Monday, June 25, 2012

နိုင်ငံရေး၊ တော်လှန်ရေးနှင့် အသိဉာဏ် အပိုင်း (၁) - Part I

by တကျော့ ပြန်ဟစ် တလာ on Monday, June 25, 2012 at 7:35pm 


ဇွန် ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၄ မိနစ်

ဝါရှင်တန် အောင်ရတနာ ဘုန်းကြီးကျောင်းမှာ မြန်မာ နှစ်သစ်အတွက် ပရိတ် ရွတ်ဖတ်ပွဲက အပြန် ဆရာတော် တရားဟော ကောင်းတာနဲ့ (ကံ) - ကံ၏ အကျိုးကို တွေးမိရင်း လူချင်းတူပေမယ့် အရင် ဘ၀တွေက အကျိုးပေး အပေါ် မူတည်ပြီး ကွာခြား ရပါလားလို့ တရား ရနေမိတယ်။ ဒီကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံမှာတောင် ဉာဏ်ပညာနဲ့ ပြည့်စုံပြီး ကမ္ဘာ့ အချမ်းသာဆုံးလူ ဖြစ်ရုံမက စေတနာ ပြည့်ဝတဲ့ အလှူရှင် (Philanthropist) ဖြစ်ရတဲ့ ဘီလ်ဂိတ်စ် (Bill Gates) တို့လို လူတော် လူကောင်းတွေ ပေါ်ပေါက်ခဲ့သလို အိမ်မဲ့ အခြေမဲ့နဲ့ လမ်းပေါ် နေရတဲ့ (Homeless) တွေလည်း ရှိကြပါတယ်။ လကမ္ဘာ၊ အင်္ဂါဂြုင်္ိလ်နဲ့ စကြာဝ�ာကို အနိုင်ယူမယ့် ပညာရှင်၊ အင်ဂျင်နီယာနဲ့ အာကာသ ယာဉ်မှူး (Astronaut) တွေ ရှိသလို၊ အသိဉာဏ်နဲ့ ဆင်ခြင်တုံ တရား နည်းလှပြီး၊ ၃ ဒေါ်လာအတွက် လူသတ်တဲ့ ငမိုက်သား လူသတ်သမား တွေလည်း အမြောက်အမြား ရှိပေသားပဲ။ ဘာကြောင့်များ (အသိတရား) ဒီလောက်တောင် ကွာခြား ရတာလည်း ဆိုတာကို ဆင်ခြင် သုံးသပ်ရင်း တရား ရနေမိတယ်။
ဗုဒ္ဓတရားနဲ့ ကြည့်ရင် ကျနော်တို့ လူသားတွေဟာ အတ္တကို မကျော် နိုင်ကြပါ။ (မသိ) ခြင်းဖြစ်တဲ့ (အ၀ိဇ္ဇာ)၊ စွဲလန်း တပ်မက်ခြင်း (တဏှာ) ကြောင့်မှန်း သိကြပေမယ့် လက်တွေ့မှာ အတ္တနဲ့ တဏှာကို မကျော် နိုင်ကြပါ။ နီးလျက်နဲ့ ဝေးနေကြ ရတာပါ။ ပို ရင်နာစရာ ကောင်းတာက (အသိ) မရှိတဲ့ အတွက် (သတိ) မရှိဘဲ မိုက်တွင်း နက်ကာ အကုသိုလ်တွေပဲ ဖိလုပ် နေကြပြန်တယ်။
ဆရာတော်က ဒီနှစ်သစ်မှာ (ကုသိုလ်)တွေ များများ ပွားရအောင် ဆော်သြ လိုက်တာကို စဉ်းစားရင်း သတိပေးဖော် ရတဲ့ ဆရာတော်ကို ကျေးဇူးတင် နေမိတယ်။
ဗုဒ္ဓတရားမှာသာ (အသိ)နဲ့ (သတိ) ဟာ အရေးကြီးတာ မဟုတ်ပါဘူး။ နိုင်ငံရေး မှာလည်း (အသိ)နဲ့ (သတိ) ဟာ အရေးပါလှကြောင်း တွေးမိရင်း ပြုံးမိ ပါတယ်။
