Monday, June 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)


သစ်ထူးလွင်


Posted: 25 Jun 2012 04:11 AM PDT
ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည့် သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည် အရေးကို အဓိကထားဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က ထုတ်ဖေါ် ပြောကြားသည်။

ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာ အများအပြားတွင် ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ လာရောက် လည်ပတ်မည့် သတင်းကို ဖေါ်ပြရာ ဒုက္ခသည်အရေးမှာ နှစ်နိုင်ငံ အကြား နံပတ်တစ် ဆွေးနွေးမည့် အစီအစဉ် ဖြစ်ကြောင်း ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့မှ ကူတို့ပလောင်နှင် နာယာပါရာ ဒုက္ခသည် စခန်းတွင် ယူအန် အသိအမှတ်ပြု ဒုက္ခသည် ၂၈၀၀၀ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေးကို ဘင်္ဂလာဒေခ်ျ့မှ တွန်းအားပေး ဆွေးနွေးနိုင်ကြောင်း  သတင်းများက ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မွတ်ဆလင် ဒုက္ခသည်များ အပြင် ယူအန် အပါအ၀င် ကမ္ဘာနိုင်ငံများက လုံးဝ အရေး မစိုက်ပစ်ပယ်ထားသဖြင့် ဒုက္ခ အထူးရောက်နေကြသော ယူအန်ကဒ် ကိုင်ဆောင်ထားသူ ရခိုင်၊ ချင်း ဒုက္ခသည် ၃၀၀ ခန့်ရှိရာ ထိုသို့သူများ၏ အရေးကိစ္စမှာ ယခု ဆွေးနွေးမည့် ကိစ္စတွင် ပါဝင်မူ ရှိ မရှိကို မသိရသေးချေ။

သမ္မတ ဦးသိန်းစိန် ခရီးစဉ်အတွင်း စွမ်းအင်ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး တိုးမြှင့်ရေးကိစ္စ၊ စီးပွား ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် တခြား နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ် များကို ဆွေးဆွေးမည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် ဇွန်လ ၁ ရက်မှ ၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့သို့ လာရောက်မည် ဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်မှာ ရခိုင်တွင် ဆူပူမူ အကြမ်းဖက် ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာသဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် နယ်စပ် လုံခြုံရေးကိုလည်း အဓိက အလေးထား ဆွေးနွေးနိုင်ကြောင်း လေ့လာ အကဲခတ်သူများက ပြောဆိုသည်။

ထွန်းထွန်း-နိရဉ္စရာ

Posted: 25 Jun 2012 04:09 AM PDT
ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း  တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

“ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက စီးပွားရေး သမား ၂၆ဦး၊ တခြား ရိုးရိုး အလုပ်သမား ၁၈ ဦး စုစုပေါင်း ၄၄ ဦးကို တရားဝင် မြန်မာသို့ ပို့ပေးလိုက်ပါတယ်။ နောက်ထပ် စီးပွားရေးသမား ၂၂၇ ဦးကိုလည်း ပြန်ပို့ပေးဖို့ရှိနေတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးပွားရေး သမားများမှာ ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု မဖြစ်ခင်ကတည်းက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ရောက်ရှိသူများဖြစ်ကြောင်း၊ ရခိုင်တွင် ပဋိပက္ခ မတည်ငြိမ်မှုကြောင့် အိမ်မပြန်နိုင်ဘဲ သောင်တင်နေကြခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ယခုအခါ မြန်မာအစိုးရနှင့် ညိုနှိုင်းပြီး ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီးကြပ်ရေး ဌာနမှ စိစစ်ပြီး ပြန်ပို့နေခြင်း ဖြစ် ကြောင်း သူက ပြောကြားသည်။

ရခိုင် ဆူပူမှုကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ စီးပွားရေးသမား ၁၀၀ ကျော် မြန်မာဘက်တွင် ပိတ်မိနေခဲ့ပြီး ယခုအခါ အများစု ပြန်လာကြပြီ ဖြစ်သော်လည်း နောက်ထပ်  ၄ဦးမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားဝင် ၀င်ရောက် လာခြင်းမရှိသေးကြောင်း သိရသည်။ သို့သော်လည်း တခြားလမ်း တခုခုမှ ၀င်ရောက်လာနိုင်ကြောင်း ၄င်းပုဂ္ဂိုလ် ကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် ငြိမ်သက်မှုမရှိသေး သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာ ယခုအချိန်ထိ ရပ်တန့်နေပြီး ဘင်္ဂလားဒေ့ခ်ျ- မြန်မာ နယ်စပ် စီးပွား ရေးကို အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

