Thursday, September 19, 2013

ကလေးများအတွက် အတုမြင်အတတ်သင်စေဖို့

 
 ယနေ့ခေတ်လူငယ်များအကြား ခေတ်စားလာသည့် မျက်နှာနေရာအနှံ့ အပေါက်ဖောက်၍ အလှဆင်သည့် ဖက်ရှင်အကြောင်း ဆောင်း ပါးတစ်ပုဒ်ကို ဖတ်ရတော့တိုက်တိုက်ဆိုင်ဆိုင် သည်တစ်ရက်နှစ်ရက် ကပဲ ကျောင်းတစ်ကျောင်းက ဆရာမတစ်ဦး ပြောပြသည့်အကြောင်းလေးတစ်ခုကို သတိရမိပါသည်။

သူတို့ကျောင်းက ရှစ်တန်းကျောင်းသားလေး သုံးလေးယောက်ကျောင်းတက်ချိန်ကြီးမှာ နားရွက်က သွေးတွေထွက်နေသည်ဆို၏။ ဒါနဲ့အတန်းပိုင်ဆရာမက အလန့်တကြားခေါ်မေးတော့မှ ငိုအားထက် ရယ်အားသန်ဖြစ်ကြရသလို ကျောင်းစာမှာသာ သင်တိုင်းမတတ်ရှိရမည်။ ဒါမျိုးကျ တတ်လွယ်လိုက် တာဟုဆိုကာ သက်ပြင်းချမိကြသတဲ့။ ခပ်ရွယ်ရွယ်ကျောင်းသားတစ်ယောက်က အခြားကျောင်းသား သုံးလေးယောက်ကိုနားပေါက်တစ်ပေါက်လျှင် ၅၀ ကျပ်နှုန်းဖြင့် နားဖောက်ပေးသည်ဟု ဆိုသည်။ သို့နှင့် ထိုကျောင်းသားကိုခေါ်ယူ စစ်ဆေးကြည့်တော့ အရက်ပြန်ပုလင်းတို့၊ ဂွမ်းစတို့၊ ချိတ်တို့ကို ထိုကျောင်းသားထံမှ ရရှိသည်ဟုဆိုပါသည်။ အရပ်ထဲက ကာလသား လူငယ်တွေလုပ်တာကိုကြည့်ပြီး ကျောင်းကသူငယ်ချင်းတွေကို ပြန်လုပ်ပေးသည်ဟု ထိုကျောင်းသားကဆိုပါသတဲ့။ အရက်ပြန် ဖိုး၊ ဂွမ်းဖိုးစိုက်ထားရသဖြင့် နားပေါက်တစ်ပေါက်ကို ငွေကျပ် ၅၀ တောင်းရကြောင်းလည်း ရှင်းပြပါသတဲ့။ ဆရာမတွေလည်း နောက်နောင်ဤကဲ့သို့ မလုပ်ရန်ပြောဆိုဆုံးမလွှတ်လိုက်ရသတဲ့။ ကျွန်တော့်မှာ နားထောင်ရင်းက အတုမြင်အတတ်သင်တတ်ကြသည့်အရွယ်တွေနှင့် တုလွယ်တတ်လွယ်တွေ ပေါလှ သည့် ယနေ့ခေတ်ရုပ်ပတ်ဝန်းကျင်အကြောင်း စဉ်းစားရင်း သက်ပြင်းမောတွေဘယ်နှကြိမ်မှန်းမသိ အောင် ချနေမိပါသည်။

