ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၃)
September 18, 2013 at 8:46pm

တခါတခါ တော့ အင်းလေးပုဆိုးနဲ့ပေါ့၊ သူနေတာက ကန်တော်ကလေးမှာ (အောင်ဆန်းကွင်းနား)၊ အရင် သူက သင်္ဘောသား ပိုက်ဆံစုပြီး အခွေထုတ်တာ၊ သီချင်းရေးတာအပြင် သီချင်းဆိုချင်တဲ့ ပိုးကလဲ အပြည့်လေ၊ ၁၉၈ဝ လောက်က စ ပြီး သူအမြဲတမ်း ခရမ်းပြာမှာကျင်လည်တော့တာ၊ သူနဲ့အတူ ရစ်ချက် (သက်နိုင်ဦး) လည်းမကြာမကြာလာတယ်၊ ကိုရဲနဲ့ ကိုအောင်ဝင်းတို့ရဲ့ ပန်းခရမ်းပြာ သီချင်းရေးပြီးတော့ ကျနော်တို့ အင်ကြင်းဆောင်နောက်မှာ ဆိုကြတဲ့အချိန်ကတည်းက သူ အဲဒီသီချင်းကို ဆိုပြီးစီးရီးထုတ်ချင်နေတာ၊ အဲဒီတုန်းက ကိုရဲ ပန်းခရမ်းပြာသီချင်းတီးရင် ကျနော်က ကိုရဲ တီးကွက်တွေက ကိုရဲပြောတော့ လွယ်တယ်၊ ကျနော့အတွက်တော့ ခက်နေတယ်လို့ ပြောရတယ်၊ ကိုရဲကတော့ သူ့ထုံးစံအတိုင်းပြုံးပြီး နောက်ကျ ပန်းခရမ်းပြာသီချင်းကိုညတိုင်းဆိုဖြစ်တာပါပဲ၊ အဲဒီအချိန် ဘိုတင့်နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြတော့ဘူး၊ မိုးကျော်က The Aces ဝိုင်းမှာတီးနေပြီမို့မတွေ့ဖြစ်ကြတာ၊ ဘိုတင့်က သူ့မှာပိုက်ဆံရှိရင် ဘယ်တော့မှ မနှမြောတတ်ဘူး၊ အားလုံးကို သူ ဒကာခံတတ်တယ်၊ သူ့မှာမရှိလဲ ပြောတယ်၊ ပွင့်ပွင်းလင်းလင်းသမားပါ၊ ရီစရာကောင်းတာက တခါတခါ ကိုရဲနဲ့ စကားပြောရင် ကိုရဲရဲ့ စကားအထာတွေ သူလိုက်ပြောပေမဲ့ သူ့စကားတွေက အူလယ်လယ်ဖြစ်ဖြစ်သွားတယ်၊ ကိုရဲရဲ့ စကားတွေ သူလိုက်မမှီဘူး၊ မိုးကျော်နဲ့ ဘိုတင့်ကျတော့ နွေးနွေးထွေးထွေးရှိကြတယ်၊ ဟို အရင် ခိုင်ထူးရဲ့ တေးမြုံငှက်ကတည်းက တွဲခဲ့ကြတာကိုး၊ မိုးကျော်က သိပ်နောက်တာပြောင်တာမရှိဘူး၊ သူသိပ်ရင်းနှီးတဲ့သူမှ နောက်တတ်တာ၊ RC 2 မှာတုန်းက ကျနော်တို့က M8 သင်္ချာအတန်း၊ မြင်းခြံသားမောင်နီက သူကြိုက်နေတဲ့ကောင်မလေးနံမည်က မအေး၊ အဲဒါနဲ့ မအေးကို စာပေးဖို့ကြံကြတော့ မိုးကျော်ကိုဆရာတင်ကြတယ်၊ မိုးကျော်က သီချင်းလဲရေးတာကိုး၊ မိုးကျော်ချပေးတဲ့စာသားတွေနဲ့ မြင်းခြံမောင်နီရဲ့ ရည်းစာစာကတော့....
