Thursday, September 12, 2013
“ဘားမားနဲ့ပြိုင် ဘယ်သူနိုင်”
September 12, 2013 at 6:03am
          တကယ်လို့များ အမေရိကန်နိုင်ငံကနေလွှတ်တင်လိုက်တဲ့ ဂြိုလ်တုတစ်လုံးဟာ အာကာသထဲကိုရောက်သွားလို့ ကမ္ဘာမြေအမှောင်ခြမ်းထဲကို ၀င်လာတုန်း လှမ်းကြည့်လိုက်မယ်ဆိုရင် အာရှတိုက်အရှေ့ဘက်ဖျားက မီးရောင်တွေ လက်လက်တောက်နေတဲ့ ဂျပန်ပြည်ကို စိန်စီထားတဲ့ နဂါးရင်ထိုးကလေးပမာ တွေ့ရပါလိမ့်မယ်တဲ့။ ဟိုက်ရှားဘား။ တယ်ဆိုတဲ့စာပါလားအေ။ ညည်းကတော့ ပြောအားရှိပေမပေါ့။ ကျုပ်တို့ဖြင့် ကြားရတာ သောက်မြင် အကြီးကြီးကိုကပ်လာပြီ။ ငရို့လည်း မထွန်းချင်လို့ အမှောင်ချထားပါအေ။ ပိုလျှံနေလို့ သူများတောင် ပြန်ရောင်းစားနေရပါတယ် ဆိုမှ။ နောက်နေတာမဟုတ်ဘူးနော်။ ၀န်ကြီးကိုယ်တိုင် လွှတ်တော်မှာ မိန့်ကြားသွားတာ။ မယုံလို့လား။ သူတို့ဖြင့် သိလည်းသိပဲနဲ့။ တို့ကိုကြီးလောက်များသိရင် ခက်ဦးမယ်။ သိတာတွေများလွန်းလို့ ခုဘယ်ရောက်သွားမှန်းတောင် သိတော့ဘူး။
         အင်္ဂလန်မှာ အနှစ်သုံးလေးဆယ်လောက် အလုပ်လုပ်လာတာပါဆိုတဲ့ အငြိမ်းစားဂျပန်ပါမောက္ခကြီးက မောင်စံဖားတို့ကို အင်္ဂလိပ်လို တစ်ခွန်းမှမဟပဲ စကားပြန်ကတဆင့် ဂျပန်စကား ကရားရေလွှတ်  ချေချေကြီး ပြောသွားတဲ့အတွက် ဒီကမဲ့ချင်ရွဲ့ချင်စိတ်တွေ တားမရဆီးမနိုင်ဖြစ်လာတဲ့အချိန်မှာ အဲဒီပုဂ္ဂိုလ်ကြီးက သူတို့ဂျပန်မှာ ရေမီးအစုံ ရွှေချီးပုံ ယိုတဲ့အကြောင်းမကြွားပဲ သူတို့ဆီ မီးအားမလောက်လို့ ဘယ်လိုပြဿနာတွေ ဖြစ်တဲ့အကြောင်း ငိုချင်းချသွားတော့ စကားပြန်ဆရာမလေးကို “သွားသေလိုက်ပါလား။” ဆိုတာ ဂျပန်လို ဘယ်လိုပြောရသလဲ လို့ မေးချင်လာပါတယ်။ ဟုတ်တယ်။ ကိုယ်တွေ သူတောင်းစား ခွက်ပျောက်တာက မူးတင်းပဲတင်းလောက် အိပ်စိုက်ရင်ရပေမယ့် သူတို့ သူဌေးသင်္ဘောမှောက်ရင် ကုဋေကုဋာ သဲကိုးဖြာကုန်မှာတဲ့လား။
