Friday, September 13, 2013

ဗိုလ်ချုပ်အောင်ဆန်းမြေနေရာ မောင်ပိုင်စီးရေးကိစ္စ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က လက်မခံ

Min Aung Khine and 2 other friends shared ဟာဂျူလီ ကသာ's photo.




စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးမှ ကသာမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအား သစ်ပုံကွင်းပြုလုပ်၍ သစ်ချနေမှုအပေါ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်မြေစာရင်း မည်သူ့ထံတွင်
တာဝန်ရှိကြောင်း စစ်ဆေးတင်ပြရန် ကသာခရိုင်အဆင့် အစည်းအဝေးတွင် မှာကြားသွားခဲ့ကြောင်း သတင်းရရှိပါသည်။


၅၊၉၊၂၀၁၃ရက်နေ့၊နေ့လည်(၁၀နာရီ၃၀မိနစ်)အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးသည် ကသာမြို့၊ကသာခရိုင်အစည်းအဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ်အဆင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်စဉ် ထိုကဲ့သို့မှာကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးမှ Herjule Mediaသို့
ယခုလိုပြောကြားခဲ့ပါသည်။
'' အစည်းအဝေးမှာ ကသာမြို့အထောက်အကူပြုကော်မီတီတစ်ယောက်က တင်ပြပါတယ်၊ကသာမြို့မှာရှိတဲ့ ဗိုလ်ချုပ်ပန်းခြံကို သစ်ကွင်းလုပ်ထားတဲ့အတွက် ကျောက်တိုင်နဲ့ပန်းခြံ
ပျက်စီးနေတဲ့အကြောင်းပေါ့၊အဲဒီလိုတင်ပြတော့မှ ၀န်ကြီးချုပ်က သတိရသွားပြီး ခရိုင်နဲ့မြို့နယ်ကို ခင်ဗျားတို့ကို ကျွန်တော်ဒီကိစ္စဆောင်ရွက်ထားမှု အခြေအနေပြန်တင်ပြဖို့ စာထုတ်ထားတာ
အတော်တောင်ကြာနေပြီပဲ၊ဘာမှလည်း ပြန်မတင်ပြပါလားလို့ပြောတယ်၊အဲဒီမှာ ဖေါင်ဖွဲ့ရေးကပုဂ္ဂိုလ်က ထပြောတယ်၊မန္တလေးတိုင်းဒေသကြီးရုံးကို ကျွန်တော်မြေဂရံရရှိရေး ဆောင်ရွက်နေတယ်ပေါ့၊
အဲဒီလိုပြောတော့ ၀န်ကြီးချုပ်က ဟ.ဒါကစစ်ကိုင်းတိုင်းဒေသကြီးဗျ၊ဒီလိုခင်ဗျားကတင်တော့ ပုံစံ ၁၀၅/၁၀၆ ရပြီလားလို့ မေးပါတယ်၊ဖေါင်ဖွဲ့ရေးကပုဂ္ဂိုလ်က မရသေးပါဘူးဖြေတယ်၊
ဝန်ကြီးချုပ်က အေးဘယ်လိုရမှာလဲ၊မြို့လည်ခေါင်မှာ သစ်တွေစုပုံတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံမှာမှ မဟုတ်ဘူး၊ကမ္ဘာမှာတောင် မရှိဘူး၊ခင်ဗျားတို့က မြို့လည်ခေါင်မှာ သစ်ပုံကွင်း လုပ်တယ်ဆိုရင်
စုပုံမယ့် သစ်လုံးတွေကို ဘယ်ကနေသယ်မှာလဲ၊မြို့လမ်းပေါ်က သယ်ရင် မြို့လမ်းတွေ ပျက်ကုန်မှာပေါ့ဗျ၊ဒီတော့ ဒီသစ်ပုံတွေကို ဗိုလ်ချုပ်ပန်းခြံထဲကနေ မြို့ပြင်မှာနေရာရှာပြီး အမြန်ရွေ့ပါ၊မြို့
