Sunday, September 1, 2013
ကမ္ဘာကျော်တရားခွင်လျှောက်လဲချက်များ
September 1, 2013 at 5:12pm
နိဒါန်း
တရားခွင်ဖြစ်ရပ်တို့ သည် လူ့ လောကဇတ်ခုံတွင် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးသော ဇတ်လမ်းများဖြစ်ကြသည်။ အသက်တစ်ရာမနေရ အမှုတစ်ရာတွေ့ ရတတ်သော လူ့ ဘ၀တွင် လူ တို့ သည် ဘ၀တစ်လျှောက်လုံး အနည်းနှင့် အများ အမှုပြသနာများနှင့် ရင်ဆိုင်ကြရသည်။
ထိုမှုခင်းတို့ သည် တရားရုံးသို့ ရောက်သည်လဲရှိ၏။ မရောက်သည်လည်းရှိ၏။
လူလူချင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ အငြင်းပွားနေရသော ပဋိပက္ခတို့ သည် လူ့ သမိုင်းတစ်လျောက် အတောမသတ်အောင် ဖြစ်ခဲ့ရသည်။ နေ့ စဉ်နှင့်အမျှ တရားခွင်တို့ တွင် ထိပ်ရိုက်ခေါင်းကွဲ၊ လင်ကွာမယားကွာမှသည် လူသတ်မှု၊ နိုင်ငံသစ္စာဖေါက်မှု၊ ပုန်ကန်မှု စသည်ဖြင့် အမှုသေး အမှုကြီးပေါင်းစုံလင်စွာ လူ့ ဇတ်လမ်းတကယ့်ဖြစ်ရပ်တို့ကို တွေ့ မြင်နနိုင်သည်။  ထို့ ကြောင့်တရားခွင်ဖြစ်ရပ်တို့ သည် လူတို့ ၏တကယ့် ဖြစ်ရပ်များလည်းဖြစ်သည်။ စိတ်ဝင်စားစရာအကောင်းဆုံးသော လူ့ ဇတ်လမ်းများလည်း ဖြစ်သည်။
တရားခံရှေ့ နေသည် သူ့ အမှုသည်အား ကြိုးစင်ပေါ်မှ ဆွဲချနိုင်ရေးအတွက် အသံတစာစာနှင့်လျှောက်လဲနေသည်ကို ကြားနိုင်ပါသည်။တွေ့ နိုင်ပါသည်။ သူ၏ စကားလုံးတိုင်း စကားလုံးတိုင်းသည် တရားခံ၏ လည်ပင်း၌ စွပ်ထားသော ကြိုးကွင်းကိုလှီးဖြတ်နေသော ဓားချက်နှင့်တူပါသည်။
တရားလိုရှေ့ နေသည် တရားခံအားထောင်ချောက်အတွင်းသို့  အာဂမယုတ္တိ၊ သဘာဝယုတ္တိတို့ ဖြင့်ပိတ်ဖမ်းနေသည်။ သူ၏လျှောက်လဲချက်စကားလုံးတိုင်း စကားလုံးတိုင်းသည် တရားခံအားရုန်းမလွတ်အောင်ရစ်ပတ်နေသည့် ကြိုးခွေများနှင့်တူပေသည်။
ဤသို့ ဖြင့်တရားခွင်ဇတ်ခုံတွင် လူတို့ သည် ကြေကွဲစရာ၊ ၀မ်းနည်းစရာ၊ တုန်လှုပ်စရာ၊ နည်းယူစရာ၊ သံဝေဂရစရာစသည်တို့  ဖြင့် ရသမျိုးစုံပါဝင်သော ဇတ်ကြီးများကို ကပြနေကြပါသည်။
