Wednesday, June 6, 2012

ကျဉ်းမြောင်းတဲ့ အမြင်တွေကို စွန့်ပစ်ကြဖို့အချိန်တန်ပြီ


by သက်တန့်ချို on Wednesday, June 6, 2012 at 7:54am ·



ဒီဆောင်းပါးလေးကို ကျွန်တော်သေချာ ဆုံးဖြတ်ချက်ချပြီးမှ ရေးခဲ့တာဖြစ်ပါတယ် ။ ဒီဆောင်းပါးကြောင် လူ၂သောင်းကျော်ထဲက လူတစ်သောင်းလောက်မုန်းချင်မုန်းသွားနိုင်ပေမယ့် မတတ်နိုင်ပါဘူး ။ လူဆိုတာ ရင်ထဲက ယုံကြည်ချက်အတိုင်း ချပြရဲရမယ်မဟုတ်လား ။
ဆောင်းပါးလေးကို သေသေချာချာဖတ်ပြီး စာဖတ်သူတွေရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ရေးသွားစေချင်တယ် ။

ကမ္ဘာနှင့် လူမျိုး

ကျယ်ပြောလှတဲ့စကြ၀ဌာအတွင်းမှာ ကျွန်တော်တို့ဟာ လူသားတွေအဖြစ်နဲ့ ဒီကမ္ဘာမြေကြီးအပေါ် မှီတင်းနေထိုင်ကြရတယ် ။ ရေမြေဒေသအလိုက် လူမျိုးအလိုက် အသားအရောင်ကွဲပြား ဘာသာကွဲပြား မှုတွေရှိခဲ့တယ် ။ လူဆိုတာ အတ္တနဲ့ လောဘမာန်မာနနဲ့မကင်းတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကဖြင့် မြင့်မြတ်ပါတယ် ဘယ်လူမျိုးက နိမ့်ကျပါတယ်စဖြင့် ခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့အတွက်ကြောင့် လူတွေရဲ့စိတ်တွေမှာ ဒါဏ်ရာအနာတရတွေရလာခဲ့ကြတယ် ။

ကျွန်တော်တို့ဟာ ဘယ်လူမျိုးဖြစ်ချင်ပါတယ် ဘယ်လူမျိုးမဖြစ်ချင်ပါဘူးစသဖြင့် ရွေးချယ်ခွင့်ရှိပါသလားဆိုတဲ့ မေးခွန်းကို ကျွန်တော် အကြိမ်ကြိမ်စဉ်းစားမိတယ် ။ ဘ၀မှာ ဘာမှ ရွေးချယ်ခွင့်မရှိဘူး - There is no choice in life ဆိုတဲ့စကားက အတော်မှန်တယ်ဆိုတာ ကျွန်တော်တွေ့လာရတယ် ။ အသားဖြူချင်တဲ့လူက အသားမည်းကြပြီး အသားညိုချင်တဲ့လူက အသားဖြူတွေဖြစ်လာကြတယ် ။ မြန်မာဖြစ်နေတဲ့လူက ကိုရီးယားဖြစ်ချင်တဲ့သူရှိသလို အင်္ဂလိပ်ဖြစ်နေတဲ့လူက မြန်မာဖြစ်ချင်တာတွေလည်းရှိခဲ့တယ် ။ ကျွန်တော်တို့ ဘာတွေကို ပိုင်ကြသလဲ ။ တကယ်တော့ ကျွန်တော်တို့ပိုင်တာ ကျွန်တော်တို့ ခဏငှားထားတဲ့ ခန္ဓာကိုယ်နဲ့ ကျွန်တော်တို့ရဲ့ စိတ် တွေပဲမဟုတ်ပါလား ။

