Tuesday, June 26, 2012

နှလုံးသား စစ်ဆင်ရေး


by မင်းလူ၏ ၀တ္တုတိုများ on Monday, June 25, 2012 at 9:01pm 

စစ်မျက်နှာ ဖွင့်လှစ်ခြင်း
-----------------------
ရန်ကုန်တက္ကသိုလ်။
လက်ဖက်ရည်ဆိုင်မှာ စံရှားနှင့် ကိုကြီးကျော်ကလွဲ၍ လူစုံပြီး ထုံးစံအတိုင်း
ဟိုအကြောင်းကိုပင် ပြောကြလေသည်။
“ကဲ..ကိုဆင့်၊ စိန်ပလိန်တိန်ဂွိန်ကိစ္စကို ဒီနေ့ လုပ်မလား၊ မလုပ်ဘူးလား၊  ပြော”
“ဟာကွာ....မင်းတို့ကလဲ”
“ဟာကွာ လုပ်မနေပါနဲ့၊ ခင်စိန်မေရဲ့ အတန်းရှေ့မှာ မင်းသွားပြီး ရပ်ကြည့်ခဲ့တာ
ခြောက်လရှိပြီ၊ ခုထိ ဘာမှ မထူးးခြားသေးဘူး”
သူသည် ခေါင်းငုံ့သသသွား၏။ ကိုဆင့် ရှက်နေပုံ။
နောက်မှ အသံတိုးတိုးလေးဖြင့် ......
“ငါ့ကျတော့ ပြောတယ်၊ မင်းတို့ကျတော့ကော ရည်းစားရှိလို့လား”


ကိုဆင့်ချေပချက် ထိရောက်၏။
ဟိုကောင်တွေကလည်း ကိုဆင့်လိုပင် ရည်းစားမရှိကြသောကြောင့် ကိုဆင့်ကို
တန်ပြန်ထိုးနှက်ရန် နှုတ်ဆွံ့နေကြဆဲ။
ဝိတ်ကွေးသည် “ဟင်...ဟင်..” ဆိုပြီး ခေါင်းကို ဆတ်ခနဲထောင်လိုက်သည်။
ဟုတ်သားပဲ၊ ၀ိတ်ကွေးမှာ ရည်းစားရှိသည်။ တာဝတိ့သာမှ သိကြားမင်း၏ သမီးတော်နှင့်
အ၀ီစိမှ ငရဲသားတို့ ဖူးစာ စုံသလိုပင် သူသည် “အေး” ၏ အချစ်ကို
ဖြစ်တောင့်ဖြစ်ခဲ မတော်တဆ ထူးဆန်းစွာ ရရှိထားပေးသကိုး။
သူသည် မောင်ဗမာကိုယ်ဟန်ပြသလို အိုက်တင်မျိုးဖြင့် စားပွဲပေါ်သို့ လက်ကိုတောက်လိုက်ပြီး....
“ကိုဆင့် ...မင်း ငါ့အကြောင်း ..သိတယ်မဟုတ်လား”
ဝိတ်ကွေးက ပေါ်တင်ကြီး ခြိန်းခြောက်လိုက်ရာ ကိုဆင့်သည် ဘုမသိ၊ ဘမသိ လန့်သွားလေသည်။
“အေး...သိပါတယ်ကွ”
“ဒါဆိုရင် ..ငါပြောတဲ့အတိုင်း မင်းလုပ်ရမယ်၊ အဲဒါမင်းတို့ကော သဘောတူလား”
“တူတယ်..တူတယ်”
ကျန်တဲ့ကောင်တွေကလည်း ဘာမှန်းမသိဘဲ သဘောတူလိုက်ကြ၏။ ထို့ကြောင့် ၀ိတ်ကွေးသည်
စစ်ဆင်ရေးအစီအစဉ်ကို ဆွဲလိုက်လေသည်။

“ဒီတော့ ငါပြောမယ်၊ ခု စံရှားနဲ့ ကိုကြီးကျော်ကို ခင်စိန်မေရဲ့ အခြေအနေကို သွားကြည့်ခိုင်းထားတယ်..အဲဒါ”
ထိုအချိန်မှာပင် စံရှားနှင့် ကိုကြီးကျော်သည် အမောတကြီး ရောက်ရှိလာပြီး သတင်းပို့လေ၏။

“မအေပေးတွေ ..ခွီးးး၊ မောလိုက်တာကွာ၊ ဟိုမှာ အတန်းပြီးတော့မယ်ကွ”
စံရှားစကားမဆုံးမီ ၀ိတ်ကွေးသည် ၀ုန်းကနဲ ထလိုက်သည်။
“အတန်းက ဘယ်အချိန်ပြီးမှာလဲ..”
“တစ်နာရီခွဲကွ..အခု တစ်နာရီ ဆယ့်ငါးရှိပြီ“
“လာ..သွားကြစို့”
လက်ဖက်ရည်ဖိုးကို စားပွဲပေါ်မျာ ပန်းကန်နှင့် ဖိထားခဲ့ပြီး ထွက်လာခဲ့ကြသည်။
ကိုဆင့်ကား စောစောတုန်းက ၀ိတ်ကွေးဟောက်ထားသော အရှိကြောင့် လန့်နေတုန်းဖြစ်သည်။
ထို့ကြောင့် မငြင်းရဲဘဲ ကန့်လန့်ကန့်လန် ပါလာ၏။

ကင်းကောင်၊ ထားဝယ်၊ ကိုကြီးကျော်တို့က ရှေ့မှ မားမား..မားမား လျှောက်သွားကြသည်။
စံရှားနှင့် ၀ိတ်ကွေးက ကိုဆင့်ကို တစ်ဖက်တစ်ချက်စီ ညှပ်၍ ခေါ်လာသည်။
လောက်ဖျားကား နောက်ဆုံးမှ။
ကိုဆင့် နောက်ကြောင်းပြန် လှည့်လျှင် တားဖို့။
ခင်စိန်မေတို့ အတန်းဖြစ်သော ရူပဗေဒ စာသင်ခန်းရှေို့ ရောက်လျှင်ပင် ကိုဆင့်သည် သတ္တိကို ပြလေ၏။

“ဟေ့ကောင်တွေ ..ဖြစ်ပါ့မလားကွ”
“ဖြစ်တယ်..ဖြစ်တယ်”
ကင်းကောင်က အားတင်းပေးလိုက်သည်။ ကိုဆင့်သည် တဖြည်းဖြည်း ပို၍ ကြောက်လာလေသည်။

“စစ်ဦး ဘီလူးတဲ့ကွ၊ ယက္ခဗျူဟာစာအုပ်ထဲမှာ ဖတ်ဖူးတယ်။ မင်းမကြောက်နဲ့”
ထားဝယ်၏ အမြောက်အပင့်။
ထိုအချိန်မှာပင် အတန်းပြီးလေသည်။ ကျောင်းသားကျောင်းသူတို့ ပြိုထွက်လာသည်။
ခင်စိန်မေသည် သူတို့ရှေ့မှ အိနြေ္ဒရစွာ ဖြတ်လျှောက်သွားလေသည်။
ကိုဆင့်ကို သူသိပြီးသား။
မသိဘဲ နေပါရိုးလား။ ခြောက်လလုံးလုံး သူ့အတန်းရှေ့မှာ လာရပ်ပြီး မျက်လုံးပြူးကြီးနဲ့
ကြည့်ကြည့်နေတဲ့ လူကြီးပဲဟာ။

“ငဆင့် ..ဟိတ်...ဘာလဲ”
ဝိတ်ကွေးသည် ဒီနေ့ တော်တော်သြဇာရှိနေသည်။
သူ့အမိန်ကို ကိုဆင့် မငြင်းရဲ။ ဗျူဟာမှူး မဟုတ်လား။
ကိုဆင့်သည် ခင်စိန်မေ၏ နောက်သို့ တွန့်တွန့်ဆုတ်ဆုတ် လိုက်သွားရလေသည်။
သူ့နောက်ကို တစ်ချက်လှည့်ကြည့်သေး၏။
ဝိတ်ကွေးက လက်သီးထောင်ပြသောကြောင့် သူ နောက်မဆုတ်သာ။

မိန်းကလေးတို့ မည်သည် ယောက်ျားကလေးထက် ခြေလှမ်းနှေးကွေးသည်အမှန်။
သို့ရာတွင် ကိုဆင့်သည် ခင်စိတ်မေကို တော်တော်နှင့် မမီ။ အပန်းဖြေခန်းမရှေ့ကို ရောက်မှ . . .

