Monday, September 9, 2013

အူကြောင်ကြား မကောင်းမြင်

September 9, 2013 at 12:38pm
ရပ်ကြီးသူ ဒေါက်တာမလေးတစ်ယောက်က အမှတ်တမဲ့ရေးခြစ်မှုများဆိုပြီး သူတို့ငယ်ငယ်က VCD စက်မသုံးဘူးတဲ့ အကြောင်းရေးတာဖတ်ရတော့ ကိုယ်တွေ ငယ်ငယ်က ဘုရားအလှူခံက လော်နဲ့ဖွင့်တဲ့ ဇာတ်လမ်းတွေ ရေဒီယိုက ဇာတ်လမ်းပမာတို့ တနင်္ဂနွေပုံပြင်တို့ကို ရေတွင်း(အညာလို တွန်းတဲ့) နံရံမှီ(ပူတာကိုး) သစ်ပင်ရိပ်ကောင်းကောင်း၊ ကျီအောက် စတာမှာ ဖျာခင်း၊ မန်ကျည်းပင် ဂွဆုံကြား တက်နေရင်း နေ့လည်နေ့ခင်း နားထောင်မိန်းမောရတာ သတိရမိတယ်။
အဲသည်တုန်းကတော့ ပါတော်မူတို့၊ ဦးစိန်အောင်မင်းတို့ရဲ့ ရွဲကုန်သည်တို့၊ ဗိုလ်အောင်ဒင်တို့လို ဟာတွေရှိသလို တွံတေးကြီးရဲ့ ဇာတ်လမ်းတွေလဲများပါတယ်။ မြေရှင်ရာရှင်သည် ထာဝရဗီလိမ်၊ သူဌေးဆိုတာ ဗီလိမ်၊ မင်းသားဆိုတာ မွဲရင်မွဲ မမွဲရင် ဘာမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲတဲ့ ညောင်နာနာ၊(ဥပမာ ကျနော်လိုပေါ့လေ) ပြောလို့သာပြောရတာပါ နှောင်းတမြေ့မြေ့ထဲက ဗီလိမ်ဇာတ်ရုပ်ကြီးတောင် ဖြစ်နေပြီး၊ အပြင်လောကရဲ့ ဗီလိမ်စာရင်းဝင် စစ်စစ်ကြီးတောင် ဖြစ်နေမင့်ဟာ။ မင်းသားနဲ့တူတာဆိုလို့ မင်းသားတွေလို ညောင်နာနာဖြစ်တာတစ်ခုရှိတာပါ။ မင်းသားတွေလို ဇာတ်ညွန်းဆရာက ပစားမပေးပါဘူး။ ထားပါတော့။ ပြောချင်တာ အဲသည်အသံနဲ့ နားထောင်ရတဲ့ ဇာတ်လမ်းတွေနဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ များသောအားဖြင့် အနုပညာရှင် သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အနုပညာသမားတွေဟာ မင်းသမီးနဲ့ ဗီလိမ်တို့ရဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းနဲ့ အမြဲထပ်တိုက်တွေ့ကြလေ့ရှိတာပါပဲ။  သိပ်ကို အသဲနာဆုံးစကားကတော့ “ရှင့်ဝင်ငွေက ကျမ ဖိနပ်တစ်ရံစာ ရှိလို့လား” ဆိုတာပေါ့လေ။ အဲသည်တုန်းကများဆို စိတ်တွေဆိုး ဒေါသတွေထွက် ဟာကနဲ ဖြစ်ပြီး ကျောရိုးထဲထိစိမ့်တာ။ ငါသာဆိုရင်ပေါ့လေ...