နိုင်ငံရေးမှာ (အသိ) ပေါ် မူတည်ပြီး (အမြင်) ဆိုတာ ပေါ်ရပါတယ်။ (အသိ) ရှိဖို့က ဖြတ်သန်းမှု (အတွေ့အကြုံ) နဲ့ (လေ့လာမှု) လိုအပ် ပါတယ်။ ဥပမာ နယူးယောက် မြို့ကြီးရဲ မြေအောက် လိုဏ်ခေါင်း (Subway) ထဲမှာ ခရီးသွားနေ ရတဲ့သူရဲ့ အမြင်နဲ့ မြေပေါ် လမ်းမကြီး ပေါ်မှာ လမ်းလျှောက် နေရတဲ့သူရဲ့ အမြင်ချင်း ကွာခြား နိုင်ပါတယ်။ ဒီလိုပါပဲ ၁၀ ထပ် တိုက်ပေါ်က လူရဲ့ အမြင်နဲ့ အထပ် ၁၀၀ ပေါ်က သူရဲ့ အမြင်ချင်း မတူနိုင်ပါ။ (အမြင့်) ပေါ်မူတည်ပြီး (အမြင်) ကွာခြား နိုင်သလို (အသိ)ပေါ် မူတည်ပြီး (အမြင်) ချင်း ကွာခြား နိုင်ပါတယ်။
လေ့လာမှု ရှုထောင့်က ကြည့်ရင် မူလတန်း အဆင့် (အသိ) နဲ့ ကောလိပ်အဆင့် (အသိ)၊ Phd အဆင့် (အသိ) ကွာခြား နိုင်ကြောင်း တွေ့နိုင်ပါတယ်။ (အသိ) လွဲရင် (အမြင်)လည်း လွဲချော် နိုင်ပါတယ်။
၁၈ နှစ်တိုင်တိုင် တော်လှန်ရေးကို တကြော်ကြော် အော်နေကြပေမယ့် ဘာအတွက်ကြောင့် ကျနော်တို့ရဲ့ တော်လှန်ရေးဟာ တိုင်ပတ် ပြေးသလို မရွေ့နိုင်တာ ပါလဲ။ ကျနော့် အမြင်မှာ အဓိက ကျတဲ့ အချက် တချက်က (အများစု) ဟာ စစ်အစိုးရကို ခပ်ကျယ်ကျယ် မရပ်မနား သူနိုင်ငါနိုင် အော်ဆဲ နိုင်ဖို့က အဓိက၊ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင် စနစ် ပြုတ်ကျရေးက သာမည ဖြစ်နေတယ်လို့ ယူဆ မိပါတယ်။
လူအများစုက အင်္ဂလိပ်လို (Image) လို့ခေါ်တဲ့ ကိုယ့်ရဲ့ ပုံရိပ် (ရပ်တည်ချက်) ကို အလေးပေး၊ အသားပေး လွန်းတယ်လို့ မြင်မိတယ်။ ကွန်မြူနစ် လေသံနဲ့ ရန်၊ ငါ စည်း ပြတ်ရမယ်။ တယောက်ထဲ ကျန်လည်း တိုက်မယ် ဆိုတဲ့ ရဲရဲနီ လေသံနဲ့ လူအထင်ကြီးအောင်၊ လူကြားကောင်းအောင် တကြော်ကြော် အော်ကြမယ်။ ကျနော်တို့ ရင်ဆိုင် နေရတဲ့ ပစ်မှတ် ဖြစ်တဲ့၊ ရန်သူ ဖြစ်တဲ့ စစ်တပ် အကြောင်းကို ခရေစေ့ တွင်းကျ လေ့လာဖို့ (သတိ) မရှိကြဘူး။ အကြောင်းစုံလင် (Facts) ကို အခြေခံပြီး မလေ့လာကြဘူး။ သမိုင်း အချက်အလက် မှန်ကန်ဖို့ နားမလည် ကြဘူး။ တဆင့်စကား တဆင့် ကြားရာက အတင်းအဖျင်းကို (သတင်း) လုပ်ပြီး အဟုတ်ကြီး လုပ်ပြီး၊ အမှန် ဖြစ်စဉ်လို ဖြီးဖြန်း နေကြပြန် ပါတယ်။