“ဒီ...ဒီမှာ ..မစိန်”
ကိုဆင့်၏ ပထမဆုံးသော တိုက်စစ်စကား...
ခင်စိန်မေက လှည့်၍ပင် မကြည့်ချေ။

“ကျွန်တော် အောင်ကျော်ဆင့်ပါ”
ဒုတိယ တိုက်စစ်။
“သိသားပဲ”
“အဲ”
ခင်စိန်မေ၏ ခံစစ်ကြောင့် ကိုဆင့် တပ်ဦးပြိုလေပြီ။
ဘာဆက်ပြောရမှန်းမသိ။ သူမပြောသော်လည်း ခင်စိန်မေက တစ်ခွန်းပြောသည်။
“လုပ်မနေပါနဲ့ .. ကိုအောင်ကျော်ဆင့်”

**************************************
ဒွိဇာဓိပတိဗျူဟာ (ခေါ်) ဂဠုန်တောင်ပံပုံစံ စစ်ဆင်နည်း
-------------------------------------------------------

“လုပ်မနေပါနဲ့..လို့ ပြောတာကို မင်းက ဘာမှ ထပ်မပြောဘူးလား”
“ငါ ဘာဆက်ပြောရမှန်းမှ မသိတာ”
“မဖြစ်သေးဘူး။ ဒီကောင် တစ်ယောက်တည်း လွှတ်လိုက်ရင် မဖြစ်ဘူး။
ဒီတော့...တို့ နောက်ကနေလိုက်ပြီး ရံလိုက်သွားမှ ဖြစ်မယ်”
လောက်ဖျား၏ အကြံကို အားလုံးက သဘောတူကြသည်။ စံရှားသည် သူ့အိပ်ထဲမှ
ကတ်ပြားကလေးတစ်ခုကို ထုတ်ကြည့်သည်။ ခင်စိန်မေ၏ အချိန်စာရင်းအား
ကူးယူထားသော ကတ်ပြား။

“ဒီနေ့ ပရက်တီကယ်ရှိတယ်ကွ၊ သုံးနာရီခွဲမှ ပြီးမှာ”
“ဒါဆို အချိန်ရှိသေးတယ်။ ငါ.. ဒီလို စဉ်းစားကြည့်တယ်ကွ။ ကိုဆင့်ကို
ဒီအတိုင်းလွှတ်ပေးလိုက်ရင် ကျွန်တော်အောင်ကျော်ဆင့်ပါ ဆိုတဲ့
အဆင့်က တက်မှာ မဟုတ်ဘူး..။ ဒီတော့ စာတစ်စောင်ရေးရမယ်”

“ဟာ....ဟာ.. ငါမှ မရေးတတ်ဘဲ”
တစ်ချိန်လုံး ငြိမ်ကုတ်နေသော ကိုဆင့်က ၀င်ပြောသည်။
“မင်း မရေးတတ်မှန်း သိသားပဲ။ တစ်ခြားတစ်ယောက်က ရေးပေးပေါ့။
စံရှားရေးကွာ။ မင်းက ကဗျာဆရာပဲ”
“မရှေးနဲ့  စံရှားက သူ့အတွက်တောင် စွံအောင် မရေးနိုင်ဘဲနဲ့
သူများအတွက်ဆို ပိုဆိုးမှာပေါ့။ ၀ိတ်ကွေးရေးကွာ၊ မင်းက
အေးကို ... ရအောင် ရေးနိုင်ခဲ့တာပဲ”
ဝိတ်ကွေးသည် ဟက်ခနဲ တစ်ချက်ရယ်ပြီး....
“ငါ့တုန်းကလည်း ...သူများရေးပေးတာပဲကွ”

“ရှုပ်တယ်ကွာ....ငါရေးမယ်”
လောက်ဖျားက တာဝန်ယူ၍ ရေးသည်။ ကျန်တဲ့ကောင်တွေက
ဖြတ်တောက် ဖြည့်စွက် ပြင်ဆင်ကြလေသည်။

“ဥပေက္ခာတရားတွေ ကြီးစိုးလှချည်လား မစိန်ရယ်၊ အိမ်ကိုလာတဲ့ ဧည့်သည်ကို
စိတ်ထဲမှာ မနှစ်မြို့ရင်တောင်မှ ဟန်ဆောင် အပြုံးကလေးဖြစ်ဖြစ် ပြုံးပြသင့်ပါတယ်။
နှလုံးသားဆီကို မ၀ဲ့မရဲ အလည်လာတဲ့ ..ကျွန်တော့်...ကို..........”

