Saturday, June 30, 2012

ကြည့်ခဲ့ဖူးသော အိန္ဒိယဇာတ်ကားလေး


by Phio Thiha on Saturday, June 16, 2012 at 9:40am 

အခုတလော အင်တာနက်မှာပဲ ကြည့်ကြည့်၊ ဂျာနယ်စာမျက်နှာတွေကိုပဲ ဖတ်ဖတ်၊ တော်တော်များများ နေရာယူထားတာက ရခိုင်ပြည်နယ်အရေး။ ပြောရရင် ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘ၀ဟောင်းက ကံတွေပဲဆိုးလွန်းလို့လား၊ ဒါမှမဟုတ် အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်ပဲလားတော့ မသိ၊ နှစ်ပေါင်းများစွာ ဒုက္ခအမှောင်ကျခဲ့သမျှ အခုမှ အလင်းရောင်တစ်စွန်းတစ်စ ရမယ်ကြံကာရှိသေး၊ အဖျက်က ၀င်လာပြန်လေပြီ။ ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေတုန်းရှိသေး၊ ရခိုင်မှာက အခြေအနေပိုဆိုးနေပြီ။
ကချင်အရေးက နှစ်ဦးနှစ်ဖက် သဘောထားမတူညီမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်ဆိုပေမဲ့လည်း ရခိုင်အရေးကတော့ ရှုပ်ထွေးမှုပေါင်းများစွာ ရှိနေပါတယ်။ တစ်ယောက်က အယ်ကိုင်ဒါကြောင့်လို့ ဆိုတယ်၊ နောက်တစ်ယောက်က မွတ်ဆလင်အစွန်းရောက်တွေက လုပ်တာဆိုပြီး ပြောနေပြန်ပါတယ်၊ တခြားတစ်ယောက်ကတော့   နောက်ကြောင်းပြန်လှည့်ချင်လို့   ထောင်ချောက်ဆင်ထားတာ တဲ့။ လက်ရှိအနေအထား၊ လက်ရှိလုပ်ဆောင်ချက်တွေအပေါ်မှာလည်း သဘောကျသူလည်း ရှိသလို၊ အားမလို အားမရဖြစ်ကာ မိုးပေါ်ထောင်ပစ်မနေဘဲ တည့်တည့်ပဲ ပစ်လိုက်ပါလားဆိုပြီး ပြောနေကြသူတွေလည်း ရှိပါတယ်။

ဒီကြားထဲ ပြည်ပမီဒီယာတွေရဲ့ ဖော်ပြမှုတွေကလည်း အံ့သြလောက်စရာ လွဲမှားနေပြန်တယ်၊ တရားဥပဒေ စိုးမိုးမှုရှိတဲ့ သူတို့တိုင်းပြည်တွေမှာ ဘာလုပ်လုပ်၊ ကျင့်ဝတ်ကို စောင့်ထိန်းကြရတယ်၊ မီဒီယာလွတ်လပ်ခွင့်ပေးထားတာနဲ့ တစ်ပြိုင်နက်တည်းမှာ တစ်စုံတစ်ရာ အငြင်းပွါးမှုဖြစ်လို့ မီဒီယာကျင့်ဝတ်နှင့်မညီကြောင်း တွေ့ရှိရရင်လည်း ထိထိရောက်ရောက် အရေးယူခံကြရတယ်။ ယခုလို နိုင်ငံရေး၊ လူမျိုးရေး မဆိုထားနဲ့၊ သာမန်ပုဂ္ဂိုလ်ရေး အသရေဖျက်မှုမျိုးကိုတောင် လျော်ကြေးဒေါ်လာ သန်းနှင့်ချီ ပေးကြရတယ်။ အဲလို သတိထားလုပ်ကိုင်ရတဲ့ မီဒီယာတွေဆီက အခုကိစ္စမှာကျတော့ တကယ့်အဖြစ်မှန်နဲ့ ဆန့်ကျင်နေတဲ့ သတင်းတွေကို ဖော်ပြနေတာ တွေ့ရတဲ့အခါ အံ့သြလို့မဆုံးတော့၊ နောက်ကွယ်မှာ ဘာတွေများရှိနေမလဲ သံသယဖြစ်လာမိတယ်။