။ ဒါပေသည့် ခုကိုယ့်ဘဝနဲ့ ငယ်ငယ်က ကျောရိုးစိမ့်ဘူးတာနဲ့ ယှဉ်ကြည့်တော့လဲ ခုဆို ရှင့်လစာဟာ ကျမ ဂျီစထွင်းတစ်ဝတ်ဖိုးစာရှိရဲ့လား၊ တူးပိစ်တစ်စုံစာရှိရဲ့လားဆို အဲသည် အဝတ်မျှင်မျှင်ကလေး ကိုင်ပြီး အဲသည်နားတင် သိကြားမင်းကြီလို သေလိုက် ဘဝသစ်ပြန်ဖြစ်လိုက် ၁၀ခါပြန်လောက် ဖြစ်သွားမယ်ထင်ရဲ့။ အင်း ဆော်ကို ဘယ်လိုချုပ်တုန်းဟလို့ ရန်ကုန်သားတွေကို မေးမိလို့ ဗယ်လင်တိုင်းဒေးမှာ အဲသလို တန်ဖိုးကြီးတစ်စုံဝယ်ပေးပြီး ကိုယ်မင့်အလှကို ကြည့်ချင်လို့ဆိုတဲ့ အကွက်ရိုးကြီးကို ဂွင်ပြည့်နင်းနိုင်ဖို့ဆိုရင်တောင် မကြံကောင်းမစည်ရာဖြစ်နေရတဲ့ ဘဝ။ “ပညာမရှိသူ၏ဝန်ထမ်း” ဆိုတဲ့ စကားပုံလေးကို သတိရလိုက်တိုင်း ရလိုက်တိုင်း ငါတို့ အတန်းတက်တာ ဘွဲ့ရတာနဲ့ သူပြောတဲ့ ပညာဆိုတာ သံလဲမတူ၊ ကြောင်းလဲ တစ်ခြားဆီ ဖြစ်မှာလို့ တွေးမိရဲ့။


ခုတော့ ဘော်ဒါတွေထဲမှာလဲ သူဌေးဖြစ်သူဖြစ်၊ ဆိုင်ပိုင်သူပိုင်၊ လုပ်ငန်းကြီးတွေနဲ့ ကုန်ရောင်းကုန်ဝယ်တဲ့ကောင်နဲ့၊ ငယ်ငယ်က နားစွန်နားဖျားနဲ့ တီးတိုး အတင်းဆိုရတဲ့ စပွန်ဆာတို့၊ အငယ်တို့ ကိစ္စလေးတွေကိုပါ လေဖမ်းဒန်းစီမဟုတ် လုပ်ပါဦးဟ အတွေ့ကြုံလေးဆိုသလို မေးလို့ရလာခဲ့ပြီ။ ဘီယာဆိုင်မှာ ပန်းကုန်းစွပ်ရင်း အပြိုင်လုတာလောက်တောင် ဘေးထိုင်နှမျောခဲ့ရတဲ့ ကောင်ဆိုတော့ သူတို့ပြောတဲ့ စကားတွေနဲ့ အကြောင်းအရာတွေဆိုတာ အံ့သြကုန်နိုင်ဖွယ်၊ သည်ကောင်တွေသာ နဲနဲမျက်နှာစိမ်းရင်တော့ လကားငဖေါပါ ထင်စရာတွေရယ်။ ကလေးမလေးတွေ ဘက်ကကြည့်တော့လဲ ရန်ကုန်ကအကိုကြီးတွေက သဘောကောင်းတယ်။ ဟော်တယ်မှာလဲ တည်းခိုင်းတယ်။ မနက်စာ၊ညစာ ကျွေးတဲ့အပြင်၊ မုန့်ဖိုးလဲပေးလိုက်လို့ ဘကြီးဆေးဖိုးတွေ မကုန်ခဲ့ဘူးဆိုသလိုပါပဲ။ ၂ဦးအဆင်ပြေကြတာကတော့ မြို့ပြနဲ့ အသိုက်ဝန်းတစ်ခုရဲ့ ယဉ်ကျေးမှုအလားပါပဲ။