            ဂျပန်ပြည်ဟာ စက်မှုလုပ်ငန်းတွေအပေါ်မှာ မှီခိုအားထားနေရတဲ့နိုင်ငံတစ်ခုဖြစ်လို့ သူတို့ရဲ့ နေ့စဉ်ဘ၀မှာရော လုပ်ငန်းခွင်မှာပါ လျှပ်စစ်စွမ်းအင် အများအပြား မရှိမဖြစ် လိုအပ်တယ်။ စစ်အတွင်းကာလမှာ အမျိုးသားရေးနိုးကြားလာပြီး ခေါင်းထောင်ထလာတဲ့အချိန်တုန်းကတော့ သူတို့လိုအပ်တဲ့ စွမ်းအင်ကို ကျောက်မီးသွေးက ထုတ်ယူကြသတဲ့။ အဲဒီခေတ်တုန်းက ဂျပန်ကားတွေ ကြည့်ရင် ကျောက်မီးသွေးနဲ့ခုတ်တဲ့ မီးရထားကြီးတွေ ပါတယ်လေ။ မှတ်မိသလား။ ဒါပေမယ့် သယံဇာတဆိုတာ ကုန်ခမ်းတတ်တဲ့အရာမို့လို့ ဂျပန်တွေ ဖင်ခုထိုင်ထားတဲ့ ကျောက်မီးသွေးသိုက်ကြီးဟာ ဟိုးရှေးရှေး ပဝေသဏီကတည်းက ပြုတ်ပြုတ်ပြုန်း ကုန်ပါလေသတဲ့။ ကုန်တယ်တော့ မဟုတ်ပါဘူးလေ။ ဟိုးအ၀ီစိနီးနီး နက်လွန်းလို့ ထုတ်လုပ်မှုစားရိတ်နဲ့တွက်ရင် မကိုက်တော့လို့ အဲဒါ မသုံးတော့ပဲ တမျိုးတဖုံ ကြံစည်တော့ ရေအားလျှပ်စစ်ကို လှည့်ကြပြန်တယ်။ နိုင်ငံဧရိယာအကျယ်အ၀န်းရဲ့ ၇၅% ဟာ တောင်တန်းဒေသတွေ ဖြစ်တဲ့အတွက် ရေအားလျှပ်စစ်စက်ရုံတွေ ဘယ်နေရာမဆို တည်လို့ရသတဲ့။ ဒါပေမယ့် ရေအားကရတဲ့ လျှပ်စစ်ဓါတ်အားပမာဏဟာ ဒေသတွင်း သုံးစွဲမှုလောက်သာ ဖူလုံနိုင်တာမို့လို့ မြို့ကြီးပြကြီး စက်မှုလုပ်ငန်းတွေရှိရာ ပို့ဆောင်ဖို့ကျ မကိုက်ပြန်ဘူး။ နောက်ဆုံးတော့ ကမ္ဘာပေါ်မှာ တွက်ခြေအကိုက်ဆုံး ပေါချောင်ကောင်း စွမ်းအင်အရင်းအမြစ်တစ်ခုကို ရှာဖွေတွေ့ရှိ သွားလေတော့တယ်။ အဲဒါကတော့ အနုမြူစွမ်းအင်ထုတ်လုပ်မှုပါပဲ။
             ပြင်သစ်စာသင်တုန်းက သူတို့ပြင်သစ်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်းဖို ဘယ်နှစ်ခုရှိတယ်လို့ ကြွားသွားတဲ့အခါ “နင်တို့တတွေ ချာနိုဘိုင်းလို ဖြစ်မှာ မကြောက်ဘူးလား” လို့ စပျစ်သီးချဉ်တဲ့ မေးခွန်းမေးခဲ့ဖူးတယ်ဗျ။ ဆရာလေးက ရယ်တယ်။ ဖြစ်ကာမှ ဖြစ်ရော။ လောလောဆယ် ကမ္ဘာပေါ်မှာ သူ့ထက်ကုန်ကျစားရိတ်နည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ စွမ်းအင်အရင်းအမြစ် မရှိသေးဘူးတဲ့။ တစ်နိုင်ငံလုံး လိုအပ်တဲ့ စွမ်းအင်ပမာဏကိုလည်း သူကမှ လုံလုံလောက်လောက် ပေးနိုင်တာတဲ့။ အနုမြူစွမ်းအင်ဆိုတာမျိုးက နိပါတ်တော်လာ မြောက်ကျွန်းသူဖိုခနောက်ခဲလိုပဲ အတုံးသေးသေးလေးပေမယ့် သူ့ရေဒီယိုသတ္တိကြွစွမ်းအင် မကုန်မချင်း နှစ်ပေါင်းများစွာ စွမ်းအင်ထုတ်ယူလို့ရတယ်ဆိုတော့ သူ့လောက်တွက်ခြေကိုက်တာ ဘာမှမရှိဘူးလေ။ နောက်ကွယ်က တခြားအကြောင်းရင်းတစ်ခုအနေနဲ့ အာရပ်ကမ္ဘာက ရေနံကို အကြောင်းပြုပြီး ကမ္ဘာကို ကိုင်လှုပ်နေတာကို “နင်တို့မရောင်းလည်း ငါတို့မဖြုံပေါင်” လို့ နိုင်ဖဲကလေး ကိုင်ထားတာလည်း ပါလိမ့်မယ် ထင်ပါတယ်။
