Friday, September 6, 2013

ပြည်သူပြောတဲ့ ရှေ့နေ

July 20, 2013 at 6:57am


တစ်နေ့သောအခါ ရှေ့နေကြီး A နှင့် ကိုဖြူ၊ ကိုနီ၊ ကိုဝါ၊ ကိုညိုတို့ ဂေါက်ရိုက်ပြီးသည့်နောက် စားပွဲဝိုင်းတွင် ဆုံတွေ့ကြလေသည်။

ကိုညို -  “ရှေ့နေ” ဆိုတာဘာလဲ ပြောပြပါဦးဗျာ

ရှေ့နေ A - ရှေ့နေဆိုတာ တရားရုံးမှာ မိမိအမှုသည်ရဲ့ ရှေ့ကနေပြီးတော့ အမှုသည်ရဲ့ကိုယ်စား အမှုကိစ္စသက်သာရာ သက်သာကြောင်းဖြစ်စေ၊ မိမိအမှုသည်မှာ ရသင့်ရထိုက်ခွင့်ရှိကြောင်းဖြစ်စေ ဥပဒေနဲ့အညီ ပြောဆို၊ စစ်ဆေး၊ လျှောက်လဲ၊ အကျိုးဆောင်ပေးတဲ့ သူတွေပါ။ ခင်ဗျားတို့ မြင်တာ၊ သိထားတာ ပြောပြပါဦး။


ကိုဖြူ - ကျွန်တော်တို့ အရပ်ထဲက လူတွေအဖို့တော့ ရှေ့နေဆိုတာ လျှာအရိုးမရှိတိုင်း၊ ဂျပိုးကို လိပ်ဖြစ်အောင်၊ လိပ်ကို ဂျပိုးဖြစ်အောင်၊ အဖြူကိုအမည်းဖြစ်အောင်၊ အမည်းကို အဖြူဖြစ်အောင် ပြောတတ်တဲ့လူတွေလို့ ရယ်စရာပြောကြတယ်ဗျ။

ကိုနီ - တခါက နယူးဇီလန်နိုင်ငံ စကားရည်လုပွဲတစ်ခုမှာ ဒီလိုခေါင်းစဉ်နဲ့ စကားရည်လုပြောခဲ့ဖူးတယ်ဗျ။ ဘာတဲ့…  “ရှေ့နေဆိုတဲ့ လူတန်းစားဟာ လူကိုကပ်ပြီး သွေးစုပ်နေတဲ့ လူ့ကပ်ပါးကောင်တွေ၊ တစ်မိုးလုံးဖျောက်ဆိပ်လို လူ့အဖွဲ့အစည်းမှာ နေရာတကာ သူတို့ကြီးစိုးနေကြတယ်။ သူတို့ကို အမြစ်က နှုတ်ပြီး ဖယ်ရှားသင့်တယ်” တဲ့။

ကိုဝါ - စာရေးဆရာ ဂျွန်နသန်ဆွစ်က “ရှေ့နေဆိုတာ စကားအရာမှာ ငယ်ငယ်ကတည်းက အဖြူကိုအမည်း၊ အမည်းကိုအဖြူ ပြောဖို့ မွေးဖွားလာတဲ့ လူတန်းစားတွေတဲ့။ သူတို့ကို ငွေပေးရင် ပေးသလောက် အမှုသည်အတွက် အခိုင်အမာ အားကြိုးမာန်တက် လျှာထွက်အောင် ပြောပေးတတ်တဲ့ လူစားမျိုးတဲ့။ လှည်းဘီးများ သွက်အောင် ဆီထိုးပေးရသလို ငွေတော့များများပေးရတယ် တဲ့။

ကိုညို - အမှုသည်တွေရဲ့ ဘဝဟာ ဘာနဲ့တူသလဲဆိုရင် ရှေ့နေမြေခွေးနဲ့ တရားသူကြီး မြေခွေးကြား ရောက်နေတဲ့ “ငန်း”နဲ့ တူတယ်ဗျ။

ကိုဖြူ - “ငိုစားရယ်စား”ဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ဆရာတို့ လိုက်တဲ့အမှု ထောင်ကျသွားရင် အမှုသည်မိသားစုက ငိုတယ်။ ဆရာတို့ကတော့ မငိုဘူး။ အယူခံအမှု ထပ်ရတာကိုး။ အယူခံအမှုအတွက် ရှေ့နေခ ထပ်ရတယ်လေ။