ထောက်ကူကလည်း ဒီလိုမြို့ပြင်မှာနေရာရှာဖို့ကို ၀ိုင်းဝန်း ကူညီပေးကြပါ၊နောက်ပြီး အခုလို ဗိုလ်ချုပ်ပန်းခြံကိစ္စ ထွေအုပ်မှာတာဝန်ရှိတာလား၊မြေစာရင်းမှာ တာဝန်ရှိတာလား၊စုံစမ်းစစ်ဆေးပါ၊
တာဝန်ရှိသူကို အရေးယူမယ် လို့ပြောသွားခဲ့ပါတယ၊်ဒီတစ်ခေါက်အစည်းအဝေးမှာ ၀န်ကြီးချုပ်ပြောသွားတာတွေ အတော်ကောင်းတယ်ဗျ၊တရုတ်နိုင်ငံကို ကျွဲနွားတွေ ပို့တဲ့ကိစ္စလည်းပြောသွားတယ်၊
မြန်မာနိုင်ငံက ကျွဲနွားတွေ တရုတ်စကားတောင်တတ်နေပြီတဲ့၊ "
ထိုဗိုလ်ချုပ်ပန်းခြံနေရာမှာ ယခင်ကမြို့လူထုမှ အာဇာနည်နေ့တွင် အခမ်းအနားများပြုလုပ်ခြင်း၊သွားရောက်အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီ ယခုအခါ သစ်လုံးများစုပုံရာနေရာဖြစ်ပြီး မြေများ
အာဇာနည်ကျောက်တိုင်များ ပျက်စီးပြိုပျက်နေပြီဖြစ်သည်၊ ပြီးခဲ့သည့် အာဇာနည်နေ့က မြို့လူထုအလေးပြုနိုင်ရန် ကျောက်တိုင်ရှေ့တွင်စုပုံထားသော သစ်လုံးများကိုဖယ်ရှားပေးပါရန် မြို့လူထုမှ
တောင်းဆိုခဲ့ပါသည်၊ထိုသို့တောင်းဆိုမှုကို သက်ဆိုင်ရာမှ စတိသဘောမျိုးမျှသာ ဖယ်ရှားပေးခဲ့ခြင်းကြောင့် မြိုကလူထုအလေးပြုရာ၌ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါသည်၊
ထိုဗိုလ်ချုပ်ပန်းခြံဝန်းအတွင်း ချထားသော သစ်လုံးများမှာ နိုင်ငံပိုင် သစ်လုံးများသာမက ကုမ္မဏီပိုင်သစ်လုံးလည်း ပါဝင်ကြောင်းနှင့် ကုမ္မဏီမှ သစ်လုံးစုပုံခမြေငှားခများကို လစဉ် သိန်းဆယ်ချီ၍
ပေးရကြောင်းသိရှိရပါသည်၊ မြို့မိမြို့ဖတစ်ဦးက ၀န်ကြီးချုပ်ဦးသာအေး၏ ဗိုလ်ချုပ်အောင်ဆန်းနေရာလေး ပြန်ရရေးအတွက် မှာကြားဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ပါကြောင်းနှင့်
ထိုသို့ ရရှိခဲ့သော ငွေများကို သက်ဆိုင်ရာမှ မည်မျှရရှိ၍ မြို့ရွာအကျိုး မည်သို့ သုံးစွဲသည်ကို ၀န်ကြီးချုပ်အနေဖြင့် စစ်ဆေးပေးစေလိုကြောင်း ပြောပြသွားခဲ့ပါသည်။
(ဟာဂျူလီ-ကသာ)
(မှတ်ချက်။ ။ကသာမြို့ရှိ ဗိုလ်ချုပ်ပန်းခြံနေရာအား ပြန်ပေးပါရန် လွန်ခဲ့သောနှစ်က ကျွန်တော် ရေးသားခဲ့သော ဆောင်းပါးအား ပြန်လှယ်ဖတ်ရှု့နိုင်ပါရန် တင်ပေးလိုက်ပါသည်၊ထိုဆောင်းပါးကို
မက်ဆင်ဂျာဂျာနယ်၏ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။)
ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာလေး အမြန်ပြန်ပေးကြပါ....(ဟာဂျူလီ.ကသာ)
ဒီနေရာလေးကိုရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာလေးမှန်း မပြောပဲနဲ့ ကျွန်တော်တို့