သိပ္ပံပညာ၏ အံ့မခန်းအစွမ်းဖြင့် ယနေ့ခေတ်ရုပ်ပတ်ဝန်းကျင်သည် မယုံကြည်နိုင်စရာပြောင်းလဲလာ သည်။ ကျွန်တော်တို့ငယ်စဉ်ဘဝတုန်းကတော့ အပျင်းပြေနားထောင်စရာဆို၍ ရေဒီယိုနှင့် အလှူအ တန်းရှိသည့်အခါ တစ်ခါတစ်ရံဖွင့်တတ်သည့် အသံချဲစက်သာရှိသည်။ ကက်ဆက်ဆိုတာတောင် ရှစ် တန်း၊ ကိုးတန်းရောက်မှ ရင်းနှီးခဲ့ရသည်။ အပန်းဖြေကြည့်စရာ ရုပ်ရှင်ဆိုတာလည်း ရုပ်ရှင်ရုံသွား ကြည့်မှ ဖြစ်သည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲဆိုတာလည်း ဘုရားပွဲရောက်မှ ကြည့်ရသည်။ ဒါတောင် စပါး ထွက်မကောင်းသည့်နှစ်မျိုးဆို လူကြီးတွေက တပေါင်းပွဲမှာ ဇာတ်ပွဲမထည့်လျှင် ထိုနှစ်အတွက် ပွဲငတ် ရပါသည်။ သည်နေ့ခေတ်မှာတော့ အနိမ့်ဆုံးအနေဖြင့် တီဗီ၊ ဗီဒီယိုလောက်ကတော့ လူတိုင်းနှင့် ရင်းနှီးပြီးဖြစ်သည်။ MP-4 လိုဟာမျိုးလောက်ပင် သိပ်ခေတ်မစားတော့။ ငါးတန်း၊ ခြောက်တန်းကလေး လောက်ပဲ ကိုင်ကြတော့သည်။ ခုနှစ်တန်း၊ ရှစ်တန်းကလေးလောက်ဆို ဂိမ်းဆိုင်ရောက်ကုန်ကြပြီ။ အင်တာနက်ဆိုင်ရောက်ကုန်ကြပြီ။

ကျွန်တော်တို့ခေတ် ရုပ်ပတ်ဝန်းကျင်က ရုပ်ရှင်နှင့်ဇာတ်ပွဲလောက်သာရှိသဖြင့် ရုပ်ရှင်မင်းသားလို ဘောင်းဘီအကျပ်ဝတ်ကြသည်။ ပြဇာတ်မင်းသားလို အင်္ကျီကော်လာထောင်ကြသည်။ သည်လောက် သာအတုမြင် အတတ်သင်ကြသည်။ ရုပ်ရှင်၊ ပြဇာတ်တို့၏ ဇာတ်ဝင်ခန်းများတွင်လည်း အမြင်ရိုင်းစရာ ဇာတ်ကွက်များ ပါလာခဲ့လျှင် အနုပညာမြောက်အောင် ယဉ်ကျေးဖွယ်ရာ ဖန်တီး၍ပြကြပါသည်။ သို့အ တွက် ကျွန်တော်တို့ခေတ်လူငယ်များမှာ အန္တရာယ်ဖြစ်လောက်အောင် ကူးစက်ခြင်းမခံခဲ့ရပါ။ တေးသီ ချင်းများတွင်လည်း ရေဒီယိုနှင့် ကက်ဆက်လောက်သာ အထိအတွေ့ရှိသေးသဖြင့် ကိုသန်းလှိုင်လို လွမ်းချင်လွမ်း၊ ကိုတင်လှိုင်လိုဆွေးချင်ဆွေး၊ တွံတေးသိန်းတန်လို ဟစ်ချင်ဟစ်။ နောက်ပိုင်းကာလ သားအရွယ်ရောက်လာတော့ ဘိုဘိုဟန်လို 'ဘိုင်စကုပ်ထဲကလို ချစ်ကြတယ်အမိ××နင်ကိုငါချစ်တယ် ××ငါ့ကိုနင်ချစ်မလား' ဆိုတာ အစွမ်းကုန်ပဲဖြစ်၏။

သည်ခေတ်ရုပ်ပတ်ဝန်းကျင်ကတော့ ရုပ်ရှင်လိုအတုဖန်တီးထားတာမဟုတ်သည့် တကယ့်ရာနှုန်းပြည့် အစစ်တွေကိုပဲ ပြည်တွင်းဖြစ်ကြည့်မလား။ Foreign Made ကြည့်မလား။ ထက်ပေါ်ကျော်ကြားသူတွေ ထဲကကြည့်မလား။ သာမန်အရပ်သူ အရပ်သားထဲက ကြည့်မလား။ ပညာတတ်ဆိုတဲ့အသိုင်းအဝိုင်း တွေထဲကကြည့်မလား။ သုံးဆယ့်နှစ်ကောဋ္ဌာသကို တစ်ခုချင်းအနုစိတ်သရုပ်ခွဲကြည့်၍ ရနေလေပြီ။ ကျွန်တော်တို့ခေတ်ကလို ရုပ်ရှင်ရုံသွားစရာမလိုပါလေပြီ။ ကိုယ့် MP-4၊ ကိုယ့်လက်ကိုင်ဖုန်းထဲမှာ ဒါမှ မဟုတ် စတစ်လေးတစ်ခုထဲမှာ။ ဘယ်ကွန်ပျူတာဆိုင်မှာ သွားထည့်ထည့်ထည့်၍ ရနေလေပြီ။ ဖုန်းအ ချင်းချင်း ပို့ပေး၍ရနေလေပြီ။