ဘာသာတရားနှင့်လူမျိုး


ဒီနေရာမှာ လူတွေဟာ ရေမြေဒေသအလိုက်ကွဲပြားကုန်ကြတဲ့အတွက် ဘာသာတရား ကွဲပြားမှုကလည်းကျယ်ပြန့်လာခဲ့တယ် ။ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ အစ္စလာမ် ၊ ဟိန္ဒူ အစရှိသဖြင့် ယုံကြည်ရာကိုးကွယ်မှုတွေရှိခဲ့တယ် ။ ဘယ်ဘာသာရေးမဆို ငြိမ်းချမ်းမှုကို ဖော်ဆောင်ရင် ကျွန်တော်တို့အနေနဲ့ လေးစား ရမယ် အသိအမှတ်ပြုရမယ် ရိုင်းစိုင်းယုတ်မာမှုကို ဖော်ကြူးရင် ရှုတ်ချရမယ် ၀ိုင်းပယ်ရမယ်မဟုတ်ပါလား ။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တခြားဘာသာရေးအကြောင်းကိုမပြောပဲ ဗုဒ္ဓဘာသာအကြောင်းနည်းနည်းပြောချင်တယ် ။ ကျွန်တော်တို့ဘာသာထဲမှာ အဖေက ဗုဒ္ဓဘာသာ အမေကဗုဒ္ဓဘာသာဖြစ်လို့ သားသမီးပါလိုက်ပြီး ဗုဒ္ဓဘာသာဖြစ်တာအများကြီးရှိတယ်ဆိုတာ စာဖတ်သူများလက်ခံပါသလား ။ ဆိုလိုတာက အခြေအနေအကြောင်းကြောင်းအမျိုးမျိုးကြောင့် အဖေအမေမိဘမျိုးရိုးကြောင့် ဘာသာ ကွဲသွားတာတွေအများကြီးတာကို ပြောချင်တာပါ ။

လူဆိုတဲ့အမြင်နဲ့ကြည့်ရမယ်

အခု လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ခြုံပြီးလေ့လာသုံးသပ်ကြည့်ရအောင် ။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေဖြစ်ကြတယ် ။ အင်္ဂလိပ်လူမျိုးတစ်ယောက် အဖေအင်္ဂလိပ် အမေအင်္ဂလိပ် မြန်မာပြည်မှာ အပြီးလာနေတယ် ။ သားသမီးက လည်းအင်္ဂလိပ်မျိုးရိုးပဲ ဒါပေမယ့် မြန်မာပြည်မှာနေတယ် မြန်မာပြည်အကျိုးသယ်ပိုးတယ် မြန်မာတွေနဲ့အလုပ်တွဲလုပ်တယ် မြန်မာသူငယ်ချင်းတွေရှိတယ် ကဲ ဒါဆို သူ မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့ငြင်းနိုင်မလား ။ လူမျိုးဟာ လူမျိုးဖြစ်ပြီး သူတို့တွဲနေတဲ့ ဘာသာတရားကို တွဲမြင်ပြီး ကျွန်တော်တို့အနေနဲ့ လူအမြင်နဲ့မမြင်မိကြတော့ဘူး ။ တရုတ်ဖြစ်စေ အင်္ဂလိပ်ဖြစ်စေ အစ္စလာမ်ဖြစ်စေ ခရစ်ယန်ဖြစ်စေ မြန်မာဖြစ်စေ ကောင်းတာကိုလုပ်ရင်လူကောင်း လို့သတ်မှတ်ပြီးဆိုးတာကိုလုပ်ရင် လူဆိုးလို့သတ်မှတ်ရမယ် ။ ကျွန်တော်တို့ဟာ လူကို လူလို့မြင်ရမယ် ။ လူအချင်းချင်း နှိမ့်ချ မဆက်ဆံရဘူး အားနည်းသူကို ၀ါးကူမထိုးရဘူး လူ့ယဉ်ကျေးဆိုတဲ့ဝေါဟာရဟာ အမည်ခံသက်သက်မဟုတ်သလို လက်တွေ့နဲ့ သက်သေပြရမယ်မဟုတ်လား ။ ။

