Saturday, June 30, 2012

အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပရဟိတစိတ်ဓါတ်


by Phio Thiha on Saturday, June 30, 2012 at 5:25am 

A dynamic, varied, active, mobilized and intelligent civil society exists in Myanmar (Post-Nagis Report)

နာဂစ်အလွန် အစီရင်ခံစာတစ်စောင်မှာ တင်ပြထားတာလေးပဲ ဖြစ်ပါတယ်၊ ခပ်တိုတိုဘာသာပြန်ရရင်တော့ လှုပ်ရှားသွက်လက်နေသော၊ ဘက်ပေါင်းစုံမှ ပါဝင်သော၊ ဉာဏ်ရည်ဉာဏ်သွေးလည်း ပြည့်ဝသော အရပ်ဘက်လူ့အဖွဲ့အစည်းများသည် မြန်မာပြည်တွင် ရှိနေပါသည် တဲ့။
အရင်ကဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတောင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ တော်တော်လေးကို နည်းလှတဲ့ တိုင်းပြည်ရယ်လို့ သတ်မှတ်ခံထားရတာပါ။ အဲဒီလို ၂၀၀၈ခုနှစ်ကတည်းက မြန်မာပြည်မှာ ရှိနေပါတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အခုခေတ်လို တိုင်းပြည်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အချိန်၊ ချုပ်ထိန်းမှုတွေ လျော့ပါးလာတဲ့အချိန်မှာတော့ ပိုမိုပြီးတော့ အားကောင်းလာခဲ့ပါတယ်။ တကယ်တော့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းထူထောင်၊ ပါဝင်နိုင်ခွင့်ဟာ လူ့အခွင့်အရေးတွေထဲက တစ်ခုပဲဖြစ်သလို၊ ဒီမိုကရေစီအစိုးရမှန်ရင် ဒီလို ငြိမ်းချမ်းစွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလေးတွေကို အားကိုအားပေးရမှာပဲ ဖြစ်ပါတယ်။

အာဏာရှင်စနစ် အော်တိုကရေစီကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နေရာမှာ ယေဘုယျအနေနဲ့ အဆင့်၃ဆင့် ရှိပါတယ်၊ ထိန်းချုပ်မှုတွေ လျော့ပါးလာတဲ့ အဆင့် (Liberalization)၊ ကူးပြောင်းရေးအဆင့် (Transition) နဲ့ ခိုင်မာရေးအဆင့် (Consolidation) တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိရောက်နေတာကတော့ အသွင်ကူးပြောင်းနေတဲ့ အဆင့်လို့ ဆိုရမှာပါ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မြဲဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့အတွက် အရေးကြီးတဲ့အပိုင်း ၅ပိုင်းရှိပါတယ်၊ အဲဒါတွေကတော့..
(၁) အစိုးရအဖွဲ့အစည်း (Political society)
(၂) တရားဥပဒေ စိုးမိုးရေး (Rule of Law)
(၃) ဗျူရိုကရေစီယန္တရား (Bureaucracy)
(၄) စီးပွါးရေးအဖွဲ့အစည်း (Economic society)နဲ့
(၅) အရပ်ဘက်လူ့အဖွဲ့အစည်း (Civil society) တို့ပဲ ဖြစ်ပါတယ်။

ဒီ၅ခုစလုံးမှာ ဒီမိုကရေစီစိတ်ဓါတ်တွေ၊ အလေ့အကျင့်တွေ ခိုင်မာအားကောင်းနေမှသာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူက ပြည်သူကို အုပ်ချုပ်တဲ့စနစ်လို့ ဆိုကြပါတယ်၊ အဲဒီအတွက် ပြည်သူတွေအနေနဲ့လည်း အရင်လို အစိုးရကိုချည်း လက်ညှိုးထိုးနေ၊ အားကိုးနေလို့ မရတော့ဘဲ ကိုယ်စီကိုယ်စီ ဆိုင်ရာဆိုင်ရာ တာဝန်များကို ယူကြရတော့မှာပဲဖြစ်ပါတယ်။ အဲလို ကိုယ်တိုင် တာဝန်ကျေဖို့ လိုသလို၊ ကျန်တဲ့အပိုင်း၎ပိုင်းမှာ ချွတ်ချော်နေတာ၊ အားနည်းနေတာတွေ တွေ့ရင်လည်း ဒီအရပ်ဘက်လူ့အဖွဲ့အစည်းတွေကပဲ ထောက်ပြဝေဖန်ကြရမှာပါ။ အစိုးရအလုပ်လုပ်မှ၊ လွှတ်တော်ထဲဝင်မှ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်နိုင်တာမဟုတ်ပါဘူး၊ အိမ်မှာနေနေရင်း၊ ကိုယ့်အလုပ်ကိုယ် လုပ်နေရင်းနဲ့ကို ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ ပါဝင်ဆောင်ရွက်လို့ ရနေပါပြီ။