ရက်စက်ယုတ်မာသော လူသတ်သမားရာဇ၀တ်ကောင်သည် သူကျူးလွန်စဉ်အခါက ဘီလူးသဘက်ကဲ့သို့ ရက်စက်ခဲ့၏။ ၀ံပုလွေကဲ့သို့ ကောက်ကျစ်ယုတ်မာခဲ့၏။ သို့ သော် တရားခွင်တွင်မူ သူသည် အပြစ်ကင်းသော သိုးငယ်ဟန်ဖြင့် အသနားခံနေသည်။
စင်မြင့်ပေါ်ကတရားသူကြီးသည် သူ့ ၌မူလရှိနေသော လူသာမန်တို့ ၏ စိတ်ဝေဒနာခံစားမှုတို့ ကို ဘေးချိတ်၍ထားပြီ်းလျှင် သူစစ်ဆေးနေရသော မှုခင်း၌ တရားချိန်ခွင်ကိုသာ ချိန်စက်ကြည့်နေရပါသည်။ တရားခံ၏မျက်ရည်ကိုလည်း သူမမြင်နိုင်။ သူမြင်ရမည့် အရာကား ဥပဒေသာဖြစ်သည်။
သို့ သော် ဤအကြောင်းအရာတို့ ထက်ပိုမိုလေးနက်ပြီး သမိုင်းတွင်ကျန်ရစ်ခဲ့သည့် တရားခွင်ဇတ်လမ်းများသည် လောက၌ တကယ်ဖြစ်ခဲ့သည်။. ထိုဇတ်လမ်းတို့ တွင် မညီညာသော ကမောက်ကမနိုင်လှသည့် ဇတ်ကွက်တို့ လည်းပါဝင်သည်။
တစ်ခါတစ်ရံ တကယ့်တရားခံသည် တရားလိုဖြစ်နေရပြီး တရားလိုသည် တရားခံဘ၀သို့ ရောက်နေရသောအမှုများလည်းရှိသည်။ သန်လျက်ခိုးသူဘုရင်က သန်လျက်ကို ဖင်ခုထိုင်၍ အပြစ်ကင်းသူအားဓားမိုးကာ သန်လျက်သူခိုးကိုရှာဖွေနေသော အမှုများလည်းရှိခဲ့ပါသည်။ သူတစ်ပါးတိုင်းပြည်အား မတရားလုယူအုပ်ချုပ်ခဲ့သော နယ်ချဲ့သမားသည် ကိုယ့်တိုင်းပြည်လွတ်မြောက်ရေးအတွက် ပြန်လည်ခုခံသော သူရဲကောင်းကို ရုံးတင်စစ်ဆေးပြစ်ဒဏ်ချမှတ်ခဲ့သော အမှုများလည်းရှိပါသည်။ အပြစ်ကင်းသူတစ်ယောက်ကို မတရားသြဇာသုံး၍ ကိုယ့်လက်ဝယ်ပိုင်ဆိုင်သော တရားရုံးကို အသုံးပြုကာလက်စားချေခဲ့သော အမှုများလည်းရှိပါသည်။ ဤမှုခင်းတို့ သည် သမိုင်းတွင် ဖျောက်ဖျက်၍ မရစကောင်းသော ရှက်ဖွယ်လိလိမှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ကြပါသည်။ တခြားတစ်ဘက်တွင်လည်းအပြစ်ကင်းပါလျက် သူခိုးကလူဟစ်ခံရသော ပုဂ္ဂိုလ်တို့ သည် ရှိခဲ့၏။ ထိုပုဂ္ဂိုလ်တို့ တွင် ကြိုးစင်ကိုမြင်ပါလျက်၊ ကားစင်ကိုတွေ့ နေပါလျက် မကြောက်မရွံ့ မတုန်မလှုပ်ဘဲ အမှန်တရားကို ဖွင့်ထုတ်ခုခံသွားကြသော တရားခံသူရဲကောင်းများလည်း ရှိခဲ့ပါသည်။ တရားခံဘ၀ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံရမည့်အစား ထောင်ဒဏ်ကိုတောင်းခံသွားသူ၊ သေဒဏ်ကိုဖိတ်ခေါ်သွားသူ၊ ကြိုးစင်ပေါ်ရင်ကော့၍ တတ်သွားသူများလည်း ရှိခဲ့ပါသည်။