            ဘာရမလဲ။ တို့ကလည်း လူကသာ မဖြစ်ညစ်ကျယ်။ စကားနိုင်လုပြီး ပြန်ကြွားတဲ့နေရာမတော့
ခေသူမဟုတ်ပါ။ “အေးပါကွာ။ ငါတို့နိုင်ငံမှာ ကြက်ဆူပင်တွေ အသီးသီးတဲ့အခါကျမှ နင်တို့ဆီကို အိတ်စ်ပို့လုပ်ပေးလိုက်ဦးမှာ။” လို့ ပြောတော့ ရယ်စရာ အကောင်းဆုံး ပြက်လုံးတစ်ခု ဖြစ်သွားတယ်။ ဒါပေမယ့် အဲဒါ သံရုံးမှာမို့လို့ ရယ်ရဲတာနော်။ အပြင်မှာ မြေလွတ်မြေရိုင်းမကျန် ချွေးဒီးဒီးကျအောင် အုံးအုံးကြွက်ကြွက် စိုက်ပျိုးနေရတဲ့ကာလ။ ဘ၀တစ်သက်တာမှာ ယတြာသစ်ပင်တောင် မစိုက်ခဲ့ဖူးသော အရာရှိမင်းများလည်း တပိုင်တနိုင် ကြက်ဆူခင်းတွေ ကိုယ်တိုင်ကြပ်မတ် ပျိုးထောင်နေရတဲ့အချိန်။
          သူတို့ဂျပန်နိုင်ငံမှာတော့ အဲသလိုမျိုး နျူကလီးယားဓါတ်ပေါင်းဖို ၅၃ ခုတောင်မှ ရှိပါသတဲ့။ ၁၉၇၃ တုန်းကတစ်ကြိမ်၊ ၁၉၇၉ မှာတစ်ကြိမ်၊ လောင်စာဆီအခက်အခဲဖြစ်တော့ သူတို့ဝယ်ယူရတဲ့ ရေနံစိမ်းတန်ဖိုးက နှစ်ဆကနေ ဆယ်ဆအထိ တက်လာတာကြောင့် သူတို့လည်း နည်းပညာအားကိုးနဲ့ ကမ္ဘာကို ရင်ဘောင်တန်းပြီး အနုမြူစွမ်းအင် လွန်သန့်စင်လုပ်ခဲ့ကြတာ ဘာပြောကောင်းမလဲ။ အနုမြူစက်မှုလုပ်ငန်းကြီးများအတွက် ရွှေရောင်အိပ်မက်များ ဖြစ်လာပါသတဲ့။
အခုတော့ အဲသည်အိပ်မက်က တရေးနိုးခဲ့ရပြီ။ ဘေးသင့်ကျိန်စာ မကင်းပါလားလို့ ကိုယ်တွေ့ခံစားခဲ့ရပြီးပြီတဲ့။ ကိုယ့်ဆီက နာဂစ်ဆိုင်ကလုံးလိုပဲ သူတို့ဆီမှာ အပြင်းထန်ဆုံး ဆူနာမီရေလှိုင်းတွေ ၀င်ခဲ့တဲ့ ၂၀၁၀ ၃လပိုင်း ၁၁ရက်နေ့ (သူတို့က ၃/၁၁ အရေးအခင်းလို့ တဖွဖွ ပြောမဆုံးဘူး) မှာ နျူကလီယာဓါတ်ပေါင်းဖိုတစ်ခု ပျက်စီးသွားတယ်။ ၅၃ ခု မှာ တစ်ခုလေးပျက်တာများ ကင်းခြေများ ခြေတစ်ချောင်းကျိုးသလောက်တောင် မရှိဘူး။ ဘာတွေ နှမြောနေတာတုန်းလို့ မတွေးနဲ့။ နျူကလီယာယိုစိမ့်တဲ့ ပြဿနာဆိုတာ သူတို့လောက် ဘယ်သူက