ဒီလိုမျိုး အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ ကိုယ့်ကျွမ်းကျင်မှု၊ နယ်မြေဒေသ၊ ကိုယ့်ဝါသနာ၊ နောက် လက်ရှိလိုအပ်ချက်များအလိုက် အမျိုးမျိုးရှိပါတယ်၊ ဆရာဝန်များအသင်း၊ လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့၊ မြစ်ဆုံဒေသ စောင့်ရှောက်ရေးအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ စသဖြင့် အများအပြား ရှိနိုင်ပါတယ်။ အဲဒီလို ရည်ရွယ်ချက်ကြီးကြီးမားမား ထားရှိခြင်းမျိုး မရှိဘဲ၊ လစဉ် ပိုက်ဆံလေးတွေ စု၊ လိုအပ်နေတဲ့ ဘ.ကကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေမှာ တစ်ပိုင်တစ်နိုင် လိုက်လှူဒါန်းနေကြတဲ့ ပရဟိတအဖွဲ့တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတစ်ခုဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပရဟိတစိတ်ဓါတ်ကိုတော့ အရင်းတည်ကြရတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့က လူငယ်ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီးတော့ ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် ပညာရေးရန်ပုံငွေပွဲလေးကို တော်ဝင်စင်တာမှာ လုပ်ဖြစ်ခဲ့ပါတယ်။ မတူညီတဲ့နေရာတွေကနေ မတူညီတဲ့ကျွမ်းကျင်မှုတွေ၊ မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားကြတဲ့ ပရဟိတအဖွဲ့ပေါင်းမြောက်များစွာဟာ ဒီခေါင်းစဉ်အောက်မှာတော့ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ခဲ့ကြတာကြောင့် တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

မနေ့ကလည်း ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ကျင်းပတဲ့ ညီညွတ်ခြင်းနှင်းဆီအငြိမ့်ပွဲကိုလည်း သွားကြည့်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအငြိမ့်အဖွဲ့ဟာ အရင်ပွဲတွေကဆို အချိန်တစ်လလောက် ကြိုတင်ပြင်ဆင်လို့ရခဲ့ပေမဲ့ ဒီပွဲကိုတော့ ၃ ၄ရက်အတွင်း နေ့မအိပ် ညမအိပ် ပြင်ဆင်ပြီး ကြိုးစားတင်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပရိသတ်ကလည်း ရုံပြည့်ရုံလျှံပါပဲ၊ အစက တစ်ရက်တည်း ကဖို့ စီစဉ်ထားပေမဲ့ ပရိသတ်ကများလွန်းလို့ တစ်ရက်ထပ်တိုးပြီး နှစ်ရက် ကဖြစ်သွားတာပါ။ အဲဒီညမှာဆိုလည်း Sky net ကတဆင့် ကြည့်ရှုပြီး လှူဒါန်းခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေရဲ့ အလှူငွေတွေကလည်း မနည်းမနောပါပဲ။ အဲဒီညက ဖျော်ဖြေတင်ဆက်သွားတဲ့ အနုပညာရှင်တွေရော၊ ရက်ရက်ရောရော လှူတန်းခဲ့ကြတဲ့ အလှူရှင်တွေကိုပါ သာဓုခေါ်မိပါတယ်။

အဲဒါနဲ့တစ်ဆက်တည်းမှာပဲ အခုလက်ရှိရခိုင်ဒေသမှာ သွားရောက်ဆေးကုသပေးနေကြတဲ့ (ကျွန်တော့်သူငယ်ချင်းများအပါအ၀င်) ဆရာဝန်များအဖွဲ့ကိုလည်း သတိရမိလိုက်ပါတယ်။ သူတို့ဆိုလည်း အခက်အခဲတွေကြားက၊ စိတ်ဒုက္ခတွေကြားက ကူညီပေးနေကြသူတွေပါ။ အနုပညာရှင်တွေကလည်း သူတို့တတ်ထားတဲ့ အနုပညာတွေနဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကူညီပေးနေကြသလို၊ ကျွန်တော်တို့ဆရာဝန်တွေကလည်း ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနေကြတာ ချီးကျူးဂုဏ်ယူစရာပါပဲ။ ဆရာကြီးဗန်းမော်တင်အောင်ရဲ့ စကားအတိုင်းဆိုရင်တော့ သူတို့တွေအားလုံးဟာ သမိုင်းက ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြသူတွေပါ။

There are two kinds of people, those who do the work and those who take the credit. Try to be in the first group; there is less competition there. – Indira Gandhi