ထွန်းထွန်း-နိရဉ္စရာ

Posted: 25 Jun 2012 04:05 AM PDT
ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း  ရရှိသည်။

သူတို့မှာ မည်သို့ မည်ပုံ  ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး  တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ  မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“  သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀  နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း  ပြောကြားသည်။

နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့်  ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

နိရဉ္စရာ

Posted: 25 Jun 2012 02:58 AM PDT
လုပ်အားခေါင်း ပုံဖြတ်ခံရတဲ့  မြန်မာအလုပ် သမားများ
အလုပ် သမားများ၏ လုပ်အားခေါင်း ပုံဖြတ်ခံ ရခြင်းမှ အကာအ ကွယ်ပေးနိုင်ရန် ယခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေ(မူကြမ်း)တွင် ဦးစားပေးအချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာအလုပ်သမား များအပေါ် လုပ်အားခေါင်းပုံ ဖြတ်နေခြင်းကို လုံးဝအကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။ ယခုလ ပထမပတ်က ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအစည်းအဝေး၌ အထက်ပါအတိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားခြင်းဖြစ်သည်။

 “နိုင်ငံတကာနဲ့ညီတဲ့ အနည်းဆုံး အခကြေးငွေ ဖြစ်လာအောင် ဖန်တီးပေးမယ်။ လုပ်အားခေါင်းပုံဖြတ်တဲ့ကိစ္စကို လုံးဝအကာအကွယ် ပေးရမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ “အလုပ်သမားတွေအပေါ်မှာ အလုပ်ရှင်ရဲ့ အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုတွေ ရှိနေပါတယ်။ လုပ်အားနဲ့ လုပ်ခမျှတဖို့ လိုပါတယ်။ အခြေခံလစာ တိတိကျကျ သတ်မှတ်ပေးရပါမယ်။ မုန့်ဖိုးတို့၊ ဆုကြေးဆိုတာ အလုပ်သမားကို သက်သက် ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုပါပဲ” ဟု ဆောက်လုပ်ရေး အခြေခံအလုပ်သမားသမဂ္ဂမှ ဦးကိုဆိုင်းက ပြောသည်။ ယခုအခါ မေလကုန်အထိ လုပ်ခလစာတိုးမြှင့်ရန် တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံပေါင်း ၅၇ ရုံရှိကာ ယင်းမှ အလုပ်သမား ကျား၊ မပေါင်း ၃၆၈၁၀ ရှိနေကြောင်း သိရသည်။

 “အလုပ်ရှင်နဲ့ အလုပ်သမားဟာ မိတ်ဖက်အကျိုးတူ စီးပွားဖက်တွေအဖြစ် စဉ်းစားကြပါ။ ဆက်ဆံကြပါ။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်းဖြစ်တဲ့ လစာ တွက်ချက် သတ်မှတ်မှုမျိုး ဖြစ်သင့်ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ အဆင့်အတန်းကို လက်ခံနိုင်ဖွယ်အဆင့်အထိ ရောက်ရှိရန် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Posted: 25 Jun 2012 02:35 AM PDT
WeeklyEleven Vol 7 No 38

ဇွန်လ ၂၅ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၈ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?gxtq48fuvdltn74
https://www.box.com/s/868a2062e6deb3592912
http://db.tt/C7zb9Qe0



Posted: 25 Jun 2012 02:14 AM PDT
ကချင် ပြည်နယ်မြို့တော် ၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေကြီးမှူကြောင့်
မြစ်ကြီးနားမြို့ စီတာပူမနော်ကွင်း (၂၅.၆.၂၀၁၂)ရက်နေ့ နံနက် (၁၁း၃၀)
အချိန် မြင်ရပုံ။
ဇွန် ၂၅

မြစ်ကြီးနားမြို့ မြစ်ရေကြီးမူ ဖြစ်ပွားနေပြီး စိုးရိမ်ရေ အမှတ် 1200cm တွင်ရှိရာ ယခု 1300cm သို့ရောက်ရှိ့နေပြီဖြစ်ကြောင်း မြို့အတွင်း သတိပေးကြေညာနေပါသည်။

