘယ်နေရာမဆို ပြောထားတဲ့စည်းကမ်းအတိုင်း မဟုတ်ရင် အားကိုမနာဘူး။ ကားလမ်းကူးလို့ ကားတစ်စီးမှ မရှိတုန်း မျဉ်းကျားမီးကလေး စိမ်းအောင် မစောင့်ပဲ ဖြတ်ကူးရင် မေးငေါ့မယ်။ ထမင်းစားပြီးလို့ ပန်းကန်ဆေးတဲ့သူကို သွားပေးတဲ့အခါ တစ်သျှူးစက္ကူ ရောပါသွားရင် ကိုယ့်ဘာသာ အမှိုက်ပုံးထဲထည့်ဖို့ အငေါက်ခံရမယ်။ အဲဒါတွေ အားလုံး ကိုယ့်ဆီမှာတော့ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုပြီး ဒီလိုပဲ အဆင်ပြေအောင် ဖြစ်သလိုလုပ်နေကျ။ သူတို့များ တို့ဆီရောက်ရင် ခက်ရချေရဲ့။ ကားလမ်းလည်း ကူးတတ်မှာ မဟုတ်၊ လမ်းလျှောက်ရင်း အမှိုက်တွေ လိုက်ကောက်နေလို့ လိုရာလည်း ရောက်မယ် မထင်။ မှားတာတော့ ကိုယ်တွေက မှားတာပါလေ။ သူတို့ဆီ ကားလမ်းကူးရတာ ဘယ်လိုအရသာရှိမှန်းမသိဘူး။ ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့်တွေ ဘာမှမလိုဘူး။ မျဉ်းကျားဟိုဘက်က အနီအစိမ်းလေးကိုပဲ ကြည့်။ စိမ်းပြီဆိုရင် လှုပ်လီလှုပ်လဲ့ကလေး လူရောခွေးရော မော့တော့မော့တော့ နဲ့ ဘယ်ကားမှ လူမထင်ပဲ ဖြတ်ကူးလို့ရတယ်။

            ကိုယ့်ဘက်က ကိုယ့်ဘာသာ မသိမသာပြင်ပြီး လိုက်တုလို့ရတဲ့ဟာဆိုလို့ အဲဒီအကျင့်ကလေးတစ်ခုပဲ ရှိတာဗျ။ ကျန်တဲ့ အိမ်ခြေတိုက်တာ။ လမ်းတံတား၊ ကားရထားဆိုတာတွေကတော့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတောင် လိုက်မီစရာ မရှိဘူး။ ရမ်ဘိုကြီး အိုးမည်းသုတ်ပြီး ရေထဲမိုးထဲ စစ်တိုက်ပြတဲ့ ဗီယက်နမ်ကလေဆိပ်ဟာ ကိုယ့်ဆီကလေဆိပ်ထက် ပြန်တစ်ရာကဲတယ်။ ကိုယ့်ဖြင့် ပေရေစုတ်ပြတ်နေတဲ့ ဗီယက်ကောင်းကလေးတွေ မျက်စိထဲက မထွက်သေးဘူး။ အပြင်လောကမှာ သူတို့က ကိုယ့်ကို တောသားခေါ်ကြတော့မယ်။ ညလုံးပတ်လည် အ၀င်အထွက် အတက်အဆင်းနဲ့ ပျားပန်းခပ်နေရုံတင် မဟုတ်ဘူး။ လေယာဉ်တစ်စီးတစ်စီးအတွက် ခရီးသည်တွေ ဘပ်စကားနဲ့ ငါးခေါက်လောက် တိုက်ယူရတာမြင်တော့ လေယာဉ်ဆိုတာ လူတွေ ရာနဲ့ချီစီးလို့လည်း ရသဟ လို့ တအံ့တသြ။ တော်ပြီ။ နောက်တစ်ခါ နိုင်ငံခြားခရီးစဉ်ဆို ဇင်ဘာဘွေ၊ အီသီယိုးပီးယားပဲ သွားချင်တော့တယ်။

