Monday, June 25, 2012

26.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, June 25, 2012 at 4:57pm ·

အီဂျစ်ရဲ့ သမ္မတသစ် မိုဟာမက် မော်စီအီဂျစ်သမ္မတသစ် အစိုးရဖွဲ့ဖို့ စတင်လုပ်ဆောင်
အီဂျစ် သမ္မတရွေးကောက်ပွဲ အနိုင်ရသူအဖြစ် တနင်္ဂနွေနေ့တုန်းက ကြေငြာခံရတဲ့ မစ္စတာ မိုဟာမက် မော်စီဟာ အခုတော့ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက် ထိုင်ခဲ့တဲ့ သမ္မတရုံးနေရာကို ရွှေ့ပြောင်းခဲ့ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ စလုပ်နေပါတယ်။
ဒါပေမဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမှာကတော့ ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။ မစ္စတာ မော်စီဟာ အီဂျစ်နိုင်ငံသား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ်ဘာရာဒေးနဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

သမ္မတသစ်က သူ့ရဲ့ မွတ်ဆလင် ညီနောင်များ ပါတီ အနိုင်ရလို့ တခြား အစ္စလာမ် မဟုတ်တဲ့ သူတွေ အနေနဲ့ စိုးရိမ်စရာ မရှိကြောင်း ပြောခဲ့သလို မစ္စတာ အယ်လ်ဘာရာဒေး အနေနဲ့လည်း သမ္မတနဲ့ ညှိနှိုင်းပြီး ညီညွတ်ရေးအတွက် အထောက်အပံ့ ပေးနိုင်စရာ ရှိပါတယ်။
သမ္မတသစ်ဖွဲ့မယ့် အစိုးရအဖွဲ့မှာ ထိပ်တန်းဦးစားပေးအဖြစ် အီဂျစ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံးကို ကိုယ်စားပြုနိုင်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရေး ဖြစ်တယ်လို့ သမ္မတ သစ် မစ္စတာ မော်စီက ပြောပါတယ်။
သူ့အနေနဲ့ ဝန်ကြီးချုပ်တစ်ဦးနဲ့ ဒုတိယ သမ္မတတွေကိုလည်း ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။ သူ့အစိုးရသစ်အနေနဲ့ အီဂျစ်မှာ ထိခိုက် ကျဆင်းနေတဲ့ စီးပွားရေးကို နလန်ပြန်ထူအောင် လုပ်ဖို့၊ ယိုယွင်း ပျက်စီးနေတဲ့ လုံခြုံရေးစနစ် ပြန်ကောင်းအောင် လုပ်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အခြေခံဥပဒေကို ရေးဆွဲရေးကလည်း သမ္မတသစ်ရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်းအတွက် တကယ့် စမ်းသပ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပြုရေး အာဏာရှိနေတဲ့ လက်ရှိ အာဏာရ စစ်တပ်အနေနဲ့ အခြေခံဥပဒေအတွက် တင်ပြလာတဲ့ ဘယ်ပြဌာန်းချက်မဆို ဗီတို အာဏာနဲ့ ပယ်ချနိုင်လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူသမ္မတသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမလဲဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ သူ့ရဲ့ မွတ်ဆလင် ညီနောင်များ ပါတီကို ထောက်ခံသူတချို့ကတော့ ကိုင်ရိုမြို့လယ် တာရီယာ ရင်ပြင်မှာ ဆက်ရှိနေကြပြီး တချို့က စစ်အုပ်ချုပ်ရေးစနစ် ကျဆုံးပါစေဆိုပြီး ဆက်လက် ကြွေးကြော်နေကြပါတယ်။

ဆီးရီးယားတပ်သား တွေတူရကီဘက်ကိုပြေးဗိုလ်ချုပ်ကြီး အပါအဝင် ဆီးရီးယား တပ်သားတြေ ဘက်ပြောင်း
ဆီးရီးယားသမ္မတ Bashar al-Assad's ရဲ့စစ်တပ်မှ အကြီးတန်းအရာရှိတွေ အပါအဝင် ဆီးရီးယားစစ်သား သုံးဆယ်ကျော်တို့ဟာ သမ္မတကိုသစ္စာ မခံတော့ဘဲ အိမ်နီးချင်း တူရကီနိုင်ငံကို ဖြတ်ကျော် ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်ကြီးတယောက် ဗိုလ်မှူးကြီး နှစ်ယောက်နဲ့ သူတို့မိသားစုဝင်တွေ ပါဝင်တယ်လို့ Anatolia တူရကီအစိုးရမီဒီယာက ကြေညာပါတယ်။
ဆီးရီးယားမှာ ပုန်ကန်မှုတွေဖြစ်ပြီးတဲ့နောက် တူရကီကိုဖြတ်ကျော် ထွက်ပြေးလာတာ ဒီအဖွဲ့ဟာ အင်အားအကြီးဆုံးဖြစ်တယ်လို့ တူရကီရှိဘီဘီစီ သတင်းထောက်ကပြောပါတယ်။ သောကြာနေ့တုန်းက တူရီကီစစ်လေယာဉ်တစီးကို ဆီးရီးယားက ပစ်ချပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေကြီးထွားလာနေပါတယ်။
ဆီးရီးယားလေပိုင်နက်ကို ကျူးကျော်လို့ တူရကီ လေယာဉ်ကို ပစ်ချလိုက်တာလို့ ဆီးရီးယား ဘက်က ပြောပါတယ်။ လေယာဉ်ကို ဒုံးကျည်နဲ့တိုက်တာ မဟုတ်ဘဲ လေကြောင်းရန်ကာကွယ်တဲ့ လက်နက်နဲ့ပစ်တာလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံက တူရကီနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ ဆက်လိုလားတယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ တူရကီအစိုးရအဖွဲ့က ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ အစည်းအဝေးပြုလုပ်နေပါတယ်။ နိုင်ငံတကာ လေပိုင်နက်မှာ သတိမပေးဘဲပစ်ချခံရတာလို့ တူရကီဘက်ကပြောနေပါတယ်။