ကျွန်တော်တစ်ဦးတည်းအနေနဲ့ဆိုရင်တော့ ကိုယ်တိုင်သေချာမသိတဲ့ ကိစ္စတစ်ခုဖြစ်နေတဲ့အတွက် ဘာစာမှလည်း မရေးခဲ့သလို၊ ဘာဓါတ်ပုံမှလည်း မရှယ်ခဲ့ပါဘူး။ သဘောထားချင်းဆင်တဲ့ စာနှစ်ပုဒ်မှာသာ ထင်မြင်ချက်ဝင်ပေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်သူ့ကိုမှ မယုံရဲတော့လို့ပါပဲ၊ တင်ထားတဲ့ ဓါတ်ပုံတွေ၊ ပို့စ်တွေက တကယ်သိလို့ ရေးထားကြတာလား၊ ဖွချင်ရုံသက်သက်လား၊ ဒါမှမဟုတ် စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ရေးထားကြတာလား၊ ကျွန်တော် သေချာမသိ၊ နောက်တစ်ခုက ကိုယ်သေချာမသိဘဲ ၀င်ပြော ၀င်ရေး ၀င်လုပ်လိုက်မှ အခြေအနေကို ပိုဆိုးသွားစေမှာ စိုးလို့ဖြစ်ပါတယ်။ (အခုစာမှာလည်း မသုံးသင့်တဲ့ အသုံးအနှုန်းတွေများ ပါသွားခဲ့ရင် တောင်းပန်ပါကြောင်း ကြိုတင်ပြောထားပါရစေ)

သို့သော်လည်း ပြတ်ပြတ်သားသား ခံယူထားတာတော့ ရှိပါတယ်၊ အဲဒါကတော့ ယခုအဖြစ်အပျက်ဟာ ဘာသာရေးပဋိပက္ခမဟုတ်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့ ရိုဟင်ဂျာတွေရဲ့ ကျူးကျော်မှုအရေးဖြစ်တယ်၊ ဒါကြောင့် မြန်မာနှင့် မွတ်စလင်၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သွေးကွဲရမှာ မဟုတ်ဘူး၊ သွေးစည်းကြရမှာ ဖြစ်တယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာတွေ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေ ဖြစ်နေလျှင်လည်း တူညီတဲ့တုံ့ပြန်မှုမျိုးကိုပဲ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံး အဲဒီလိုမျိုး သဘောထားကြနိုင်ကြဖို့ လိုနေပါပြီ။ ဘာလို့ဆိုတော့ မကောင်းမှုမှန်ရင် ဘယ်ဘာသာကမှ ကောင်းချီးပေးမှာ မဟုတ်လို့ပါပဲ။ ပြည်ပမီဒီယာတွေရဲ့ မှားယွင်းဖော်ပြမှုတွေကို ပြည်တွင်းမီဒီယာတွေက ဦးဆောင်ပြီး ကန့်ကွက်နေကြပါပြီ၊ အဲလိုအချိန်မျိုးမှာ ကျွန်တော်တို့ပြည်သူတွေကလည်း လူသားတစ်ဦးရဲ့ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို လေးစားတန်ဖိုးထားကြဖို့ လိုပါတယ်၊ ဒါဟာ ဒီကိစ္စကို ဘာသာရေးပဋိပက္ခအသွင် ဆောင်မလာအောင် ကာကွယ်ပေးလိုက်ခြင်းပါပဲ။ ပြောရရင်တော့ ဒီကိစ္စဟာ အကောင်းဆုံးသာ ကိုင်တွယ်ကျော်ဖြတ်နိုင်ခဲ့ရင် အစိုးရ၊ မီဒီယာနဲ့ပြည်သူ၊ မြန်မာနဲ့ မွတ်စလင် စည်းလုံးမှု ရသွားကြမဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီကိစ္စက ကချင်အရေးလို မရိုးရှင်းတော့ ဖြေရှင်းရလည်း ခက်မဲ့သဘောမှာ ရှိနေပါတယ်။ စိတ်ထဲ ရှိတဲ့အတိုင်း လုပ်ပစ်လိုက်လို့လည်း မရပြန်ဘူး၊ ပြဿနာရဲ့ တကယ့်အရင်းအမြစ်ကို သေချာအောင် လုပ်ပြီးမှ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြောရရင်တော့ ဒါတွေက ကျွန်တော့်ဦးနှောက်၊ ကျွန်တော့်အတွေ့အကြုံတွေနဲ့တော့ လက်လှမ်းမီနိုင်တဲ့ အရာတွေမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် ဖြေရှင်းနည်းတွေနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မိကျောင်းမင်း ရေခင်းပြမနေချင်တော့ပါ။