သိနိုင်မှာလဲ။ လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်က ဟီရိုရှီးမား နဲ့ နာဂါဆာကီက အနုမြူရောင်ခြည်သင့် လူသားတွေဟာ တချို့ဆို သည်ကနေ့ထိ အသက်ရှင်နေတုန်းပဲ။ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြနေတုန်းပဲ။ ဒီနေရာတွေကို ပြန်လည်ထူထောင်ရေးလုပ်ရတာ ခုထက်ထိ မပြီးသေးတာမို့ တိုင်းပြည်အတွက် ဘယ်လောက် နစ်နာရသလဲ သူတို့သာ အသိဆုံး။
           ဦးနှောက်ရှိတဲ့သူဆိုတာ သညာသက်သက်နဲ့ မှတ်ယုံပဲမှတ်ထားတာ မဟုတ်ပါဘူး။ တစ်ခါဆိုဆိုသလောက် နောက်ဘယ်တော့မှ ဒါမျိုးထပ်မဖြစ်ရအောင် သင်ခန်းစာလည်း ယူတတ်ပါတယ်။ အင်မတန် စိတ်ချရနိုင်တဲ့ ကိုဘေးမြို့အနားက ဓါတ်ပေါင်းဖိုနှစ်ခုကလွဲရင် တစ်နိုင်ငံလုံးမှာရှိသမျှ အကုန်ပိတ်သိမ်း ပစ်လိုက်သတဲ့။ ဖျား ဖျား။ နားရှိလို့သာ ကြားရ။ ငတို့ဆီမှာ ကြေးနီတောင်ကလေးတစ်ခုတောင် ခုထက်ထိ ပိတ်သိမ်းဖို့ မလွယ်သေးဘူး။ သူတို့က “မတော်ရယ်မှတဆ အန္တရာယ် ဖြစ်နိုင်သတဲ့” ဆိုတာလေးကိုကို လက်မခံနိုင်တာ။ ကိုယ်တွေကျတော့ “အန္တရာယ်ရှိမှန်းတော့ သိသားပဲ။ ဒါပေမယ့် အကျိုးအမြတ်ရမှာက နှမြောစရာကြီး။ ပြီးတော့ တရုတ်ကိုလည်း မျက်နှာပျက်ရမှာလေ” ဆိုတာနဲ့တင် ဘုန်းကြီးတောင်မချန်ဘူး။ လောင်မီးကျလျက် ရဲတို့စက် ဖြစ်ကုန်တာ။ ရှိပါစေတော့လေ။ ကိုယ့်ဘွနဲ့ကိုယ်ပါ။
            အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ သူတို့လို စက်မှုနိုင်ငံတွေအတွက် ဘယ်အရာက စံကိုက် စွမ်းအင်အရင်းအမြစ်ဖြစ်မလဲဆိုတာ လိုက်ရှာကြတဲ့အခါ အခုနောက်ဆုံးတွေ့ရှိချက်ကတော့ Liquid Natural Gas လို့ခေါ်တဲ့ သဘာဝဓါတ်ငွေ့သုံး စွမ်းအင်ဖြစ်ပါလေသတဲ့။ ဒါကြောင့်မို့ သူတို့ဆီမှာ အဲဒီသဘာဝဓါတ်ငွေ့တွေကို အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေကတဆင့် အမြောက်အများ မှာယူတင်သွင်းပြီး လုပ်ကိုင်နေပါသတဲ့။ ဒါကြောင့်မို့ သည်နေ့ကမ္ဘာရဲ့ စီးပွားရေးအချက်အခြာဟာ ရေနံတွင်းပေါ် ဖင်ခုထိုင်ထားတဲ့ အာရပ်ကမ္ဘာမှာ မရှိတော့ပဲ ကမ်းလွန်သဘာဝဓါတ်ငွေ့သိုက်တွေ ပိုင်ဆိုင်ရာ နိုင်ငံများဆီသို့ ရွေ့လျားလာတော့မှာပါတဲ့။ အလို ဘုရားသခင်။ ယေရှု၊ မေရီ ရော ဂျိုးဇက်ပါမကျန် တ လိုက်တာ ကောင်းပါတယ်။ ဟဲ့ အဲဒါ ငါတို့နိုင်ငံလည်း ပါတယ်လေ။ သိကြရဲ့လား။