(ဒေါ်စု) နာမည် ကြားရင် ထိုင်ရှိခိုးလိုက်၊ ၈၈ မျိုးဆက်သစ် နာမည်ပါလာရင် လက်သီးလက်မောင်း တန်းပြီး ထောက်ခံလိုက်၊ စစ်တပ်ဆိုရင် ၀ိုင်းကလော်ဆဲ လိုက်ကြ၊ ဗိုလ် နေ၀င်း ကြောင့်၊ ဗိုလ် စောမောင် ကြောင့်၊ ဗိုလ် သန်းရွှေ ကြောင့်၊ အရူးအမူး ဂန်ဒူးဟေ့ ဆိုပြီး တ၀ကြီး အော်ဆဲ လိုက်ကြ။ ဒါကနေ ပိုလာတယ် မရှိကြပါဘူး။ မွေးနေ့ ရက်ကြီးတွေမှာ စုပြီး ထမင်းစား လိုက်ကြ၊ မလိုသူတွေကို အတင်း ပြောလိုက်ကြ၊ မတရား ပုတ်ခတ် လိုက်ကြနဲ့ အမှန်တကယ်က ကိုယ့်စိတ် အာသာဖြေရေး အတွက်သက်သက် (လေ) တော်လှန်ရေး ဆင်နွှဲ နေကြတာပါ။
(ဒေါ်စု) တို့တတွေ လွတ်နိုင်အောင် ဘယ်လို အနစ်နာခံပြီး အင်အားစုမယ်၊ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ (အင်အား) ရှိအောင် ဒို့တတွေ ညီညွတ်တဲ့၊ အဖွဲ့ပေါင်းစုံ ပါတဲ့ အဖွဲ့တွေ စုရုံးပြီး တသံထဲ ထွက်ကာ ၀က်ဝက်ကွဲအောင် အင်အားပြနိုင်ဖို့ ဒို့တတွေ ဘယ်လို စည်းလုံးမှု တည်ဆောက်မယ်၊ ဘယ်လို ညီညွတ်မှု ရအောင် လုပ်ကြမယ် ဆိုတာကို စဉ်းစားဖို့ အချိန် မရကြပါ။ နာမည်ဝှက်နဲ့ ဘယ်သူကို ဘယ်လို (စာ) ပစ်ရမယ် (နာမည်ရင်း သုံးရန် သတ္တိ မရှိကြပါ)၊ ဘယ်သူကတော့ ဘယ်သူနဲ့ ပေါင်းပြန်ပြီ၊ အဲဒီလူက အသုံးမကျပါ၊ ဟိုလူကျ စိတ်မချရပါ၊ နိုင်ငံရေး ညစ်ပတ်တယ် စတာတွေနဲ့သာ အချိန်ဖြုန်း၊ ကိုယ့်ကိုယ်ကို တော်လှန်ရေး သမားကြီး အဖြစ် သတ်မှတ်၊ ကျေနပ် ကြည်နူး နေကြပါတယ်။
Heineken-Activist တော်လှန်ရေး သမားကြီးတွေက သင်္ကြန်အမြောက် ဖောက်ပြီး (လေ) သေနတ်နဲ့ စိတ်ကူးယဉ် တော်လှန်ရေးကို ဆင်နွှဲ နေချိန်မှာ စစ်အစိုးရ ကတော့ .၃ လွယ်ပြီး နိုင်ငံရေးဖြတ် ၄ ဖြတ်နည်းနဲ့ အတိုက်အခံ မှန်သမျှကို အစိုးရ ယန္တရား၊ အစိုးရ အာဏာနဲ့ နိုင်ငံပိုင် ရတနာတွေကို သုံးစွဲကာ စံနစ်တကျ နှိပ်ကွပ် နေပါတယ်။ ဒေါ်စုခမျာ ခါးစီးခံရင်း၊ အံကြိတ်ခံရင်း အသက် ၆၀ ကို နိုင်ငံရေး အကျဉ်းသားအဖြစ် ဖြတ်ကျော် ခဲ့ရပြီ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေလည်း ၄၀ ကျော် လူလတ်ပိုင်း ရောက်ခဲ့ရပြီ။ နအဖ စစ်အစိုးရက Time & Space အချိန်နဲ့ (နိုင်ငံရေး) နေရာ (မြေ) ကို လက်နက် အဖြစ် သုံးပြီး တိုက်ခိုက် လာသည် ကိုတောင် (အသိ) မရှိကြပါ။ (သတိ) မရှိကြပါ။
စစ်တပ်ကိုသာ မျက်စိမှိတ် ဆဲနေကြ ပါတယ်။ စစ်တပ်ရဲ့ သမိုင်း၊ စစ်တပ် ဖွဲ့စည်းပုံ – တည်ဆောက်ပုံ၊ စစ်တပ် အင်အား - လက်ရှိ အနေအထား၊ စစ်တပ် အတွင်း အားပြိုင်မှု တွေကို စိတ်မ၀င်စား နိုင်ကြပါ။ လေ့လာဖို့ (သတိ) မရှိကြပါ။ စစ်တပ်ကို ဆဲနိုင်ရင် (ဒို့လူ)၊ စစ်တပ် အကြောင်း ပြောသူဟာ (ဒို့ရန်သူ) အဖြစ် လွယ်လွယ်တွေး၊ လွယ်လွယ် သတ်မှတ် လိုက်ကြပါတယ်။ လေးလေးနက်နက် တွေးရ၊ ကြည့်ရ၊ မြင်ရ၊ သိရမယ် ဆိုတာကိုတောင် မသိကြတော့ပါ။ (အသိ) မရှိကြတာကြောင့် (သတိ) မရှိကြပါ။