ရုပ်ရှင်လောက၊ တေးသီချင်းလောကတွင်လည်း ယဉ်ကျေးမှု နယ်နိမိတ်တွေ စည်းကျိုးသွားတဲ့ ခေတ် ဆိုတော့ ဆံပင်ဆိုးတာ၊ ထောင်တာအစ မျက်နှာအနှံ့အပေါက်ဖောက်ပြီး အလှဆင်တာအလယ်၊ တက်တူးထိုးတာအဆုံး နိုင်ငံရပ်ခြားအနုပညာရှင်များသာမက ပြည်တွင်းကအနုပညာရှင်များပါ ခေတ် ပေါ်ဖက်ရှင်အဖြစ် ပြုလုပ်နေကြပေပြီ။ ဗီဒီယို၊ ရုပ်ရှင်တွေထဲက အိမ်ထောင်ရေး ဇာတ်ဝင်ခန်းတွေမှာ လည်း တကယ့်အစစ်သဖွယ် သဘာဝကျအောင်ရိုက်ပြနေကြလေပြီ။ တေးသီချင်းတွေဆိုလည်း ကိုယ် ပိုင်သံစဉ်တွေကို ခံတွင်းမတွေ့ကြလေတော့။ သည်တော့ ကနေ့ခေတ် လူငယ်တွေ၊ အရွယ်မရောက် သေးသူတွေအတွက်က အတုမြင်အတတ်သင်မှားလျှင် အလွန်ပဲအန္တရာယ်ကြီးလှပါသည်။

သည်လိုရုပ်ပတ်ဝန်းကျင်က အလျင်အဟုန်ကောင်းကောင်းနှင့် ပြောင်းလဲလာသလို အရက်အစ၊ မူးယစ်ဆေးအလယ်၊ ကာမရာဂစိတ်ကြွဆေးအဆုံး လူငယ်တွေကို လုံးပါးပါးစေမည့်အရာတွေက လည်း နေရာအနှံ့မှာ တိုးတိုးတိတ်တိတ် လွတ်လပ်စွာဝယ်ယူရရှိနေသည်။ စာသင်ကျောင်းတွေအနီး မှာ အရက်ဆိုင်တွေမှိုလိုပေါက်နေသည်။ နေ့စဉ်သတင်းစာတွေမှာ မူးယစ်ဆေးဝါးဖမ်ဆီးရမိသည့် သတင်းတွေဖတ်နေရပါလျက် ဝယ်တတ်လျှင်အလွယ်တကူရနေသည်။ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်းကစားတွေကလည်း ပျောက်သွားသည်မရှိ။ အဖမ်းအဆီးရှိသည့်အခါ တစ်ရက်၊ နှစ်ရက် ပျောက်သွားသည်။ နောက်တော့ ပိုနေမြဲကျားနေမြဲပင်။ သည်အထဲ ဘွဲ့ရလူငယ်အများစုက အလုပ်မရှိ ကြတော့ ဂိမ်းဆိုင်တွေ၊ ဘိလိယက်ခုံတွေမှာ အချိန်ကုန်နေကြသည်။ သည်လိုရုပ်ပတ်ဝန်းကျင်အကြား စာရိတ္တဉာဏ်ခံ အားမကောင်းသည့် ကျောင်းသားများအဖို့ အချိန်းမရွေး အတုယူမှားနိုင်ကြပါသည်။

