Wednesday, June 27, 2012

မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism)


by Nyein Chan Aye on Wednesday, June 27, 2012 at 3:54am 

မျိုးမြင့်စိတ်နေဝါဒဆိုတာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံတူ လူမျိုးအုပ်စုတစ်စုက အခြား မတူညီတဲ့ လူမျိုးအုပ်စုတစ်စုကို ပြုမူဆက်ဆံရာမှာ မိမိရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိက ဗဟိုပြု လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူလုပ်ဆောင်ခြင်းသဘောဖြစ်တယ်။ မူရင်းအင်္ဂလိပ်စကားလုံးက
 ရှေး ခေါမ စကားလုံး ‘Ethno’ (လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုတူ အုပ်စု) နဲ့ လာတင် စကားလုံး ‘Centric’ (ဗဟိုပြုခြင်း) တို့ ပေါင်းစပ်ထားခြင်းဖြစ်တယ်။ ဒီသဘောမှာ မိမိရဲ့ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ စတဲ့ သဘာဝအရ မတူညီနိုင်တဲ့ ဝိသေသလက္ခဏာတွေကို အခြေခံကာ အုပ်စုသဘောအနေနဲ့ စဉ်းစားလေ့ရှိပြီး မိမိ အုပ်စုက သူများအုပ်စုတွေထက် အရာရာမှာ သာလွန်တယ်၊ ယဉ်ကျေးတယ်၊ လူပီသတယ်၊ သဘာဝကျ တယ်၊ မြင့်မြတ်တယ်၊ အခြား လူမျိုးအုပ်စုများက မယဉ်ကျေး၊ လူမပီသ၊ သဘာဝမကျ၊ ယုတ်ညံ ဟု လွဲမှားယူဆပြီး မိမိအုပ်စုတစ်ခုတည်းသာ အခွင့်ထူးခံယူခြင်း၊ အခြားမတူတဲ့ အုပ်စုတွေကို ဖိနှိပ်ခွဲခြားဆက်ဆံခြင်း၊ ကျွန်ပြုခြင်း စတဲ့ ဘက်လိုက်ဆုံးဖြတ်၊ မတရားမှု တွေ လုပ်ဆောင်လေ့ရှိတာကြောင့် အကျိုးဆက်အနေနဲ့ မတူညီတဲ့ အုပ်စုတွေကြား ပဋိပက္ခတွေ၊ အမုန်းတွေ၊ ရန်ညှိုးတွေဟာ ရေရှည် ကြီးထွား အမြစ်တွယ် လာစေတယ်။

ဥပမာ - ရှေးယခင် လူဖြူ လူမျိုးကြီး ဝါဒအရ လူဖြူတွေကသာ မြင့်မြတ်တယ်ဆိုတယ် သဘောနဲ့ အသားအရောင်ရှိတဲ့ အာဖရိကအနွယ်ဝင် လူမျိုးတွေကို အဓမ္မ ကျွန်ပြု ခိုင်းစေခဲ့တယ်။ နောက်ပိုင်း ကျွန်စနစ် ပပျောက်သွားသည့်တိုင် အာဖရိကအနွယ်ဝင်တွေအပေါ် ဆက်လက် ခွဲခြား နှိမ်ချဆက်ဆံခဲ့တယ်။ ဒီ မတရားမှု ဆိုးကျိုး အရိပ်မည်းဟာ ဆယ်စုနှစ်တွေကြာသည့်တိုင်အောင် လက်ရှိ မျက်မှောက်ခေတ် အမေရိက နဲ့ အခြား အနောက် ဥရောပ လူ့အဖွဲ့အစည်းတွေမှာ လူမျိုးရေးပြဿနာတွေ၊ အသားအရောင် ကွဲပြားသူချင်းကြား ပဋိပက္ခသဘောဆောင်တဲ့ တင်းမာမှု ဒဏ်ရာ၊ အမာရွတ်တွေ ထင်ကျန်နေဆဲ ဖြစ်တယ်။

