Friday, September 13, 2013

" အဆိပ် မှ ဆေး သို့  "


September 12, 2013 at 8:29am

လောကကြီးမှာ အကောင်း နဲ့  အဆိုးဆိုတာ အမြဲဒွန်တွဲနေတတ်ပါတယ်..

ကမ္ဘာလောကထဲမှာပေါက်ဖွားရှင်သန်နေကြတဲ့  သတ္တ၀ါတိုင်းဟာလည်းတန်ဖိုးသိရင်

အသုံးဝင် အကျိုးရှိတတ်ကြပါတယ်....


ကျမ ငယ်ငယ်ကဆို မြွေတွေ ကို သိပ်မုန်းပါတယ်
မြွေကိုက်ရင် လူတွေသေကြတယ် ...
 မြွေသားဆိုတာ ချက်စားလို့ လည်း မရဘူး...
တွန့် လိမ်ကောက်ကွေးနဲ့ မြင်ရတာရွံဖို့ ကောင်းတဲ့ ဒီသတ္တ၀ါတွေဟာလောကကြီးအတွက်အသုံးမ၀င်ဘဲ
ဘာလို့ ရှင်သန်နေရတာလဲလို စက်ဆုပ်စွာ တွေးမိပါတယ်....။

ဒါပေမယ့် နောက်တော့သိလာရတာ...မြွေဆိပ်ကနေ  မြေဆိပ်ဖြေဆေး ထုတ်လို့ ရပါတယ်။နောက် ပြီး လယ်ကွင်းထဲမှာစပါးတွေကိုကိုက်ဖျက်မယ့် ကြွက်တွေမလာဖို့ အဟန့် အတားဖြစ်စေပါတယ်။

မှတ်မှတ်ရရ နာဂစ်မုန်တိုင်း ပြီးသွားတုန်းက လယ်ကွင်းတွေထဲမှာ မြွေတွေမရှိကြတော့ကြွက်တွေသောင်းကျန်း
လို့  စိုက်ပျိုးသူတွေ ဒုက္ခရောက်နေကြ သတဲ့ ...။မြွေတွေ လာမှ အဆင်ပြေတယ်ဆိုပြီး ရေးထားတဲ့ ဆောင်းပါးလေး
ဖတ်ရတော့အော်...မြွေတွေဟာ ငါထင်သလို လောကကြီးမှာ ဘာမှအသုံးမ၀င်ဘဲရှင်သန်နေတာ
မဟုတ်ပါလား လို့ တွေးမိပါတယ်။

ဒီလို နဲ့  တဖြည်းဖြည်းသိလာရတာ....လောကကြီးမှာ အသက်ရှင်နေကြတဲ့ သတ္တ၀ါတိုင်းဟာ သုံးတတ်ရင်
သူ ေ့နရာ နဲ ့သူ တန္ဖိုးရွိတယ္ဆိုတာပါပဲ...။


ပြီးခဲ့တဲ့  တနင်္ဂနွေ က MRTV ကလာတဲ့  ထူးခြားဆန်းပြား ကမ္ဘာတလွှားအစီအစဉ်မှ
အဆိပ်မုဆိုး ဆိုတာလေး ကြည့်ရပါတယ်။ကမ္ဘာတလွှားက အဆိပ်အပြင်းဆုံးသတ္တ၀ါတွေကို ဖမ်းပြီး အဆိပ်ထုတ်ယူတာတွေပြတာသိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပထမဆုံး မြွေဆိုးတွေ အမျိုးမျိုး ဖမ်းပြီး အဆိပ်ယူတာကတော့ ကျမသိပြီးသားမို့ မဆန်းပေမယ့် နောက်ပိုင်း
ပင့် ကူတွေ ၊ ခရုတွေ မှ အဆိပ်ထုတ်ဆေးဖော်ကြတာမြင်တော့ အံ့ သြမိပါတယ်။


အိမ်မှာ အမျှင်လုပ်အိမ်ဖွဲ့ ပြီး သန့်ရှင်းရေးလုပ်ရစေတဲ့ ပင့်ကူတွေကို ကျမ မုန်းပါတယ်။အဆိပ်ရှိတဲ့ 
ပင့်ကူရှပ်ရင်သေတတ်လို့  ကလေးတွေအတွက်လည်း အန္တရာယ်ရှိစေတဲ့ ဒီပင့် ကူ တွေက ခုတော့လည်း
အသုံးတည့် နေပါပြီ။


ပုံမှာမြင်ရသလိုပါပဲ...သြစတေးလျား နိုင်ငံ ဆစ်ဒနီမြို့ တော်မှာ အဆိပ်ပြင်းတဲ့ ပင့်ကူတစ်မျိုးမှအဆိပ်ကိုထုတ်
ယူပြီး ဟင်းသီးဟင်းရွက် တွေအတွက်ပိုးသတ်ဆေး ထုတ်လုပ်ရန်အတွက်စမ်းသပ်နေကြပါတယ်။ ခု အခြေအနေမှာ ဟင်းသီးဟင်းရွက်မှာရှိတဲ့ပိုးတွေကဆေးယဉ်နေကြပြီဖြစ်လို့  သာမန်ပိုးသတ်ဆေးတွေ မတိုးတော့ပါဘူး..တဲ့ ။
ဒီပင့်ကူမှရတဲ့ အဆိပ်ဟာ ဟင်းသီးဟင်းရွက်တွေအတွက် အကောင်းဆုံး ထုတ်လုပ်နိုင်ဖို့ ပညာရှင်တွေ ဓါတ်ခွဲစမ်းသပ်နေကြပါတယ်။
တောကြီးမျက်မည်း ထဲ က ဘာမှသုံးမရဘဲလူတွေကို အန္တရယ်ပေးနေတဲ့ အဆပ်ပြင်း ပင့်ကူကြီးတွေ က ခုတော့လည်း အကျိုးရှိလာတော့မှာပါ။