ဧရာဝတီမြစ်ရေသည် ယနေ့ ဇွန် ၂၅ ရက်တွင် မြင့်တက်လာသောကြောင့် ကချင်ပြည်နယ်မြို့သစ်ကြီးရပ်ကွက်မှ အိမ်ထောင်စု ၂၀ ခန့် (လူဦးရေ ၁၀၀ ခန့်) ကို အောင်စေရန်အောင်ဘုရားသို့ ယာယီပြောင်းရွေ့ပေးထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ၇နှစ် တခါ မြစ်ရေလျံမူဖြစ်ပွားရာ ၂၀၀၃ နှစ်အတွင် နောက်ဆုံး ဖြစ်ပွားခဲ့သည်။




Posted: 25 Jun 2012 01:59 AM PDT
ရန်ုကုန်၊ ဇွန်-၂၅
လျှပ်တပြတ်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပုဇွန်တောင်မြို့နယ် တရားသူကြီးမှ အာမခံပေးလိုက်ကြောင်း သိရသည်။

လျှပ်တပြတ်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား လျှပ်တပြတ်ဂျာနယ်တွင် ဖော်ပြပါရှိသည့် သတင်းနှင့်သတင်းဓာတ်ပုံ အချို့နှင့်ပတ်သက်၍ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ယင်းပုဒ်မသည် အာမခံပေး၍မရသော ပုဒ်မဖြစ်သော်လည်း၊ သေဒဏ်/ကျွန်းဒဏ်ထိုက်သင့်သောပြစ်မှုမဟုတ်သဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇)အရ အကယ်၍ သေဒဏ်/ကျွန်းဒဏ် ထိုက်ခဲ့လျှင်သော်မှ အသက်(၁၈)နှစ်အောက်အရွယ်ဖြစ်လျှင်သော်လည်းကောင်း၊ သက်ကြီးရွယ်အိုဖြစ်လျှင်သော်လည်းကောင်း၊ နာမကျန်းသူဖြစ်လျှင်သော်လည်းကောင်း အာမခံပေးခွင့်ရှိကြောင်းသိရသည်။

ယခုပုဒ်မနှင့်စပ်ဆိုင်သော ပြစ်ဒဏ်သည် ထောင်ဒဏ်(၂)နှစ်အထိသာရှိပြီး၊ ဦးမြတ်ခိုင်မှာလည်း အသက်(၅၇)နှစ်အရွယ်ရှိသူဖြစ်ကာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိသည့်တို့ဖြစ်ပွားနေသူလည်းဖြစ်သလို ခိုင်လုံသော အထောက်အထားများလည်းတင်ပြနိုင်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၇) ချွင်းချက်အရ ပုဇွန်တောင်မြို့နယ်တရားသူကြီး ဒေါ်နိုင်နိုင်အောင်က အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း ဦးမြတ်ခိုင်၏ ဥပဒေအကြံပေး ဦးသိန်းသန်းဦးကပြောသည်။

ဦးမြတ်ခိုင်အား အလင်္ကာဝတ်ရည် ဦးမောင်မောင်အေးနှင့် စာရေးဆရာ မောင်ဆွေသက်တို့က အာမခံပေးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာချစ်စံဝင်းကမူ လိုအပ်ပါက အာမခံပေးနိုင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်
ဦးမြတ်ခိုင်ဖက်မှ အမျိုးသားဒီမိုကရေစီပါတီသစ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှေ့နေလိုက်ပေးခြင်းဖြစ်သည်။

ဦးမြတ်ခိုင်အား MJA, MJN, MJU အစရှိသည့် သတင်းစာဆရာအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြည်တွင်း/ပြည်ပ သတင်းထောက်များ လာရောက်အားပေးခဲ့သည်။

အမှုအားဆက်လက်ကြားနာရန် ဇွန်လ ၂၉ ရက် သို့ ချိန်းဆိုလိုက်ကြောင်းသိရသည်။

Popular Myanmar News Journal

Posted: 25 Jun 2012 01:51 AM PDT
ထောင်ဒဏ် ၁၀ နှစ်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးညီပုဟာ ဒီနေ့ မနက်မှာ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်ကနေ လွတ်ရက်စေ့ပြီး ပြန်လွတ်လာပါတယ်။

ဇန်န၀ါရီလ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးထောင်က နိုင်ငံရေးအကျဉ်းသား ၉ ဦး လွတ်မြောက်ခဲ့ပြီးနောက် ဦးညီပုဟာ တဦးတည်းကျန်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ်ဒေါင်းရုပ်ကို အစိုးရဌာန အဆောက်အဦတွေမှာ ရေးဆွဲဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးညီပုကို ၂၀၀၇ ခုနှစ်က ထောင်ချခဲ့တာ ဖြစ်ပါတယ်။