ယထဘူတကျကျ စဉ်းစားရင် ကမ္ဘာ့မှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ လူမျိုးတွေ၊ ယဉ်ကျေးမှု တွေမှာ မည်သည့် လူမျိုး၊ မည်သည့် ယဉ်ကျေးမှုကမှာ ပိုကောင်းတယ်၊ ပိုမြင့်မြတ်တယ်၊ (သို့) ဆိုးတယ်၊ ယုတ်ညံ့တယ်ဆိုပြီး သတ်မှတ်လို့မရပါ။ ပူအိုက် စွတ်စို တဲ့ ဒေသမှာ ပုဆိုး၊ လုံချည်၊ သင်တိုင်း ဝတ်တယ်၊ ခေါင်းပေါင်း ပေါင်းတယ်၊ ပူပြင်း ခြောက်သွေ့တဲ့ ဒေသတွေမှာ ဝတ်ရုံခြုံ၊ ခေါင်းဆောင်း ဆောင်းတယ်၊ အေးတဲ့ ဒေသတွေမှာ ဘောင်းဘီဝတ်တယ်၊ စတဲ့ သဘာဝအနေထားအပေါ်မူတည်ပြီး လိုက်လျောညီထွေ ကျင့်ကြံနေထိုင်ရင်း ဖြစ်ပေါ်လာတဲ့ မတူညီတဲ့ ယဉ်ကျေးမှု သဘော နဲ့ အလေ့အထတွေ သာဖြစ်တယ်။
တနည်းအားဖြင့် လူအုပ်စု တစ်ခုနဲ့ တစ်ခု အစားအသောက်၊ အဝတ်အထည်၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ အတွေးအခေါ်၊ တန်ဖိုးထားမှု စတာတွေ မတူညီနိုင်ခြင်းမှာ ရှင်သန်နေထိုင်ရာ ဒေသ ပထဝီ၊ ရာသီဥတု ဂေဟဗေဒ သဘော နဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းမှ လူမှုနိုင်ငံရေး သဘောတွေကြောင့်လို့ ဆိုနိုင်တယ်။ ဥပမာ - အာတိတ်ဒေသ နှင်းတောထဲက လူမျိုးစုတွေအတွက် အဖြူရောင် ကို သတ်မှတ်ရာမှာ အနုအရင့် အသေးစိတ် ပုံဖော်နိုင်တဲ့ စကားလုံး ဝေါဟာရ အများအပြား ရှိနိုင်ပြီး အနီရောင်၊ အစိမ်းရောင်၊ အပြာရောင် လိုမျိုးမှာ အတိအကျ ပုံဖော်နိုင်တဲ့ ဝေါဟာရ အားနည်းတဲ့ သဘောမျိုး ဖြစ်တယ်။

သို့သော် လူတွေဟာ ဘယ်လောက်ပဲ အတွေးအခေါ် မြင့်မား၊ အမြင် ကျယ်ပြန့်၊ လွတ်လပ်မျှတ လစ်ဘရယ်ကျ နေထိုင်၊ ပြုမူ၊ ပြောဆို ပါတယ်ဆိုစေဦးတော့ မျိုးမြင့်စိတ်နေဝါဒ တစိတ်တပိုင်း လို့ဆိုနိုင်တဲ့ သဘောမျိုး အနည်းအများရှိနေတတ်တာဟာလည်း သဘာဝပါ။ အကြောင်းက လူတွေဟာ မတူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကိုယ်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင် အသားကျပြီးသား အရာတွေကိုပဲ ပိုမို မွေ့လျော် လက်ခံလိုစိတ်၊ အသားပေး လုပ်ဆောင်လိုစိတ်ဖြစ်ပေါ်လေ့ရှိပြီး မှန်တယ်၊ မှားတယ်၊ တရားတယ်၊ မတရားဘူးဆုံးဖြတ်ရာမှာလည်း ကိုယ်နေထိုင်ကြီးပြင်းလာရာ အုပ်စုဘက်ကိုသာ မသိစိတ်အနေနဲ့ ဖြစ်ဖြစ် ဘက်လိုက် ဆုံးဖြတ်လိုစိတ်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ အမေရိကန် အမျိုးသား သိပံ္ပ အဖွဲ့အစည်းကြီး (NAS) က ခုနောက်ဆုံးတွေ့ရှိဖော်ထုတ်ချက်အရ လူတွေမှာရှိတဲ့ အောက်စီတိုစင်း ဟော်မုန်း (Oxytocin Hormone) က အုပ်စုတူလူချင်း ဓမ္မဓိဋ္ဌာန်ကျကျ မဟုတ်ဘဲ ခံစားချက် အသားပေး ပုဂ္ဂလဓိဋ္ဌာန် သဘောဆောင်တဲ့ မိမိအုပ်စုကို ဂုဏ်မြှင့်ပြောဆိုမှု၊ သူတပါး အုပ်စုအပေါ် (အနည်းဆုံး စကားအရာမှာ ဖြစ်ဖြစ်) နှိမ့်ချ လိုမှု၊ လူမျိုး၊ အုပ်စုတူ ထောက်ခံ အားပေးမှု၊ ဘက်လိုက် ဆုံးဖြတ် ပြုမူ မှု (Favouritism) တွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုတယ်။