နောက်… သြစတေးလျား သန္တာကျောက်တန်းတွေမှာ ကိုလိုတော့..ဆိုတဲ့ အဆိပ်ထုတ်ပေးတဲ့  ခရုတမျိုးရှိပါတယ်…
အဲဒီ ခရုကိုက်ရင်  မနာကျင်ဘဲ သေဆုံးသွားနိုင်ပါသတဲ့ …
ဘာလို့ လည်းဆိုတော့ခရု ရဲ့ လှံသွားလို ချွန်ထက်တဲ့ အဆွယ်မှ အဆိပ်ဓါတ်တွေဟာအကိုက်ခံရတဲ့ 
သူ ရဲ့  အာရုံကြောမှ အာရုံခံ စနစ်ကို ပိတ်ဆို့ သွားပြီး နာကျင်မှုကို မသိတော့လဲ သေသွားရတာပါ။

ကြောက်စရာကောင်းလှတဲ့ ဇီဝလက်နက်ပိုင်ရှင် ဒီခရု တွေဟာ အန္တာရယ်များပေမယ့် ခုတော့ အသုံးဝင်တော့မှာပါ…။

လူနာတွေ နာကျင်မှုဝေဒနာ ခံစားရသက်သာအောင် ထိုးပေးတဲ့ မော်ဖိန်းဆိုတဲ့ ဆေးရှိပါတယ်။
အဲ့ ဒီဆေးထိုးရင် အနာသက်သာပေမယ့်  ဘေးထွက်ဆိုးကျိုးရနိုင်ပါသတဲ့ …
ဒါပေမယ့် ခုချိန်ထိ အဲဒီ့ မော်ဖိန်းကို မသုံးမဖြစ်သုံးနေရတုန်းပါ။

သုတေသန ပညာရှင်တွေ ရဲ့ ဓါတ်ခွဲစမ်းသပ်မှုအရ ကိုလိုတော့အဆိပ် မှ ထုတ်လုပ်ရရှိမယ့် ဆေးဟာ မော်ဖိန်းအစားထိုး
ဆေး အဖြစ် နာကျင်မှုတွေပျောက်အောင်ကုပေးနိုင်တော့မှာပါ..တဲ့ 
မော်ဖိန်းလို ဘေးထွက်ဆိုးကျိုးမရှိလို့ ပိုပြီးကောင်းမွန်တဲ့  ဆေး ဖြစ်လာတော့မှာပါ။
ဒါကြောင့် သန္တာကျောက်တန်းမှ ခရုတွေကို ဖမ်းပြီး တယုတယကိုင်တွယ်ပြီး အဆိပ်ထုတ်ယုရပါတယ်။
လူကို သေစေတဲ့ အဆိပ် မှ လူ ကို ကုသပေးမယ့် ဆေး ထုတ်ယူရရှိတာ အံ့ သြဖို့ ကောင်းပါတယ်။


ဒီ အ စီအစဉ် ကိုကြည့်ပြီး အသိတရားရလိုက်တာက…..

အဆိပ်ရှိပြီးကြောက်ဖို့ ကောင်းတယ်လို့ ယူဆရတဲ့ သတ္တ၀ါတွေဆိုပေမယ့်သူတို့ မှာ ရှိနေတဲ့  အဆိပ်ကို နေရာပြောင်း အသုံးချတတ်ရင် ဆေး အဖြစ်ပြောင်းသွားနိုင်ပါတယ်။

အဆိပ် ကို ဆေး အဖြစ်နေရာရွေ့ တတ်ဖို့ ပဲလိုပါတယ်။

ဒီလိုပဲ…လူတွေမှာရှိတဲ့ ကြောက်ဖို့ ကောင်းတဲ့ အချက်တွေ ၊ ဆိုးကွက်တွေ ကို နေရာတကျ အသုံးချတတ်မယ်ဆိုရင်
လောကကြီးအတွက် အသုံးတည့် လာမယ်လို့ ထင်ပါတယ်။

အဓိက အချက်ကတော့  ဆိုးကွက် ထဲမှာ ကောင်းကွက် ဘာတွေ ရှိမလဲကြည့်တတ်ဖို့ ပါ…

ဒါကြောင့်မို့ …ကိုယ့်ဘ၀မှာလည်း ဘယ်လိုဆိုးကွက်တွေရှိလာပါစေ…နေရာ တကျရွှေ့ ယူအသုံးချတတ်မယ်ဆိုရင်

အသုံးဝင်ပြီးတန်ဖိုးရှိလာမယ်ဆိုတာ သတိထားဆင်ခြင်ကြည့်ကြပါလို့  တိုက်တွန်းချင်ပါတယ်



စေတနာမွန်ဖြင့် 

ကြာဖြူနွယ်






0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...