           ပြောလို့သာ ပြောတာပါဗျာ။ ဒီအကြောင်းတွေ ပြည်တွင်းမီဒီယာတွေပေါ်မှာ မြန်မာဘာသာနဲ့
ရေးလည်းပဲ လူတွေက “အဟင့် အဟင့် ယုံဘူးတော်ရေ့။” လို့ပဲ အောင့်မေ့မှာ။ “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ရှုံ့ချကြ” ဆိုတဲ့ အထဲကို အော်တိုမစ်တစ် စာရင်းဝင်သွားပြီး “အဲ့အကောင် ခြောက်ဂျကားများတယ်။ နောက် အပြင်မထွက်စေနဲ့။” ဆိုပြီး မောင်ရင် ပြန်လာ တံခါးပိတ် ဂျိတ် လုပ်ပလိုက်မှာ။ ကျောချချ ရင်ချချ ချချင်တဲ့နေရာချ၊ ဓါးပြမှန်းမသိလို့ မဟုတ်ဘူး။ ဓါးပြဆီက ဝေစုရထားလို့ အင်နိုးဆန့်ရုပ်ခံလေး မပျက်အောင် မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ “နို့ သိမှသိပဲကို” ဆို အချင်ယောင်ဆောင်နေတဲ့သူတွေလည်း ရှိလိမ့်မယ်။ အရင်အစိုးရကြောင့် နောက်အစိုးရကြောင့်နဲ့ ပြောင်းဖူးခိုးတဲ့ ဖိုးသူတော် အခင်းထဲပတ်ဆဲသလို တရားခံရှာဖို့ မစဉ်းစားနဲ့။ တရားခံက သူများ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ။ အ လွန်း န လွန်းပြီး ပတ်ဝန်းကျင် အရိပ်အခြေကို သတိမထားတတ်လို့ အိမ်တွင်းအိမ်ပ ပတ်တီးချတဲ့သူတွေ လုပ်သမျှ ခေါင်းငုံခံနေရတာ။
            သူတို့ဂျပန်တွေကတော့ အပြောင်းအလဲတိုင်းကို သတိထားလွန်းအားကြီးလို့ ဘာမဆို ခြေတစ်လှမ်းရှေ့ရောက်တယ်။ ကိုဘေးမှာ အခု ဆောင်းဝင်တော့မယ်လေ။ ဂျပန်ကလူတွေက မန်ယူနဲ့ချယ်လ်ဆီးကို “ခုလာမယ့်ဆောင်းတွင်း နှင်းကျပါ့မလား” ဆိုတာလောက်တောင် စိတ်မ၀င်စားဘူး။ ကိုဘေးဆောင်းဟာ ဆောင်းနဲ့မတူတာ ကြာပြီတဲ့။ (သူတို့ပြောတဲ့ ကြာပြီဆိုတာ နှစ်နှစ် သုံးနှစ်ကို ပြောတာ) ဆောင်းခိုငှက်ကလေးတွေလည်း မနှစ်က မမြင်မိဘူး။ အဲဒါ ကမ္ဘာကြီး ပူနွေးလာတဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ။ ခုပုံအတိုင်းဆို ပင်လယ်ရေမျက်နှာပြင်တွေ မြင့်လာတော့မှာပေါ့။ ဂျပန်မှာ မြေနိမ့်ပိုင်းကျတဲ့ မြို့ကြီးပြကြီးတွေမှာ တစ်ခုခု ပြင်ဆင်ထားမှ ဖြစ်တော့မယ်။ တကယ်တော့လည်း အကုန်လုံးအသင့် ပြင်ဆင်ထားပြီးသားပါ။ ရေကာတာတွေ ဆောက်ထားတယ်။ အရေးအကြောင်းဆို ဘယ်သူကဘာတာဝန်ယူရမယ်ဆိုတာတွေက အထပ်ထပ် လေ့ကျင့်သင်ကြား ဖွဲ့စည်းထားပေးပြီး လိုအပ်သည်များကို ကြိုကြိုတင်တင် သိုမှီးထားနှင့်ပြီးနေပြီ။ တို့ဆီမှာ နာဂစ်ပြီးလို့ နှစ်ပတ်သုံးပတ်ကြာထိတောင် အလောင်းကောက်လို့ မပြီးသေးတာ ကိုယ်တိုင် လှော်တက်ကြီးနဲ့ တွန်းထုတ်ခဲ့ရလို့ ကိုယ်တွေ့။  ရှေ့ကြိုရောက်နေတဲ့သူနဲ့ နောက်မှာ ဘယ်လောက်ပြတ်ကျန်ခဲ့သလဲဆိုတာ သိပြီလား။
           အားတော့ မငယ်ပါဘူးဗျာ။ ဘယ်ကိုယ်တော် ဆွမ်းခံစောစော ဆွမ်းစားချိန်ကျတော့ အတူတူ ဘုဉ်းရမှာပါ။ ရှေ့ကိုသိပ်ရောက်တဲ့သူနဲ့ နောက်ဆုံးမှာ ကျန်ခဲ့တဲ့သူဆိုတာ ပြေးလမ်းတစ်ပါတ် ပြည့်ပြီးသွားရင် အလိုလို ရှေ့နောက် ပြောင်းပြန်ဖြစ်သွားမှာပါ။ ဓါတ်ငွေ့တွေကုန်သွားလို့ ဆီမီးခွက်ခေတ်ရောက်ရင် ငါတို့မြန်မာတွေဆီမှာ မီးမွှေးထင်းခွေ လာသင်ကြရမှာ။ တို့ကို မအေတွေသေလှချည့်လား၊ ကလေးတွေ သေလှချည့်လား၊ ဖင်မလီပလန်နင် မလုပ်ဘူးလားနဲ့ လာလာဆရာလုပ်နေတဲ့ ဂျပန်ကြီးတွေဟာ အခုတော့ အရမ်းအရမ်းကို ခေါင်းခဲနေရတဲ့ ကျန်းမာရေး ပြဿနာကြီးတစ်ရပ် ရှိနေသတဲ့။ ၀မ်းသာသွားပြီလား။ ပျော်သွားပြီ မဟုတ်လား။ စိတ်ပုတ်ကြီးနော်။ ဂျပန်အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုကောင်းတော့ ဂျပန်အဖိုးအဖွားတွေက အသက်တွေ ရှည်လိုက်တာ။ ပျမ်းမျှအသက်က အဖွား ၈၆ နှစ်၊ အဖိုး ၇၉ နှစ်တဲ့။ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံဟာ ၆၅ နှစ်အထက်တွေ ဖြစ်နေလို့ သူတို့ကို ပင်စင်လခပေးစရာ အလုပ်လုပ်သူလူငယ်ဆီက အခွန်အခနဲ့တောင် မလုံလောက်တော့ဘူးတဲ့။ လူငယ်အရေအတွက်ကျတော့ နည်းသွားပြီလေ။ တစ်အိမ်ထောင် ပျမ်းမျှကလေးမွေးနှုန်းက ၁.၂ ပဲ ရှိတာမို့ နောက်မျိုးဆက်ကျရင် လူဦးရေက ခေါက်ချိုးလျော့သွားလိမ့်မယ်။ အဖေအမေ နှစ်ယောက်က မွေးမှ ကလေးတစ်ယောက်ပဲ ရတာကိုး။ ဒါကြောင့် အိမ်ထောင်မပြုတဲ့ အပျိုကြီး လူပျိုကြီးတွေကို ဂျပန်အစိုးရက အင်မတန် မျက်စိစပါးမွှေးစူးပါသတဲ့။
