Tuesday, June 26, 2012

ကောက်ပင်တရေးနိုး


by Maung Maung Than on Tuesday, June 26, 2012 at 7:48pm 


``ဟေး ကောက်ပင်လေးတွေ တရေးနိုးနေကြပြီဟေ့´´

မအေးဝင်း အလန့် ထညက်အော်သံကြောင့် မိုးရေဖြင့် စိုစွတ်နေသော ဂျိုးဖြူပိုက်လုံးပေါ်တွင် လိမ့်မကျအောင် သတိထားလျှောက်နေရသည့် ကျနော်ရပ်၍ သူ့ ဆီလှမ်းကြည့်လိုက်မိသည်။


``ဟိုမှာတွေ့ လား၊ အဖိတ်နေ့ က တို့ စိုက်ခဲ့တဲ့ ကောက်ပင်လေးတွေ၊ အခု ပြန်ထောင်လာကြပြီ၊ အရောင်လဲ စိမ်းရင့်လာပြီ၊ အဲဒါကို ကောက်ပင်တရေးနိုးတယ် ခေါ်တယ်ဟဲ့ မှတ်ထားကြ´´

ဟုတ်ပါသည် ပြီးခဲ့တဲ့ လေးရက်ကျော်က သူတို့ ကောက်စိုက်ခဲ့သည့် ပိုက်လုံးကြီးဘေးက လယ်ကွက်၊ အဲဒီနေ့ က အေးဝင်းတို့ အဖွဲ့ သစ်ပင်စိုက်မဆင်းနိုင်၊ လက်စားလိုက်ကြသည်ဆို၍ ကျနော် ယောက်ျားလေးတွေ တဖွဲ့ တည်းနှင့် သစ်ပင်စိုက်ရသည်။ စိုက်ခင်းသို့ အသွား ဆရာ ကျမတို့ ဒီမှာဆိုတဲ့ အသံကြောင့်သာ သူတို့ မှန်းသိလိုက်ရသည်။

ဝါးနက်ချောင်းကျေးရွာမှ စိုက်ခင်းသို့ အသွား ဂျိုးဖြူပိုက်လုံးကြီး၏ ဘေး လယ်ကွက်များကို သူတို့ ကောက်စိုက်နေကြခြင်း။ နောက်နေ့ များ စိုက်ခင်းသို့ အသွားတွင် ဤကောက်ပင်ကလေးများသည် အသစ်ပြောင်းစိုက်ထားသော သူတို့ အပြီးရှင်သန်ရမည့် လယ်ကွက်ထဲတွင် ခေါင်းမထူနိုင်သေး၊ ယိုင်တိုင်တိုင်နှင့်၊ အေးဝင်းတစ်ယောက် နေ့ တိုင်းဖြတ်သွားရင်း သူ့ အပင်လေးများကို ကြည့်နေသည့်တော့ တွေ့ မိသည်။ ဒီနေ့ မှ သူ ၀မ်းသာအားရ ထအော်ခြင်းပင်။

ဒီအချိန်တွေက ကျနော့်သစ်တောသမား ဘ၀ရဲ့ ဇာတ်လမ်းအစ၊ စိုက်ခင်းလက်ထောက်ဘ၀၊ ၁၉၇၈ခုရဲ့ အခုလို မိုးရာသီ ဇွန်လ၊

ကောက်ပင်တရေးနိုး၊ ကောက်ပင်တရေးနိုး

တောသူမလေးက ကျနော့်ကို သင်ပေးလိုက်သည့်စကား၊ ဤအတွေ့ အကြုံကြောင့် ကိုယဉ်အောင်၏ မြို့ တော်အင်အားစုမှ ကောက်ပင်တရေးနိုးပြဇာတ်ကို ကျနော် ကောင်းစွာ ခံစားမိနိုင်ခဲ့၏။

ပျိုးခင်းမှနေ၍ အခြေတကျ ကြီးပြင်းရမည့် လယ်ကွက်ထဲသို့ ပြောင်းရွှေစကာလ၊ စပါးကောက်ပင်လေးများ ယခုလို တရေးနိုးမလာမှီ၊ ဘေးအန္တရယ်များ လွတ်ကင်းရန် လိုလှပါ၏၊ တရေးနိုးလာနိုင်မည့် အချိန်လည်း စောင့်ရမည်ဖြစ်ပါ၏။

ဒါက စိုက်ပျိုးရေးလောက၊ သစ်တောလောကက ကျနော့ ပျိုးပင်များကတော့ ဒီလို တရေးနိုးလာနိုင်ရန် hardening လုပ်ခြင်းဆိုသော၊ သစ်တောပျိုးပင်ကို စိုက်ခင်းတွင်း ချမစိုက်ခင်၊ အဆင့်ဆင့် ဒဏ်ခံနိုင်အောင် တရေးနိုးနိုင်အောင် လေ့ကျင့်ခဲ့ရသည်။ ပထမ ပျိုးအိတ်များနှင့် ပျိုးဥယျာဉ်မြေကြီး သံယောဇဉ် ညိမနေအောင်နှင့် အရွယ်တူ ပျိုးပင်များရအောင် sorting ဆိုသည့်လုပ်ငန်းကို တလအကြိုလုပ်ရသည်။ နောက် မိုးထားသော ကောက်ရိုးအမိုးကို ၇၅%၊ ၅၀%၊ ၂၅% တဖြေးဖြေး ဖယ်ရှားပြီး နေပူဒဏ်ခံနိုင်အောင်လုပ်ရသည်။

အဲ ရေပြတ်တဲ့ဒဏ်ခံနိုင်အောင် ခါတိုင်း တနေ့ တစ်ခါရေလောင်းနေရသည့် ကျနော့အကောင်တွေကို ၂ရက်တစ်ခါ၊ နောက် ၃ရက်တစ်ခါ ရေလောင်းခါ တဖြေးဖြေး ရေဖြတ်ရသည်။ ဒါမှ ဒီကောင်တွေ စိုက်ခင်းထဲ ရွှေ့ သည့်ဒဏ်၊ မုတ်သုန်မိုး၏ ဖြစ်စဉ်တစ်ခုဖြစ်သည့် မိုးပြတ်ခြင်း drought ၀င်သည့်ဒဏ်ကို ခံနိုင်ရပေမည်။

စိုက်ပျိုးရေးဆရာတွေကတော့ လယ်ကို သမန်းညက်အောင် ထွန်ထားခြင်း၊ ပျိုးရေကို လုံလောက်အောင် သွင်းထားခြင်းစသည်တို့ ဖြင့် ကောက်ပင်တရေးနိုးနိုင်အောင် စီမံကြသည်ထင်ပါသည်။

တဆက်တည်း ကျနော်တို့ ယနေ့  ဒီမိုကရေစီနိုင်ငံတော် အခြေအနေ၊ ကျနော်တို့ ပြောင်းရွှေ့ စိုက်ပျိုးထားသည့် ကောက်ပင်လေးတွေ တရေးနိုးနိုင်ဘို့ အရေး၊ သမန်းညက်ထားရဲ့ လား၊ ပျိုးရေ ပြည့်စုံရဲ့ လား၊ ကောက်ပင်မဟုတ်တဲ့ သစ်ပင်တွေရော sorting, hardening လုပ်ခဲ့ရဲ့ လား

လောလောဆယ်တော့ မြန်မြန် တရေးနိုးပါတော့လို့ ပဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...