ကိုနီ- ဟော အမှုသည်လွတ်သွားတော့ ကျွန်တော်တို့ ရယ်တယ်။ ဆရာတို့ကလည်း ရယ်ပြီ။ ငါ လုပ်တာ၊ ငါ လုပ်တာနဲ့ ဥာဏ်ပူဇော်ခ ထပ်တောင်းတယ်၊ ဆရာတို့အတွက် (ငိုငို၊ ရယ်ရယ်) အလုပ်ဖြစ်နေတာပါကလား။

ကိုဝါ - “နှစ်ဖူယက်” ရှေ့နေဆိုတာ ကြားဖူးတယ်။ ကိုယ်လိုက်တဲ့ အမှုသည်ဘက်ကလည်း ရှေ့နေခယူတယ်။ ဆန်ကျင်ဘက် အမှုသည်ဘက်ကလည်း သဒ္ဓါကြေး၊ ဘော်ဒါကြေး ဆိုပြီး လက်ခံတယ်။ “နှစ်ဖူယက်” နှစ်ဖက်ယူ” ကြတာလို့ ပြောကြတာပါပဲ။

ကိုညို - "Lawyers are liars" ရှေ့နေများသည် လူလိမ်များ ဖြစ်ကြသည်လို့ ဖတ်ဖူးတာပဲ။

ရှေ့နေ A - အမှုသည်အကျိုးအတွက် တခါတလေ ဖုံးရဖိရ မုသားပြောရတာပါ။

ကိုဖြူ - ဒါကြောင့်ထင်ပါရဲ့၊ မြန်မာမင်းတွေရဲ့ အမိန့်တော်ပြန်တမ်းတွေမှာ “ရှေ့နေများသည် မုသားစကားနှင့် မကင်းသော သူများဖြစ်၍ မြို့တွင်းမနေစေရ၊ မြို့ပြင်၌သာ အိမ်ဆောက်နေကြစေ” ဆိုပြီး သာလွန်မင်းကြီး အမိန့်တော်ပြန်တမ်းမှာ တွေ့ရတယ်။

ကိုနီ - အာဏာရှင်တွေကဆိုရင် “ရှေ့နေတွေကို အကြင်နာမဲ့စွာ တုပ်နှောင်ထားပြီး သူတို့ဘေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ ခွေးဆိုးတစ်ကောင်နဲ့ ပူးချည်ထားသင့်၏” တဲ့။ (ဖရက်ဒရစ်သာဂရိတ် ဘုရင်ကြီး)

ကိုဝါ - နပိုလီယန်ကဆိုရင် “ငါ့အစိုးရကို ဆန့်ကျင်တဲ့ ရှေ့နေမှန်သမျှ လျှာကို ဖြတ်ပစ်ရမယ်” တဲ့။ ပြတ်ပြတ်ပဲ။ ဟဲဟဲ။

ကိုညို - ရှေ့နေတွေဟာ ကျီးမည်းတွေပဲ။ သူပုန်နက်တွေ။ ဒီလူတွေကို နိုင်ငံရေးရာတွေမှာ ဘယ်နေရာမှ မသုံးနဲ့တဲ့။ (အက်စ်ဂျီတီအက်စ် ၂၀၁၀)

ကိုဖြူ - ရှေ့နေတွေဟာ သူပုန်နက်တွေ၊ အရေးအခင်းတွေ ဖြစ်တာလည်း ဒီလူတွေကြောင့်ပဲ။ ဆန္ဒပြအောင် မြှောက်ပေးတာ ဒီရှေ့နေတွေပဲ။ နောက်ထပ် ဒီနိုင်ငံမှာ အခြားဘွဲ့ရတဲ့ လူတွေ စာမေးပွဲ မဖြေစေနဲ့။ ရှေ့နေစာမေးပွဲ (H.G.P, R.L, Advocateship) စာမေးပွဲတွေလည်း လုပ်မပေးနဲ့။ ရော့ ဒီစာမေးပွဲဖိုင်တွေ ပြန်ယူသွားလို့ ပြောခဲ့ဖူးတယ်။ (ဂျီကေအင် ၁၉၈၉)