“လာဖမ်းတာတော့ သားအဖသုံးယောက်ကိုဖမ်းတာ။ အငယ်လေးကို မုံရွာမှာ ဖမ်းပြီးတော့ ခံဝန်နဲ့ ပြန်လွှတ်လိုက်တာဗျ။ ကျနော်တို့ သားအဖ ၂ ယောက်ကို တနေရာ ၂ နှစ်နှုန်းနဲ့ ၅ နေရာ ၁၀ နှစ် ဆိုပြီး တပေါင်းတည်းမပေးဘဲ သီးခြားခံစားစေဆိုပြီး၊ အကျိုးပျက်စီးမှုပေါ့ ၄၂၇/၃၄ ဆိုပြီး တပ်ပြီး ထောင်ချလိုက်တာပါပဲ။ ၂၀၁၂ ခုနှစ် ၁ လပိုင်းက ကျနော့်အမှုတွဲ ကျနော့်သား ကျော်သူရ (မုံရွာ)ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ အခု ကျနော်ကတော့ သာမန်လွတ်ရက်နဲ့ လွတ်လာတာပါ။”

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ထုတ်ပြန်ခဲ့တဲ့ လျှော့ရက်နဲ့ သက်သာခွင့်တွေအရ နဂိုထောင်ဒဏ်ထဲက ကျန်ရှိတဲ့ ၄ နှစ်ခွဲကျော် ထောင်ထဲမှာ နေခဲ့ရတယ်လို့ ဦးညီပုက ပြောပါတယ်။

သူအဖမ်းခံရစဉ်က အာဏာပိုင်တွေက မိသားစုအလိုက် ဖမ်းမယ်ဆိုပြိး အတင်းဖိအားပေးတာကြောင့် မမှန်ကန်တဲ့ စွပ်စွဲချက်တွေအပေါ်မှာ ခံဝန်လက်မှတ် ထိုးခဲ့ရတဲ့ အကြောင်းကို ဦးညီပုက အခုလို ပြန်ပြောပြပါတယ်။

“မိသားစုလိုက် ဖမ်းဆီးမယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ သားအဖ သုံးယောက်ကို တွေ့ခွင့်တောင်းပါတယ်။ တနေရာစီ စစစ်တဲ့နေရာမှာ။ အဲဒီတော့ သားအဖ သုံးယောက်တွေ့ပြီးတော့ မင်းတို့ အမေ၊ အစ်မတွေ၊ ညီမတွေ၊ တူမတွေ ဒါတွေအကုန်လုံး ဖမ်းတော့မယ်။ မတ္တရာ ကိုသန်းလွင်လည်း မိသားစုလိုက် ဖမ်းတာကိုဗျ။ ဆိုတော့ အဲဒီလို ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က ယောက်ျားသားတွေပေါ့။ ကျနော် စစ်ဆေးရေး အဖွဲ့တွေနဲ့ ညှိနှိုင်းပါတယ်။ သားအဖ သုံးယောက်တွေ့ပေးပါ တွေ့ပေးပြီးရင် ခင်ဗျားတို့ ဖြေစေချင်တဲ့ အဖြေတခုတော့ ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကျနော့်သားအငယ်ကောင်ကို ခံဝန်နဲ့ လွှတ်ပေးမယ်။ အကြီး ၂ ယောက်ကတော့ ခင်ဗျား အစီအစဉ်နဲ့ နားချဆိုတဲ့ အနေနဲ့ ဖြောင့်ချက်ပေးခိုင်းတာပေါ့။ ကျနော်တို့ကတော့ ဖြောင့်ချက် လက်မှတ်ထိုးပေးမယ်။ ဒါပေမယ့် အဲဒီဖြောင့်ချက်ကိုတော့ ကျနော်တို့ ကိုယ်တိုင် ဘာမှ မပြောဘူး။ ခင်ဗျားတို့ ရေးချင်တာရေး ကျနော်တို့ လက်မှတ်ထိုးပေးတာပါပဲ။ အဲဒီဖြောင့်ချက်မှာလည်း သဘာဝမကျတာတွေ အများကြီး ပါပါတယ်။”