             စည်းကမ်းကောင်းတော့လည်း ကိုယ့်ဆီမှာလို ဗရုတ်သုတ်ခ တောင်ပြေးမြောက်ပြေး မရှိဘူးပေါ့လေ။ လေယာဉ်ပျံပေါ်ကဆင်းရင် ဆိုင်းဘုတ်ကလေးနဲ့ လာကြိုပြီး ဘတ်စကားပေါ် တင်ပေးလိုက်တယ်။ သဘောင်္ဆိပ်ကျ ကိုယ့်ဘာသာကိုယ် ပြောင်းစီး၊ ကိုဘီဆိပ်ကမ်းကပ်တော့တစ်ခါ လာကြိုပြီး အငှားကားပေါ်တင်ပေးလိုက်၊ တည်းရမယ့်နေရာ တန်းရောက်ရော။ အိန္ဒိယသွားတုန်းကလို တက္ကစီဒရိုင်ဘာနဲ့ စကားများ ရန်ဖြစ် ပိုက်ဆံတွေ သူတောင်းသလောက် ထပ်ပေးမှ ကိုယ်လိုရာရောက်တဲ့ အဖြစ် လုံးဝမရှိဘူး။ ကိုယ်တို့ဆရာဝန်တွေက နိုင်ငံခြားသွားမယ်ဆိုမှ ကုတ်အင်္ကျီကြီး တကားကားထုတ်ဝတ်တာ။ ဂျပန်က တက္ကစီဒရိုင်ဘာဆိုတာ ကုတ်၊ နက်တိုင်၊ ဦးထုပ်၊ ဖိနပ်တင် မကဘူး။ လက်အိပ်အဖြူ၊ နေကာမျက်မှန်ပါ အိုဗာတင်းသောက်ထားတာ။ သူ့တံခါးဖွင့်ခိုင်းရမှာ အားတောင် နာတယ်။

             ကိုဘေးမြို့ကြီးကတော့ မနှိုင်းကောင်းနှိုင်းကောင်း နှိုင်းရရင် ကိုယ်တို့ဆီက နေပြည်တော်နဲ့တူတယ်။ အဆောက်အဦကြီးကြီး၊ ကားလမ်းမအကျယ်ကြီးတွေမှာ လူသွားလူလာ မရှိသလောက် ရှင်းလင်းတိတ်ဆိတ်နေလို့။ ဘာအသံပလံမှလည်း မထွက်ဘူး။ ဘာအမှိုက်သရိုက်မှလည်း မရှိဘူး။ မြို့အတုကြီးကျနေတာပဲ။ အသက်လည်း မ၀င်။ ရှော့ပင်းမောကြီးတွေဆိုတာ လူရိပ်လူခြေ မမြင်လို့ သေချာအောင် ပြန်ပြန်ကြည့်ယူရတယ်။ ကိုယ်တို့ Junction Square ထက် ကြီးတယ်၊ စုံတယ်၊ မစည်တာလေးတစ်ခုပဲ။ ၀န်ထမ်းတွေကို နည်းနည်းလေးပဲ ခန့်ထားတာ။ ကိုယ့်ဆီမှာလို ကုတ်နံပတ်ကြီးတွေ ကပ်ထားလျက်နဲ့ ဘယ်သူရေ၊ ဘယ်ဝါရေ၊ ဟိုကောင်တာက တစ်ယောက်လောက် ခေါ်ပါဦး။ ဒီဟာဘယ်ဈေးလဲ။ ယောက်ယက်ခပ်မနေဘူး။ ပစ္စည်းတွေက ကောင်းတော့ကောင်းတယ်။ ဈေးကြီးတယ်။ မြှောက်မကြည့်တာပဲ ကောင်းတယ်။ မြှောက်ကြည့်ရင် ရေတောင် မသောက်ချင်။

            ထမင်းစားတဲ့အခါ သူတို့က လက်မှတ်ကလေးတွေ ထုတ်ပေးထားတယ်။ တစ်နေ့ ယန်း ၇၀၀ ဖိုး ကုန်အောင်စား။ ကိုယ်တွေဆီမှာလို ဘာဟင်းနဲ့စားရကောင်းမလဲ မစဉ်းစားနိုင်ဘူး။ ဘယ်ဟာနဲ့ ကွက်တိကိုက်သလဲ တွက်တွက်ပြီး စားရတယ်။ သူများတွေလည်း တွက်ကြတာပါပဲ။ သူတို့တွက်တာ ကယ်လိုရီကို တွက်ကြတာ။ တစ်နေ့အတွက် ကယ်လိုရီဘယ်လောက်စာပဲ စားမယ်။ တိတိကျကျ တွက်ချက်စားသောက်ကြတယ်။ ကိုယ်တွေလို ပိုက်ဆံတွက်စားတာ မဟုတ်ဘူးဗျ။ ဆိုင်က အစားအသောက်တိုင်းမှာ ကယ်လိုရီ ဘယ်လောက်ပါသလဲ အကုန်လေဘယ်ကပ်ထားတယ်။ ဒီကတောသားကတော့ အလကားရတဲ့ ကော်ဖီ လက်ဘက်ရည်လည်း မထည့်တတ်၊ အကြွေစေ့ထည့်ဝယ်ရတဲ့ အအေးဘူး၊ ရေသန့်ဘူးတွေလည်း ခလုပ်မနှိပ်တတ်။ မေဆွိကြော်ငြာတဲ့ “ဂျပန်ပြည်မှာ ခရီးသွားရတာ ပျော်စရာပါ။ အစားအစာများလည်း အရသာထူးကဲပါတယ်။ အာဂျီနိုမိုတိုကို လူတိုင်းသုံးစွဲပါတယ်။” ဆိုတာကို သွားသတိရတယ်။ ဟုတ်ပါရဲ့။ သူတို့ ဂျပန်ဟင်းလျာတွေက အမယ်တွေကို စုံစိနေသလောက် အရသာလေးတွေလည်း ထူးခြားပါတယ်။ ဒါပေမယ့် သူ့ချည့်သာလော ဆိုရင်တော့ “ငပိကြော်လေးနဲ့ပါ ဘုရား။” လို့ ဖြေရမယ်။ အဲဒါလေးမှ မပါရင် စားရတာ အာသာကို မပြေဘူး။ မင်းညီနောင် တော်ကောက်မထားပေမယ့်လည်း သူတို့ဂျပန်တွေက ခြေလေးချောင်းသားဆိုရင် လေယာဉ်ပေါ်အတင်မခံဘူးဆိုလို့ အိမ်က အခြောက်အခြမ်း အကြော်အလှော်တွေတောင် အကုန်မသယ်ခဲ့နိုင်ဘူး။ နှမြောမိပါရဲ့။

           ကိုယ်နဲ့အတူ JICA အစီအစဉ်နဲ့ နိုင်ငံခြားသားပေါင်း သောင်းခြောက်ထောင်ကလည်း အဲဒီအဆောက်အဦထဲမှာတင် သူ့အစုကလေးတွေနဲ့သူနေကြတာဆိုတော့ အ၀င်ဟိုင်း အထွက်ဟိုင်း တဟိုင်းဟိုင်းနဲ့ပါ။ ဘာပဲပြောပြော ကိုယ့်တိုင်းပြည် သိက္ခာကျမစိုးလို့ အသာလေးကုပ်နေရတယ်။ မတော် မဟုတ်တရုတ် အကျင့်တွေ ပေါ်ကုန်တော့ ကိုယ်တင်ရှက်ရမှာ မဟုတ်ဘူးလေ။ တော်ပါသေးရဲ့။ ကိုယ့်အဖွဲ့ထဲ ကွမ်းစား၊ ဆေးသောက်၊ ကျပျောက်တဲ့သူ တစ်ယောက်မှ မပါပေလို့။ ပဲကလေးကတော့ မွေးရာပါ မဟုတ်လား။ အပြင်ထွက်ရင် ခေါင်းကလေးကို မော့ထားတာ။ ဘာကိုမှ မထူးဆန်းသလို မှင်နဲ့မောင်းနဲ့ ခိုးခိုးကြည့်ရင်းကမှ အခု အခန်းပြန်ရောက်တဲ့အခါ မြင်သမျှတွေ့သမျှ သောက်ကျိုးနည်းဟဲ့ဆို အတင်းတုပ်တာလေ။ ဘာသင်တန်းမှ မစရသေးခင် ကိုယ့်ကိုယ်ကိုယ် သံပတ်ပြန်တင်းနေရတာ အဓိကကတော့ စည်းကမ်းပါပဲ။ ဒီကပြန်သွားရင် အဲဒါလေးတစ်ခုလောက် စွဲကျန်ခဲ့ရင်တောင် နည်းနည်းနောနော အမြတ်ထွက်တာ မဟုတ်ဘူး။ ငယ်ငယ်တုန်းကတော့ တောသားပီပီ ဇွန်းခက်ရင်းနဲ့စားတတ်အောင် သင်တယ်။ တူနဲ့စားတတ်အောင် ကျင့်တယ်။ နက်တိုင်စည်းတာ၊ ဘွတ်ဖိနပ်နဲ့လမ်းလျှောက်တာ အကုန်လုံး သင်ထားကျင့်ထားတာချည့်ပဲ။ ခုတော့ အဆင်အပြင်တစ်ခုတည်းနဲ့ လူတောမတိုးသေးဘူး။ စည်းကမ်းသေ၀ပ်တဲ့ အကျင့်ကလေးနဲ့မှ လူမြင်တင့်တယ်သလေ လို့ သဘောပေါက်လာပြီ။