ကိုနီ - ရှေ့နေတွေသေရင် လျှာမီးမလောင်ဘူးပြောလို့ (၁၉၇၇)ခုနှစ်က ဆင်ဖြူကန်သုဿန်မှ ရှေ့နေကြီးတစ်ယောက် အသုဘမီးသဂြိုလ်တာ သွားကြည့်ဖူးတယ်။ လျှာတော့ မီးလောင်သွားတယ်ဗျ။ တစ်နေရာတော့ မီးမလောင်ဘူး။ လှုတ်တုတ်လှုပ်တုတ်နဲ့ အံ့သြစရာပဲ။

ရှေ့နေ A - (သိပြီမဟုတ်လား၊ သေပြီးတောင် လှုပ်ရှားရုန်းကန်နေတာ)
ဒါတင်ဘယ်ကမလဲ (၂၄-၀၃-၁၉၈၄) မန္တလေးမီးဘေးမှာ ရှေ့နေအိမ်(၃၀)လောက် မီးထဲပါသွားတယ်။ ဒါပေမယ့် တန်းလန်းတန်းလန်းနဲ့ မီးမလောင်ဘဲ ကျန်နေခဲ့တယ်ဗျ။ (ရှေ့နေဆိုင်းဘုတ်ကလေးတွေ)

ကိုဝါ - ဆရာတို့ရှေ့နေတွေ သေရင် မြေမြှုပ်စရာ၊ မီးသဂြိုဟ်စရာ မလိုဘူးလို့လည်း ပြောကြတယ်။ ရှေ့နေသေရင် မြေကြီးပေါ်မှာ မှောက်ပြီးထားလိုက်ပါတဲ့။ သူပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် အဝီစိငရဲ့ကို သူ့ဟာသူယက်ပြီး ဆင်းသွားလိမ့်မယ်လို့လည်း ပြောကြတာပါပဲ။ (ဟဲ….ဟဲ)

ကိုညို- ရှေ့နေလိုအပ်တဲ့ အခြေအနေတော့ ရှိတတ်တယ်။ ကိုယ်မုန်းတဲ့လူကို ဒုက္ခပေးချင်ရင် သူတို့ကို ငှားရတယ်တဲ့ဗျ။

ကိုဖြူ - ရှေ့နေက ဒုက္ခတော့ ကောင်းကောင်းပေးတတ်တာ တွေ့ဖူးတယ်။ သူ့ယာဉ်မောင်းလိုင်စင်ကို ယာဉ်ထိန်းက သိမ်းလိုက်တယ်။ အဲဒီရှေ့နေက မပြန်ဘဲ ယာဉ်ထိန်းလုပ်သမျှ အားလုံးကို ရေးလိုက်၊ မှတ်လိုက်၊ ဓာတ်ပုံရိုက်လိုက် လုပ်နေတယ်ဗျာ။ ကြာတော့ ယာဉ်ထိန်းခမျာ ယာဉ်မောင်းလိုင်စင်ကို ပြန်ပေးလိုက်ရတယ်။

ကိုနီ - ကိုယ်အမှုဖြစ်တဲ့အခါမှာလည်း (ဗိုက်နာတဲ့အခါ အိမ်သာဟာ အလွန်အသုံးကျသလို) ရှေ့နေဟာ အသုံးဝင်တယ်တဲ့။ ကိစ္စပြီးသွားရင် လှည့်မကြည့်ကြတော့ပါဘူး။

ရှေ့နေ A - ရပါတယ်၊ ရပါတယ်။ ပြောချင်သလောက် ပြောကြပါ။ ရှေ့နေတွေကို အာဏာပိုင်တွေကရော၊ ခရိုနီတွေကပါ ဒီလောက် အပုတ်ချ၊ နှိမ့်ချ၊ အာားမနာတမ်း မှိုချိုးမျှစ်ချိုး နှိပ်ကွပ်ပြောဆိုကြတယ်။ ဒီနိုင်ငံမှာ ရှေ့နေတွေကို ထောင်ချ၊ လိုင်စင်ရပ်စဲလာတော့ ရှေ့နေဆိုတာ မူးလို့တောင် ရှုစရာမရှိအောင် မျိုးတုန်းသွားတဲ့ သတ္တဝါတွေ ဖြစ်လောက်ပြီး ထင်ပါရဲ့။ “ရှေ့နေ မရှိ၊ ဥပဒေစိုးမိုးမှု မရှိ” တဲ့ဗျ။ မှတ်ထား။ အဲဒီအချိန်ကာလမှာ ခင်ဗျားတို့ အမှုဖြစ်ရင်သိမယ်။ အဲဒီတော့မှ ကျုပ်တို့ကို မတမ်းတနဲ့။ ဟင်း……

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...