ပရဟိတအလုပ်တွေ လုပ်တယ်ဆိုတဲ့နေရာမှာ တချို့က ကိုယ့်ရဲ့ဘ၀တစ်ခုလုံးကို မြှပ်နှံပြီး လုပ်နေကြသူတွေ ရှိသလို၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကိုယ်နိုင်သလောက်လေးပဲ လုပ်နေကြသူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ပါးစပ်နဲ့ပဲ ပရဟိတအလုပ်တွေ လုပ်နေပြီး တကယ်အရေးပေါ်ပြီဆို အကြောင်းအမျိုးမျိုးပြကာ ရှောင်ထွက်သွားကြသူတွေလည်း ရှိပါတယ်။ နောက်တစ်ခါ၊ အင်ဒီရာဂန္ဒီပြောသလို၊ ဒီအလုပ်တွေကို လုပ်တာဟာ နာမည်ကြီးချင်လို့၊ တခုခု အကျိုးအမြတ်ရချင်လို့ ညောင်ရေသွန်းနေကြသူတွေလည်း ရှိသလို၊ ကိုယ်လုပ်ပေးလိုက်တာကို ဘယ်သူမှမသိ၊ ဘယ်သူမှ မချီးကျုးရင်လည်း နေပါစေ၊ ကိုယ့်လုပ်ရပ်ကို ကိုယ်ဂုဏ်ယူနေလို့ရရင် ပြီးတာပဲဆိုပြီး ကျေနပ်နေတဲ့သူတွေလည်း ရှိပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောပြချင်တာကတော့ ကျွန်တော်ငယ်ငယ်လေးကတည်းက ခံယူထားတဲ့ ပရဟိတစိတ်ဓါတ်အကြောင်းပါ။
တကယ်တော့ ကျွန်တော်တို့လို လူလတ်တန်းစားတွေအတွက် ကိုယ့်အိတ်ကပ်ထဲက တစ်ထောင်တန် တစ်ရွက်ကို ဆုံးရှုံးလိုက်ရလို့၊ သူများကို ပေးလိုက်ရလို့ ဘာမှ ထူးပြီး မနစ်နာသွားပေမဲ့ ဟိုဘက်တစ်ဘက်မှာကျတော့ ၅ရက်စာ လမ်းစရိတ်ဆိုလည်း ဟုတ်တယ်၊ ထမင်းတစ်နပ်စာပိုက်ဆံဆိုလည်း ဟုတ်ပါတယ်။ ရှင်းအောင်ပြောရရင်တော့ ကျွန်တော့်ဆီကို သွေးလှူပေးဖို့ ဖုန်းဆက် အကူအညီတောင်းကြတဲ့အခါ တခါတလေဆို သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ ပြင်ဆင်နေတဲ့အချိန်မျိုး ဒါမှမဟုတ်လည်း ကျွန်တော်အိပ်နေတဲ့အချိန်မျိုးတွေ ဖြစ်နေတတ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်က မသွားချင်ဘူး၊ နောက်ပြီး အဲလိုတွေ ကိုယ့်ကိစ္စကို ဖျက်ပြီး သွားလိုက်ပြီးမှ တခြားအလှူရှင်ရသွားတာတို့၊ အကြောင်းအမျိုးမျိုးကြောင့် မလှူဖြစ်တာတို့လည်း ဖြစ်တတ်သေးတယ်။ အဲဒီအခါမှာ ခုနက အတွေးလေးက ၀င်ဝင်လာတတ်ပါတယ်၊ ကျွန်တော့်ဘက်က သူငယ်ချင်းတွေနဲ့ အပြင်သွားခြင်းကို ပေးလိုက်ရမယ်၊ ဒါမှမဟုတ် နာရီပိုင်းလောက် အိပ်စက်ဖို့ကို စွန့်လွှတ်လိုက်ရမယ်၊ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ရလိုက်မှာကတော့ ဘ၀တစ်ခု၊ အသက်တစ်ချောင်း၊ တစ်မိသားစုလုံးရဲ့ စိတ်ချမ်းသာမှု။ အဲဒီလိုတွေးမိလိုက်တိုင်း ကျွန်တော့်ရဲ့ကိစ္စတွေကို ဖျက်ပြီး ကျွန်တော်သွားကူညီပေးမိလိုက်ပါတယ်။

ကိုယ့်ရဲ့အသက်ကိုတောင် စွန့်လွှတ်ပြီး သူတစ်ပါးရဲ့အသက်ကို ကယ်တယ်ဆိုတာဟာ ရှာမှရှားတဲ့ အာဇာနည်စိတ်ဓါတ်ပါ။ ဒါပေမဲ့ ကိုယ့်အတွက် ပိုနေတဲ့အရာ၊ ကိုယ် ဒါကို ဆုံးရှုံးလိုက်ရလို့၊ စွန့်လွှတ်လိုက်ရလို့ ကိုယ့်အတွက် ဘာမှဖြစ်မသွားနိုင်တဲ့ အရာလေးတစ်ခုကို ပေးပြီး သူတစ်ပါးအသက်ကို ကယ်တင်တယ်ဆိုတာကတော့ လူပီသချင်တဲ့၊ လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားချင်တဲ့ လူသာမန်တစ်ယောက်ရဲ့ စိတ်ဓါတ်မျိုးပါ။ ကျွန်တော်ကတော့ ဒီလိုပဲ ယုံကြည်ထားပါတယ်။

Ref : ကိုတာ - ပြည်သူ့အဖွဲ့အစည်းလေးများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...