ဦးညီပု ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာပဲ နှလုံးရောဂါရှိတဲ့ ဇနီးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ဦးညီပုဟာ ထောင်ထဲမှာပဲ မျက်စိတဖက် ကွယ်လုဖြစ်ခဲ့ပါတယ်။

ထောင်မကျခင်က မုံရွာ မြို့နယ်စည်းရုံးရေးမှူးတယောက်အဖြစ် တာဝန်ယူခဲ့ပြီး အခုပြန်လွတ်လာတဲ့နောက်မှာလည်း ပါတီမှာပဲ ဆက်လက် လှုပ်ရှားသွားမယ်လို့ ဦးညီပုက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီပေးရေး အဖွဲ့တွေကတော့ အခုအချိန်အထိ တပြည်လုံးက အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

နေသွင် DVB ၂၅ ဇွန် ၂၀၁၂




Posted: 25 Jun 2012 02:27 AM PDT
ထိုင်းနိုင်ငံ Trangခရိုင် အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာ များလှေဖြင့် ခိုးဝင်လာနေမှု များကြောင့် လုံခြုံရေး အရေးပေါ် အခြေအနေ တပ်လှန့်ထား ပါသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဘင်္ဂါလီရိုဟင်ဂျာများ လှေဖြင့် အက်ဒမန်ပင်လယ်ကို ဖြတ်ကျော်ပြီး ခိုးဝင်လာမှုများရှိနေသောကြောင့် ပင်လယ်ပြင်နှင့် ကျွန်းစုများတဝိုက်တွင် လုံခြုံရေးများတိုးမြင့်ချထားရပြီး လှုံခြုံရေး မော်တော်ဘုတ်များနှင့် အဆက်မပြတ် ကင်းလှည့်စောင့်ကြပိနေရကြောင်း Kantangမြို့တွင် Trang ခရိုင်အရာရှိတဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွားမှုအပြီး ဘင်္ဂါလီရိုဟင်ဂျာ ၅၀၀ကျော် ထိုင်းနိုင်ငံအတွင်းသို့ လှေများဖြင့်ခိုးဝင်လာမှုများရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

လှေများဖြင့်ခိုးဝင်လာသောရိုဟင်ဂျာများကို ထိုင်းနိုင်ငံအတွင်းဝင်ခွင့်မပေးဘဲ ပင်လယ်ပြင်သို့ပြန်လည်နှင်ထုတ်ခဲ့ကြောင်း Bernamaသတင်းဝက်ဆိုဒ်တွင်ရေးသားထားသည်။

Aung Pan - Facebook

Posted: 25 Jun 2012 01:21 AM PDT
လမ်းစည်းကမ်း မလိုက်နာ၍ ဖမ်းဆီး တရားစွဲခံ ရသူများ ထဲမှ သုံးပုံတစ်ပုံမှာ ဒဏ်ငွေ
မဆောင်နိုင် သူများ ဖြစ် သည် ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ် မှု ကော်မတီမှ အရာရှိတစ်ဦးက ပြောသည်။ လမ်းစည်း ကမ်း မလိုက်နာ သူများအား တစ်နေ့လျှင် ဦးရေ ၂၀ မှ ၆၀ အထိ ဖမ်းဆီးရရှိပြီး ဖမ်းဆီးမိသူ အားလုံးထံမှ ဒဏ်ကြေးငွေ အပြည့်အဝ ရရှိခြင်းမရှိဟု ဆိုသည်။