************************************

“မစိန်”
လှည့် ကြည့်သည်။
“ကျွန်တော် အောင်ကျော်ဆင့်ပါ”
ဟိုဘက် ပြန်လှည့်သွားသည်။
“ဒီမှာ ..ဟို .. စာလေးတစ်စောင်”
ခင်စိန်မေသည် ခြေလှမ်းကို သွက်လိုက်သည်။
ကိုဆင့် သုံးလှမ်းစာမျှ နောက်ကျ ကျန်ရစ်၏။ ဘာဆက်လုပ်ရမှန်း မသိသဖြင့်
နောက်သို့ လှည့်ကြည့်သည်။

ဂဠုန်တောင်ပံ စစ်ဆင်နည်းအရ နောက်ခပ်လှမ်းလှမ်းမှ ရံ၍ လိုက်လာသော
သူငယ်ချင်းများ၊။
ဝိတ်ကွေးက သူ့လွယ်အိပ်ကို မြောက်ပြပြီး လွယ်အိပ်ထဲသို့ စာထည့်ပုံမျိုး လုပ်ပြသည်။
ကိုဆင့်သည် ခင်စိန်မေနောက်သို့ လိုက်သွားပြီး ၀ိတ်ကွေး သင်ပြပေးသည့်အတိုင်း
တစ်သဝေမတိမ်း လိုက်နာကာ ခင်စိန်မေ၏ လွယ်အိပ်ထဲသို့
စာကို ထိုးထည့်ပြီးလျှင် အမြန်ဆုံး ပြန်ထွက်လာခဲ့တော့၏။

သူငယ်ချင်းများနှင့် ပြန်ဆုံသောအခါ.. သူ့လက်များသည် အေးစက်လျှက် ရှိလေပြီ။

************************************************
ဝစ္ဆိကဗျူဟာ (ခေါ်) ကင်းလက်မကဲ့သို့ စစ်ဆင်နည်း
---------------------------------------------------
သိပံကျောင်းဆောင်၏ ဆင်ဝင်အောက်တွင် ထိုင်၍
တတိယထိုးစစ်အတွက် တိုင်ပင်ကြသည်။
ဒီကြားထဲမှာ စစ်ဆင်ရေး အငယ်စားလေးတွေ ရှိသေးသည်။
သို့ရာတွင် အောင်မြင်မှုမရှိ။
လွယ်အိပ်ထဲသို့ စာထည့်ပေးပြီးသည့် နေ့မှ စ၍ ခင်စိန်မေသည် ကိုဆင့်ကို
အတွေ့မခံ။ ရှောင်ရှား၍ နေလေသည်။

“အဲဒါ ..ထူးခြားတယ်ကွ”
“ငါတော့ .. ငါ့ကို သူလုံးဝ စိတ်မ၀င်စားလို့ အတွေ့မခံတာ ထင်တာပဲကွ”
ကိုဆင့်က အားလျှော့သံလေးဖြင့် ပြောသည်။
ဒါကို ၀ိတ်ကွေး လက်မခံချေ။

“ဒီနေရာမှာ မင်းလွဲနေပြီ။ မင်းကို စိတ်မ၀င်စားဘူး။ ဂရုမစိုက်ဘူးဆိုရင်
ဘာရှောင်နေစရာလိုသလဲကွ။ ခုလို ရှောင်နေပြီဆိုကတည်းက သူ မင်းကို
စိတ်ဝင်စားနေပြီဆိုတာ သိသာတယ်”
ဝိတ်ကွေးသည် ထုံးစံအတိုင်းပင် လျှို့ဝှက်နက်နဲသော သဘောတရားများကို
ဖွင့်ပြောနေသည်။ သူ့စကားကို သေချာစွာ နားမလည်သောလည်း
ထပ်ရှင်းပြနေမည်ကို စိုးသဖြင့် ......
“၀ိတ်ကွေး ပြောတာ ဟုတ်တယ်ကွ“
“ဒီတော့ ဘာဆက်လုပ်ကြမလဲ”
“သူ့ကို ..စာအကြောင်း မေးရမှာပေါ့”
“ငါ့ကိုမှ အတွေ့မခံဘဲ”
“တွေ့အောင် ကြံရမှာပဲ။ ခုဟာက မင်းရှိရင် အတန်းအပြင်မထွက်ပဲနေတယ်။
မင်းကိုတွေ့ရင် တခြားလမ်းက ကွေ့သွားတယ်ဆိုတော့ ငါတို့ ဗျူဟာအသစ်တစ်ခု
ပြောင်းရလိမ့်မယ်။
ဝိတ်ကွေးသည် အတန်ကြာအောင် စဉ်းစားနေ၏။ ပြီးမှ....
“ဒီလိုကွ၊ ကင်းလက်မပုံ၊ အဲ .. ပစောက်ပုံပေါ့ကွာ။
ငါတို့က ထွက်ပေါက်တွေကို ပိတ်ဆို့ထားပြီး လမ်းတစ်လမ်းတည်းကို ဖွင့်ပေးထားရမယ်။
ခင်စိန်မေဟာ အဲဒီလမ်းက လာတဲ့အခါကျမှ ကိုဆင့်က တစ်နေရာက စောင့်ပြီး ချုံခို တိုက်ခိုက်ရမယ်။