မအေးရေ....
မအေးက ကျနော့အတွက် တနေ့တခြားပိုပိုပြီး စိတ်ဝင်စားစရာကောင်းအောင်ကို လှလှလာတယ်၊
မအေး အကြောင်းအမြဲတွေးနေရလို့ အတန်းထဲမှာ ဆရာမလဲ မအေးပဲဖြစ်နေတယ်၊
ဆရာမသင်သမျှစာတွေကလဲ မအေးအကြောင်းတွေချည်းပဲ ကြားနေရတယ်၊
လိုရင်းပြောရရင်တော့ မအေးရယ် မအေးကို ကျနော်အရမ်းချစ်တယ်ဆိုတာ မအေးသိစေချင်တာပါပဲ၊
ကျနော်စိတ်ချမ်းသာမဲ့ အဖြေလေး အတွက် မအေးဆီက ပြန်စာလေး မနှေးအမြန်လိုချင်ပါတယ် မအေးရယ် ....
ဆိုပြီးကျနော်တို့ ဝိုင်းရေးပေးလိုက်ကြတာ (အမှန်တော့ စာက ဒီထက်ရှည်တယ်၊ကျနော်မှတ်မိသလောက်ပြန်ရေးထားတာ)
ပြန်စာပြန်လာတာလဲ မြန်သလားမမေးနဲ့ နောက်နေ့မနက် မအေးသူငယ်ချင်းတယောက်နဲ့ ပြန်လာတာပါပဲ၊
မောင်နီရေးတဲ့ စာတွေက မှင် အပြာနဲ့ရေးပေးလိုက်တာ၊ မအေးက မှင်အနီနဲ့ မောင်နီ့စာတွေအဆုံးတကြောင်းချင်းစာပြန်လိုက်တာကတော့....
မအေးက ကျနော့အတွက် တနေ့တခြားပိုပိုပြီး စိတ်ဝင်စားစရာကောင်းအောင်ကို လှလှလာတယ်၊(တကယ်လားဟင်)
မအေး အကြောင်းအမြဲတွေးနေရလို့ အတန်းထဲမှာ ဆရာမလဲ မအေးပဲဖြစ်နေတယ်၊ (ကြည့်စမ်း..ကြည့်စမ်း..အဲ့လောက်တောင်)
ဆရာမသင်သမျှစာတွေကလဲ မအေးအကြောင်းတွေချည်းပဲ ကြားနေရတယ်၊ (အင်း..တခုခုတော့ မှားနေပြီထင်တယ်ကွယ်)
လိုရင်းပြောရရင်တော့ မအေးရယ် မအေးကို ကျနော်အရမ်းချစ်တယ်ဆိုတာ မအေးသိစေချင်တာပါပဲ၊ (တကယ်ယုံရမှာလားဟင်!)
ကျနော်စိတ်ချမ်းသာမဲ့ အဖြေလေး အတွက် မအေးဆီက ပြန်စာလေး မနှေးအမြန်လိုချင်ပါတယ် မအေးရယ် (စိတ်ချမ်းသာတဲ့ နေရာက တရားရိပ်ပဲလေကွယ် မိုးကုတ်ကိုသွားချင်သလား၊ မဟာစည်သွားချင်လား ဒို့လိုက်ပို့ပေးမယ်လေ)
မောင်နီ မအေးဆီက ပြန်စာဖေါက်မဖတ်ခင် ကျနော်တို့ကို အားရဝမ်းသာစွာနဲ့ RC 2 မုန့်ဆိုင်တန်းမှာ ဆီချက်ခေါက်ဆွဲကျွေးခဲ့တာလေးပြန်အမှတ်ရမိပါတယ်၊ တော်ဘီကွာ မိုးကျော် မင်းကိုအားကိုးကာမှ ပိုဆိုးတော့တာပဲဆိုတဲ့ ကွယ်လွန်သူ မြင်းခြံသားမောင်နီရဲ့ အညာလေနဲ့ပြောတဲ့ သူ့စကားသံလေးပြန်လွမ်းမိပါတယ်၊ သြော်...တခါတုန်းက ကျောင်းနေဘက်သူငယ်ချင်းတွေ.....ရဲ့ လွမ်းစရာတက္ကသိုလ်ဇာတ်လမ်းတွေ.....