သိခဲ့ကြသည်၊ဒီနေရာလေးအတွက် ဗိုလ်ချုပ်အောင်ဆန်း တို့မိသားစုမှာ တရားဝင်အိမ်ဂရံမရှိ၊ မြေစာရင်းမှာလည်း
ဗိုလ်ချုပ် အောင်ဆန်း၏ နာမည်မပေါက်၊သို့ပေသည့် တစ်မြို့လုံးကသိကြ သည်၊ဗိုလ်ချုပ်အောင်ဆန်းကို အပိုင်ပေးထားသည့်
နေရာကလေး..၊ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်
အာဇာနည်ပုဂ္ဂိုလ်ကလည်း အများသိကြသည့်အတိုင်း ဘာအခွင့်အရေးပဲရရ ဘယ်နေရာပဲရောက် ရောက် သူ၏ရဲဘော်ရဲဘက်များကို
အလေးပေးတတ်သူဖြစ်လေတော့ သူအတွက်သတ်မှတ် ပေး ထားသောနေရာကို သူတစ်ယောက်တည်း မစံစား မခံစားပေ၊သူ၏ကျဆုံးဖေါ် ကျဆုံးဖက်များအ
တွက်ပါ အမည်ကိုသတ်မှတ်စေလိုခဲ့ရာ ““ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ရသော ရဲဘော်
များ၏ အာဇာနည်ကျောက်တိုင်””ဟု တစ်မြို့လုံးက သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်၊အချို့ကလည်း
လွယ်လွယ်ကူကူ “အာဇာနည်ကျောက်တိုင်”ဟု ခေါ်ဆိုလေသည်။
ကသာမြို့၏ အာဇာနည်ကျောက်တိုင်ကို ရပ်ကွက်(၃)နှင့်ရပ်ကွက်(၁၀)အကြားရှိ မြေကွက် လပ်ကလေးပေါ်တွင်ရှေးလူကြီးများက တည်ဆောက်ခဲ့ကြသည်၊
တည်ဆောက်ခဲ့သူတို့၏စိတ်ကူး
လေးကလည်း ချစ်စရာကောင်းလှပါသည်၊အာဇာနည်ကျောက်တိုင်တည်ထားရာနေရာသည်ကျယ် ၀န်းရုံသာမက မြစ်ကမ်းနဖူးကိုကျောပေးတည်ဆောက်
ထားခြင်းဖြစ်သဖြင့် ကျောက်တိုင်ကို အ
လေးပြုသူများသည် မြစ်ဧရာကို မျက်နှာမူပြီးသားဖြစ်သွားရပါသည်၊ထို့ကြောင့်သန့်ရှင်းလတ် ဆတ်သော လေနုအေးအေးကို ရူရှိုက်ပြီးလည်းဖြစ်သွားရသည်၊
မှတ်မိနေပါသေးသည်၊ လွန်ခဲ့သောနှစ်ပေါင်း(၄၀)...၊
ကျွန်တော် မူလတန်းပညာသင်ယူနေစဉ်ကာလကဖြစ်သည်၊တစ်ရက်တွင် အတန်းပိုင်ဆရာက ““မနက်ဖြန်အာဇာနည်နေ့၊မင်းတို့ငါတို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့
တကွကျဆုံးခဲ့ပြီးတဲ့ အာဇာနည် ခေါင်းဆောင်တွေကို သွားအလေးပြုကြရမယ်””ဟု ဆိုလာပါသည်၊မရှက်တမ်းပြောရလျှင် ထိုအချိန်
က ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေဆို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေသင်နေ
ရပြီဖြစ်သော်လည်းဝတ်ကျေတမ်းကျေသဘောသာ ရှိနေကြပါသည်၊ဗိုလ်ချုပ်အောင်ဆန်းထက်
ကိုယ့်အဖေကသာပိုကြီးမြတ်သည်ဟူ၍လည်းကောင်း၊ကိုယ့်အမေကသာပိုမြင့်မြတ်သည်ဟူ၍လည်း
ကောင်း အထင်ရောက်နေသည့် ကလေးအရွယ် လူမမယ်၏အတွေးဆိုးက ကြီးစိုးနေခဲ့ပါသည်၊မည်