“အေးကွ၊ ငါ အကြံပေးချင်တာက ဒီနေ့ ခင်စိန်မေ အတန်းက ဆယ့်နှစ်နာရီပြီးမှာဆိုတော့
သူဆာနေမှာပဲ။ အနည်းဆုံး အအေးပဲဖြစ်ဖြစ် ထွက်သောက်ချင်မယ်။
ဒီတော့ အင်းဝကင်တီးကိုသွားတဲ့ လမ်းတစ်လမ်းတည်းကို ဖွင့်ပေးသင့်တယ်“
စံရှား၏ အကြံကို အားလုံးသဘောတူပြီး စစ်ဆင်ရေးစရန် နေရာယူလိုက်ကြသည်။

မွန်းတည့် ဆယ့်နှစ်နာရီ။
ခင်စိန်မေသည် အခန်းထဲမှ ထွက်လိုက်သောအခါ သစ်ပုပ်ပင်ဘက်သို့ ထွက်သော
ထွက်ပေါက်တွင် ရပ်နေသော လောက်ဖျားကို တွေ့လိုက်ရသည်။ လောက်ဖျားက
ပြုံးစေ့စေ့ လုပ်နေသဖြင့် ချာခနဲ လှည့်ပြီး ပြန်ထွက်သွားသည်။

ရူပဗေဒစာသင်ခန်းဘက်သို့ ချိုးကွေ့မည်ပြုသော်လည်း မားမားကြီး ရပ်နေသော
ကင်းကောင်ကို တွေ့ရသဖြင့် ညာဘက်သို့ ချိုးလိုက်ရပြန်သည်။

ငွေစာရင်းဌာနဘက်မှ လာသော လမ်းနှင့် ဆုံရာနေရာတွင်လည်း
ထားဝယ်သည် ဆေးလိပ်သောက်ရင်း ခန့်ငြားစွာ ရပ်နေပြန်သည်။

ဓာတုဗေဒဌနဘက်သို့ သွားသော လမ်းထောင့်တွင်မူ စံရှားနှင့် ကိုကြီးကျော်တို့သည်
တစ်စုံတစ်ခုကို ပြောဆိုရင်း ရယ်မောနေကြ၏။  ခင်စိန်မေသည် သူတို့ကို တွေ့လိုက်သည်နှင့်
မဲ့ရွဲ့သွားပြီး ရှေ့ကိုပင် ဆက်လျှောက်ရ၏။

ထိုအချိန်မှာပင် အမျိုးသားအပန်းဖြေခန်းထောင့်ချိုးဆီမှ ကိုဆင့်သည် ဘွားခနဲ ပေါ်လာပြီး...

“မစိန်”
ခင်စိန်မေ လန့်သွား၏။ ပြီးမှ အိနြေ္ဒပြန်ဆည်ပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။
အုတ်တိုင်ကို ကွယ်၍ ရပ်နေသော ၀ိတ်ကွေးသည် ဆက်လိုက်ရန် အချက်ပြသည်။
ကိုဆင့်သည် အတွေ့အကြုံရလာပြီဖြစ်သဖြင့် အရင်ကလောက် တုံ့ဆိုင်းမှု မရှိတော့ဘဲ
ခင်စိန်မေနောက်သို့ လိုက်သည်။
သူ့အိပ်ထဲမှာ ခင်စိန်မေ သောက်သော အအေးဖိုးရှင်းရန် ငွေအသင့်။
ခင်စိန်မေကို အအေးသောက်ရန် ခေါ်မည်။ အအေးသောက်ရင်း စာကိစ္စကိုမေးမည်။
သူ့ခြေလှမ်းပိုသွက်လာသည်။