ဒီနေရာမှာ ပြောပြချင်တာကတော့ ရုပ်သံလိုင်းတစ်ခုကလွှင့်လို့ တစ်ပိုင်းတစ်စ ကြည့်ခဲ့ဖူးတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကားအကြောင်းပါ။ အိန္ဒိယဇာတ်ကားတွေကို ကြိုက်နှစ်သက်တတ်တာကြောင့် ဘာရယ်မဟုတ်၊ ကြည့်မိလိုက်ခြင်းဖြစ်ပါတယ်၊ ဇာတ်ကားနာမည်လည်း မသိလိုက်၊ ဇာတ်ဆောင်တွေထဲကလည်း မင်းသမီးတစ်ယောက်သာ နာမည်ကြီးဖြစ်လို့ သိတာ၊ ကျန်တဲ့သူတွေက မြင်တောင်မမြင်ဖူးဘူး။ ကျွန်တော် စကြည့်မိတော့ ဇာတ်လမ်းက တစ်ဝက်လောက်ပြီးနေပြီ။ စစကြည့်လိုက်တဲ့ အခန်းမှာကတည်းက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်၊ အဲဒီအခန်းကနေပဲ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ၊ ထိမိတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ ခိုင်ခံ့တဲ့ ဇာတ်လမ်းရည်ရွယ်ချက်တွေနဲ့ ဇာတ်ကားဆုံးတဲ့အထိ ကျွန်တော့ကို မျောပါသွားစေခဲ့တာပါ..

အဲဒီအခန်းမှာ မင်းသားက အမေရိကန်ကို ကျောင်းတက်ဖို့အတွက် ရောက်လာပါတယ်၊ လေယာဉ်ကွင်းမှာ ခရီးသည်အားလုံးကို အစစ်ဆေးမရှိ သွားခွင့်ပေးလိုက်ပြီးမှ အဲဒီမင်းသားကို ရဲက သီးသန့်စစ်ပါတယ်။ အကြမ်းဖက်သမားများလားဆိုတဲ့ အမြင်နဲ့ပါ။ ရိုးရိုးကျောင်းလာတက်တာပဲ ဖြစ်တဲ့အတွက် ဘာမှတော့ ရှာမတွေ့လိုက်ပါဘူး။ နောက်တော့ အဲဒီမင်းသားက မင်းသမီးတို့လင်မယားနေတဲ့ အိမ်ကို တိတ်တဆိတ်စောင့်ကြည့်နေပါတယ်။ သူတို့ကလည်း အိန္ဒိယလူမျိုး မိသားစုပါပဲ။ သူတို့ဘာတွေလုပ်တယ်၊ ဘယ်သူနဲ့တွေ့တယ် ဆိုတာတွေကို မင်းသားက အနီးကပ်စောင့်ကြည့်နေတာပါ။ အဲဒီမင်းသမီးရဲ့ ယောကျာ်းက မင်းသားတက်မဲ့ တက္ကသိုလ်က ဆရာဖြစ်ပါတယ်၊ တကယ့်လူရိုးလူကောင်းအဖြစ် ဇာတ်ကောင်စရိုက်သွင်းထားပါတယ်။

နောက်တော့ မင်းသားက အဲဒီဆရာရဲ့ နာမည်ကို စုံစမ်းပြီး သူ့ရဲ့ အတန်းကို ရအောင်သွားတက်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းကတော့ ဆရာစာသင်နေတုန်း မင်းသားက အဲဒီစာသင်ခန်းထဲကို ၀င်လာပြီး ဆွေးနွေးတဲ့အခန်းပါ။ ဆွေးနွေးတဲ့အကြောင်းကတော့ မွတ်ဆလင်တွေအကြောင်းပါ။ အတန်းထဲက လူဖြူကျောင်းသားတစ်ယောက်က ထပြောပါတယ်၊ မင်းတို့မွတ်စလင်တွေ လုပ်လို့ ကမ္ဘာအနှံ့မှာ ဒုက္ခရောက်နေကြရတယ်၊ ငါတို့ WTC ပြိုတာလည်း မင်းတို့ကြောင့်ပဲ၊ မင်းတို့ကို ငါ အရမ်းမုန်းတယ် တဲ့။ အဲဒီမှာ မင်းသားက WTC အဖြိုခံရလို့ သေတဲ့လူဦးရေက မင်းတို့ အာဖဂန်နစ္စတန်ကို လာတိုက်လို့ သေရတဲ့ လူဦးရေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး တဲ့၊ မင်းတို့ရဲ့ အမုန်းကလည်း ငါတို့ရဲ့ အမုန်းနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူးတဲ့။ ဆရာဖြစ်သူကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ ပြောပြီး အဆုံးသတ်ပေးလိုက်ရပါတယ်။ ဒါပေမဲ့လည်း ဆရာဖြစ်သူဟာ မင်းသားရဲ့ အယူအဆနဲ့ အရည်အသွေးကို သဘောကျသွားတာကြောင့် သူ့အိမ်ကို ခေါ်လာပြီး သူ့မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