ပြောရင်းနဲ့ ဘိုတင့်(ရာပြည့်) အကြောင်းပြန်ဆက်ရအုန်းမယ်၊
သူ့ ပန်းခရမ်းပြာ သီချင်းသွင်းတော့ မေ စတူဒီယိုမှာ၊ သူတော်တော်ကုန်သွားတယ် ပိုက်ဆံပြောတာ၊ အသံသွင်းတဲ့နေ့တိုင်း အပေါင်းအသင်းတွေအားလုံးကို ဒိုင်ခံပြုစုတာ၊ အချိုကြိုက်သူတွေအတွက်အချို၊ အကြမ်းကြိုက်သူတွေအတွက်အကြမ်း..လုံးဝ လိုလေးသေးမရှိ၊ ကျနော်ရောက်တဲ့အချိန်က အတီးပိုင်းတွေပြီးပြီ၊ သူ့ အဆိုထပ်တဲ့နေ့တွေ၊ ကျနော်က မိုးကျော်နဲ့ပါလာတာ၊ မိုးကျော်က အမြဲသူ့အတီးတွေလိုက်လိုက်ဖြည့်တယ်၊ အဲဒီတုန်းက ဘိုတင့်က သူ့ စီးရီးပန်းခရမ်းပြာအတွက်အတော်ကြိုးစားခဲ့ပါတယ်၊ ထင်သလောက်မပေါက်ခဲ့တာတော့ သူ့ကုသိုလ်လို့ပဲပြောရမှာပဲ။
သူအမေရိကရောက်တဲ့အချိန်မှာ သူနဲ့အတူနေကြတာက ကျနော်နဲ့ တော်လှန်ရေးမှာ ခင်ကြသိကြတဲ့သူတွေ၊ ခြင်္သေံကြီး ခေါ် အံ့ကူနဲ့နေတယ်၊ ကျနော်နယူးယောက်ရောက်ပြီး ၅နှစ်အကြာ ၂ဝဝ၉ ထဲမှာ၊ သူဖုန်းဆက်တော့ မိုင်ကျော်ခင်းရေ မင်း Dennis (မွန်းအောင်) နဲ့ အဆက်အသွယ်ရှိလား၊ အားလုံးကိုသတိရတယ်ကွာ၊ ခရမ်းပြာရော၊ ကိုအုန်းမြင့်(ရီဇော်)၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်၊ မိုးကျော်..အားလုံးပဲကွာ..အရင်လိုဘဝတွေပြန်မရတာကိုလွမ်းတယ်၊ သီချင်းတွေလဲရေးဖြစ်တယ်..ပြောတာအများကြီးပါ၊ သူ့သီချင်းအသစ်တွေတော့ လူချင်းမဆုံဖြစ်တော့ ကျနော်လဲမကြားခဲ့ရပါဘူး...အမေရိကားမှာနေကြတယ်ဆိုပေမဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းလေ...အဝေးကြီး....
သူကွယ်လွန်တဲ့အချိန်က ၂ဝဝ၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့၊ အမေရိကန်ပြည်ထောင်စု ၊ ဆန်ဖရန်စစ္စကိုမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ၊ သူဆုံးတဲ့အချိန်မှာ သူ့အသက် (၅၄) နှစ်.....။
(မင်းကျော်ခိုင်)
ဆက်ပါဦးမည်
0 comments:
Post a Comment