စော်ကားတာကိုငုံ့ခံနေတာလား

ဒီလိုပြောလိုက်ရင် ခင်ဗျားက ကိုယ့်လူမျိုးကို စော်ကားတာကို လက်ခံတာလားလို့ စာဖတ်သူတွေက မေးစရာရှိလိမ့်မယ် ။ ဒီနေရာမှာ ကျွန်တော် ရှင်းပြရပါလိမ့်မယ် ။ ကျွန်တော့်မှာ အစ္စလာမ် ဘာသာဝင်သူငယ်ချင်းတွေအများကြီးရှိတယ် ။ တရုတ်သူငယ်ချင်းတွေအများကြီးရှိတယ် ။ ဟိန္ဒူသူငယ်ချင်းတွေအများကြီးရှိတယ် ။ အစ္စလာမ်တွေဟာ သူတို့ယုံကြည်မှု သူတို့ကိုးကွယ်မှု နဲ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သူတို့ဘာသာကို ဝေဖန်စရာအကြောင်းမရှိသလို ထောက်ပြစရာအကြောင်းလည်းမရှိပါဘူး ။ လူဆိုတာ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်မဟုတ်လား ။ ဆက်ပြောပါမယ် ။ အစ္စလာမ်ဘာသာဝင် သုံးဦးက ကျွန်တော်တို့ မြန်မာအမျိုးသမီးကို အဓ္ဓမကျင့်သတ်ဖြတ်တဲ့အပေါ် ဘယ်လိုမြင်သလဲဆိုရင် “ ယုတ်မာပက်စက်လွန်းတယ် ” ဆိုပြီး ကျွန်တော်မှတ်ချက်ချပါတယ် ။ ဒါဆို အစ္စလာမ် ဘာသာဝင် ဆယ်ဦးကို လူ ၃၀၀ လောက်က သတ်ဖြတ်တဲ့အပေါ်ပျော်ရွှင်သလားဆိုတဲ့မေးခွန်းမေးရင် မပျော်ရွှင်ပါဘူး စိတ်ပျက်ပါတယ်လို့ ကျွန်တော်ဖြေရပါလိမ့်မယ် ။ ယုတ်မာပက်စက်တာကို လက်ခံရမှာမဟုတ်ပေမယ့် လက်စားချေတယ်ဆိုတာကို ဘယ်ဥပဒေကမှခွင့်မပြုထားခဲ့ဘူး ။ ဟိုးအရင်က ကိုဓဥပေဒေ ဆိုတာ ကြားဖူးတယ် ။ မျက်လုံးတစ်လုံးဖောက်မိရင် မျက်လုံးတစ်လုံးပြန်အလျှော်ပေးရမယ်တဲ ။

ဒီတော့ ဂန္ဓီက ဘာပြောသလဲဆိုရင် ဒီလိုသာ လက်စားချေနေကြရင် ကမ္ဘာပေါ်မှာ အကုန်လုံးမျက်ကန်းတွေချည်းဖြစ်သွားလိမ့်မယ်တဲ့ ။ သိပ်မှန်ပါတယ် ။ လက်စားချေတာတွေမဖြစ်စေဖို့ ဥပဒေဆိုတာ ပေါ်ပေါက်လာရတယ်မဟုတ်လား ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အခုဖြစ်ရပ်ပထမဖြစ်စဉ်မှာ သက်ဆိုင်သူတွေက မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပြခဲ့ရင် ဒုတိယ ဖြစ်စဉ်မဖြစ်မလာနိုင်ဘူး ။ ငွေနဲ့ပဲ လိုက်ပြီး လွတ်အောင်လုပ်ကြမလား တရားခံတွေအပစ်တွေကို ကျေနပ်လောက်တဲ့ ပစ်ဒါဏ်ပေးနိုင်ပါ့မလားဆိုတဲ့ စိတ်တွေ ပြည်သူတွေမှာ ၀င်နေကြတယ်ဆိုတာလည်းသိသာပါတယ် ။ ဒါဟာလည်း ခေတ်အဆက်ဆက် ဟောာင်းနွမ်းနေတဲ့ ဥပေဒေတွေကြောင့်လို့ ကျွန်တော်ဆိုချင်တယ် ။ တလောကတောင် ဖြစ်ပျက်ခဲ့သေးတာ စာဖတ်သူတွေမှတ်မိကြမှာပါ ။ “ ပါးတစ်ချက်ရိုက်တာ ငွေတစ်ထောင် ဒါဏ်ရိုက်ခံရတယ် ” ဆိုတာပေါ့ ။ ဒီတော့ခေတ်နဲ့လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖိုလိုနေပါပြီ ။

အမြင်ကျဉ်းတွေစွန့်ပြစ်ကြရမယ်

မုန်းတီးရေးတရားတွေဟာ ငြိမ်းချမ်းမှုကို ဘယ်လိုမှ မဖော်ဆောင်နိုင်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် ။ လောကမှာ ကျွန်တော်အမုန်းဆုံးက ၀ါးလုံးရှည်နဲ့ ရမ်းပြီး ရိုက်တာပါပဲ ။ မြန်မာမှာလည်း လူကောင်းတွေရှိသလို လူဆိုးတွေရှိတယ် ထို့အတူ အစ္စလာမ်သည်လည်းကောင်း တရုတ်သည်လည်းကောင်း လူကောင်းတွေရှိသလို လူဆိုးတွေလည်းရှိပါတယ် ။ ကဲ ဒီလိုဆို အရေပြားတွေ ဖယ်ထုတ်လိုက်ကြစို့ ။ လူတွေပဲမဟုတ်လား နောက်တစ်ခု ကျွန်တော် ပြုံးမိတာလေးတစ်ခုရှိတယ် ။ အင်္ဂလိပ်ကလည်း နေမ၀င်အင်ပါယာဆိုပြီးနယ်တွေချဲ့ ကိုယ့်နယ်သူ့နယ်လုပ်ကြတယ် တရုတ်ကလည်း လူဦးရေချယ် အစ္စလာမ်တွေကလည်းနေရာအနှံ့မှာ ပျံ့နှ့ရောက်ရှိနေကြတယ် ။ ကဲထားပါဦး ကတယ်ပဲ တရုတ် နယ်မြေကို တရုတ်တွေပိုင်ကြသလား မြန်မာနိုင်ငံကို မြန်မာတွေပိုင်ကြသလား ။ နယ်မြေကန့်သတ်မှုတွေကို ဖယ်ထုတ်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ ကမ္ဘာမြေအပေါ်မှာ အတူတကွမှီတင်းနေထိုင်ကြတဲ့ သာမန်လူသားတွေချည်းမဟုတ်ပါလား ။ ဒီမြေဒီရေဟာ သဘာဝတရားက လူသားတွေကို လက်ဆောင်ပေးထားတဲ့ သယံဇာတဖြစ်တယ် ။ ဒါကို ကျွန်တော်တို့က သူပိုင်တယ် ငါပိုင်တယ် သူ့နယ်မြေငါ့နယ်မြေစသဖြင့်လုယူနေခဲ့ကြတယ် ။

