“မိုးလရာသီ”
by Soe Min on Sunday, June 24, 2012 at 12:17am
“ကောက်တီ နဲ့ မယ်စော၊ ရောနှောလို့ ပျိုးထောင်၊ ကြိုးစားပမောင်။ သည်မိုးရယ် ရေအောင်ပါမှ၊ မယ်နှင့်မောင် အလှူပေးရအောင်၊ မိုးကူပါ့လေး။” တဲ့။
ဝဿန်ကာလ မိုးကျတည့်လျှင်ဆိုတဲ့ လယ်သမားဘွဲ့တျာချင်းကလေး ဆိုတဲ့အခါ အပြီးသတ်မှာ အဲဒါလေးနဲ့ ဥာဏ်ဝါလေ ရေအေးလောင်း သီတာလေ ရေချမ်းလောင်း ဆိုပြီး အဆုံးသတ်လေ့ရှိပါတယ်။ ရှေးတုန်းကတော့ တောင်ပြန်တွေ ပေါ်ဆန်းတွေ မှ မပေါ်သေးပဲကိုး။ အခုလို မိုးလရာသီဆိုရင် မြန်မာအများစုက လယ်သမားတွေမို့ ရေထဲမိုးထဲ ကျွဲနွားများနဲ့ ဖက်ပြီး လုပ်ငန်းတွေ စကြရတဲ့အချိန်မို့ ပျော်သလေး ပျင်းသလေးတောင် ကိုယ့်ဘာသာ သတိမထားမိနိုင်လောက်အောင် လှိုင်ဘောလယ်ကြတယ် လို့ ဆိုတယ်။ “မိုးလာမှ ပျိုးသာတယ်။ မိုးကူမှ ပျိုးဆူတယ်။” ဆိုပြီး လယ်သမားတွေ မိုးမျှော်တဲ့အချိန်လည်း ဖြစ်တာပေါ့။ တစ်နှစ်တစ်ခါ လာနေကျ မိုးရာသီဟာ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပေမယ့် သည်တစ်နှစ်မှာမှ ကိုယ်ကျဲထားတဲ့ ပျိုးပင်ကလေးတွေအမီ မိုးက ရောက်မှရောက်ပါ့မလား လို့ စိတ်စောတဲ့သူကလည်း စောတာပဲ။
လယ်သမားဆိုတာ လခစား မဟုတ်ပဲ တစ်နှစ်စာ ပေါ်ကာသီးကာမှ ၀မ်းစာကလေး သုံးစရာစွဲစရာကလေး ရကြတာ မဟုတ်လား။ အစမကောင်းရင် အနှောင်း မသေချာမှာစိုးလို့ တာထွက်မှာကတည်းက မိုးနတ်မင်းကြီး သူတို့ဘက်ကပါအောင် ကန်တော့ပွဲ လက်ဖက်ထုပ်ပါမကျန် ဌာန်ကုန်အောင် ပင့်ကာကိုးကာနဲ့ ရိုးရာမပျက် ဆောင်ရွက်ကြလေတယ်။
သည်နှစ် အမ်းမှာ ရွာတဲ့မိုးကတော့ မိုးနတ်မင်းကြီး အရွဲ့တိုက်နေသလား မသိပါဘူး။ နေမမြင် လမမြင် ရွာနေတာ တစ်ပါတ်၊ ဆယ်ရက်ကျော်နေပြီ။ တိတ်သွားလှ ငါးမိနစ်ထက် မပိုဘူး။ ဖွဲဖွဲကလေးလည်းရွာတယ်။ သည်းကြီးမည်းကြီးလည်း ရွာတယ်။ မိုးမင်းလွန်ကဲ အုံ့ဖွဲစွေရွာ၊ ရွာပင်သာ ရွာလှ လို့ ဆိုရမလောက်ပဲ။ လယ်သမားတွေတော့ ပျော်နိုင် မပျော်နိုင် မပြောတတ်တော့ပါဘူး။ ကိုယ့်ဘာသာ စိတ်ချမ်းသာတာ တစ်ခုကတော့ ရေတွေ ရေတွေ ပေါလိုက်တာများလေ။ သုံးလို့ကို မကုန်ဘူး။ ကြည်လို့ အေးလို့။ လျှံကိုကျနေတာ။ နွေတုန်းကလို