(ကျား) အကြောင်း မလေ့လာ၊ မသိဘဲ (ကျား) ကို ရင်ဆိုင်ခဲ့လျှင် (ကျား) ကိုက် ခံရရုံသာ ရှိပါမည်။
အားလုံးလို့တော့ ကျနော် မဆိုချင်ပါ။ ဒါပေမဲ့ ဒီ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ ကျင့်စဉ် (Political Culture & Practice) ရှင်သန်နေတာ ကိုတော့ ငြင်းလို့ မရပါ။ (အသိ) မရှိတာကြောင့် (သတိ) မရှိ၊ (သတိ) မရှိလို့ ရန်သူကို မတိုက်ရဲ၊ မတိုက်နိုင်ဘဲ ကိုယ့်အချင်းချင်း ပုတ်ခတ် တိုက်ခိုက် လာကြပါတယ်။ (ဖြုတ်၊ ထုတ်၊ သတ်) စိတ်ဓာတ် အကြွင်းအကျန် ရှိနေသူ တချို့မှာ အဆိုးဆုံးလို့ ထင်မြင် မိပါတယ်။ (မပြည့်တဲ့ အိုး၊ ဘောက်ဘင်ခတ်) တာလို့ ဆိုရမလား မသိပါ။
ဗုဒ္ဓရဲ့ ရှုထောင့်က ကြည့်ရင် ကံနဲ့ ကံတရားရဲ့ အကျိုးပေးခြင်း မတူညီမှုကြောင့် တယောက်နဲ့ တယောက် မတူညီ နိုင်ကြပါ။ ဉာဏ်ကောင်းသူ ရှိသလို ဉာဏ်နဲသူ ရှိပါမယ်။ စိတ်ကောင်းရှိသူ ရှိသလို၊ ကောက်ကျစ်သူလည်း ရှိပါမယ်။ ဉာဏ် အမြော်အမြင် ကြီးမားသူ ရှိသလို ဉာဏ်တိမ် ယုံလွယ်သူတို့ ရှိပါမယ်။ အသေအချာ လေ့လာပြီး ယုံကြည်မှု အပြည့်အ၀နဲ့ (ကွန်မြူနစ်) ဖြစ်သူတွေ ရှိကြပါတယ်။ ဒီလိုလူမျိုးကို ၀ါဒချင်း၊ အမြင်ချင်း မတူတဲ့တိုင် လေးစား နိုင်ပါတယ်။ တိုင်းပြည်အတွက် လက်တွဲ တိုက်ပွဲဝင် ၀ံ့ပါတယ်။ အဆိုးဆုံး သူတွေကတော့ (အသိ) တိမ်ပြီး၊ (အမြင်) ကျဉ်းကာ (တဖက်သတ်) တွေး၊ (လွယ်လွယ်) ကောက်ချက်ချရင်း နီးရာတုတ် (ဒုတ်)နဲ့ လိုက်ရမ်း နေသူတွေ ဖြစ်ပါတယ်။
ဒီလို အသိတိမ်ပြီး အမြင်ကျဉ်းသူတွေ၊ နိုင်ငံရေး ယောင်ယောင် သတင်းသမား ယောင်ယောင်တွေ မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာ တွေ့ရပါလိမ့်မယ်။ ဧပြီ လဆန်းက နယူးယောက်မှာ အခြေပြုတဲ့ သတင်းဌာနက သမိုင်းကိုလည်း မလေ့လာ၊ အကြောင်းအချက် (Facts) ကိုလည်း စံနစ်တကျ ရှာဖွေ ဆည်းပူးခြင်း မရှိဘဲ (ကျနော် ကြားဖူး ပါတယ်)၊ (ကျနော် ထင်ပါတယ်) နဲ့ ကျနော့်ဖခင် ဦးကျော်ငြိမ်းကို တိုက်ခိုက် ရေးသား လာပါတယ်။ (ပထမ အကြိမ် မဟုတ်ပါ)
ကျနော် ပြုံးလိုက်မိပါတယ်။