လူဆိုးလူကောင်း

အဆုံးသတ်အနေနဲ့ပြောရရင်တော့ ကျွန်တော် ခဏခဏ ပြောလေ့ရှိ ရေးလေ့ရှိတဲ့စကားကိုပဲပြန်ရေးရမှာဖြစ်တယ် ။ ဘယ်ဘာသာပဲကိုးကွယ်နေပါစေ ဘယ်လူမျိုးပဲဖြစ်နေပါစေ ကောင်းတဲ့အလုပ်ကို လုပ်နေကြရင် ကျွန်တော်တို့ လူကောင်းလို့ သတ်မှတ်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမိတ်ဆွေဖွဲ့နိုင်ရမယ် ။ မကောင်တဲ့အလုပ်ကို လုပ်နေရင် ဘယ်လူမျိုးပဲဖြစ်နေပါစေ ရှုံ့ချရမယ် မိတ်ဆွေမဖွဲ့ရဘူး ။ ၀ါးလုံရှည်နဲ့ မောင်နီမကောင်းလို့ မောင်နီ့တစ်မျိုးလုံးဆွေ၇ ဆက် မျိုး ၇ ဆက်သတ်လို့ဆိုတဲ့ ကျဉ်းမြောင်တဲ့အမြင်တွေကို ၂၁ ရာစုအထိ သယ်ဆောင်မလာသင့်တော့ဘူး ။ အရာရာကို အကျိုးအကြောင်းချိန်ဆလို့ ကျွန်တော်တို့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ် ။ လူအများစု ဟေးး လို့အော်လို့ လိုက်အော်စရာမလိုဘူး ။ ဘာကြောင့်အော်သလဲဆိုတာ အရင်စဉ်းစားဥာဏ်နဲ့နှိုင်းယှဉ်ပြီးမှ ကိုယ်လိုက်အော်သင့်မအော်သင့်ဆုံးဖြတ်ရမယ်မဟုတ်လား ။ နောက်တစ်ခု က အခုလို သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ မလိုလားအပ်တဲ့ လှုံဆော်မှု သွေးထိုးမှု နဲ့ ဆူပူအုံကြွမှုကို ဖန်တီးစေတဲ့ ဘယ်လို အပြုအမူမျိုးမဆို ရှုံ့ချရပါမယ် ။ ကျွန်တော်တို့ဟာ လူတွေပါ ။ လူကို လူလို့ပဲမြင်ပြီး ကျဉ်းမြောင်းတဲ့အမြင်တွေကို ဖယ်ထုတ်ကြဖို့တော့လိုပါတယ် ။

အခုဖြစ်ရပ်တွေကြောင့် အစ္စလာမ်ဘာသာဝင် ငြိမ်းချမ်းရေးကို လိုလားသူ မွေးကတည်းက မြန်မာပြည်မှာနေမြန်မာ့ရေကိုသောက်နေရတဲ့ သူငယ်ချင်းတွေလည်း စိတ်မကောင်းဖြစ် နေရတာတွေလည်းမလိုလားပါဘူး ။ တစ်ခုခုဆို ညာသံပေးပြီး ဘာမှန်းမသိညာမှန်းမသိ လိုက်ဝေဖန် ပြီး ရောယောင်လုပ်တတ်တဲ့ လူတွေကလည်း ဒုနဲ့ဒေးပါပဲ ။

နောက်ဆုံးပြောချင်တဲ့အချုပ်ကတော့

လူတစ်ယောက်ကို ကြည့်တဲ့အခါ ဆက်ဆံတဲ့အခါ အဲဒီလူရဲ့ သတ်မှတ်ချက် ဘောင်တွေကို ဖယ်ခွာချလို့ လူတစ်ယောက်အဖြစ်မြင်လိုက်ပါ ။ သူ ဘာတွေလုပ်နေသလဲ ။

ကောင်းတာလုပ်နေရင် - မိတ်တွေ
ဆိုးတာလုပ်နေရင် - ရန်သူ

ဆောင်းပါးလည်းအတော်ရှည်သွားပြီမို့ ဒီမှာတင်ရပ်နားခွင့်ပြုပါ ။ တစ်ခု တောင်းဆိုချင်တာက ဆောင်းပါးကို နားမလည်သေးရင်သေသေချာချာဖတ်ပါ အကျိုးသင့်အကြောင်းသင့် ဝေဖန်ပါ ထောက်ပြပါ စာရဲ့ဆိုလိုရင်းကို နားလည်အောင်လုပ်ပါ တစ်လုံးစ နှစ်လုံးစဖတ်ပြီး ဆူပူအောင်အော်တာမျိုးမလုပ်စေချင်ပါဘူး ။ ခင်ဗျားလည်းလူ ကျွန်တော်လည်းလူ သူလည်းလူ လူတွေထဲက လူတွေ အချိန်တန်ရင်ခင်ဗျား ၊ ကျွန်တော် ၊ သူ အားလုံး ပြာပုံဘ၀ရောက်ကြရမှာ အသေအချာ ပါပဲ ။

သက်တန့်ချို
6/6/2012 9:10 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...