သူတို့စကား နားထောင်ရင်း သူတို့ပါးစပ်က ကိန်းဂဏန်း ငွေသံကြေးသံ ထွက်လိုက်တိုင်း ကိုယ့်မှာသာ ကိုယ့်တစ်လစာ ကိုယ့်တစ်လစာ နဲ့ သွားသွားချိန်ထိုးပြီး ရင်တမမနဲ့ဖြစ်ရတာပ။ (အတွေးကိုယ်က သူဌေးတွေးမတွေးတတ်တာ ဖြစ်မှာ၊ မြို့ကြီးပြကြီးက ခြံအကျယ်ကြီးနဲ့ အိမ်ကြီးအကြီးကြီးမြင်ရင်တောင် ငါသာပိုင်ရင် တံမြက်စည်းလှည်းရ ပန်းပင်ရေလောင်းနဲ့ မချောင်လောက်ဘူး အရင်တွေးတာ) တစ်လ ၁သိန်း ၂သိန်းကနေ ၄-၅သိန်းကြား ထားစရာ တိုက်ခန်းတစ်ခန်းနဲ့ ရေခ၊မီးခ အကုန်ခံနိုင်ရင် အဲသလိုဆိုတာ ကြိုက်ရောင်းကြိုက်ဝယ် အချို့ဆို ပွဲစားတောင် မလိုဘူးတဲ့။ အိမ်းဟုတ်စ၊ မော်ဒယ်ဘဝကို အားကျလွန်းလို့ အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီးတဲ့နောက် အေဂျင်စီတွေဆီကို ရွှေပရပိုဒ်စာရင်းဝင် ဖုန်းနံပတ်တွေက ခေါ်တဲ့အခါ “ငိုချင်လျက်နဲ့ ဇာတ်ကွက်ကိုစ ရီလိုက်ရတယ်” ဆိုတဲ့ အနုပညာသမလေးတွေ ဘဝစတော့တာပါပဲတဲ့။ သူတို့ကတော့ လှယမင်းလေးတွေဖြစ်တာထက် မော်ဒယ်ဆိုတဲ့ အဆင့်သာ ရှိသတဲ့။ သူတို့အတွက်ကတော့ သိန်းဂဏန်းပတ်လည် လောက် ဖြုန်းနိုင်ရင် နတ်သမီးလေးတွေက နတ်ပြည်တံခါးဝထိ ခဏမြင်ဖူးယုံခေါ်သွားနိုင်ပါသတဲ့။ ဒါ့ကြောင့် သူဌေးတွေက သူတို့ပါတီပေးတဲ့အခါ ပါတီလာသူတွေနဲ့ သူ့မိတ်ဆွေတွေ၊ တပြည့်တပန်းတွေ၊ နတ်ပြည်ရောက်စေလိုတဲ့အခါ အကူညီတောင်းကြရသတဲ့။  ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်အလှကိုယ် ဈေးပိုရချင်ကြရင်တော့ စပွန်စာဆိုတဲ့ လမ်းကြောင်းလဲ ရှိသေးတာတဲ့။ မိန်းကလေးမှ မဟုတ်ဘူးလဲဆိုတယ်။ ယောက်ျားလေးတွေလဲရနိုင်ပါသတဲ့။ အဲသည်အခါ သိန်းထောင်ကျော် ကားတစ်စင်းကနေ ကွန်ဒိုကြီးဆိုလဲဟုတ်၊(ကိုယ်တံမြက်စည်းလှည်းရမှာ တွေးကြောက်တဲ့) အိမ်ကြီးဆိုလဲဟုတ်၊ တက်လာရာ အနုပညာလမ်းမှာ ဖြန့်ခင်းလိုက်ဖို့ လိုသလောက်ထက် ပိုတဲ့ငွေဆိုလဲဟုတ်၊ ပိတ်ထားတဲ့ တံခါးတွေ အတားတွေ ဂိတ်တွေ၊ အဟိတ်တွေ တိတ်ဆိုတိတ်၊ ရှောင်ဆိုရှောင်၊ ပွင့်ဆိုပွင့်ဖြစ်အောင် အိပ်ပါးပါးလေးထဲက ထုတ်ထုတ်ဆက်ရမယ့် ဖုန်းနံပတ်လေး ရွှေပေလွှာစာရင်းဝင်ဖို့ဆိုလဲဟုတ်၊ အဟုတ်ကြီးကို ဟုတ်ကုန်ကြရင် မောင်ဟန်တို့ ငမ်းစရာ ယမင်းကျော့ ဖယောင်းမယ်လေးတွေ ဖြစ်လာရတော့တာပါပဲတဲ့။ သည်ကနေမှ ဆေးစက်ကျရာ အရုပ်ထင်၊ကင်မရာလှည့်ရာ ရုပ်ရှင်ဖြစ်တဲ့ ဆရာတွေနဲ့ အပ်ကျမတ်ကျ ချိတ်ဆက်မိတဲ့အခါ နာမည်ကျော်ကြား လူကြိုက်များလာရသတဲ့။ သူတို့ကတော့ နတ်ဗိမ္မာန်နဲ့နေရတဲ့ နတ်သမီးလေးတွေဖြစ်လို့ နတ်ပြည်ကို ခဏမဟုတ် အလိုရှိတိုင်း တက်လာနားလို့ရအောင် နတ်လမ်းဖေါက်ရတာမှာ မြန်မာကျပ်ငွေသိန်းဂဏန်းဆိုတာ ၁၂လက်မပေတံထဲက မီလီမီတာ အစိတ်ကလေးတွေလိုပါပဲတဲ့။ စိတ်ကူးနဲ့ အကြားက နတ်ပြည်က အကြောင်းတွေမို့ နတ်ငွေ့နတ်သက်တွေ ရသလိုလိုရှိဆဲမှာပဲ ငါ့လစာ ဆိုတာ ပြန်သတိရတော့  စိတ်နဲ့လူနဲ့ ဂွပ်ကနဲပြန်ကျ နတ်ပြည်က ပြန်ပြုတ်ကျရတာပါပဲ။ အထက်က စကားတွေက အနုပညာသည် အားလုံးကို ဆိုတာ မဟုတ်ဘူးနော် သူတို့လောက သူတို့စကားဆိုတာထက် သူဌေးဆိုတဲ့ လူပြည်မှာနေတဲ့ နတ်သားတွေရဲ့ စကားတွေပါ့။ သိုက်ဆက်ရှိလို့ နတ်စကား ကိုယ်ကြားရတယ်မှတ်ပါ့။


အဖွဲ့စည်းဆိုင်ရာ ကိစ္စတွေနဲ့ကောက်ခံစရာ ငွေကြေးကိစ္စရှိတဲ့အခါ၊ သူများဆီက ချေးပြီး တို့တိတို့တိ ပြန်ဆပ်ရတဲ့အခါ “ငါ့ကို မယားငယ်ပေးလာပေးမနေနဲ့” ဆိုတဲ့ ခိုင်းနိုင်မြည်တွန်တောက်ဆီးသံကြားတိုင်း မယားငယ်ပေးသလို စပွန်စာပေးသလိုဆို ပက်ခနဲ့အင့်ခနဲ ပေးလိုက်မှာပ ဆိုတဲ့ ဂွတိုက်ချင်တဲ့ အတွေးကြီးဝင်ဝင်နေရောပ။ မယားငယ်စားရိတ်ဆိုတာ နဲမှတ်လို့ နော့။ မယားငယ်မဆိုနဲ့ စင်တင်မှာ ပန်းကုန်းခနဲ့ ခပ်သန့်သန့်မာဆက်တောင် ကိုယ့်တစ်လစာ မကပဲကိုး။  မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ရရင်တော့လဲ ငါ့အစိုးရက ငါ့ကို သူဌေးတစ်ယောက်မယားငယ်စာလောက်တောင် မပေးပါ့လားလို့ ဝမ်းနဲသလိုလိုရှိပေမယ့် တိုင်းပြည်နဲ့ပြည်ထောင်စုအပေါ် ဝေဖန်လိုတဲ့ စိတ်သဘောထားတွေ ငါဝင်နေပြီဆိုပြီး ချက်ချင်းပြင်လိုက်နိုင်ပါတယ်။ တို့အစိုးရလူကြီးတွေလဲ ချမ်းမှမချမ်းသာပဲဟာနော့်။ အစိုးရကြီးကိုယ်တိုင်ကလဲ ဝင်ငွေနဲ့ထွက်ငွေ ချင့်ပြီးပေးရတာမို့လားလေ။ ဒါကလဲ တပ်မတော်ကြီးက အကြိမ်ကြိမ်လေ့ကျင့်ပေးထားတာကိုး ကျနော်တို့ဟာ လိုအပ်ရင် အသက်တောင်ပေးပါ့မယ်ဆိုပြီးမှတော့ မယားငယ်ပေးသလောက်တောင် မရှိတာနဲ့ နေရလဲ ဘာဖြစ်သလဲ။ လစာရိက္ခာစကားထဲ ထည့်မပြောတဲ့ ဂျပန်ခေတ် မျိုးချစ်မြန်မာ့တပ်မတော်ရဲ့ အစဉ်အလာနဲ့ စိတ်ဓါတ်ကို ကျနော်တို့ ရဲရဲကြီး အမွေဆက်ခံရမယ်မဟုတ်လား။ စိုင်းထီးဆိုင်ရဲ့ “မလွယ်တာတွေ့ရင် ပိုခက်တဲ့ အခြားဘဝတွေကို ငဲ့ကြည့်ပါဦး” ဆိုတာလိုပဲ ကိုယ့်နားနီးတဲ့ ပတ်ပတ်လည် ပတ်ကြည့်လိုက်တော့လဲ စိတ်ပြေရတာပ။ ကိုယ့်ပတ်လည်ဆိုတာ သည်က အခန်းနားနီးချင်း၊ ကျောင်းတက်ဖေါ်ချင်း သူများတွေကို မပြောပါဘူး၊ မနက်တိုင်း ကြမ်းတိုက်နေတဲ့ သန့်ရှင်းရေးနဲ့ အောက်က ဂိတ်စောင့်တို့ ဆောင်းရာသီနှင်းကျုံးရတဲ့ အလုပ်သမားတွေကိုလဲ မဆိုလိုပါဘူး။ ကိုယ်လာခဲ့ရာ မွေးရပ်မြေက ဆွေမျိုးတွေနဲ့ ကိုယ်ကျရာ တပ်က ရဲဘော် ရဲမေတွေကိုပဲ ဆိုလိုပါတယ်။ ဘာလို့ဆို ကျနော်တို့က မျိုးချစ်စိတ်အရင်းခံနဲ့ ရှင်သန်လာတာဆိုတော့ သည်မှာ ကိုယ့်နားပတ်ချာလည်နှစ်ပေါက်ကြာနေကြပေသည့် သူတစ်ပါးဆိုတာ နဲနဲမှနီးစပ်တယ် မထင်ပေါင်၊ မိုင်ထောင်ချီနေလဲ ကိုယ့်အမျိုးမှ ကိုယ့်သွေးနဲ့ နီးတာကိုး။ သည်လို နီးတာကို ဆိုလိုပါတယ်။

သည်လို မယားငယ်နဲ့ ကိုယ့်လို အဆင့်အတန်းကြီးနဲ့ ငွေကြေးအရာတန်းယှဉ်လို့ ကိုယ်ရှုံးပေမယ့် မာနနဲ့ သိက္ခာနဲ့ လူဝင်ဆံ့မှုအရာကျတော့ သူတို့ဘယ်ယှဉ်နိုင်မှာတုန်း၊ သူတို့ကိုယ်ကလဲ အယှဉ်မခံပါဘူး။ ဟုတ်တယ်မို့လား။ သူတို့ဘဝသူတို့သိတော့ သူတို့လို သူဌေးမြင်ရင် မျက်နှာပြုံးထားရတဲ့ဘဝ၊ ခေါ်တဲ့အချိန် အဆင်သင့် ကျော့နေအောင် နေနေရတဲ့ဘဝ၊ ငါးခြောက်ဆို ဖုတ်ပြီးသား၊ ကြက်ဥဆို ပြုတ်ပြီးသား သူများအလိုကျနေနေရတဲ့ဘဝနဲ့ ကိုယ့်ဘဝဆိုတာ ဘာဆိုင်လို့လဲနော့။ ကိုယ်တွေက သူတို့လို ဖေါက်သည်စိတ်ကြည်မှ ထုတ်ပေးမယ့် မုန့်ဖိုးမျှော်နေရတဲ့ ဘဝမျိုးမှမဟုတ်တာ။ ကိုယ့်ပညာ၊ ကိုယ့်အဆင့်နဲ့ ကိုယ့်အလုပ်ကိုယ် လုပ်လို့ မာန်အပြည့် လူ့ဂုဏ်အပြည့်နဲ့မို့လားလေ။ အဲသလို စပွန်ဆာမမလေးတွေက ကိုယ့်ကို သူ့မာယာနဲ့ချူထားတဲ့ ငွေထဲက