ချွေတာနေစရာ မလိုတော့ဘူး။ အိမ်တိုင်းအိမ်တိုင်းလည်း ဒီလိုပဲလေ။ (ခေါင်မလုံတဲ့အိမ်တွေကတော့ ဘယ်ပျော်နိုင်ပါ့မလဲ)။ မိုးထဲလေထဲမို့ ဆေးရုံ နဲ့ အိမ်ကလွဲရင် ဘယ်ကိုမှ လည်း မသွားနိုင်ဘူး။ တီဗီ၊ ဖုန်း၊ အင်တာနက်ဆိုတာတွေကလည်း မိုးဖွဲဖွဲကလေး ကျလာရင်ကို အတုံးကလေးတွေပျောက်ကုန်လို့ သူများတကာ ဘာတွေ ရေးကြပြောကြသလဲတောင် မသိနိုင်တော့ဘူး။ ကိစ္စမရှိဘူးလေ။ နောက်တစ်လလောက်ကြာမှ အွန်လိုင်းပေါ်ပြန်ရောက်လည်း မြန်မာပြည်ကြီးက သည်အတိုင်းပဲ ရှိဦးမှာ မဟုတ်ဘူးလား။ ရခိုင်ပြည်ကြီးကလည်း သည်အတိုင်းပဲ ရှိနေဦးမယ် လို့ မျှော်လင့်ပါတယ်။ မိုးထဲလေထဲဆိုတော့ သူများမီးတိုက်လို့ လောင်လှ တစ်အိမ်နှစ်အိမ်ပေါ့။ သေတဲ့ကြေတဲ့စာရင်းထဲမလည်း ကုလားသိပ်မတွေ့မိတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေက အရေးလုပ်ပြီး သတင်းထဲထည့်ပြောနေမှာမှ မဟုတ်တာ။ ၀သုနြေ္ဒဆိုတာကြီး တကယ်ရှိတယ်ဆို နတ်မြစ်ဝမှာ ခေါင်းလာလျှော်ရင် ကောင်းမယ်နော်။ စိတ်ချလက်ချသာ ဆံညှစ်တော်မူပါ ဖျာ့။ သည်ဘက်ကမ်းမလဲ ရခိုင်ဆို မူးလို့တောင် ရှူစရာ မကျန်တော့ပါဘူး။ (ကိုင်း သည်လောက်ဆို ဖွချင်တဲ့သူတွေ ဖွလို့ ရလောက်ပြီ။ ကဲရီးအွန်)။
မိုးတွေ ရွာတော့ ရေတွေ မကြီးလားဆို ကြီးပါ့ဗျား။ “မိုးတွေ မိုးတွေရွာလို့ ရေတွေ ရေတွေ ကြီးကုန်ပြီ။ လောင်းညိုကြီးနဲ့ ကြိုလှည့်ပါတော့။ ဖေတော့ မောင်တော့ ကြိုလှည့်ပါ ကြိုလှည့်ပါတော်။ လမ်းဝ လူလှ ကြိုလှည့်ပါတော့။ မကြိုလာတယ် အိုလေ ဒါလီကုံးရယ်။ မုန်းလေတော့တာလားလေတဲ့မှ မုန်းလေတော့တာလား။” တဲ့။ ကောက်စိုက်သမကလေးတွေ ဆိုကြတယ်။ အခုလို မိုးတွေရွာတော့ လယ်ကွင်းပြင်တစ်ခုလုံးလည်း ကန်သင်းတွေပါမြုပ်ပြီး ရေပြင်ဖွေးဖွေးကြီး ဖြစ်ကုန်ရော။ အရင်လို ကွေ့ကာပတ်ကာ တက်ကာဆင်းကာ သွားစရာမလိုတော့ပဲ လောင်းကလေးနဲ့ ခြေစကြာဖြန့်ရင်း ကိုယ့်ကိုယ်ကိုယ် အလောင်းစည်သူမင်းကြီးလောက် စိတ်ကြီးဝင်နေလို့လည်းရသပ။ လက်ညှိုးညွှန်ညွှန် မညွှန်ညွှန် ရေတွေဖြစ်နေမှပဲဟာ။ အမ်းချောင်းကလေးကလည်း ဟိုဘက်သည်ဘက် ကမ်းနဖူးပေါ်လျှံပြီး ရေပြင်ကျယ်ကြီး ဖြစ်နေတာပေါ့။ ဖောက်ထားတဲ့ ကားလမ်းတလျှောက်က တံတားကလေးတွေ ရေကျော်ရတာနဲ့ ကျိုးရတာနဲ့ဆိုတော့ ခုချိန်ဆို ဆေးရုံကိုလာတဲ့လူနာတွေဟာ လှေကလေးကိုလှော်မည် နဲ့ပဲ ဆိုက်ကြတယ်။ မိုးထဲလေထဲ တုတ်တုတ်ရွှဲပြီးမှ ရောက်ကြတာဆိုတော့ သေကောင်ပေါင်းလဲ မဟုတ်ရင် ဘယ်လာပါ့မလဲ။ သည်အရပ် သည်အချိန်မှာ သည်ခရီးကို သည်လိုပဲ လာနေကျဟာမို့ သူတို့အဖို့တော့ ဘာမှမဆန်းဘူး။ ကိုယ်တွေသာ မိုးရွာထဲထီးတစ်ချောင်းနဲ့ ဗွက်နင်းပြီး မလျှောက်ချင်လို့ ထမင်းဆိုင်တောင် တကူးတကကြီးဖြစ်နေပြီ။ လူနာတက်ကြည့်လိုက်၊ စာထိုင်ရေးလိုက်နဲ့ဆိုတော့ ဖတ်တဲ့သူတွေလည်း ဟောတစ်ပုဒ် ဟောတစ်ပုဒ် ဖတ်ရတာပေါ့။
စင်္ကာပူတို့ဘာတို့မှာလည်း မိုးများတာတော့ ကိုယ့်ထက်တောင် များသေးတာတဲ့။ တစ်နှစ်ပတ်လုံး မိုးရွာနေတာရယ် မိုးတိတ်နေတာရယ် နှစ်ရာသီပဲရှိသတဲ့။ သို့သော်လည်း သူတို့ဆီမှာ မိုးသာရွာတယ်။ တိတ်သွားတာနဲ့ ရေတွေ ဘယ်ကိုရောက်ကုန်မှန်း မသိရပါဘူး။ မိုးရွာတာတောင် ရေမခံတတ်တဲ့ဘ၀မို့ သောက်ရေတောင် မလေးက ၀ယ်သောက်ရတာနေမှာ။ တို့ဆီမတော့ မိုးလေးတစ်ခါရွာ သိသိသာသာကို ရေတွေတင်တော့တာ။ မိုးရေတက်ရေတဖွေးဖွေး ကွင်းကျယ်အဝေးဝေး။ ယာဉ်ထိန်းတဲလေး ခြေတံရှည် မီးပွိုင့်ထောင့်မှာနေ ဆိုတာ ရန်ကုန်မှာ မဟုတ်ဘူးလား။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာ တို့ဆီက ရေမြောင်းကလေးတွေကို ပြောတာနေမှာ။ စည်ပင်ကကြီးကြပ်ပြီး မဟာရန်ကုန်ရေအားလျှပ်စစ်ထုတ်ရင်တောင် ရလောက်မယ်။ (လုပ်ပြန်ပြီ။ ဒီသူငယ်တော့ လျှပ်စစ်ကုလားထိုင်နဲ့ကို သေဒဏ်ပေးသင့်တယ်)။ ကျုပ်တို့ အမ်းချောင်းရေအားလျှပ်စစ်ကြီးက စလုံးရေစပြီး ဆလိမ်ရေး မလိမ်ရေး ဆွေးနွေးနှီးနှော စစ်ကြောတုန်းပေမယ့် ထူးဆန်းစွာပဲ အမ်းမြို့နယ်ထဲက ကျောက်မြောင်းဆိုတဲ့ရွာမှာ ရွာခံလူတစ်ယောက်က တရုတ်စက်ကလေးနဲ့ တပိုင်တနိုင် ရေအားလျှပ်စစ်ကလေးထုတ်တာ တစ်ရွာလုံး ထိန်ထိန်လင်းနေပြီဆိုလို့ မယုံကြည်သူများ သွားရောက်လေ့လာကြပါသတဲ့။ တကယ်ကြီး အဟုတ်ကြီးကို မီးလင်းနေတာမို့ အံ့ချီးမကုန်ဖြစ်ပြီး ငှက်ကဥကြီးကို မျက်နှာလိုအားရတင်ပြတဲ့အခါ သူသွားကြည့်ပြီးပြီတဲ့။ မိုးရွာတုန်း