ကျနော့်မှာ သားသမီး မရှိပါ။ ကျနော့်မှာ ခွေးလေးတကောင် ရှိပါတယ်။ သမီး တယောက်လိုပဲ ချစ်ပါတယ်။ ကုတင်ပေါ်မှာ အိပ်ပြီး၊ ကျနော် စားတဲ့အတိုင်း ချက်ကျွေးပါတယ်။ မအားရင် ကြက်ကင် ၀ယ်ကျွေးပါတယ်။ ကျနော့်ရဲ့ ခွေးမလေးဟာ ရှေးဘ၀ ကုသိုလ်ကြောင့် အခုဘ၀မှာ ခွေး ဖြစ်နေပေမယ့် ချင်ခင်သူ၊ ကြင်နာသူနဲ့ တွေ့ရလို့ လူလိုပဲ နေထိုင် စားသောက် ရပါတယ်။ (အသိ) မှာလည်း လူမြင်ရင် ပျော်ရွှင်စွာ ဖက်လျက် နှုတ်ဆက် ရမှန်း သိပါတယ်။
ဒါပေမဲ့ … ကံအကျိုးပေး မကောင်းတာကြောင့် လမ်းပေါ် ကြီးရတဲ့ ခွေးလေ၊ ခွေးလွင့်တွေလည်း ရှိပါတယ်။ ရရာကို လုစား ကြရပြီး ရန်လိုတဲ့ ခွေးဆိုးတွေလည်း ရှိပါတယ်။ ခွေးတွေတောင် (အသိ) ချင်း မတူတော့ပါ။ သူတပါး မစင်ကို အလုအယက် စားသုံးနေတဲ့ (ခွေးဆိုး) တွေကို ၀င်တားရင် ခွေးကိုက် ခံရရုံသာ ရှိပါမယ်။ ခွေးရူး အကိုက်ခံရရင် (လူ)သာ နာစရာ ရှိပါတယ်။ စိတ်ဆိုးစရာ အကြောင်း မရှိတော့ပါ။ (အသိ) နဲ့ ယှဉ်ပြီး (သတိ) ရှိရပါမယ်။ ယင်ကောင် ဖြစ်ရင် အညှီ ကြိုက်ပါမယ်၊ � င်းတ (လဒ) ဖြစ်ရင် အပုပ် အသိုးကို ခုံမင် ပါမယ်။ သဘာဝကို နားလည် ပေးရရုံသာ ရှိပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့၊ လေးစားတဲ့ (Self respect) ရှိသူတွေဟာ ကိုယ်ပြောတဲ့ စကား၊ ကိုယ်ရေးတဲ့ အရေးအသား ကိုလည်း တန်ဖိုး ထားကြ ရပါမယ်။ သေချာမှ ရေးသား ကြပါတယ်။ Ethic လို့ခေါ်တဲ့ (ကျင့်ဝတ်) ကို အလေးပေး (သတိ) ရှိကြပါတယ်။
အရမ်းပြော၊ အရမ်း ရေးသူတွေ ရှိသလို ကြားသမျှ ယုံ၊ ပြောသမျှ နားထောင်ပြီး ခေါင်းညှိမ့်သူတွေ ရှိကြပါတယ်။ မသူတော် ချင်းချင်း သတင်းလွေ့လွေ့ Birds of the feather flock together လို့ ဆိုရမယ် ထင်ပါတယ်။ နအဖ ဆီက ၀ါဒ ဖြန့်ချိရေး သမားတွေ၊ တဖက်သတ် ဖော်လံဖား ရေးသူတွေနဲ့ ဘာများ ထူးပါသလဲ။ ငါးမင်းဆွေကို ဝေဖန်ရင်း သူတို့ ကိုယ်တိုင် (ဖက်လိုက် - ဖားမင်းဆွေ) ကလေးတွေ ဖြစ်နေမှန်းတောင် သိပုံမရပါ။ (အသိ) ရှိမှ (သတိ) ရှိနိုင်မှာ မဟုတ်ပါလား။