လူမျိုးတွေရဲ့ ဘာသာဗေဒ တွေမှာ ဒီလိုသဘောတွေကို တွေ့နိုင်တယ်။ ဥပမာ - အင်္ဂလိပ်ဝေါဟာရ ‘Barbarian’ (လူကြမ်း) ဆိုတဲ့ စကားရဲ့ မူရင်းဟာ ခေါမ စကားလုံးဖြစ်ပြီး ရှေးခေါမခေတ် ခေါမလူမှုအသိုင်းအဝန်း ဝန်းကျင်ရှိ ခေါမလူမျိုးများလောက် ယဉ်ကျေးမှု မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ခေါမမဟုတ်တဲ့ လူမျိုးစုငယ်အားလုံးကို ညွှန်းဆိုတဲ့ စကားလုံး ဖြစ်တယ်။ ခေါမ စကားလုံး ‘Barbars’ ရဲ့ အနက်အဓိပ္ပာယ်က ခွေးဟောင်သံဖြစ်ပြီး ဒီလူမျိုးစုငယ်တွေဟာ ခေါမတွေပြောတဲ့ ဘာသာစကားကို နားမလည်တဲ့အတွက် ခေါမတွေက နှိမ်ချ ခေါ်ဝေါ်တဲ့သဘောနဲ့ သုံးနှုန်း ခဲ့ခြင်းဖြစ်တယ်။ အလားတူ အာတိတ်စက်ဝန်းဒေသရှိ လူမျိုးတစ်စုကို ခေါ်တဲ့ အက်စ်ကမိုး (Eskimo) အသုံးရဲ့ မူလအနက်ကွဲ တစ်ခုက “အသားစိမ်း စားသူများ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အက်စ်ကမိုးတွေကို အနီးမှာ နေထိုင်တဲ့ အခြားမတူညီတဲ့ လူမျိုးအုပ်စုတွေက သူတို့ရဲ့ ကွဲပြားတဲ့ အစားအသောက်၊ နေထိုင်မှုပုံစံကြောင့် နှိမ်ချ ခေါ်ဆိုရာမှာ ဖြစ်ပေါ်လာတယ်လို့ဆိုတယ်။ မိမိ လူမျိုးကို “အမျိုး၊ ဘာသာသာသနာကို စောင့်ရှောက်သူများ” လို့ ခေါ်ပြီး အခြား မတူတဲ့ လူမျိုးကိုတော့ “လေ့လွင့်လာသူများ” ဟု ခေါ်ဆိုခြင်း သဘောမျိုး ဖြစ်တယ်။