တစ်ဖက်မှာ အတုအမြင်မှားစေမည့် ရုပ်ပတ်ဝန်းကျင်က ကြီးထွားနေသလောက် ကလေးသူငယ်၊ ကျောင်းသားများအတွက် စိတ်အခံရင့်သန်စေမည့် ကျောင်းစာကြည့်တိုက်လိုဟာမျိုးတွေကျ အသက် မဝင်တော့တာ ဆယ်စုနှစ်တစ်ခုမကတော့ပြီ။ ကျွန်တော်တို့ ငယ်ငယ်ကလို စာကြည့်တိုက်ကတ်ပြား လုပ်ပေးထားပြီး ကျောင်းစာကြည့်တိုက်ကနေ ကျောင်းသားတွေကို စာအုပ်အငှားပေးတာမျိုးမရှိတော့။ ကာယတို့၊ ရသတို့သင်ပေးတာမျိုးတွေ မရှိတော့။ အပေါ်ကခိုင်းတာမဟုတ်လျှင် ကျောင်းတွေမှာ ကိုယ့်ဘာသာ စိတ်ကူးပြီးကျောင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဘာတစ်ခုမှမလုပ်တော့။ မဆလလက် ထက်က တစ်ရွာနှင့်တစ်ရွာ စပါးအထွက်တိုးပြိုင်သလို တစ်ကျောင်းနှင့် တစ်ကျောင်း၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် တက္ကသိုလ်ဝင်တန်းအောင်ချက်ပဲ ပြိုင်နေကြတော့သည်။

တစ်ခါပြောင်းလဲလာသည့် ရုပ်ပတ်ဝန်းကျင်ကို အကျိုးရှိရှိ အသုံးချလျက် ရုပ်မြင်သံကြားလို အများ ပြည်သူ ဝန်ဆောင်မှုမီဒီယာတွေမှာ ကျောင်းသားလူငယ်တွေအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုး တိုးတက်စေမည့် အစီအစဉ်မျိုးတွေ ဖော်ဆောင်မပေးနိုင်။ ဘယ်လိုင်းကောက်ဖွင့်လိုက်ဖွင့်လိုက် ခေါင်းစဉ်အမျိုးမျိုးနှင့် အဆိုပြိုင်နေကြတာပဲတွေ့ရသည်။ တစ်ခါတစ်လေများ သီချင်းဆိုနေသည့် အရွယ်က ဆယ်နှစ်သာသာလောက်ရှိသေးသည်။ ဆိုနေသည့်သီချင်းက တစ်ချစ်တည်း ချစ်နေတော့ သည်။ အဲဒါကိုပဲ လူကြီးတွေက အရွယ်နှင့်မလိုက်အောင် မူပြစူပြ၊ ညုပြနုပြနေသည်ကို သဘောကျ နေကြသေးတော့သည်။ သြော် ….. သူ့အရပ်နှင့်သူ့ဇာတ်ကတော့ အံကိုက်ပဲဟဟု အောက်မေ့မိ၏။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် တန်ဖိုးရှိသောလူ့အရင်းအမြစ်တွေ များများရှိဖို့လိုသည်။ ကလေးသူငယ် ဟူသည် အတုမြင်အတတ်သင်တတ်သူများ ဖြစ်၏။ သူကြုံတွေ့ကျင်လည်ရာ ပတ်ဝန်းကျင်သည် သူ ၏စာရိတ္တစိတ်အခံကို ပြုပြင်ပေး၏။ ကလေးတွေတန်ဖိုးရှိသော လူ့အရင်းအမြစ်များဖြစ်လာဖို့ ပတ်ဝန်း ကျင်ကောင်းလိုပါသည်။ ကလေးများအတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးရမည်မှာ ကျွန် တော်တို့လူကြီးများ၏ တာဝန်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးမပေးနိုင်ပါဘဲနှင့်တော့ လူမွန်၊ လူချွန်ကလေးတွေ လိုချင်၍မရနိုင်ပါ။

နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ကို စိတ်ရင်းအမှန်ဖြင့် တကယ်မြင်တွေ့လိုပါလျှင် 'ပညာရေးဖြင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့' ဟု ဆိုင်းဘုတ်တွေလိုက်ထောင်နေမည့်အစား ကလေးများအတွက် အတုကောင်းတွေအတတ်သင်စေနိုင်မည့် ပတ်ဝန်းကျင်ကောင်းတွေ များများ ဖန်တီးပေးဖို့လိုအပ်မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အကြံပြုအပ်ပါသည်။

Written by မင်းသန်းထိုက် (ဒေးဒရဲ)

ယခုအပတ်ထုတ် 7 Day News ဂျာနယ် (အတွဲ ၁၂၊ အမှတ် ၂၇) ပါ

Vol.12, No.28, Sep-18, 2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...