ရေစီးတုန်းပဲရမယ်။ နွေအခါ ရမှာ မဟုတ် လို့ဆိုတယ်။ ဘာပဲပြောပြော တစ်မိုးတွင်းကလေး မီတာခသက်သာလည်း နည်းမှ မနည်းတဲ့ဟာကို ဟာကို။ ဒီက မိုးတွင်းဆိုတာ တစ်နှစ်မှာ ခြောက်လဗျ။ နောင်ကျတော့ ပြည်ပက အကူအညီတွေနဲ့ နျူကလီယာ ဓါတ်ပေါင်းဖိုကြီးက မီးပေးရင် ဆင်ဖြူတော်ဝင်မှာ ချည်ခင်နဲ့ ကျိန်းကျေမစိုးလို့ထင်ပါရဲ့။ တစ်ယောက်တည်း ထဖိုတဲ့မီးက ငွေကုန်ကြေးကျမများပဲ အရင်တောက်နှင့်ပေမယ့် ဟိုက ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတလှေချက်ကတော့ မေတ္တေးရှင်စောင့်တော်မူမယ့်ပုံပဲ။
ဘလ္လာတိယပျို့ထဲမှာ အနှစ်ခုနစ်ရာငိုတဲ့ ကိန္နရီမောင်နှံဟာ ချောင်းရေကျတုန်း တစ်ညတာ ခွဲခွာရလို့ပါတဲ့။ “အနှစ်ခုနှစ်ရာတိုင်အောင်သာ အမှန်တွေးလို့ ဆွေးဖွယ် လွမ်းပုံပြမယ်။ မောင် မြရင်နဲ့တော့ ချွဲလွန်းပါလှတယ်။” လို့ ဆိုတယ် မဟုတ်လား။ တို့ဆီမှာတော့ ငိုမနေနဲ့ အပိုပဲ။ ချောင်းကျတိုင်းသာ အဲလောက်သည်းနေရရင် ခက်ရချည့်။ မနှစ်တုန်းက ဒီအချိန် စစ်တွေကို အစည်းအဝေးသွားတက်တော့ ကိုယ်စီးတဲ့ကားပေါ်မှာ ရန်ကုန်ကတည်းက ပါလာတဲ့ခရီးသည်တွေဟာ လမ်းမှာ လေးညအိပ်ခဲ့ရပြီတဲ့။ တောင်ကျရေဆင်းရင်လည်း ကားတွေ တန်းစီပြီး အိပ်ရတယ်။ ရှေ့ကကားတစ်စီးစီး နွံနစ်နေရင်လည်း တွန်းကာဆွဲကာနဲ့ နေကုန်နေခန်းစောင့်ရတယ်။ အဲလိုဆိုတော့ ဘာအတွက်များ လောနေဦးမှာလဲ။ ကားလမ်းဘေးမှာ စမ်းချောင်းကြည်ကြည်ကလေးတွေ့ရင် ခနရပ်၊ တစ်ကားလုံး ရေဆင်းချိုးကြ၊ ထမင်းဝယ်စားစရာ တဲကလေးတစ်လုံးတွေ့ရင် စားကာသောက်ကာ အပန်းဖြေထား၊ နောက်တစ်ရွာဆိုတာ ရောက်ချင်ရောက်မယ်။ မရောက်သေးပဲ လမ်းအိပ်ချင် အိပ်ရမှာ။ ပျော်စရာတော့ အကောင်းသား။ လွင်မိုးကြော်ငြာထဲကလို မိုးအေးအေး ကော်ဖီမစ်ပူပူကလေး သောက်လို့ရရင်တောင် ဂွတ်ရှယ်ဖြစ်နေပြီ။ ဒါတွက မနှစ်ကဆိုတော့ ပြောင်းလဲတိုးတက်နေတဲ့နိုင်ငံတော်ကြီးမှာ ပုံပြင်ကလေးတွေ ဖြစ်တော့မှာဗျ။ လမ်းအင်ဂျင်နီယာကြီးတွေ အင်တာဗျူးဖြေကြတာတော့ ရိုးမကိုကျော်တဲ့လမ်းဟာ မကြာမီပြီးစီးသွားရင် မင်းဘူးနဲ့အမ်းကို လေးနာရီသာသာလောက်ပဲ မောင်းရတော့မှာဆိုပဲ။ ဟုတ်သားပဲလေ။ တစ်နာရီ မိုင် ၃၀ နှုန်းနဲ့မောင်းရင် မိုင် ၁၂၀ မှ မရှိတဲ့ ခရီးဟာကို။ ကိုအံ့ကြီးသီချင်းထဲကလို “ဟောဟိုကုန်းအတက်ကလေးက ချော်မယ်။ မောင့်ပုခုံးပေါ် မှီတွဲတက်ပါ့ကွယ်။” လို့တောင် ခေါ်စရာ မလိုတော့ဘူး။ မမြရင်ကလေးလို “ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက်ပြလိုက်ချင်ပါသည်။” ဆို တပ်ဦးက ဆပ်ကော့လပ်ကော့ ချီလို့ရတော့မှာ။
အခုလောလောဆယ်တော့ ဘာကားမှ မထွက်တော့ပြန်ဘူးဗျ။ လမ်းမှာ ကုလားရွာတွေ ဖြတ်ရတာဆိုတော့ ယာဉ်တန်းနဲ့မှပဲ စိတ်ချလက်ချထွက်လို့ရတယ်။ အဲဒါလောက်များ ကိုယ့်ဆီမှာသာ အထူးအဆန်းဖြစ်နေတာပါ။ ဘူတန်နဲ့ အိန္ဒိယနယ်စပ်မှာဆို အမြဲ အဲသလိုပဲ သွားနေရတာ။ အိန္ဒိယစစ်တပ်က လုံခြုံရေးလိုက်ပေးရတယ်။ ယာဉ်တန်းမပါရင် ကားအသွားအလာ ရှိကိုမရှိ။ လုံးဝ လုံးဝ လုံခြုံမှုမရှိတာ ဘူတန်ဘက်ကရော အိန္ဒိယဘက်ကရော ခြွင်းချက်မရှိ လက်ခံတယ်။ သူတို့အမျိုးကိုက ငါးယောက်လောက်စုမိရင် ဘယ်အိမ်ဓါးပြတိုက်ရမလဲ ခေါင်းချင်းရိုက်လေ့ရှိတာကိုး။ မလစ်ရင်တော့ မလုပ်ပါဘူး။ လစ်ရင်လည်း ဘာမှ မချန်ဘူး။ ကားကြာကြာရပ်ထားခဲ့မိရင်တောင် အုတ်ခဲခုပြီး ဘီးဖြုတ်ယူသတဲ့။ လက်ရည်တပြင်တည်း စည်းလုံးကြပုံများကတော့ ပြောမပြောချင်။ သည်ကနေ့ အမှုလာဖွင့်တယ်။ အဖေက ကျွန်တော့်မယားကို အ၀ှာပြုလိုက်လို့ ဖမ်းပြီးထောင်ချပါ တဲ့။ နောက်တနေ့ အမှုလာပိတ်ရော။ မလိုတော့ဘူး။ ကျွန်တော်လည်း အဖေ့မယားကို အ၀ှာပြန်ပြုပလိုက်ပြီ လို့ ဆိုပြန်တယ်။ တစ်အူတုံဆင်း အရင်းချင်းတောင်မှ လစ်ရင်ကြံကြတာ သူတို့ဆီမှာ အံသြစရာတောင် မကောင်းတော့ဘူး။ ပြောမယုံရင်လည်း ကြုံဖူးတော့ သိကြပါလိမ့်မဗျား။ သနားတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ စောင့်ရှောက်တော်မူကြပါ။ အခုတော့ မကုလားမလုပ်ပုံက “နင့်ခြံထဲမှာ အုတဲ့ဥ နင့်ကြက်ဖရဲ့ဥ” လို့ပဲ။ ကြား ကြားဖူးပေါင်။ အရိုးသီချင်းထဲကလိုပဲ “နောက်ကို ကြက်တွေ မအုအောင် လုပ်ထားကြ” လို့ ဆိုရမလိုဖြစ်နေပြီ။
ပြဿနာရဲ့ဇစ်မြစ်ကတော့ ပြောပြန်ရင်လည်း အောင်မင်းညှော်ရာကျဦးမယ်။ ဘူတန်နိုင်ငံရဲ့ လ၀ကစည်းမျဉ်းတွေက အရမ်းတင်းကြပ်တယ်ဗျ။ အဲလိုမှ မတင်းကြပ်ရင် သူတို့လူဦးရေနဲ့ ဟိုဘက်လူဦးရေက