“လူ ၃၀ လောက် ဖမ်းမိတဲ့နေ့ဆို ဒဏ်ငွေက လူ ၂၀ လောက်ဆီကပဲ ရတယ်။ တချို့ကတော့ တကယ်မရှိလို့ မဆောင်နိုင်တာမျိုးပါသလို တချို့တွေက တမင်မပေးတာတွေလည်း ရှိတယ်။ မပါဘူးဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လုပ်လို့ မရပါဘူး။ နောင်ဒီလိုမျိုး မလုပ်ပါနဲ့လို့ ပြောပြီး ပြန်လွှတ်ရတာပါပဲ” ဟု ၎င်းက ပြောသည်။ လမ်းစည်းကမ်း မလိုက်နာသူများ ဖမ်းဆီး၍ တရားစွဲဒဏ်ရိုက်ခြင်းတွင် ၁၈ နှစ်အောက် ကလေးငယ်များအား တရားစွဲဆိုခြင်း မပြုဘဲ ပညာပေး သဘောဖြင့်သာ ပြောဆို၍ ပြန်လည် လွှတ်ပေးကြောင်း ၎င်းက ပြောသည်။ “ဖမ်းမိရင် တစ်ခါတည်း ယာဉ်ထိန်းဆီမှာပဲ ဒဏ်ငွေဆောင်သွားမယ်လို့ ပြောတာတွေ ရှိတယ်။ အလုပ်မအားလို့ တရားရုံး မလိုက်နိုင်ဘူး။ ဒီလိုမျိုး မရပါဘူး။ ကျွန်တော်တို့က တရားဥပဒေအရ လုပ်ရတာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အစိုးရပင်စင်စားများကို ခန့်အပ်၍ ဖေဖော်ဝါရီလမှ စတင်ကာ ဖမ်းဆီး အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပြီး မျဉ်းကျားမှ ဖြတ်ကူးခြင်း မရှိသူများအား ဒဏ်ကြေးငွေ ကျပ်၂၀၀၀ နှင့် ဥပဒေအခ ကျပ် ၂၀၀ စုစုပေါင်း ၂၂၀၀ နှင့် မျဉ်းကျားတွင်အရှိန် လျှော့မောင်းနှင်ခြင်း မရှိသည့် ယာဉ်များအတွက် ကျပ်သုံးသောင်းတစ်ထောင် ဒဏ်ကြေး ချမှတ်ထားကြောင်း ယာဉ်ထိန်း ဒုရဲမှူးတစ်ဦးထံမှ သိရသည်။ ဖမ်းဆီးမိသူများထံမှ ရရှိသည့် ဒဏ်ငွေများဖြင့် အစိုးရ ပင်စင်စားများအား လုပ်အားခ ပြန်လည် ပေးအပ်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ဝေမာထွန်း
BY POPULAR NEWS

Posted: 24 Jun 2012 07:47 PM PDT

ဓာတ်ပုံ ASSOCIATED PRESS

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ခရီးစဉ်၊ ရောက်ရှိနေ စဉ်အတွင်း စနေ တနင်္ဂနွေ အားလပ်ရက်တွေမှာ မိသားစုနဲ့ သီးသန့် တွေ့ဆုံ ခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ လန်ဒန်မြို့မှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း Gordon Brown နဲ့ တွေ့ဆုံပြီး၊ နောက်ပိုင်းမှာ British Council ရုံးကို သွားရောက်ဖို့ ရှိပါတယ်။

မနက်ဖြန် အင်္ဂါနေ့မှာတော့ ပြင်သစ် နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ခရီးစဉ်မှာ အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ဗွီအိုအေ ကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်အပြီးသတ်ပြီးရင်တော့ ဇွန်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ နေပြည်တော်မြို့မှာ ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက် လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒီသီတင်းပတ်မှာပဲ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းအမှတ် (၅၄) နေအိမ် ခြံဝန်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ တ၀က်စီခွဲဝေယူဖို့ အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ် လိုက်တယ်လို့ ပြည်တွင်းအပတ်စဉ် သတင်းဂျာနယ် တချို့က ဖော်ပြကြပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)



Posted: 24 Jun 2012 07:23 PM PDT

ကလေးမြို့၊ အောင်မင်္ဂ လာနှင့် အောင်မြေ မာန်ရပ်ကွက် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် တင်ပွဲ နှင့်ရုံးဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၉)ရက်နေ့တွင် အဆိုပါ ရုံးခန်းဖွင့် လှစ်ထားသည့် ဗိုလ်ချုပ်လမ်းနှင့် ဝေဇယန္တာ လမ်းထောင့် တွင်ကျင်း ပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက်(၈း၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြသည်။

ထို့နောက် ဆရာကြီး သမုတိသစ္စာမှ အဖွဲ့ချုပ်ဆိုင်းဘုတ်ကို အောင်သပြေပန်းဖြင့် မင်္ဂလာရေချမ်း ဆွတ်ဖျန်းပေးပြီး ငွေခရုသင်းမှုတ်ကာအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။