           စူးလည်း စူးစူးပါပဲ။ proud to be single ဆိုပြီး ဂုဏ်ယူစွာ အပျိုကြီးဖြစ်ကုန်ရတဲ့အကြောင်းကတော့ ဂျပန်မတွေက လင်စိတ်သားစိတ် ကိလေသာစိတ်တွေ ကုန်ခမ်းသွားလို့ မဟုတ်ပဲ အိမ်ထောင်ပြုဖို့အရေးကို တိုကျိုမှာ ကွန်ဒိုတစ်လုံးပိုင်ဖို့ကိစ္စလောက် စိတ်မ၀င်စားကြလို့ပါတဲ့။ ပိုင်သွားပြန်တော့ ငါပိုင်တဲ့အခန်း သူများနဲ့ ရှယ်မနေနိုင်ပါဘူးဆိုပြီး လင်ယူသားမွေး ကရိကထကို ကိုယ့်ဘာသာနေချင်သလို နေနိုင်တဲ့ လွတ်လပ်ရေးနဲ့ မလဲနိုင်လို့ စိတ်ကမလျှော့ပြန်ဘူးတဲ့။ နောက်ဆုံးမှာ အချစ်၏မျက်နှာကို ရှာဖွေတွေ့ရှိခဲ့ရင်တောင် “မောင်.. အများပြောတော့ သွေးဆုံးသွားပြီဆို…” ဖြစ်ကရော။ အချည်းနှီး အကျိုးမဲ့ ကလေးမမွေးတဲ့ အမယ်အိုတစ်ယောက်တိုးတာပဲ အဖတ်တင်လိမ့်မပေါ့။ (သူတို့ဆီက လူဦးရေကိုစဉ်းစားရင် လူအရေအတွက်ကလွဲလို့ တခြား ဘာကိုမှ ထည့်မတွက်ဘူးဗျ)
ဒါကြောင့် ကိုယ့်ဆီက ကလေးမွေးဖွားနှုန်းကို “ကောင်းလိုက်တာ ကောင်းလိုက်တာ။ သည်အတိုင်း ဆက်ထိန်းထားစမ်းပါ။” ဆို သူတို့က ပြန်အားကျနေရတာဗျ။ ငါတို့ဆီမှာ အသက် ၆၀ လောက်ဆို သေလို့ရတယ် ပြောရင်လည်း “ယောဒါရှိ။ ယောဒေါရှိ။ ကောင်းဒကား။ ကောင်းဒကား။” နေဦးမှာ။ ပင်စင်လခ ပေးရသက်သာတာပေါ့ ဆိုပြီးလေ။
            လူဆိုတာ သေမျိုးလေ။ သဘာဝတရားက ဘေးအန္တရာယ်တွေနဲ့ စည်စည်ကားကား လာလာခေါ်နေတာကို အံတုဖက်ပြိုင်လုပ်ကြတော့ တစ်နိုင်ငံလုံး အိုမင်းရွတ်တွတွေရဲ့ ပါးစိပါးစပ် ကဂျီကကြောင် ဒဏ်ကို မခံနိုင်တော့ဘူး။ နောက်ပြီး သူတို့ဆီက ဂျပန် အမယ်အို အဖွားအိုတွေက တို့ဆီမှာလို သမက်ချွေးမမျက်နှာကြည့်ပြီး နေကြတာလည်းမဟုတ်။ အထုပ်နဲ့အထည်နဲ့ မာရေကျောရေ စုမိဆောင်းမိတွေ။ အဲဒီအထုပ်ကြီးက တော်တော်နဲ့ ကိုယ့်ဆီမရောက်နိုင်၊ သူတို့ဒဏ်ချည့်ပဲ လှိမ့်ပိမ့်ခံနေရတာမျိုးကြောင့် သူတို့ဆီမှာ သက်ကြီးရွယ်အိုတွေကို တို့များလို ဂရုဏာရှေ့ထား မစောင့်ရှောက်နိုင်ဘူး။