အခြား အစားအသောက်၊ အနေအထိုင်၊ အပြောအဆို၊ လူမှုနေထိုင်၊ ပြုမူ၊ ဆက်ဆံရေး ပုံစံတွေမှာလည်း မိမိ လူမျိုးရဲ့ ရိုးရာ ထုံးတမ်းတွေကို ပိုမိုတိမ်းညွတ်လေ့ရှိပြီး မတူကွဲပြားတဲ့ ဓလေ့တွေ နဲ့ ကြုံတွေ့ရရင် စိတ်ကသိကအောင့်ဖြစ်၊ အထင်အမြင်လွဲမှားမှု ကြုံတွေ့ရတာဟာ နားလည်လက်ခံနိုင်တဲ့ သဘာဝပါ။ ဥပမာ - လူတွေဟာ တစ်ယောက် နဲ့ တစ်ယောက် ပြောဆို ဆက်ဆံရာမှာ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးတစ်ခု (Personal Space) သတ်မှတ် အရယူပြီး ပြောဆိုလေ့ရှိတယ်။ ဒီလို သတ်မှတ်ရာမှာလည်း လူမျိုး တစ်မျိုး နဲ့ တစ်မျိုး အကွာအဝေး၊ အကျဉ်း၊ အကျယ် ယူပုံ ကွာလေ့ရှိတယ်။ မြေထဲပင်လယ်ဒေသမှ မွတ်ဆလင်တွေ နဲ့ လက်တင်အမေရိက မှ လူမျိုးတွေဟာ စကားပြောဆို ဆက်ဆံရာမှာ လက်ပွန်းတတီး၊ ကိုယ်ခန္ဓာချင်းထိစပ်မှုရှိသည်အထိ နီးကပ်၊ ထိစပ်၊ ခြေတို့၊ လက်တို့ ရင်းရင်းနှီးနှီး ပြုမူပြောဆိုလေ့ရှိတယ်။ သူတို့တွေ နဲ့ အခြား အသားချင်းထိ ပြောဆို ဆက်ဆံလေ့မရှိတဲ့ မြောက်အမေရိက (သို့) ဥရောပ မှ လူမျိုးတွေ ဆက်ဆံရတဲ့အခါမှာ ကွဲပြားတဲ့ အလေ့အထတွေကြောင့် တစ်ဦး နဲ့ တစ်ဦး မယဉ်ကျေးသူ (ဝါ) ရိုင်းစိုင်းသူ တွေလို့ စိတ်ထဲက အပြန်အလှန် သတ်မှတ်သွား နိုင်တယ်။ အာရပ်တစ်ယောက်က ရင်းနှီးဖော်ရွေကြောင်း ပြသလိုမှုနဲ့ အမေရိကန်တစ်ယောက် အနားတိုးကပ်လာရင် အမေရိကန်ကလည်း သူ့ထုံးစံ၊ သူသတ်မှတ်ထားတဲ့ အကွာအဝေး (Personal Space) အထိ ရောက်အောင် ခပ်ခွာခွာ နောက်ဆုတ်သွားမှာ ဖြစ်တယ်။ ဒါဟာ မတူညီတဲ့ ယဉ်ကျေးမှုနောက်ခံရှိတဲ့ လူမျိုးစုတွေကြား ကိုယ်အရိုးစွဲလာရာ ဓလေ့ထုံးစံ၊ သတ်မှတ်ချက်ကို အခြေခံပြီး အလိုအလျောက် တုန့်ပြန်တတ်တဲ့ သဘောသက်သက်သာဖြစ်ပြီး ရန်လိုမုန်းထားမှု၊ မခင်မင်လိုမှု၊ မယဉ်ကျေး၊ ရိုင်းစိုင်းတဲ့ သဘောမျိုး မဆောင်ပါ။ နိုင်ငံတကာ အစားအသောက်တွေ ယှဉ်ချထားရင် အလိုအလျောက် မိမိ သက်ဆိုင်ရာ ရိုးရာ အစာတစ်ခုခု (သို့) မိမိ စားလေ့ရှိတဲ့ အကျင့်ရပြီးသာ နီးစပ်တဲ့ အစာတစ်ခုခုကို လက်လှမ်းမိတတ်တဲ့ သဘောမျိုး ဖြစ်တယ်။
သို့သော် လူ့မှုဆက်ဆံရေး (သို့) စီးပွားရောင်းဝယ် ဆက်ဆံမှုတွေမှာ ဒီလို အသေးအဖွယ်း အပြုအမူများ မှ တဆင့် ဆက်ဆံရေး မချောမမွေ့၊ အဖုအထစ်မဖြစ်စေဖို့ရာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းတွေကို နားလည်၊ သဘောပေါက် လိုက်လျောညီထွေ ပြုမူဆက်ဆံတတ်ဖို့လိုတယ်။