သူတို့ သည်မျိုးချစ်သူရဲကောင်းများဖြစ်သည်။ သူတို့ သည် ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုးလွတ်မြောက်ရေးအတွက် နယ်ချဲ့တို့ ၏ မတရားသော တရားခွင်တွင် ရဲရဲတောက်လွတ်လပ်ရေးကြွေးကြော်သံကို အော်ဟစ်ရင်း ကြိုးစင်ပေါ်တတ်သွားကြသူများဖြစ်သည်။ သူတို့ သည်ဖက်ဆစ်နှင့် နယ်ချဲ့ တရားခွင်ကိုလွတ်လပ်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး တရားဟောသူအဖြစ် အသုံးပြုခဲ့ကြသည်။ သူတို့ သည် သစ္စာတရား၏ ရှေ့ နေများဖြစ်၏။ အမှုမှလွတ်ငြိမ်းချမ်းသာခွင့်ရရေးထက် သစ္စာတရားကိုပို၍မြတ်နိုးကြသူများဖြစ်ကြ၏။ သစ္စာတရားအတွက် ထောင်သွင်းအကျဉ်းချထားမှုကို မကြောက်မရွံ့ မတုန်မလှုပ်သူများ ဖြစ်၏။
သူတို့ သည် သမိုင်းဝင် စာပေဂန္ထ၀င်အဖြစ် ကျန်ရစ်ခဲ့အောင် နှလုံးသားမှ ပေါ်ထွက်လာသော စကားလုံးတို့ ဖြင့် ရဲရဲတောက် လျှောက်လဲသွားကြသည်။
ထိုပုဂ္ဂိုလ်၊ ထိုသူရဲကောင်းတို့ ၏ လျှောက်လဲချက်၊ တင်ပြချက်၊ အစစ်ခံချက်များကို ဥပဒေစာပေမှတ်တမ်းတစ်စောင်အဖြစ် ကျန်ရစ်ခဲ့ရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကိုရှာဖွေပြုစုခဲ့ပါသည်။ ဤစာအုပ်တွင် ပါဝင်ါသောပုဂ္ဂုလ်တို့ သည် တစ်ဦးနှင့်တစ်ဦး ကာလ ဒေသ ပယောဂ ဖြစ်ရပ်အမျိုးမျိုးတို့ ဖြင့် သီးခြားပါဝင်ခဲ့ကြသူများဖြစ်သည်။ တစ်ဦးနှင့် တစ်ဦးခေတ်ကာလချင်းမတူ၊ ဘ၀အခြေအနေခြင်းမတူ၊ နေရာဌာနချင်းမတူ၊ ဖြစ်ရပ်ဇတ်လမ်းချင်းလဲ မတူကွဲပြားကြပါသည်။သို့ သော် သူတို့ ၌ တူညီသော အကြောင်းရင်းခံတစ်ချက် ရှိပါသည်။ ထိုအကြောင်းမှာ အမှန်တရားပင် ဖြစ်ပါသည်။ ဤစာအုပ်၌ ပါဝင်သော လျှောက်လဲချက်များတွင် အချို့ မှာ မိမိအမှုသည်တရားခံ လွတ်မြောက်ရေးအတွက် ပြောင်မြောက်သော စကားလုံး၊ တိကျသော ယုတ္တတို့ ဖြင့် နာရီပေါင်းများစွာကြိုးစားလျှောက်လဲသွားကြသောဥပဒေပညာရှင်ရှေ့ နေကြီးတို့ ၏ လျှောက်လဲချက်များလည်းပါဝင်ပါသည်။ အချို့ သည် ရက်စက်ယုတ်မာသော လူသတ်သမား၏ ရက်စက်မှု၊ ယုတ်မာမှုတို့ ကို အကွင်းလိုက် အကွင်းလိုက်ဖော်ထုတ်ပြီး နောင်အနာဂတ် လူ့ သမိုင်းတွင် ဤသို့ ရာဖ၀တ်မှုမျိုး မဖြစ်ပွားအောင် ကြိုးစားလျှောက်လဲခဲ့သည့် ပညာရှိတရားလိုရှေ့ နေကြီး၏ လျှောက်လဲချက်များလည်း ပါဝင်ပါသည်။ အချို့ မှာမူ မိမိအပေါ် ပယောဂအမျိုးမျိုးဖြင့် တရားဥပဒေကို အလွဲသုံးစားပြုပြီး မတရားရုံးတင်စစ်ဆေးသော တရားခွင်တွင် တရားခံအဖြစ်ရှေ့ နေမငှားပဲ ကိုယ်တိုင်ခုခံလျှောက်လဲသွားသော သူရဲကောင်းတို့ ၏ လျှောက်လဲချက်များဖြစ်ပါသည်။ သူတို့ အထဲတွင် ဥပဒေပညာကို တတ်ကျွမ်းသူများလည်းပါဝင်သည်။ ဥပဒေပညာကို လုံးဝနားမလည် မတတ်ကျွမ်းသည့် ပုဂ္ဂိုလ်များလည်းပါဝင်သည်။
ဂျုံးအော့ဖ်အတ်သည် ပြင်သစ်မြေပေါ်သို မတရားကျူးကျော်လာသော အင်္ဂလိပ်တို့ ကို ပြင်သစ်တပ်မတော်ကြီးရှေ့ မှ ရဲရဲဝံ့ဝံ့ ခေါင်းဆောင်ကာခုခံ တိုက်ခဲ့သူပြင်သစ်အမျိုးသမီး သူရဲကောင်းမလေး တစ်ဦးဖြစ်သည်။ သူသည် ငယ်ရွယ်သော အမျိုးသမီးပင်ဖြစ်ခဲ့သော်လည်း သူ့ အားမတရားပြစ်တင်ရှုတ်ချနေသော အင်္ဂလိပ်အလိုတော်ရိ တရားသူကြီးများ ရှေ့ တွင် ဒူးထောက်အရှုံးမပေးဘဲ အမှန်တရားကိုသာ အစစ်ခံ၍ ကားစင်ပေါ်တတ်၍ မီးရှို့ အသတ်ခံသွားသူ ဖြစ်သည်။
ရောဘတ်အင်းမက်သည် အိုင်ယာလန်ပြည်သူများ၏ လွတ်မြောက်ရေးအတွက် အင်္ဂလိပ်တရားရုံး၌ တရားခွင်တိုက်ပွဲကို ရဲရဲတောက်ဆင်နွဲရင်း ကြုးစင်ပေါ်တတ်သွားသူညဖစ်သည်။
ဂျွန်ဘရောင်းသည် နီဂရိုးကျွန်များ လွတ်မြောက်ရေးအတွက် တရားရုံးတော်တွင် ရဲရဲတောက်အမှန်တရားကို ဖွင့်ထုတ်ပြောဆိုရင်း သေဒဏ်ခံသွားသူဖြစ်သည်။
အဲမီးလ်ဇိုလာသည် မတရားကျွန်းဒဏ်ခံနေရသော အပြစ်ကင်းသူတစ်ယောက်အတွက် တရားရုံးတိုက်ပွဲတွင် ဒူးထောက်အရှုံးမပေးဘဲ ထောင်ထဲဝင်သွားသူ ဖြစ်သည်။
ကလဲရင့်ဒါရိုးသည် မတရားရုံးတင်ခံရသော နီဂရိုးမိသားစုတို့ ဘက်မှ ရှေ့ နေလိုက်ရင်း အသားအရောင်ခွဲခြားမှုကို ထိထိမိမိ ပြစ်တင်ရှုတ်ချသွားသူ ဖြစ်သည်။