ဥပမာပြောရရင် အင်္ဂလန်က အယ်လိဇဘက် ဘြင်မကြီး သက်တော်ရာကျော်ရှည်လွန်းတာ အိမ်ရှေ့စံချားလ်မင်းသားအတွက် မစရသေးတဲ့ နန်းသက်တွေ ကုန်ပြီးရင်း ကုန်ဖို့ ဖြစ်လာတာပဲ။ ခုတောင် ပင်စင်ယူရမယ့် အသက်ရောက်နေပြီ။ သူ့လွန်မှ သားတော်လေးတွေ မြေးတော်လေးတွေ ထီးမွေနန်းမွေရမှာဆိုတော့ ဘယ်အရွယ်ကျမှ ဘာလုပ်ရအောင် အဲဒီကုလားထိုင်ကြီး စောင့်နေရဦးမှာတုန်း။ လောလောဆယ် အဲဒါကြီးချိန်ပြီး သူများစိတ်နဲ့ ကိုယ့်ကိုယ်နေရမှာက နည်းတဲ့နှစ်လား။ မတန်ရေးချ မတန်ပေါင်။ သက်ရှည်ကျန်းမာ ဧကမ္ဘာဆိုတာ နေရာတိုင်း ကောင်းရဲ့လားလို့ စဉ်းစားစရာ ဖြစ်လာတာကို ပြောပြတာပါ။ ဘယ်သူ့ကိုမှ သေစေမညွှန်းပါဘူး။ တချို့လူတွေ အသက်ရှည်ခြင်းဟာ အများပြည်သူ ဆင်းရဲကြောင်း ဖြစ်တယ်လို့လည်း မဆိုလိုပါဘူး။ စူ့ကုစိုနဲ့ စူပါ။
           ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော ကျုပ်တို့ဆီက ကျန်းမာရေးအဆင့်အတန်းဟာလေ အနေတော်၊ အလောတော်၊ သူ့အိုးသူ့ဆန် တန်ရုံကလေးရယ်။ ရှင်မွေးလွန်းကြီး ကလေးတစ်ဒါဇင်နဲ့ မနိုင်မနင်းဖြစ်ကုန်မစိုးလို့ ခုထက်ထိ ယောင်္ကျားဖောင်စီး မိန်းမမီးနေ အစဉ်အလာကို ထိန်းသိမ်းထားရတယ်။ မျောက်လောင်းကလေးတွေ ပေတရာပေါ် မျက်စိနောက်မစိုးလို့ ငါးနှစ်အောက်ကလေးသေနှုန်းကလည်း မှန်မှန်ကလေး ရှိနေစေရတယ်။ လူဦးရေတွေ ပေါက်ကွဲကုန်မယ့်အရေးကြောင့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာရင်လည်း စနေ၊ အင်္ဂါ၊ ရက်ရာဇာရွေးပြီးမှ ကယ်ဆယ်ရေးအဖွဲ့လွှတ်ရတယ်။ သဗ္ဗေသတ္တာ ကမ္မသကာ မဟုတ်လား။ အရာရာ သဘာဝက ပြုပြင်စီမံတဲ့အတိုင်းပြီးရင် မိမိရဲ့ ကံတရားက ပြုပြင်စီမံတဲ့အတိုင်း ယောနိသော မနသီကာရကလေးနဲ့ စိတ်အေးချမ်းသာ အသက်ရှင်တယ်။ နေလည်းအေးအေး သေလည်းအေးအေးပေါ့။ နောင်ကျ သူတို့ဂျပန်တွေက ကျုပ်တို့ဆီမှာ နေနည်းထိုင်နည်း စားသောက်နည်းများ အတုယူချင်လို့ သင်ပေးစမ်းပါ လို့ ပြင်ညာတော်သင်တွေလွှတ်ရင် “မောင်ငယ်ရင်သွေး နာဘိသေးလော့” ဆို ဇကာကြီး ပြန်လုပ်နိုင်အောင် ကိုယ့်ချင်းကိုယ်ချင်း လျှို့ဝှက်ချက်တွေ အရင် ဖောက်သည်ချထားနှင့်တယ်။ သိလား။ ဘာမှ မပူနဲ့။ တစ်ပတ်ပြည့်ကာနီးပြီ။ တို့က ရှေ့ဆောင်နိုင်တော့မှာ။
Soe Min
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...