မျိုးမြင့်စိတ်နေဝါဒ စစ်စစ်ဖြစ်လာပြီဆိုရင်တော့ ယဉ်ကျေးမှုများ အချင်းဖြစ်တတ်ခြင်း (Culture Clashes)၊ လူမျိုးစု တစ်ခုနဲ့တစ်ခု မုန်းတီးခြင်း (Racial Hatred) စတဲ့ ပြင်းထန်တဲ့ သဘောမျိုးတွေအထိ ဖြစ်ပေါ်လာလေ့ရှိတယ်။ ဒီသဘောမှာ အဆိုးဆုံးအချက်ကတော့ လူတွေဟာ မိမိရဲ့ လူမျိုးကသာ မြတ်တယ်၊ မိမိ ယဉ်ကျေးမှုကသာ ကောင်းတယ်၊ မိမိဘာသာတရားကမှ မှန်ကန်တဲ့ စတဲ့ တဘက်စွန်းရောက်တွေးခေါ်၊ ပြုမူ၊ ပြောဆိုခြင်းကို မျိုးချစ်စစ်၊ နိုင်ငံချစ်စစ်၊ တိုင်းပြည် ချစ်စစ်ဟု လွှဲမှား ယူဆလာနိုင်မူ၊ ယူဆလာစေအောင် သွေးထိုးမြှောက်ပင့် လှုံ့ဆော်ဖို့ လွယ်ကူမှု ဖြစ်တယ်။ အစွန်းမရောက်တဲ့ မျိုးချစ်စိတ် (Patriotism) ဆိုတာ မိမိလူမျိုးကို ချစ်တယ်၊ အကျိုးကို ဆောင်ရွက်တယ်၊ အကျိုးကို ကာကွယ်တယ် စတဲ့၊ မျှတတဲ့ သဘောမျိုးသာဖြစ်ပြီး အစွန်းရောက်ပြင်းထန်တဲ့ မျိုးမြင့်စိတ်နေဝါဒလို တပါး မတူညီတဲ့ လူမျိုး၊ အုပ်စု က ယုတ်ညံ့တယ်၊ မကောင်းဘူးဆိုတဲ့ ဖိနှိပ်ခွဲခြားလိုမှု၊ မတရားပြု အသာစီးရလိုမှု သဘောမျိုးမပါပါ။ မျိုးချစ်စိတ်ရှိကြောင်း သက်သေပြုနိုင်ဖို့၊ အမျိုးသားရေး နိုးကြားစေဖို့ ရာမှာ တပါး လူမျို အုပ်စု တစ်ခုခုကို မတရား ဖိနှိပ်ဆက်ဆံ၊ မုန်းတီးပြစရာလည်း မလိုပါ။

ဒီလို တဘက်စွန်းရောက်တဲ့ သဘောတရားတွေ၊ အတွေးအခေါ်တွေကြောင့် ဂျူးလူမျိုး (၆) သန်း နဲ့ အခြား အရှေ့ဥရောပမှ သန်းနဲ့ချီတဲ့ လူမျိုးစုနွယ်တွေဟာ အာရီယန် မျိုးသန့်ရေးအတွက်ဆိုပြီး နာဇီတွေရဲ့ အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ရတယ်။ လက်ရှိ မျက်မှောက်ခေတ်မှာလည်း ဗမာ အပါအဝင် ကမ္ဘာ့ နိုင်ငံတချို့မှာ လူမျိုးရေးကို အခြေခံတဲ့ မုန်တီးမှုတွေ၊ ခွဲခြား၊ နှိမ်ချ ဆက်ဆံမှုတွေ၊ ရန်ပွဲတွေ၊ စစ်ပွဲတွေဟာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး (၂၁) ရာစု ခေတ်သစ် လူ့အဖွဲ့အစည်းကို အချိန်ကာလအားဖြင့် ရောက်ရှိနေထိုင်ခွင့်ရနေပေမယ့် အတွေးအခေါ်၊ အနေအထိုင်၊ အပြူအမူ၊ အပြောအဆို အားဖြင့် လက်တွေ့  မရောက်နိုင်၊ အတွေးအခေါ် လွတ်လပ် ကျယ်ပြန့်၊ သမမျှတ၊ လူလူချင်း စာနာထောက်ထားမှု မထားနိုင်၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးဘဲ ကျောက်ခေတ်အတွေးအခေါ်၊ ဖက်စစ်နာဇီခေတ် ဓလေ့စရိုက်တွေဟာ ရှင်သန်နေဆဲပဲ ဖြစ်တယ်။