သို့ပင်ဖြစ်စေ နောက်တစ်ရက်မနက်စောစော ကျောင်းသို့အရောက်လာခဲ့ရသည်၊ကျောင်းမှတစ်ဆင့်
တစ်ကျောင်းလုံးနှင့်အတူ အာဇာနည်ကျောက်တိုင်ရှိရာ မြစ်ကမ်းနဘေးကိုလမ်းလျှောက်ခဲ့ကြပါသည်၊
ကျောက်တိုင်တည်ရှိရာကွက်လပ်ကလေးမှာ အလွန်ကျယ်ဝန်းပြီး မြက်ခင်းစိုစိုနုနုကလေးများက လည်း အမြင်အာရုံကို ဆွဲဆောင်ပေးနေရုံသာမက ခြေအကျ
ခြေအကြွကိုပင်လျှင် သိမ်မွေ့နေစေပါ သည်၊ထို့အပြင် ညဥ့်နက်ပိုင်းက ရွာချထားသော မိုးရေဖွဲဖွဲတို့ကြောင့် မြေသင်းရနံကလေးများ သည်လည်း အရသာရှိရှိ သင်းပြန့်လို့
နေပါသည်၊မောမောပမ်းပမ်း လမ်းလျှောက်လာသူများ၏ွမ်းနှယ်စိတ်တွေ လျော့ကျကုန်သည်၊ထိုအချိန်တွင် ဧရာဝတီမြစ်၏လိုင်းကြက်ခွပ်များကို ဖြတ် သန်းသယ်ယူလာသည့် လေနွေးနွေးကလေးများကလည်း အာဇာနည်ကျောက်တိုင်ဝန်းသို့ ချီတက်
လာကြသူများကို ဂုဏ်ပြုနေသလိုလို၊ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူကျဆုံးခဲ့ရသော အာဇာနည်
ခေါင်းဆောင်များကို လာရောက်ဦးညွှတ်နေသလိုလိုဖြင့် ရောက်ရှိတိုက်ခတ်နေပါသည်၊သို့နှင့်
တစ်မြို့လုံးက ကျောင်းသားကျောင်းသူတွေ စုံညီစွာရောက်ရှိလာသောအခါ အာဇာနည်နေ့အခမ်း
အနားဖွင့်လှစ်ကြောင်း ဦးဆောင်သူလူကြီးတို့ ကြေငြာပေးပါသည်၊နောက်ထပ် နိုင်ငံတော်အကြီး အကဲဆိုသူတို့က ပေးအပ်ခဲ့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာကို သက်ဆိုင်ရာတို့မှ ဖတ်ပြကြ
ပါသည်၊ထို့နောက် မြို့ရွာမှ စာတတ်ပေတတ် ပညာတတ်တို့က ဗိုလ်ချုပ်အောင်ဆန်းကိုဦး တည် ပြီး ကျေးဇူးတရားများကိုပြောဆိုကြပါသည်၊ချီးမြောက်ကြသည်၊ထိုအခါမှ ဗိုလ်ချုပ်အောင်ဆန်းဆို
သည်မှာ ငါတို့မြန်မာလူမျိုးအားလုံးတို့၏ အားကိုးအားထားပြုထိုက်သော သူရဲကောင်းဖြစ်မှန်းသိ ခဲ့ရသည်၊အာဇာနည်နေ့နောက်ပိုင်းတွင် ကျွန်တော်တို့သည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပို
မိုစိတ်ဝင်စားလာကြသည်၊ထဲထဲဝင်ဝင်ရှာဖွေဖတ်ရှု့လာကြသည်၊ထိုအခါ ဗိုလ်ချုပ်၏ တိုင်းပြည်အ ပေါ်ထားခဲ့သည့်စေတနာ အနစ်နာ မုဒိတာတို့နှင့်အတူ မြန်မာတမျိုးသားလုံးအတွက်အသက်စွန့်
ကြိုးပမ်းခဲ့မှု ရိုးသားခဲ့မှုတို့က အရှင်းသားပေါ်လွှင်လာခဲ့ရပါသည်၊ကျွန်တော်၏စိတ်ထဲ၌ဗိုလ်ချုပ် အောင်ဆန်းသည်သာ မြန်မာ့လွတ်လပ်ရေး၏ပိသုကာ၊ဗိုလ်ချုပ်အောင်ဆန်းသည်သာ တပ်မတော် ကိုဦးဆောင်ခဲ့သူ၊ဗိုလ်ချုပ်အောင်ဆန်းသည်သာ အမှန်ကန်အရိုးသားဆုံးဂုဏ်ရှိသူ၊ဗိုလ်ချုပ်အောင် ဆန်းသည်သာ အားကိုးရာ...။