သုံးလေးသိန်းလောက်ကိုများ အပြုအနပ်တွေနဲ့ အချွဲစပ်ပြီး တစ်ခုခုများအလဲအထပ်လာလုပ်ရင် လေဒီယိုဇာတ်လမ်းတွေထဲကလို ခင်ဗျားစော်ကားလှချည်လားဆိုပြီး မျက်နှာငွေထုပ်နဲ့ ပစ်ပေါက်ပလိုက်မယ်။ (အဲသည်တော့မှ နာကျင်စေမှုနဲ့ တရားရင်ဆိုင်ရရင်တော့ မြွေပါလဲဆုံးသားလဲဆုံး ဖြစ်တော့မှာပဲ။ တရားရင်ဆိုင်ရရင်တော်ရဲ့ သူ့စပွန်ဆာနဲ့ ပြန်တိုင်လိုက်လို့ ဝီဒူရဇာတ်ထဲက နတ်ဘီလူး မျက်စောင်းမိတဲ့ ထီးချက်စောင့် နတ်သမီးလို စကြဝဠာ တံတိုင်းဘေး လွှင့်သွားရင်အခက်။ ဤကားစကားချပ် မဖတ်ပဲ ကျော်သွားကြပါ) ရိုးရိုးပဲနေထိုင်စားသောက်လို့ ကိုယ့်ဝင်ငွေနဲ့ညီအောင်နေတဲ့ ကျင့်ဝတ်နဲ့အညီနေတာ သူဌေးမယားငယ်က ဘော်လီဖိုးထဲက ပိုလို့ပေးတာလောက် မပြောနဲ့ သူဌေးကိုယ်တိုင်က ပေးရင်တောင် လုပ်ထုံးလုပ်နည်းနဲ့ ညှိရဦးမယ်မို့လား။ သည်လို ကိုယ့်အဆင့်ကိုယ် ကုတ်နဲ့ကော်မြင့်တော့လဲ ရင်ကော့လို့ ဝင့်ထယ်သားပဲ။ စိတ်ဓါတ်နဲ့ စည်းကမ်းအရာမှာ စံပြဖြစ်ကြရတဲ့ဘဝမှာ ဘာများ မကျေနပ်စရာရှိသလဲ၊ ငွေဆိုတာ လူကလုပ်တာ၊ ငွေကြေးလေးများ မက်လို့ မယားငယ်နဲ့ ကိုယ့်အဆင့် ဖေါက်ပြန်စိတ်ထားတွေနဲ့ ယှဉ်ကြည့်နေမိတယ်။ ရှက်လိုက်တာ ရှက်လိုက်တာ။ တစ်ယောက်တည်း ရှက်လွန်းလို့ နုတ်စ်ရေးလိုက်မှ ပေါ့သွားတော့တယ်။ ကျေးဇူးမတင်ဖင်လှန်ပြမိသလို ဖြစ်တာတွေအတွက်ပါ ညအိပ်ယာဝင် ဘုရားရှိခိုးတိုင်း ထည့်ကန့်တော့ပြီး တောင်းပန်ရဦးမယ်။ ဖွင့်ထားမိတဲ့ အကြည်တော်ရဲ့ စာပေဟောပြောပွဲကတော့ “ကောင်ကြီးစားစား မင်းစားတုန်း ငါစိတ်မဆိုးဘူးနော်” ဆိုတာနဲ့ ပွဲကျနေလေရဲ့။ ရီစရာပျော်စရာတွေရှိလျက်နဲ့ မဟုတ်တာကို ရှာကြံတွေးတာကိုက အဆိုးမြင်ဝါဒီဖြစ်လာတာရဲ့ လမ်းစပဲထင်ရဲ့။ မြန်မြန်ပြင်မှပါ။
“ဂါရဝေါစ နိဝါတောစ၊ သန္တုဌိစ ကတညုတ
ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလ မုတ္တမံ” လို့ ဆိုတယ်မို့လားလေ။
ကျန်းမာချမ်းသာ၊ အကောင်းမြင်နိုင်ကြပါစေ။
ကျနော် မောင်ဟန်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...