ဗမာပြည်ရဲ့ အဓိက ပြဿနာဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစု အချင်းချင်းကြား ပဋိပက္ခ (Ethnic Conflicts) ရှေရှည်တည်တံ့ မဖြေရှင်းနိုင်ဖြစ်နေတာရဲ့ အကြောင်းရင်းဟာ စစ်အစိုးရ အဆက်ဆက် အသားပေး ဖော်ဆောင်ခဲ့တဲ့ မြန်မာ (ဗမာ) လူမျိုးကြီးဝါဒ၊ တနည်းအားဖြင့် အစွန်းရောက် မျိုးမြင့်စိတ်နေဝါဒကြောင့်လို့ ဆိုနိုင်တယ်။ လက်ရှိ မျက်မှောက်ခေတ် ဗမာပြည် မှာ မြန်မာ (ဗမာ) တွေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားဖြင့် အသာစီးရနေသလို ရှိနေပေမယ့် ရှေး သမိုင်းအစဉ်အဆက်အရ အခြား တိုင်းရင်းသား လူမျိုးစုတွေဟာလည်း တချို့က မြန်မာ (ဗမာ) တွေထက် အရင်၊ တချို့က မရှေးမနှောင်း ဒီဒေသ၊ ဒီမြေ၊ ဒီရေမှာ ဓားမဦးချ နေထိုင်၊ လုပ်ကိုင်၊ စားသောက်၊ မြို့တည်၊ နန်းတည်လာခဲ့ကြတာပါ။ ဒီနေရာကို ရှေ့က ရောက်ရောက်၊ နောက်ကျမှ ရောက်ရောက်၊ အခုအချိန်မှာ အရေအတွေက် ဘယ်သူ၊ ဘယ်လို၊ ဘယ်လောက် များများ လူမျိုးစု တစ်စု နဲ့ တစ်စုကြား ငါသာတယ်၊ သူညံ့တယ်၊ ငါက အင်အားရှိတဲ့ လူမျိုးကြီး၊ သူတို့က အင်အားနည်းတဲ့ လူမျိုးငယ်တွေဆိုတဲ့ သဘောနဲ့ ခွဲခြား၊ ဖိနှိပ်၊ ချယ်လှယ်လိုခြင်းမျိုးကို လက်ရှိ အသာရနေတဲ့ မြန်မာ (ဗမာ) တွေဘက်က လုံးလုံးရှောင်ကျဉ်နိုင်ရင် တိုင်းပြည်မှာ နှစ်ရှည်လများ စွဲကပ်နေတဲ့ တိုင်းရင်းသားပြဿနာဟာ ပြေလည်သွားမှာ ဖြစ်တယ်။

မြန်မာ (ဗမာ) တွေ အနေနဲ့ မကြာသေးတဲ့ နှစ်ပိုင်းကအထိ တိုင်းပြည်မှာ ခိုင်မာရှင်သန်နေခဲ့တဲ့၊ လက်ရှိ အချိန်ထိလည်း ပုံရိပ်ထင် ကြွင်းကျန်ရုံမက တစိတ်တပိုင်း အမြစ်တွယ် ရှင်သန်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်က နှစ်ပေါင်းများစွာ အင်တိုက်တားတိုက် ဖော်ထုတ်ခဲ့တဲ့ လူမျိုးကြီးဝါဒ (Racial Supremacism) ရဲ့ အပြစ်သဘော၊ ချို့ယွင်းအားနည်းချက်ကို မမြင်၊ မသိယောင်ပြုကာ ပြင်ဖို့မကြိုးစာဘဲ နှစ်ပေါင်း (၆၀) ကျော် လွန်ခဲ့ပြီ ဖြစ်တဲ့ ကိုလိုနီအမွေဆိုးကိုသာ လက်ညှိုးထိုး၊ အပြစ်ပုံချပြီး တိုင်းရင်းသား မကျေမလည်ဖြစ်နေမှု ပြဿနာကို ကိုယ်လွတ်ရုန်း အဖြေရှာနေရင် တိုင်းပြည်ဟာလည်း တင်းမာမှု၊ ပဋိပက္ခ၊ စစ်ပွဲ နွံထဲမှာ နစ်သထက် နစ်၊ ဆိုးကျိုးဒဏ်ကို ခံသထက် ခံနေရဦးမှာ ဖြစ်တယ်။ လူမျိုးကြီးသဘော အခြေခံ ပြင်းထန်တဲ့ မျိုးမြင့်စိတ်နေဝါဒ နဲ့ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှမှုကိုအားပေးတဲ့ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်နိုင်ခွင့် (Peaceful Co-Existence)၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် (Self-Determination) တို့ရဲ့ ဆန့်ကျင်ဖက် သဘောတွေကို ဗမာ့လူအဖွဲ့အစည်းမှ မြန်မာ (ဗမာ) အများစု အခြေခံကျကျ နားလည် သဘောပေါက်ထားမှသာ တစ်နိုင်လုံး သာတူညီမျှ ရေရှည် တည်ငြိမ်အေးချမ်းသာယာဝပြောမှုကို အာမခံတဲ့ ဖဒရယ်ပြည်ထောင်စုစစ်စစ်ကို မဝေးတဲ့ အနာဂတ်မှာ တည်ထောင်နိုင်မှာ ဖြစ်တယ်။