အခုတလော အသက်ကလေးရလာလို့နှင့်တူ၏၊ဘာသာရေးနှင့်ပါတ်သက်၍စိတ်အလိုမကျ စရာ တွေ့လာလျှင် တန်ခိုးကြီးဘုရားတစ်ဆူဆူရှေ့သွားပြီး ဘုရားရှင်၏မျက်နှာတော်ကို အားပါး
တရဖူးမျှော်ပြီး ဖြစ်စေချင်သည့် ဆန္ဒများကိုတောင်းဆိုမိပါသည်၊တင်းနေသောစိတ်တွေလျော့ကျ သွားသည်၊တစ်ရက်ကတော့ လောကီရေးနှင့်ပါတ်သက်ပြီး စိတ်မချမ်းမြေ့စရာတွေ အမြင်မတော် တာတွေ ကြုံတွေ့ရသည်၊ဒီတစ်ခါမှာတော့ ငယ်စဉ်ကသွားရောက်ခဲ့ဖူးသော အာဇာနည်ကျောက်
တိုင်ရှိရာကိုသွားပြီး အာဇာနည်ကျောက်တိုင်ကို ဗိုလ်ချုပ်အောင်ဆန်းအလား အတွေးပွား၍
တိုင်တည်လိုစိတ်ပေါက်လာသည်၊ဘယ်သူကိုမှ အဖေါ်မခေါ်ဘဲ အာဇာနည်ကျောက်တိုင်ရှိရာ ထွက်လာခဲ့သည်၊ပထမတော့ ကိုယ်ကိုယ့်ကို တွေဝေသွားမိသည်၊ငါနေရာများမှားနေပြီလားဟူ၍၊
ကွင်းပြင်တစ်ခုလုံး ဖုန် တရုန်းရုန်းထနေသည်၊သစ်လုံးတွေကို ကားကြီးကားငယ်အသွယ်သွယ်ပေါ် ကချပေးနေသည့် ကရိန်းကားများ ကလပ်ကားများ၏အသံကလည်း တ၀ုန်းဝုန်းဆူညံနေသည်၊
ကွင်းပြင်တစ်ခုလုံးမှာလည်း သစ်လုံးတွေက ဟိုတစ်ပုံ ဒီတစ်ပုံ၊မညီမညာ၊မလှမပ၊အနားမှာရှိနေ သည့် လူရွယ်ကလေး တစ်ဦးကို မေးကြည့်မိသည်၊
““ဒါဟာ ဗိုလ်ချုပ်ပန်းခြံ မဟုတ်ဘူးလား””
““မဟုတ်ဘူးဗျ၊ဒါက သစ်ကွင်း””
ကျွန်တော် အူလည်လည်ဖြစ်သွားမိသည်၊နောက်မှ တစ်စုံတစ်ခုကို တွေးမိပြီး ...““ဒီအနီးအနားမှာ ကော အာဇာနည်ကျောက်တိုင် မတွေ့မိဘူးလား””
““သြော်..အန်ကယ်က ဗိုလ်ချုပ်ကျောက်တိုင်ကို ပြောတာလား၊ဟောဟိုမှာလေ..””
လူငယ်လေးလက်ညိုးထိုးပြသည့် နေရာလေးကို ကြည့်လိုက်တော့ ဖုန်လုံးတွေ သစ်လုံးတွေကြား မှ ချွန်ချွန်ထောင်ထောင် အာဇာနည်ကျောက်တိုင်လေးကို မှုန်ပျပျလှမ်းမြင်ရသည်၊ ကျွန်တော်ရဲ့ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားမိသည်၊ ကျောက်တိုင်ရှိရာသို့ ခပ်သော့သော့လေးလျှောက်လာ မိသည်၊နောက်မှ လူရွယ်ကလေးက ကပြာကယာတားရှာသေးသည်၊
““အန်ကယ် ခြေကျွံလိမ့်မယ်””
သို့သော် နောက်ကျသွားလေပြီ၊ကျွန်တော်၏ခြေအစုံက ဖုန်များဖုံးအုပ်နေသော ကျင်းတစ်ခုထဲ
ကျွံကျသွားခဲ့သည်၊
““အန်ကယ်ကို သတိပေးမလို့ဟာ အန်ကယ်က နားမှမထောင်တာကိုးဗျ၊ဒီနေရာရဲ့မြေသားတွေ က ၀ိတ်များလွန်းတဲ့ သစ်တင်ကားတွေကြောင့်ကြေမွနေတာ၊ကြည့်လိုက်ရင် မြေမှုန်ရိုးရိုးထင်
ရပေမယ့် ပွနေတဲ့ဖုန်မှုန့်တွေဆိုတော့ ကျွံကျတတ်တယ်ဗျ၊အန်ကယ်က အဲဒီကျောက်တိုင်ကို ဘာသွားလုပ်မှာလဲ၊ဒီကနေ သွားဖို့ကတော့မလွယ်ဘူးဗျ၊အန်ကယ်သွားချင်တယ်ဆိုရင် ဟိုမြစ်ဆိပ်ဘက်က ကမူလေးတွေပေါ်က ပတ်သွားမှရမှာ.””