ထိုနောက် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အဖွဲ့ချုပ်အလံအား အလေးပြုခြင်း၊ ကျဆုံးခဲ့ပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင် ကျဆုံးခဲ့ကြသော
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့အား အောက်မေ့ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ပြီး သဘာပတိဦးစိုးလှိုင်မှအဖွင့်အမှာစကားပြောခဲ့ပါသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဌဟောင်း ဦးကာ မှအမှတ်တရစကားပြောကြားခြင်း၊ ကလေးမြို့နယ် အဖွဲ့ချုပ်တာဝန်ခံ ဦးဘမင်းနှင့်မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးလှတို့မှ ဆွေးနွေးပြောကြားခြင်း၊ ၈၈-ရဲဘော်ဟောင်းများကိုယ်စား ဦးမိုက်ကယ်ဝင်းကျော်မှအမှတ်တရစကားပြောကြားခြင်း၊ အမျိုးသမီးနှင့် နိုင်ငံရေးများအကြောင်းကိုမသန့်ဝေကျော်နှင့် မရတနာအေးတို့မှ ပြောကြားခြင်း၊ မြို့ခံ စာပေအဖွဲ့မှဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး နံနက်(၁၀း၀၀)နာရီတွင်
ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။




Posted: 24 Jun 2012 07:46 PM PDT
တနသာင်္ရီ တိုင်းဒေသကြီး ၊မြိတ်မြို့နယ်၊ ကလွင် ကျေးရွာ အုပ်စု၊ရပ်/ကျေး ရုံးဖွင့်လှစ်ခြင်း အခမ်းအနားအား24.6.2012 ရက်နေ့၊နေ့လည် 1နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။

၎င်းရုံးဖွင့်ပွဲကိုတနသာင်္ရီတိုင်းကျွန်းစုမြို့နယ်လွှတ်တော်အမတ်ဒေါ်တင်တင်ရီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမှဦးသန်းထွန်း၊
ကလွင်ကျေးရွာရပ်မိရပ်ဖများ၊ကျေးရွာနေပြည်သူများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကလွင်ကျေးရွာအုပ်စုမှပါတီဝင်များ၊စုစုပေါင်း၄၀၀ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတင်ခြင်း၊ကျွန်းစုမြို့နယ်လွှတ်တော်
အမတ်ဒေါ်တင်တင်ရီနှင့်ကလွင်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးနီတိုးတို့မှ ဆိုင်းဘုတ်တင်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တနသာင်္ရီတိုင်းညီလာခံကျင်းပရေးကော်မတီမ၀င်ဦးသန်းထွန်းမှရပ်/ကျေးရုံးဖွင့်လှစ်ရ
သည့်ရည်ရွယ်ချက်များကိုပြောကြားခြင်း၊တို့အားပြုလုပ်ပြီးအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။

ထိုနောက်အခမ်းအနားကိုတက်ရောက်လာသူများအားရေခဲမုန့်၊ကိတ်မုန့်နှင့်ရွှေရင်အေးတို့အားကျေးမွေးပြီ
အခမ်းအနားကိုနေ့လည်၂နာရီခွဲခန့်တွင်ရုတ်သိမ်းခဲ့ပါသည်။




Posted: 24 Jun 2012 07:25 PM PDT

Archaeological Survey of India အဖွဲ့မှ ပညာရှင် ငါးဦးပါသော အဖွဲ့သည် ပုဂံ
အာနန္ဒာ ဘုရား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း များအား မေလအတွင်း လာရောက် ဆောင်ရွက်ခဲ့ပြီးနောက် လုပ်ငန်းများကို စက်တင်ဘာလတွင် ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
ပုဂံ အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား အိန္ဒိယနိုင်ငံမှ ရှေးဟောင်း သုတေသနပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မေလ ၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ အာနန္ဒာဘုရားတွင် တောင်ဘက် အာရုံခံစောင်းတန်း ဝဲ/ယာ ရှိပျက်စီးနေသော ကြမ်းခင်းများ ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း၊ အရှေ့ဘက်အာရုံခံ အလယ်မုခ်ခုံးများတွင် ထုံးသင်္ကန်းများ ကပ်လှူထားမှုကြောင့် ထုံးသားလွှာများ ဖုံးအုပ် ပျောက်ကွယ်နေသော ပုဂံခေတ် နံရံဆေးရေးများအား ဓာတုဗေဒနည်းဖြင့် ပြန်လည် ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နံရံဆေးရေး ပန်းချီရှိသော အရှေ့ဘက်အာရုံခံနံရံများ ကွဲအက်ခြင်းကိုလည်း ဓာတုဗေဒနည်းဖြင့် ဖာထေးပေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ ရှေးဟောင်းသုတေသန ပညာရှင်များ အဖွဲ့သည် လာမည့် စက်တင်ဘာလတွင် ထပ်မံလာရောက်ကာ အာနန္ဒာဘုရား၏ မိုးလျှောများ ပြုပြင်ခြင်း၊ ဘုရားပတ်လည်ရှိ ရင်ပြင်ကျောက်ပြားများ ပြန်လည်ခင်းခြင်း၊ နံရံဆေးရေး ပန်းချီရှိသော နံရံမျက်နှာပြင်များကို သန့်စင်ထိန်းသိမ်းခြင်း၊ အင်္ဂတေပန်းများ၊ ကျောက်ဆစ်လက်ရာများ၊ စဥ့်ကွင်းများအား သန့်စင် ထိန်းသိမ်းခြင်း၊ သစ်သားထည်များအား သန့်စင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံသစ္စာ
BY POPULAR NEWS