လူမျိုးတိုင်းဟာ မိမိတို့ရဲ့ အစဉ်အလာ ထုံးတမ်းမှ ကောင်းမြတ်တဲ့ သဘော၊ စံနှုန်းနဲ့ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်တာ သဘာဝကျပါတယ်။ ထိန်းသိမ်းဖို့လည်း လိုပါတယ်။ သို့သော် အတူယှဉ်တွဲနေထိုင်ရတဲ့ ဌာနေတိုင်းရင်းသား လူမျိုးစုအချင်းချင်း၊ အရှိန်၊ အဟုန် နဲ့ ပြောင်းလဲ၊ ထိစပ်၊ နီးကပ်လာတဲ ခေတ်သစ် ကမ္ဘာလုံးဆိုင်ရာ သဘောထားကြောင့် ထိတွေ့ဆက်ဆံလာရတဲ့ အခြား လူမျိုးကွဲ၊ ဘာသာခြား  လူမျိုးစုများကို ထိခိုက် နစ်နာစေတဲ့ အမြင်ကျဉ်းမြောင်း၊ ပြင်းထန်၊ တဘက်စွန်းရောက် မျိုးမြင့်စိတ်နေ သဘောထားတွေ၊ အတွေးအခေါ်တွေကိုတော့ ရှောင်နိုင်ဖို့ လိုပါတယ်။ လူသားမျိုးနွယ်အားလုံးရဲ့၊ အထူသဖြင့် မိမိလူ့အဖွဲ့အစည်း နဲ့ ဒွေးရောယှက်တင်နေထိုင်နေရတဲ့ မတူညီတဲ့ အုပ်စုငယ်တွေရဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုသဘော၊ ဓလေ့၊ စံနှုန်းတွေကို လေ့လာဖို့လိုပါတယ်။ မတူကွဲပြားမှု တွေကို လက်ခံ အသိအမှတ်ပြုနိုင်ဖို့လိုပါတယ်။ အင်အားကြီးသူ၊ အရေအတွက်များသူက ဖိနှိပ်ဗိုလ်ကျနေခြင်းမျိုး မဖြစ်ဖို့ လိုပါတယ်။ သေသေချာချာ ဂဂဏဏ မလေ့လာ၊ မသိရှိဘဲနဲ့ ကြိုတင်ကောက်ချချက် ဆုံးဖြတ်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ဒါမှသာ ယဉ်ကျေးမှုပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ စည်ပင်ရှင်သန်ဖွံ့ဖြိုးတဲ့ (၂၁) ရာစု ခေတ်သစ်ကမ္ဘာ လူ့အဖွဲ့အစည်းအနေနဲ့ လူသားတွေအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း လူမှုဘဝတိုးတက်သာယာလာအောင် တွဲလျက်ကြံဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး

လစဉ်ထုတ် အွန်လိုင်း ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ
(“ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချီသည်။)

(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည်ဖော်ပြလိုပါက "ခေတ်မောင်းစာစောင်၊ အတွဲ (၁)၊ အမှတ် (၂) မှ" ဟု ဖော်ပြပေးပါရန်။)

Ref:
Collected Psychology articles (in Burmese) by Dr. Myint Lwin (Psyco), 2004.
De Dreu, Carsten K. W., "Oxytocin promotes human ethnocentrism," Proceedings of the National Academy of Sciences, Jan. 10, 2011.
Kaplan, Lawrence, "Inuit or Eskimo: Which names to use?". Alaska Native Language Center, University of Alaska Fairbanks, 2002.
Justin Marozzi, The Way of Herodotus: Travels with the Man who Invented History, 2010, pages 311–315.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...