အဲဒီနောက်တော့ မင်းသားဟာ ဆရာရဲ့အိမ်ကို လူယုံအဖြစ်နေရင်း အနီးကပ်စောင့်ကြည့်ခွင့် ရသွားခဲ့ပါတယ်၊ အဲလိုကြည့်နေရင်းနဲ့မှ တစ်ရက်တော့ အဲဒီဆရာနဲ့ သူ့ယောက္ခမတို့က လူတစ်စုကို အိမ်မှာခေါ်တွေ့ပါတယ်၊ အဲဒီတော့မှပဲ ပရိသတ်က သူတို့တွေဟာ အကြမ်းဖက်သမားတွေ ဖြစ်မှန်း သိလိုက်ရပါတယ်၊ တကယ့်ကို လက်နက်အပြည့်အစုံနဲ့ အစီအစဉ်တွေ အသေးစိတ်ချမှတ်နေကြတာပါ။ သူတို့ရဲ့ အစီအစဉ်က မြို့ထဲက အချက်အချာကျတဲ့ ရထားဘူတာတွေမှာ ဗုံးခွဲဖို့ပါ။ မင်းသားက ဒီသတင်းတွေကို ကြားလို့ ဒါကို အချိန်မီထိန်းသိမ်းဖို့ ရောက်လာတဲ့သူပါ။ သူ့ယောကျာ်းရဲ့ အစီအစဉ်တွေကို မင်းသမီးဖြစ်သူကတော့ လုံးဝမသိရှာပါဘူး၊ သူ့ယောကျာ်းကို တက္ကသိုလ်က ဆရာအဖြစ်ပဲ မှတ်ထင်ထားတာပါ။ ဒါကိုလည်း မင်းသားက ရိပ်မိပါတယ်။ မင်းသားက စောင့်ကြည်နေရင်း အခြေအနေတွေ သတိထားမိလာပေမဲ့ ဘာမှလည်း လုပ်လို့မရတဲ့အဆုံး မင်းသမီးဆီကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး အဲဒီအကြောင်းတွေ ပြောပြလိုက်ပါတယ်၊ ဗုံးဖောက်ခွဲမဲ့နေရာ အသေးစိတ်ကို စုံစမ်းပေးဖို့ပါ တောင်းပန်လိုက်ပါတယ်။ မင်းသမီးလည်း အဖြစ်မှန်ကို သိသွားတော့ အတော်လေး တုန်လှုပ်သွားပါတယ်၊ ယောက္ခမကို အကျိုးအကြောင်း မေးကြည့်တော့ သူ့ယောကျာ်းက သူ့မတိုင်ခင် အိမ်ထောင်ရှိခဲ့ဖူးတယ်၊ အဲဒီမိသားစုဝင်တွေအားလုံးဟာ အမေရိကန်တွေရဲ့ စစ်ပွဲဆင်နွှဲမှုကြောင့် သေဆုံးသွားခဲ့ကြရတယ်၊ အဲဒီတော့လည်း ဒီအမုန်းတရားဟာ လွယ်လွယ်နဲ့တော့ ဘယ်မေ့ပျောက်နိုင်ပါ့မလဲတဲ့။ အကြမ်းဖက်မှုကို အားမပေးတဲ့ မင်းသမီးဟာ သူကိုယ်တိုင် ဒါကို တားမရတဲ့အဆုံး သူ့ထက်ပိုမျှော်လင့်ချက်ရှိတဲ့ မင်းသားဆီကိုပဲ ဗုံးခွဲမဲ့နေရာတွေ စုံစမ်းပေးဖို့ ကြိုးစားပါတော့တယ်။ သူ့ယောကျာ်းသေချာဖွက်ထားတဲ့ကြားကနေ မရရအောင် ကြိုးစားပေးလိုက်ပေမဲ့ အချိန်ကတော့ အနည်းငယ်နောက်ကျသွားခဲ့ရပါတယ်။