ကျနော်ဟာ ကျနော်တို့ ဆန့်ကျင် နေပါတယ် ဆိုတဲ့ နအဖ ရဲ့ စစ်တပ်၊ စစ်တပ် ဖွဲ့စည်း ပေါ်ပေါက်ပုံ၊ စစ်သား စစ်ဗိုလ် အချင်းချင်း အားပြိုင်မှုတွေကို သိစေလိုတာကြောင့် မဇ္ဈိမ (အင်္ဂလိပ် ကဏ္ဍ) မှာ “Understanding the SPDC Generals” ဆိုတဲ့ အမည်နဲ့ ဆောင်းပါး (အရှည်) ရေးသား ခဲ့ပါတယ်။ ကျနော် တနှစ်ခွဲ ကျော်ကျော် လေ့လာပြီး စစ်မှုထမ်းဟောင်းတွေ၊ စစ်တပ်နဲ့ ဆက်ဆံ ရသူတွေ၊ နအဖ စစ်တပ်ကို လေ့လာသူ ပညာရှင်တွေနဲ့ ဆွေးနွေး မေးမြန်းရုံမက စာအုပ်၊ ဆောင်းပါး၊ စာရွက်စာတမ်း များစွာကို ဖတ်ရှု လေ့လာပြီးမှ ရေးဝံ့ ပါတယ်။ အင်တာနက် ပေါ်က ရတဲ့ အီးမေးလ် (Email) ကို မှီပြီး (ကြားဖူးပါတယ်)၊ (ပြောကြ ဖူးပါတယ်)၊ (ထင်မိပါတယ်) လို့ ဆိုရုံလောက်နဲ့တော့ မရေးဝံ့ပါ။ ကျနော့် တင်ပြချက်တွေကို ထောက်ပံ့ဖို့ အထောက်အထား ရှိရပါမယ်။ အတင်းအဖျင်းကို သတင်းဆိုပြီး မသိဟန်ဆောင်ကာ မဝေဖန် ၀ံ့ပါ။ ကိုယ် မသိတာကို သိဟန်ဆောင်ပြီး လူ အထင်ကြီးအောင် မရေးဝံ့ပါ။ စာရေးဆရာနဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ် (Writers & Journalistic Ethic) တို့ကို နားလည်၊ အလေးထား၊ တန်ဖိုးထားပြီး လိုက်နာ ရပါမယ်။ ကိုယ့် ရေးသားချက်တွေကို (ကိုယ်) ကိုယ်တိုင်က တန်ဖိုးမထားရင် ဘယ်သူက လေးစား တန်ဖိုးထား ပါလိမ့်မလဲ။ အသိ၊ အမြင်၊ သတိ၊ ကျင့်ဝတ်၊ ကိုယ့် ရေးသားချက်တွေ အပေါ် တန်ဖိုးထားမှုချင်း ကွာခြား ကြတာကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။ အတင်းအဖျင်း (သတင်း) များကို (Tabloid Journalists) လို့ ခေါ်ကြပါတယ်။ သတ္တိမဲ့စွာ၊ နိုင်ငံရေး ခွက်စောင်းခုတ် ချင်သူတွေကို Yellow Journalism လို့ သမုတ်ကြပါတယ်။
ကျနော်တို့ရဲ့ လက်ချောင်းတွေတောင် အတိုအရှည် မညီနိုင်သေးရင် လူတိုင်းလည်း မတူနိုင်ပါ။ ဗုဒ္ဓတရားမှ ကံနဲ့ ကံအကျိုး ပေးခြင်းကို သတိရပြီး ပြုံးမိပါတယ်။
(မှတ်ချက်။ Understanding the SPDC Generals ဆောင်းပါးကို (နအဖ ဆိုတာ ချို ( ဂြိုဟ်) နဲ့ လား။ ဆိုတဲ့ အမည်နဲ့ ရေးသား ထားတဲ့ ဆောင်းပါးကို တင်ပြ ပါဦးမယ်၊၊)
ရာဇ၀င် (သမိုင်း) ဖြစ်ရပ်တွေမှာ လူအများစုဟာ ကိုယ်သန်ရာ ရှုထောင့်က ကြည့်ပြီး လွယ်လွယ် ကောက်ချက် ချတတ် ပါတယ်။ သမိုင်းဆရာ (သို့) ရာဇ၀င် ပညာရှင်တွေကတော့ ဘက်ပေါင်းစုံ၊ အချက်အလက် အစုံအလင်ကို စုပြီးမှ တင်ပြလေ့ ရှိပါတယ်။ စာဖတ်သူ ပရိသတ် သိသာစေဖို့၊ ချိန်ဆနိုင်ဖို့၊ နောင်ခေတ် သမိုင်းဆရာတွေ ဖတ်ရှုနိုင်ဖို့ ကျနော်တင်ပြပါရစေ …

မဇ္ဈိမ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...