ခြေထောက်နဲ့နင်းသွားရင်တောင် စေ့စေ့ညက်ညက် ကျေလောက်တာမို့ပါတဲ့။ မြန်မာဆရာဝန်တွေရဲ့ မိသားစုလိုက်သွားတဲ့အခါ ဗီဇာသက်တမ်းတိုးဖို့ ရက်လွန်သွားရင် ဒဏ်ကြေးက နင့်နေအောင်ဆောင်ရပါတယ်။ တစ်ရက်ကို ဒေါ်လာ ၁၅၀ ပါ။ ဒါတောင် အားနာပါးနာ လျှော့ပေးထားတာ။ ဧည့်ဗီဇာနဲ့ကောက်ရင် ၂၅၀ ကျမှာ။ နယ်စပ်မှာ တစ်ရက်စာဗီဇာနဲ့ ၀င်လာတဲ့ အိန္ဒိယနေ့စားအလုပ်သမားတွေက မနက်က၀င်တဲ့သူ ညနေပြန်မထွက်လို့ကတော့ တစ်နှစ်လောက်ကျွန်ခံဆပ်တာတောင် မကျေနိုင်ဘူး။ အဲဒီနယ်စပ်မြို့ကို ကျော်ပြီးတော့လည်း ဘယ်ကိုမှ သွားလို့မရဘူး။ ပြည်တွင်းက လမ်းဖောက်တဲ့ဆီမှာ အလုပ်ဗီဇာနဲ့ဝင်ဖို့ကလည်း စည်းကမ်းအရမ်းတင်းကြပ်ပါတယ်။ မျက်စိနည်းနည်းနောက်တာနဲ့ အလုပ်ရပ်စဲပြီး ပြန်ပို့မှာမို့ အဲဒီက အိန္ဒိယအလုပ်သမားကလေးတွေဟာ တော်တော်အပိုးကျိုးကျိုး သေသေ၀ပ်ဝပ်တွေ ဖြစ်ပါတယ်။ အိမ်ရှင်ကိုယ်တိုင်က ကိုယ့်ဥပဒေကိုယ် လေးစားတဲ့အခါ သူများကလည်း မလေးစားလို့ ဘယ်ရမလဲ။ ဒါကြောင့် နှစ်နှစ်အတွင်း ကိုယ်အလုပ်လုပ်ခဲ့တဲ့မြို့မှာ အပျောက်အရှ ရာဇ၀တ်မှု တစ်ခုမှ မရှိခဲ့ပါဘူး။
မေ့လို့ မေ့လို့။ တစ်ခုတော့ ရှိခဲ့တယ်။ ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ ဘုရင်ကိုယ်တိုင်လာတဲ့ပွဲတော်ညမှာ ဗီအိုင်ပီလူကြီးတွေအတွက် ဟိုတယ်ဘွတ်ကင်တင်ထားခိုင်းတာ မေ့နေလို့ လူကြီးအတွက် နေရာမကျန်တော့ဘူးတဲ့။ တရားသူကြီးက သူခိုင်းထားတဲ့မင်းစေကလေးကို စိတ်တိုတိုနဲ့ နားရင်းအုပ်လိုက်ပါတယ်။ မင်းစေလေးက လူမတတ်ပေမယ့် ဟိုတယ်သူဌေးက လက်ဖက်ထုပ်တတ်သဗျ။ ညကြီးမင်းကြီး အမှုဖွင့်ပြီး နားပင်းသွားပါတယ်ဆို ဆေးလာစစ်ပါလေရော။ ကြားလား။ ကြားလား။ ကြားရင် အကြောင်းပြန် ဆိုသမျှ မကြားပါဘူးချည့် ဘူးခံနေတဲ့အခါ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လိုမှ ငြင်းမရ။ နောက်ဆုံးတော့ ရွှေနားတော်ပေါက်ကြားသွားတဲ့အခါ ဘယ်သူဘယ်ဝါဖြစ်ဖြစ် ကိုယ်ထိလက်ရောက် ကျူးလွန်သူမှာ အပြစ်ရှိလို့ ဖမ်းဆီးစစ်ဆေးလိုက်ဆို အမိန့်တော်ပြန်ပါတယ်။ ညတွင်းချင်း တရားသူကြီးကနေ တရားခံတင်မကဘူး။ ၀ါးရမ်းပြေးပါ ဖြစ်သွားရော။ ကြားခံဖြန်ဖြေသူလွှတ်လို့ ဘူတန်ငွေနှစ်သိန်း (ကားတစ်စီး ၀ယ်လို့ရလောက်တဲ့ ပိုက်ဆံ) လျော်ကြေးပေးပြီး ရှိခိုးဦးတင်တော့မှ ကျေအေးပါလေတယ်။ ကိုယ့်ဆီက ရွှေမင်းသမီးနဲ့သတင်းထောက်အမှုနဲ့ ချိန်ထိုးသာ ကြည့်လိုက်ပါတော့ဗျာ။ တရားဥပဒေစိုးမိုးရေးဆိုတာ အရင်ဆုံး နိုင်ငံသားတွေကိုယ်တိုင်က ဥပဒေကိုလေးစားရမှာပေါ့။ အဲလိုလေးစားဖို့ဆိုတာ ဥပဒေပြုသူတွေကိုယ်တိုင်က ဥပဒေကို လိုက်နာရမှာပေါ့။ ခေါင်ကပဲယိုယို တံစက်မြိတ်ကပဲယိုယို ရေစိုလာတိုင်း မိုးကို အပြစ်ပုံချလို့တော့ ရပါ့မလား။ ဟော ပြောရင်ဆိုရင်း မိုးဆီပြန်ရောက်လာပြီ။ အပြင်မှာလည်း မိုးတွေ ရွာလာပြန်ပါပေါ့။
မိုးတွေရွာလွန်းအားကြီးလို့လား မသိပါဘူး။ အိမ်ရှေ့က ရှားစောင်းလက်ပတ်ရုံကြီးကနေ ဖူးတံငုံကြီး လူတရပ်လောက် ထွက်လာတယ်။ မနေ့ကတောင် မမြင်လိုက်မိဘူး။ အပွင့်တွေ ပွင့်ဦးမယ်ထင်ပါရဲ့။ အတိတ်ကောင်း နိမိတ်ကောင်းဖြစ်ပါစေကွယ်။ အမြင်အဆင်းတွေအပေါ်မှာ မင်္ဂလာယူတတ်လို့ ဒိဋ္ဌမင်္ဂလိကသမားပဲဆိုဆို၊ သတင်းပလင်းတွေအပေါ်မှာ မင်္ဂလာယူတတ်လို့ သောတမင်္ဂလိကသမားပဲဆိုဆို၊ ကောင်းမြတ်သော မင်္ဂလာစကားလေးတွေ အဆင်းအာရုံကလေးတွေကိုပဲ မြင်ချင်ကြားချင်တာပေါ့။ တနေ့တနေ့ အနိဋ္ဌာရုံတွေအပေါ် ယောနိသောမနသီကာယ မထားနိုင်တော့ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရတယ် မဟုတ်လား။ မနက်ဖြန်ကျလို့ မိုးစဲနေကလေးသာလာတဲ့အခါ သက်တံ့တံတားလှလှကြီးလည်း မြင်ချင်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူး မတွေ့ဖူးသေးတဲ့ ရှားစောင်းပန်း လန်းလန်းလှလှကြီးတွေလည်း ပွင့်စေချင်ပါတယ်။ သာယာအေးချမ်းတဲ့ ရခိုင်ပြည်ကြီးမှာလည်း အမှုတော်ကျေပွန်စွာ ထမ်းရွက်ချင်ပါသေးရဲ့လေ။
“ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ။ စောစောစီးစီး စကားမများကြနဲ့။ ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့ အချိန်ဝယ်၊ လေကောင်းတွေ ရှူရှိုက်ကြ။ သဘာဝကို မှီဝဲကြ။ သည်နေ့သစ်ဟာ တို့ကို အင်နဲ့အားအသစ်တွေ ပေးလာမယ် …..။”
0 comments:
Post a Comment