မီအံ့ဆဲဆဲမှာပင်...။
ခင်စိန်မေသည် အမျိုးသမီးအိမ်သာထဲသို့ လှစ်ခနဲ ချိုးကွေ့ ၀င်သွားလေသည်။
ကိုဆင့်သည် စင်္ကြံလမ်းပေါ်မှာ ဘာဆက်လုပ်ရမှန်း မသိဘဲ ယောင်ချာချာ ကျန်ရစ်ခဲ့သည်။
ဝိတ်ကွေးသည် သူ့နဖူးကို လက်ဝါးဖြင့် အကြိမ်ကြိမ် ရိုက်၍ နေလေသည်။

************************************
ဥဿဘဗျူဟာ (ခေါ်) စစ်မိရာ ထိုးဖောက်တိုက်နည်း
------------------------------------------------------
“တောက်.. နာလိုက်တာကွာ၊ သေသေချာချာ အကွက်ချပြီး
စီစဉ်ကာမှ လွတ်သွားရတယ်လို့။ မဖြစ်ဘူး။ ဒီတစ်ခါတော့
ခပ်ကြမ်းကြမ်းနည်းကို သုံးမှ ဖြစ်မယ်”

စတုတ္ထထိုးစစ် စတင်ပြီ။

အတန်းပြီးသွားသော်လည်း အခန်းပြင်မှာ ရပ်နေသော ကိုဆင့်ကို တွေ့သောကြာင့်
ခင်စိန်မေ ထွက်မလာချေ။ နောက်ဆုံး အတန်းထဲမှာ ခင်စိန်မေနှင့် အဖော် သူငယ်ချင်းတို့သာ
ကျန်တော့သည်။ ကိုဆင့်သည် အခန်းထဲသို့ ၀င်သင့် မ၀င်သင့် စဉ်းစားနေ၏။
“သွားလေကွာ..”
ဝိတ်ကွေးက အမိန့်ပေးသောအခါ သူ ၀င်သွားလေသည်။
မထင်မှတ်ဘဲ င်လာသော ကိုဆင့်ကို ကြည့်၍ ခင်စိန်မေ မှင်တပ်မိနေသည်။
ကိုဆင့်အနားကို ရောက်မှ သတိဝင်လာပြီး မတ်တပ်ရပ်လိုက်သည်။

ထိုအချိန်တွင် ၀ိတ်ကွေး၏ အဆိုအမိန့်များကို ဖျက်ခနဲ ကြားယောင်မိသည်။
“စစ်မိရာ ထိုးဖောက်တိုက်နည်းဆိုရင်  သတ္တိရှိဖို့လိုတယ်။ အခြေအနေပေးတာနဲ့
အတင်းဝင်ပြောရမယ်။ ဘေးမှာ ဘယ်သူတွေပဲ ရှိနေနေ ဂရုမစိုက်နဲ့။
အခြေအနေအရ ဗျူဟာကို ချက်ချင်းပြောင်းတတ်ရတယ်။ အကောင်းဆုံးက
ဝါရိဝေဂဗျူဟာလို့ ခေါ်တဲ့ ရေအလျဉ်လို လျှပ်တပြတ်ထိုးစစ်ဆင်ရမယ်။
ဟစ်တလာသုံးတဲ့ ဘလစ်ဂရိဆိုတဲ့ လျှပ်စစ်နည်းလိုပဲ”

ကိုဆင့်သည် လမ်းကို ပိတ်ရပ်လိုက်၏။
“မစိန်”
ခင်စိန်မေ အတန်ငယ်ကြောက်နေသည်။
“ကျွန်တော့်စာကို ဖတ်ပြီးပြီထင်ပါတယ်”
ခင်စိန်မေက ကြောက်လန့် ငြိမ်သက်နေရာမှ စတင်လှုပ်ရှားလိုက်သည်။
လွယ်အိပ်ထဲမှာ စာအိပ်တစ်အိပ်ကို ထုတ်၍ ကိုဆင့်လက်ထဲ ထည့်လိုက်သည်။
သူ့လွယ်အိပ်ထဲသို့ ကိုဆင့်ထည့်ပေးလိုက်သော စာအိပ်အ၀ါရောင်၊။
စာအိပ်သည် မဖောက်ရသေး။
ကိုဆင့်၏စာအိပ်ကို  ဖတ်ပင် မဖတ်ဘဲ ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း သေချာသည်။
ခင်စိန်မေသည် စာကိုကိုင်၍ ကြောင်ငေးနေသော ကိုဆင့်ကို တွန်းဖယ်ပြီး
အခန်းအပြင်သို့ ထွက်သွားသည်။
အခန်းသည် ကိုဆင့် ရင်ခုန်သံမှလွဲ၍ ငြိမ်သက်လျက်။