တကယ့်နေ့ကိုရောက်လာပါပြီ၊ အသေခံဖောက်ခွဲမဲ့သူတွေကိုလည်း နေရာချပြီးပြီ၊ အစီအစဉ်အားလုံး ကွက်တိ၊ ပေါက်ကွဲမဲ့အချိန်ကိုသာ စောင့်နေတဲ့အချိန်၊ ပေါက်ကွဲတဲ့နေရာတချို့လည်း ပေါက်ကွဲကုန်ပြီ၊ မင်းသားကလည်း ရဲတွေကို အကြောင်းကြားပြီး လိုက်လာနေပြီ၊ လက်ကျန်ဘူတာတစ်ခုမှာတော့ ဗုံးပေါက်ဖို့ နီးကပ်လာတဲ့အချိန်မှာ မင်းသမီးက ရုတ်တရက်ဆိုသလို ရထားထဲ ပြေးဝင်လိုက်ပါတယ်၊ တကယ်တော့ သူကိုယ်တိုင် အသေခံဗုံးခွဲဖို့အတွက် သူ့လွယ်အိတ်နဲ့ လွယ်အိတ်ချင်း လဲထားခဲ့တာပါ။ ဒါကို အချိန်မီသိလိုက်တဲ့ သူ့ယောကျာ်းက ဇနီးကို ချစ်တဲ့စိတ်နဲ့ လူမျိုးရေးအမုန်းတရားတွေကို ဘေးဖယ်ပြီး၊ ချိန်ကိုက်ထားတဲ့ အချိန်မရောက်မီ သူလုပ်ထားတဲ့ဗုံးကို သူကိုယ်တိုင်ပဲ ပြန်ဖျက်ဆီးပစ်လိုက်ရပါတော့တယ်။ နောက်ဆုံးတော့ မင်းသားခေါ်လာတဲ့ ရဲတွေက သူ့ကို ဖမ်းခေါ်သွားတဲ့အခန်းလေးနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။

ဒီဇာတ်ကားလေးကို ကြည့်ပြီး ရင်ထဲဘယ်လိုဖြစ်သွားလဲတော့ မပြောတတ်ပါဘူး၊ မထင်မှတ်ဘဲ ရင်ကို လာထိတဲ့ ဇာတ်ကားလေးလို့ ဆိုရမှာပါ။ ဒီကားလေးကို ကြည့်ရင်း တစ်ဖက်နဲ့တစ်ဖက် ထားနေကြတဲ့ အမုန်းတရားတွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်၊ ဘယ်လောက်ထိ ဒုက္ခပေးနိုင်တယ်ဆိုတာ သိခဲ့ရသလို၊ မွတ်စလင်တိုင်း အကြမ်းဖက်နေတာ မဟုတ်ပါဘူး၊ မွတ်စလင်တွေထဲမှာလည်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ နေထိုင်ချင်တဲ့သူတွေ ရှိတယ်၊ အဲဒီသူတွေကလည်း "ဒါမျိုးတွေ ကိုယ်မှ မလုပ်တာ၊ ကိုယ်မလုပ်ရင် ပြီးရောပေါ့၊ ကျန်တာကိုယ်နဲ့မဆိုင်ပါဘူး" ဆိုပြီး လက်ပိုက်ကြည့်မနေဘဲ ကိုယ်တိုင်အနစ်နာခံကာ ဒီအကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးလိုစိတ် ရှိကြတယ် ဆိုတာတွေကို သဘောပေါက်ခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ လူဟာ ဘယ်လောက်ပဲ အမုန်းတရားတွေ များနေပါစေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူကိုတော့ ဒုက္ခမရောက်စေချင်ပါဘူး။ ဆိုလိုချင်တာက အကြမ်းဖက်မှုတစ်ခုကို တားဆီးတဲ့နေရာမှာ အကြမ်းဖက်သူနဲ့ မတူညီတဲ့ တစ်နည်းအားဖြင့် အကြမ်းဖက်သူ မုန်းနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေတင်မကဘဲ၊ အကြမ်းဖက်သူနဲ့ တူညီတဲ့၊ အကြမ်းဖက်သူ ချစ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကပါ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ လိုပါတယ်၊ ဒါမှလည်း ကမ္ဘာမှာ ဖြစ်ပေါ်နေသမျှသော အကြမ်းဖက်မှုတွေအားလုံး ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့အရေးမှာလည်း ဒီလိုပါပဲ၊ ကျွန်တော်တို့လည်း ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရိုက်ဘူး၊ မိတ်ဆွေတို့လည်း ခွဲထွက်ခဲ့ပါ၊ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးကို အစိုးရ၊ မီဒီယာနဲ့ ပြည်သူ အားလုံးပူးပေါင်းကာကွယ်ကြရအောင်ပါ၊ ကျွန်တော်တို့တွေ သင့်မြတ်မှ စည်းလုံးမှ ဖြစ်တော့မှာပါ။  ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...