ဒယ်နီရယ်ဝက်စတားသည် လူမဆန်စွာရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သော လူသတ်သမားတို့ အား တရားခွင် ဇတ်ခင်း၍ ပြသလို တရားခံတို့ ၏ ယုတ်မာမှုကို သရုပ်ပေါ်အောင်  ပုံဆောင်၍ ကြိုးစင်ပေါ် ဆွဲတင်ခဲ့သူဖြစ်သည်။
ဂန္ဒီသည် အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ သမားတို့ ၏ တရားခွင်၌ ကိုယ့်အပြစ်ကို အယူမခံ၊ ထောင်ဒဏ်ကို တောင်းဆိုသွားရင်း အိန္ဒိယ ပြည်သူတို့ ၏ လွတ်လပ်ရေးတရားကို ဟောပြောသွားသူဖြစ်သည်။
ဂျော်ဂျီမီထရော့ သည် နာဇီတို့ ၏ တရားခွင်တွင် ဂျာမန်နာဇီတို့ ၏ လုပ်ကြံမှုကို ကမ္ဘာတုန်အောင် လှုံ့ ဆော်ဖွင့်ချခဲ့သူဖြစ်သည်။
ရောဘတ်အိပ်ဂျက်ဆင်သည် လူ့ သမိုင်း၌ မကြုံဖူးအောင် လူသားတို့ အား ကဋေကဋာချီကာ သတ်ဖြတ်ခဲ့သည့် စစ်မီးကို မွေးခဲ့သည့် လူမဆန်သူနာဇီစစ်တရားခံတို့ အား သမိုင်းတွင် ကြီးမားသော သင်ခန်းစာ ဖြစ်စေရးအတွက် ရှုံးချပြောဆို ပြစ်တင်ဝေဖန်သွားသူ ဖြစ်သည်။
ဖီဒယ်လ်ကက်စထရိုသည် ဘာတစ္စတာ အာဏာရှင်အစိုးရ၏ တရားခွင်၌ ပြစ်ဒဏ်ကိုတောင်းခံရင်း ဘာတစ္စတာကို တရားခံအဖြစ် ပြန်လည်ဆွဲချက်တင်သွားသူ ဖြစ်သည်။
ထိုပုဂ္ဂိုလ်၊ ထိုခေါင်းဆောင် ထိုပညာရှင်တို့ ၏ တရားခွင်လျှောက်လဲချက်များကို ဥပဒေသဘောဖြင့် လေ့လာနိုင်ရန် စုဆောင်းရှာဖွေတင်ပြထားပါသည်။ သို့ သော် အများပြည်သူများဖတ်ရှုလေ့လာနိုင်စေရန် ဥပဒေပညာရှင်များသာနားလည်နိုင်မည့် ခက်ခဲသော ဥပဒေသုံးစကားလုံး၊ စကားရပ်များကို ၀မ်းနည်းစွာ ချန်ထားရစ်ခဲ့ရပါသည်။ ဤအတွက်  ဥပဒေပညာရှင်များက ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဘာသာရပ်အမျိုးမျိုးက ရှာဖွေတင်ပြရသည်ဖြစ်သောကြောင့် အချို့ သော ဘာသာပြန်ချက်များသည် ချွတ်ချော်တိမ်းပါးနေပါလျှင် ရှာဖွေတင်ပြသူ၏ အပြစ်သာဖြစ်ကြောင်း ၀န်ခံပါသည်။
မောင်ကိုယု
တရားရုံးချုပ်ရှေ့ နေ
လက်ထောက်ကထိက၊ ဥပဒေပညာဌာန
ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်
၁၉၆၇ ခု ဒီဇင်ဘာ ၁၀ ရက်။
တစ်အုပ်ကို ၅၀၀၀ကျပ်ပါ။ လေ့လာသင့် ဖတ်မှတ်သင့်သော စအုပ်ဖြစ်ပါသည်။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...