*************************************
စီးချင်းတိုက်ပွဲ
-------------
လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော်လည်း စကားများများ မပြောဖြစ်ကြ။
တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောဖြစ်သော်လည်း ခါတိုင်းလို အနောက်အပြောင် စကားမျိုး မဟုတ်ချေ။

ခင်စိန်မေက ကိုဆင့်၏ စာကို ဖတ်ပင်မဖတ်ဘဲ ပြန်ပေးလိုက်သည့်နေ့မှ ခုနှစ်ရက် စွန်းခဲ့သည်။
ထိုရက်များသည် ကိုဆင့်အဖို့ ဒုက္ခရက်များ။
အစားအသောက် နည်းပါးသည်။ ဘာမှ မစားဘဲနေခဲ့သော ညနေခင်းများလည်း ပါဝင်၏။
ထိုထက်ဆိုးသည်မှာ ညမအိပ်ခြင်းပင် ဖြစ်သည်။
ကိုဆင့်၏ မျက်နှာသည် ချောင်ကျ၍ နေပြီ.။ မျက်တွင်းဟောက်ပက်။ မေးရိုးများ ငေါထွက်လျက်။
နှလုံးသားကား တုံးခနဲနေအောင် အဖျားတက်ခဲ့လေပြီ။

“ မင်း ဘယ်လို လုပ်မလဲ ..ကိုဆင့်”
ဝိတ်ကွေး၏ စကားကို သေချာစွာ ကြား၏။
သို့ရာတွင် လှည့်၍ မကြည့်။ မာလာဆောင်ဆီသို့ ငေးကြည့်နေရင်းက ...
“နောက်ဆုံးကြိုးစားတဲ့ အနေနဲ့ ငါဒီနေ့ သွားတွေ့မယ်”
“ကောင်းတယ်..ငါတို့လည်းလိုက်မယ်”
“မလိုဘူး.. ငါတစ်ယောက်တည်း သွားမယ်”
“ဘာ”
ကိုဆင့်ကို အားလုံး အံ့သြစွာ ၀ိုင်းကြည့်ကြသည်။
“ဟုတ်တယ်.. ငါတစ်ယောက်တည်းသွားမယ်။ ဘယ်သူမှ မလိုက်နဲ့”

ကိုဆင့်သည် ဆတ်ခနဲ ထရပ်လိုက်ပြီး ချာခနဲ လှည့်ထွက်သွား၏။ သူငယ်ချင်းများသည်
ရုတ်ခြည်းရဲရင့်လာသော ကိုဆင့်၏ ကျောပြင်ကို အံ့သြစွာ ငေးကြည့်ရင်း ကျန်ရန်ခဲ့သည်။

ကိုဆင့် တကယ်သတ္တိရှိလာပြီ။
သို့ရာတွင် မိုးအုံ့နေသောကြောင့် သူ့စိတ်သည် လေးလံနေသည်တော့ အမှန်။
ကံကောင်းချင်၍လား။ ကံဆိုးချင်၍လား မသိ။
အဓိပတိလမ်းကို ဖြတ်၍ သိပံဆောင်ဘက်သို့ သွားနေသော ခင်စိန်မေကို လှမ်းတွေ့လိုက်ရသည်။
တစ်ယောက်တည်း။
သစ်ပုပ်ပင်ခြေရင်းအရောက်တွင် ခင်စိန်မေကို မီ၏။