Posted: 24 Jun 2012 03:12 PM PDT
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံတက္ကသိုလ် လမ်းဆုံရှိ ထည်ဝါခန့်ငြားသော ကုန်ထုတ်လုပ်မှုကုမ္ပဏီပိုင် ရသာကောင်း ချိုချဉ်အမျိုးမျိုး နှင့် ပီကေလုပ်ငန်း တွင် ဇွန်လ ၂၃ ရက်နေ့ နံက် ၈ နာရီ ၄၅ မိနစ်မှ စပြီး အလုပ်သမား ၂၀၀ ကျော်က အလုပ်သမားများ အတွက် တောင်းဆိုချက် အချက်(၉)ချက် ရရှိရေး အတွက် တောင်းဆိုဆန္ဒပြ ခဲ့ရာ ယနေ့ ညနေ ၆နာရီ ၁၅မိနစ်တွင် လုပ်ငန်း ပိုင်ရှင် ဦးကျော်စိန်(ခ) ဦးတွမ်ရှော့ချုံ မှ အလုပ်သမားများကိုယ်စား ခေါင်းဆောင်တောင်းဆိုသူ ဦးမင်းမင်းဦး (ပါ) ၁၀ ဦးရဲ့ တောင်းဆိုချက်များအားလုံးကို မြို့နယ်ညှိနိုင်းဖြန်ဖြေရေးအဖွဲ့ ရှေ့တွင် သဘောတူညီခဲ့သည်။

လုပ်အားခ လစာကို အစမ်းခန့်ကာလ (၃၀၀၀၀ ကျပ်)၊ နေ့စား အမျိုးသမီးဝန်ထမ်းများ အား ယခင် (၁၈၀၀ ကျပ်) ကို ယခု (၂၀၀၀ ကျပ်)၊ ယခင် (၁၉၀၀ ကျပ်) ကို ယခု (၂၁၀၀ ကျပ်)၊ ယခင် (၂၀၀၀ ကျပ်) ကို ယခု (၂၂၀၀ ကျပ်)၊ အလုပ်ရှင်မှ ပေးမည်ဟု သဘောတူခဲ့သည်။ လစာများအတွက် အခြေခံလစာကို လုပ်သက် (၃)လမှ (၁)နှစ်အထိ (၅၆၇၀၀ ကျပ်)၊ လုပ်သက် (၁)နှစ်မှ (၃)နှစ်အထိ (၆၀၀၀၀ ကျပ်)၊ လုပ်သက် (၄)နှစ်မှ (၅)နှစ်အထိ (၇၀၀၀၀ ကျပ်)၊ (၅)နှစ်နှင့်အထက် အလုပ်သမားများအား (၇၅၀၀၀ ကျပ်) နှင့် မြေပဲလုပ်သား၊ ဆန်မရွေးလုပ်သား၊ ဘွိုင်လာ လုပ်သားများအား (အထူး) ပင်ပန်းကြေးကို (၁)လ (၄၀၀၀ ကျပ်) ပေးမည် ဖြစ်ကြောင်း သဘောတူခဲ့သဖြင့် တောင်းဆိုဆန္ဒပြ အလုပ်သမားများမှ ကျေနပ် ဝမ်းသာလျှက်ရှိကြောင်း CJMyanmar မှသတင်းရရှိသည်။

သတင်းနှင့် ဓါတ်ပုံ : တမာပင်

by CJMyanmar

Posted: 24 Jun 2012 03:15 PM PDT
AFP

ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ် ဖြစ်ပါသည်။
တရားရုံးရဲ့ အမွေ ပိုင်ဆိုင်မှု ဆုံးဖြတ် ချက်အပေါ် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အယူခံဝင် မယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့်  ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့  ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


RFA Burmese
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...