““အေးပါကလေးရာ၊အန်ကယ် အဲဒီဘက်ကနေ ပတ်ပြီးသွားပါ့မယ်၊””
ကျွန်တော် ပြောပြောဆိုဆိုနှင့် ဖုန်တောမှရုန်းထလိုက်သည်၊လူရွယ်ကလေးက ဖေးမပေး၏၊
ကိုယ်လုံးပေါ်မှာ ကပ်ညှိနေသော ဖုန်တွေကို ခါချလိုက်တော့ လူငယ်ကလေး နှာခေါင်းပိတ်ပြီး နောက်ဆုတ်သွားသည်၊သို့နှင့် မြစ်ကမ်းပါးမှ ပတ်၍ကျောက်တိုင်ရှိရာ ရောက်သွားခဲ့သည်၊ ကျောက်တိုင်တစ်ခုလုံး ဖုန်မှုန့်များ၏ ကျီစယ်မှုကြောင့် နီကျင်ကျင်ဝါတာတာဖြစ်နေလေသည်၊
ကျောက်တိုင်၏အောက်ခြေ အုဋ်ခုံများသည်လည်း သစ်ကားများ၏ တိုးဝှေ့ခဲ့မှုကြောင့်ထင့်၊
ပဲ့ရွဲ့ ကွဲထွက်နေကြသည်၊ကျွန်တော် စုတ်သတ်ပြီး အုဋ်ခြေမှာထိုင်ချဖြစ်လိုက်သည်၊အနားမှာ ကပ်ပါလာသောလူငယ် လေးက ကျွန်တော့်ကို အထူးအဆန်းလူတစ်ယောက်ကဲ့သို့ကြည့်နေသည်၊
““ဒါဟာ အာဇာနည်ကျောက်တိုင်ကွဲ့””ကျွန်တော့ စကားကြောင့် လူငယ်လေးပြုံးသွားသည်၊ပြီးမှ
““အာဇာနည်ကျောက်တိုင်လား၊အဆိုတော်ကျောက်တိုင်လားတော့မသိဘူးဗျ၊ကျွန်တော်ဆရာသစ်သူဌေးက
တော့ဒီကျောက်တိုင်ကြီးက ဒီသစ်ကွင်းမှာနေရာယူလွန်းနေတယ်တဲ့၊ဒါကြီးတူးဖယ်လိုက်ရင်သစ်
လုံးသုံးလေးပုံလောက်တော့ ထပ်ပုံလို့ရသတဲ့၊အတော်ရှုပ်တဲ့ကျောက်တိုင်လို့လည်း မကြာမကြာ ပြောတယ်ဗျ၊””
ကျွန်တော် လူငယ်လေးမျက်နှာကြည့်ပြီး ဘာပြောရမယ်မှန်းကို မသိတတ်အောင်ဖြစ်သွားရပါ သည်၊ဒီအချိန်မှာကျွန်တော် သူ့ကို တစ်စုံတစ်ခုပြောသင့်မှန်းသိပေမယ့် ဘာမှ မပြောဖြစ်တော့၊ ထို့အတူဗိုလ်ချုပ်၏ အာဇာနည်ကျောက်တိုင်ကိုလည်း တိုင်တည်ပြီး ဘာမှ ထပ်မပြောရဲတော့ ပေ၊ သူကကိုယ်ထက် ၁၀ဆ ၁၀၀..၂၀၀..၃၀၀..၄၀၀တွေ ပြန်ပြောခဲ့ပါလျှင်..၊ ကျွန်တော်ထိုင်နေရာမှ ထလိုက်သည်၊ခြေကျွံကျခဲ့သည့် ခြေထောက်က ကျဉ်ကနဲဖြစ်သွားသည်၊““အား””
ကျွန်တော်အော်သံကြောင့် လူငယ်ကလေးက
““အန်ကယ်သိပ်နာနေလား””ဟုစိုးရိမ်သံဖြင့် မေးမြန်းလာပါသည်၊ကျွန်တော်သူကို ပြန်ပြောဖြစ်လိုက်သည်ကား..
““ခြေထောက်ဒါဏ်ရာက ခြေလိမ်းလိုက်ရင် ပျောက်သွားမှာပါ.၊အဲ ရင်ထဲက အနာကတော့..””

ဟာဂျူလီ.ကသာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...