“မစိန်”
ခင်စိန်မေသည် ဆတ်ခနဲ တုန်သွားသည်။
“ကျွန်တော့်ကို မြင်လိုက်ရတာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရတယ်လို့များ ထင်နေရော့သလားဗျာ”
ခင်စိန်မေသည် ရပ်နေရာမှ ဆက်လျှောက်ရန် ဟန်ပြင်လိုက်သည်။
“နေပါဦး မစိန်”
ခင်စိန်မေ မရပ်။ ခြေလှမ်းကို ပို၍သွက်သည်။
ကိုဆင့်သည် ခင်စိန်မေ၏ လွယ်အိပ်ကို ဆတ်ခနဲ လှမ်းဆွဲထားလိုက်သည်။
“အို.. ဘာလုပ်တာလဲ။ လွှတ်ပါ.၊ ကျွန်မလွယ်အိတ်”
“မလွှတ်နိုင်ဘူး မစိန်၊ ကျွန်တော့်စာကို ဘာဖြစ်လို့ မဖတ်ဘဲ ပြန်ပေးတာလဲ”
“လွှတ်နော်၊ ရှင် ..ရမ်းကားလှချည်လား”
“မေးတာကို ဖြေပါဦး မစိန်”
ခင်စိန်မေ၏ မျက်နှာသည် ရှက်ဒေါသကြောင့် ရဲရဲနီ၏။
သူ့မျက်လုံးသည် ၀င်းခနဲ လက်သွားပြီး.....
“သြော်... အဲဒါလား။ ကျွန်မ ရှင့်ကို လုံးဝ စိတ်မ၀င်စားလို့ .. နားလည်ပြီလား”

လွယ်အိပ်ကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်သည်။
သို့တည်းမဟုတ် ကိုယ်စိတ်နှစ်ပါးတွင် အင်းအားတို့ မရှိတော့သောကြောင့်
လက်ဖျားများ ပြေလျော့သွားခြင်းလည်း ဖြစ်နိုင်သည်။

“နားလည်ပါပြီ၊ မစိန်ကို ကျွန်တော် နားလည်ပါပြီ၊
ဒါပေမယ့် မစိန်ကတော့ ကျွန်တော့်ကို နားမလည်ဘူးနော်..”
ကိုဆင့်က လွယ်အိတ်ကို လွှတ်လိုက်ပြီ ဖြစ်သော်လည်း
ခင်စိန်မေသည် ခြေလှမ်းကို မရွှေ့။ သူ့တွင်လည်း အင်အားတို့ မရှိတော့ပြီလား။

မိုးဖွဲကလေးများ ကျလာသည်။
ခင်စိန်မေသည် ထီးကလေးကို ဖွင့်၍ ဆောင်းသည်။

ကိုဆင့်ကတော့ မိုးရေထဲမှာ...၊ မိုးမှုန်ကလေးများသည် ကိုဆင့်၏ ကိုယ်ပေါ်သို့
တဖွားဖွားကျသည်။ သူ့မျက်လုံးထဲတွင်မူ မိုးသည်းထန်နေပြီ။

“ကျွန်တော် မစိန်ကို တကယ်ချစ်တာပါဗျာ..။ ဒါပေမယ့်
ကျွန်တော်နောက်ကို ဘယ်တော့မှ မနှောက်ယှက်တော့ဘူးလို့ ကတိပေးပါတယ်။
ကျွန်တော်... ကျွန်တော်..........”

မျက်ရည်တစ်စ စီးမကျခင် ချာခနဲ လှည့်ထွက်ခဲ့သည်။
တကယ်မိုးသည်လည်း သည်းထန်လာလေ၏။

“ကိုအောင်ကျော်ဆင့်” ဟူ၍ လှမ်းခေါ်သံကို ကြားမိသည် ထင်၏။
သို့ရာတွင် လှမ်းမကြည့်ရဲ။
“ကိုအောင်ကျော်ဆင့်”
ထိုအသံသည် သူ့နောက်ဘက်ဆီမှာ အမှန်တကယ်ရှိ၏။
တုံ့ခနဲ ရပ်သည်။
နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
“မိုးတွေ သိပ်သည်းလာပြီ..။ ထီးအောက်ကို လာပါ့လား”

ခင်စိန်မေသည် ထိုစကားကို အမှန်တကယ်ပြောလေသည်။
သူ အံ့သြစွာ ကြည့်နေဆဲမှာပင် ခင်စိန်မေသည် သူ့ကို ပထမဆုံးအကြိမ်
အမှန်တကယ် ပြုံးပြလိုက်၏။

*****************************

ထိုနေ့မှ စ၍ နောင်တွင် တက္ကသိုလ်နယ်မြေတွင် အလွန်ကျော်ကြားလာမည့်
ဗျူဟာတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့လေသည်။

အဿုဗျူဟာ ခေါ် မျက်ရည် စစ်ဆင်နည်းပင် ဖြစ်ပေသတည်း။     ။

မင်းလူ
(စစ်ပြန်၊ ဇူလိုင်၊ ၁၉၈၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...