           ညနေမှောင်ရီပျိုးတော့ ကမ်းခြေက ကွန်ကရစ်လမ်းကလေးပေါ်လျှောက်ရတာလည်း အင်မတန် ဆိတ်ငြိမ်အေးချမ်းတယ်။ လှိုင်းပုတ်သံကလေးတွေ ကြားရပေမယ့် ဗိုလ်တစ်ထောင်ကမ်းနားက ဗောတံတားတွေလိုတောင် လှုပ်စိလှုပ်စိ မငြိမ့်ဘူး။ လေကောင်းလေသန့်လို့တော့ မခံစားရဘူး။ ရေက ညှီစို့စို့နဲ့ရယ်။ အရွယ်စုံ အရောင်စုံလူတွေ နားကြပ်ကလေးတွေတပ်ပြီး လမ်းလျှောက်ကြ၊ ပြေးကြပေါ့။ ကိုယ်တွေကတော့ သိတယ် မဟုတ်လား။ ဗမာလေ။ ဖေ့စ်ဘတ်ပေါ်တင်ဖို့ ဓါတ်ပုံရိုက်စရာပဲ ရှာနေတာ။ ကောင်းလိုက်တာ။ လူရှင်းရှင်း၊ ကားရှင်းရှင်း၊ လမ်းရှင်းရှင်း၊ အမှိုက်ရှင်းရှင်း မြို့ကလေး။ စက်ဘီးတွေတော့ သိပ်ပေါတာပဲ။ နေရာတိုင်းမှာ ပုံနေအောင် တွေ့ရတယ်။ စီးချင်သပဆို တည်းဆောင်မှာ ငှားလို့ရသတဲ့။ မီးတွေထိန်နေတဲ့ ဆိုင်တန်းကလေးတွေမြင်တော့ လားလား။ တစ်ရပ်ကွက်လုံး ဆာကေးဘားတွေ ထင်ပါရဲ့။ ဂျပန်မလေးတွေ ကောင်တာနောက်က ငှဲ့ပေးတာကို ထိုင်ငေးငေးရင်းသောက်မလား၊ တင်ပျဉ်ခွေဝိုင်းကလေးတွေနဲ့ ထိုင်မလား။ စကားမတတ်လည်း မပူပါနဲ့။ ပုံတွေ အရုပ်တွေ လက်ညှိုးထိုးပြီး မှာလို့ရတယ်။ လူသာ လက်ညှိုးသွားမထိုးမိစေနဲ့။ စာတွေကတော့ ပြွတ်သိပ်နေအောင် ရေးထားတာပေါ့။ ဂျပန်လိုချည့်ပဲ။ အင်္ဂလိပ်လိုက ဟိုးအောက်ခြေမှာ စာလုံးသေးသေးကလေးနဲ့ သနားလို့ ရေးပြထားသလို ရေးထားမယ်။ ဒီဗီဒီအခွေတွေဆို ဈေးမတရားကြီးပါပေတယ်။ ဆူးလေလမ်းလေးကဆိုင်လေးတွေကို ဘယ်နိုင်ငံကမှ လိုက်မီမယ် မထင်ဘူး။ အော် လေ အော်။ မူပိုင်ခွင့်ဆိုတာကြီး အသက်ဝင်လာလို့ ကိုယ့်ဆီလည်း အဲသလိုဖြစ်ကုန်ရင် သီချင်းဆိုတာ အင်တာနက်ပေါ်မှာပဲ နားထောင်ရတော့မယ်။

           ဂျပန်မှာ စံတင်ရှုမော အံ့သြလောက်တာတွေထဲမှာ နေရာထိုင်ခင်း စီမံခန့်ခွဲမှုလည်း ပါပါတယ်။ အများနဲ့ဆိုင်တဲ့ နေရာ ဥယျာဉ်ပန်းမာန် လမ်းတံတား အဆောက်အဦတွေကို နေရာအကျယ်ကြီးယူသလောက် တစ်ဦးချင်းစီအတွက် သီးသန့်နေရာကလေးတွေတော့ အင်မတန် ကျစ်ကျစ်လစ်လစ် ရှိအောင် စီမံတယ်။ အထုပ်ကြီးအထုပ်ငယ်နဲ့ သယ်လာသမျှ ပစ္စည်းတွေက အခန်းကလေးနှစ်တောင့်ထွာမှာ အကုန်လုံး ထားလိုက်သိုလိုက်တော့ လူမှနေပါလေစ အောင့်မေ့သွားရမယ်။ ကုတင်အောက်မှာလည်း အံဆွဲက သုံးလုံး၊ စာကြည့်စားပွဲအောက်မှာ မှန်တင်ခုံဘေးမှာ ဘယ်နေရာမှ တစ်လက်မတောင် အပုပ်မခံပဲ အသုံးချထားတယ်။ အိမ်သာတက်ရင်း ဘေးကသွားတိုက်တဲ့ ကြွေခွက်ကို သွားဆေးခန်းက ကုလားထိုင်လို လှမ်းပလုပ်ကျင်းလို့ရတယ်။ လက်ရှုပ်မစိုးလို့ ရေပန်းလက်ကိုင်ဘီဒေးလေးတွေတောင် မထားဘူး။ ကြွေခွက်ထဲက အလိုလို လှမ်းဆေးပေးတာ။ ရေချိုးတဲ့ကြွေကန်ကြီးကိုတော့ နေရာအပြည့်ယူထားပေးတယ်။ နေရာမှန်သမျှကို သွားတိုက်ဆေးညှစ်သလို ညှစ်ထုတ်ထားတာ။ အထပ်တိုင်းမှာ လောင်ဒရီခန်းလေးနဲ့ မီးပူတိုက်စရာထားပေးတယ်။ မီးဖိုချောင်ကလေးတွေလည်း ရှိတယ်။ ကစားချင်သပဆို Gym ဆော့လို့ရတဲ့နေရာ စီစဉ်ပေးတယ်။ ပြက္ခဒိန်တစ်လစာနဲ့ ပွဲလမ်းသဘင်တွေ ဖိတ်ထားတယ်။ ကြိုတော့ စာရင်းပေး၊ နေရာထိုင်ခင်း စီမံနိုင်အောင်လို့။

          အင်မတန် ထားတတ်သိုတတ်တဲ့ လူတွေကပဲ။ ခေါ်လာတဲ့ဧည့်သည်တောင် အချိန်အလဟသ မဖြစ်ရအောင် အကွက်စေ့စေ့ အသုံးချတယ်။ လူကြီးအစည်းအဝေးခန်းထဲဝင်သွားလို့ ထိုင်စောင့်ရတယ်ဆိုတာမျိုးလည်း မရှိဘူး။ မချိန်းပဲနဲ့ မလာနဲ့။ ချိန်းထားရင် ကိစ္စနဲ့သင့်တော်သလောက် သတ်သတ်မှတ်မှတ် အချိန်ပေးလိမ့်မယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့က ဒီမှာ မရောဘူး။ မလိုအပ်ပဲနဲ့လည်း လူကြီးဝင်ဝင်ဖူးရမယ်၊ ဂါရမယ် ထုံးစံမရှိဘူး။ အောင်မယ်။ တစ်ရက်နဲ့တစ်ပိုင်းပဲ ရှိသေးတာ။ သူများအကြောင်းပြောသလိုလိုနဲ့ ကိုယ့်အတင်းကိုယ် တုပ်နေမိပြီ။ ကျေးဇူးမကန်းနဲ့ မောင်စံဖား။ မင့်စားသောက်နေထိုင်နေသမျှ အားလုံးဟာ မင့်အရှိန်အ၀ါ တစက်ကမှ မပါဘူး။ ဆရာသမားများရဲ့ မေတ္တာဖြင့် စောင်မကြည့်ရှုမှုအောက်မှာ လုံးလုံးကြီး တည်မှီလေတယ်။  ကျေးဇူးကြီးမားပါပေတယ်။ အနည်းဆုံးတော့ ကိုယ့်ဆီက ဖြစ်သလို၊ ကြုံသလို နဲ့ သောက်ရမ်းဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ နတ်ရေကန်ထဲ ပစ်ချလိုက်သလို သူငယ်နာစင်သွားနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ အလုပ်ဖြစ်ဖို့က အဓိက၊ ပိုက်ဆံမကုန်ဖို့က ဒုတိယ၊ လူကြီးကြိုက်ဖို့က အသက်တမျှဆိုတဲ့ တို့အရေးကြီးသုံးပါးကနေ စည်းကမ်း စံနစ်ဇယား နဲ့ နေတတ်စားတတ်အောင် သင်ကြားပေးလိုက်တယ် လို့ ယူဆမိပါတယ်။ ပြန်ရောက်တော့မှ ခွေးမြီးကောက် ကျည်တောက်မစွပ်ဖို့တော့ အရေးကြီးတာပေါ့လေ။ ဂျပန်တွေဆိုတာ သူတို့ရေချိုးသလိုပဲ ဘာမဆို ရှင်းရှင်းလင်းလင်း ဘွင်းဘွင်းဝင်းဝင်းကြီးတွေပါလားလို့ ပထမဆုံးမိတ်ဆက်ပေးလိုက်တယ်ဗျား။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...