လူမှုကာကွယ် စောင့်ရှောက်မှု စိန်ခေါ်မှုတွေရှိ
သမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ ဌာန အကြီးအကဲတွေကို မိန့်ခွန်းပြောခဲ့
မြန်မာ့လူမှုရေး ကာကွယ် စောင့်ရှောက်မှုစနစ် ကိုဖေါ်ထုတ်ရေးဆွဲရာမှာ ကုလသမဂ္ဂ အပါအဝင်ပြည်ပ အလှူရှင်တွေ ပြည်တွင်းပြည်ပ ပရဟိတအသင်းတွေကနေ အကူအညီရဖို့ အရေးကြီးတယ်လို့ သမ္မတဉီးသိန်းစိန်ကနေ ပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာညီလာခံမှာ ထည့်သွင်းပြောကြား သွားပါတယ်။
ဒီလို အကောင်အထည်ဖေါ် ဆောင်ရွက်ရာမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေ အလှူရှင်တွေ ပါမယ့် အမျိုးသား အဆင့်၊ အဆင့်မြင့် အဖွဲ့စည်းတရပ် ဖွဲ့ဖို့လည်း အကြံပြုသွားပါတယ်။
အခုလို အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ဆိုရင် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတခု အနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုလို့ သမ္မတက ထည့်သွင်း ပြောကြား သွားပါတယ်။
ကျေးလက်တောရွာတွေ ဆင်းရဲတဲ့ အခြေခံလူထုက စဖို့ လိုမယ်လို့ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ပြောပါတယ်။ အခြေခံ လူတန်းစားတွေ အတွက် ကျန်းမာရေး စောင့်ရှောက်ဖို့ ကျေးလက် သောက်သုံးရေ ရဖို့ စတဲ့လုပ်ငန်း တွေက စသင့်တယ်လို့ ထင်ကြောင်း အဲဒီနောက် လူငယ်တွေ အတတ်ပညာ သင်ကြားရေးဘက်ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ အကြံပြုပါတယ်။
လိုအပ်မယ့်ငွေကို အစိုးရအ နေနဲ့ ကျန်းမာရေး ပညာရေး ဘတ်ဂျက်တွေ ကနေ သုံးစွဲပြီး ပြည်ပကလည်း ရန်ပုံငွေတွေ ရဖို့ ဆောင်ရွက် သင့်ကြောင်း ဦးမော်သန်းက ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ထိုနိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံစဉ် အဆိုပါ ရိုဟင်ဂျာများအရေးလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီတကြိမ်မှာတော့ မြန်မာဒုက္ခသည်အရေးကိစ္စကို ပိုပြီး အလေးအနက်ထား ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟူ၍ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Major General Anup Kumar Chakma အား ကိုးကား၍ အေအက်ဖ်ပီ သတင်းတရပ် တွင် ရေးသားထားသည်။

ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နယ်မြေချင်း ၁၆၉ မိုင် ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ ဆွေးနွေးရာတွင် အဆိုပါ ရိုဟင်ဂျာအရေးမှာခေါင်းစဉ်တခုဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင် ဇွန်လအတွင်း ဆိုးရွားပြင်းထန်ခဲ့သော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာ များအကြား အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံပေါင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထွက်ပြေးလာကြသော ရာနှင့်ချီသည့် ရိုဟင်ဂျာ မူဆလင်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ရေတပ်က လက်မခံဘဲ ပြန်လည်နှင်ထုတ်ခဲ့သည်ကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်နေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ် အစွန်းရောက် Jamaat-e-Islami ပါတီမှာ မြန်မာပြည်ရှိ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲပြောဆိုထားသည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ထိုပါတီက ရိုဟင်ဂျာများအား လှုံ့ဆော်နေ သည်ဟုလည်း မြန်မာအစိုးရက စွပ်စွဲထားသည်။

“ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။

ထို ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ လဆန်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ဦးရှိပြီး ဒုက္ခသည်ကဲ့သို့နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံနိုင်ငံမှ ဒုက္ခသည်များ ရှိနေခြင်းမှာ ၎င်းတို့ နိုင်ငံအတွင်း လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်ဟုလည်း မစ္စစ်ရှိတ်ဟာဆီနာက ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည်ဟု ဆိုထားသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များလည်း ဆွေးနွေးမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းလမ်းနှင့် ဒက္ကာ/စစ်တကောင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြမည် ဖြစ်သည်။

“နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်း တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်” နှင့်နှစ်နိုင်ငံ စက်မှုလက်မှုအသင်းချုပ်ချင်းအကြား “ပူးတွဲ စီးပွားရေး ကောင်စီ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” တို့ကို ၂ဝ၁၂ နှစ်ကုန်ပိုင်းက လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ စွမ်းအင် ဝယ်ယူလိုသော်လည်း မြန်မာ့ သဘာဝ ဓာတ်ငွေ့များမှာ တရုတ်နိုင်ငံသို့ရောင်းချပြီး ဖြစ်သည့်အတွက် အသစ်ထပ်မံ တွေ့ရှိပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေး ရောင်းချမည်ဟု သမ္မတ ဦးသိန်းစိန် က ကတိထားခဲ့ဖူးသည်။

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း
ဟင်္သာနီ (မွန်မြေ)၊ ကွန်းချမ်း | တနင်္လာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက်မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။

မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဟွန်ဒါကား ခဲရောင်နဲ့ မှန်တွေမှာ စတေကာ အမဲ တပ်ထားတဲ့ ကားနဲ့လာတယ်။ ဓါးမြ သုံးဦးက ကားပေါ်က ခုန်ဆင်း လာပြီး သေနတ် သုံးချက် ဖောက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ မျက်နှာဖုံးတွေ လက်အိတ်တွေ တပ်ထားတွေ တပ်ထားတော့ ရုပ်ကို မမြင်ရဘူး။ ပိုက်ဆံအိတ်ထဲမှာ ကျပ်သိန်းသုံးရာ ထည့်ထားတာ လုယူသွားတယ်။ရွှေတွေကိုတော့ ယူလို့ ရသလောက် ကြုံးယူ သွားတယ်။ ဖြစ်စဉ်က ငါးမိနစ် လောက်တောင် မကြာဘူး။ နောက်ပြီး ကားနဲ့ ပြန်မောင်း ထွက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားချိန်၌ ရွှေဆိုင်တွင်းတွင် ဆိုင်ပိုင်ရှင်၏ သမီး တဦးနှင့် အကူ ဝန်ထမ်း နှစ်ဦးတို့ တာဝန်ယူ ရောင်းချနေလျက် ရှိသည်။ ဆိုင်ရှင် ဦးမင်းအုန်းဖေ၊ ဇနီး ဒေါ်မိ အေးကြည်၊ သမီးနှင့် အကူဝန်ထမ်း နှစ်ဦး တို့အား တနင်္လာနေ့ နံနက်၌ သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီလမ်းက ကားတွေ၊ ဆိုင်ကယ်၊ ဆိုက်ကား အရမ်းရှုပ်တဲ့ လမ်းဖြစ်တယ်။ သေနတ်သံ ကြားတော့ လူတွေက ရုတ်ရုတ် သဲသဲ ဖြစ်ပြီး ထွက်ပြေး ကြတာပေါ့။ ပြီးတော့မှ ရွှေဆိုင်ကို ဓားမြ တိုက်တယ်လို့ သိရတယ်။ အခင်းဖြစ်ပြီးနောက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးနဲ့ ရဲတွေ တာဝန်ရှိသူတွေ လာရောက်ပြီး ဓါတ်ပုံမှတ်တမ်းတင်ပြီး စစ်ဆေး မေးမြန်း သွားတယ်” ဟု မြဝတီမြို့ခံ တဦးဖြစ်သူ ကိုလေး က ပြောသည်။

ဓါးမြများမှာ AK 47 နှင့် M 16 လက်နက်များ ကိုင်ဆောင်ခဲ့သည်ဟု သိရှိရသည်။ “အင်ပါယာ” ရွှေဆိုင်သည် နယ်မြေခံ ရဲစခန်းနှင့် ကိုက် ၂ဝဝ ကျော်ကျော် ကွာဝေးကြောင်း မြဝတီ မြို့ခံမှ ပြောသည်။

ဓါးမြတိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို သက်ဆိုင်ရာ ရဲစခန်းမှ ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

ထို့ပြင် ဇွန်လ ၂၂ ရက်နေ့ ညကလည်း မွန်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရွာသားများကို ရိုက်နှက်ကာ ဓားပြတိုက် သည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ရေငန်ကြီး ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ 

ကြိုးတုပ် ရိုက်နှက်ခံရသူ ဆယ်ဦးကျော်တွင် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ရွာသားများထံမှ ရွှေ ၁၂ ကျပ်သားနှင့် ကျပ်ငွေ အချို့လည်း ရယူသွားခဲ့ကြောင်း ရေငန်ကြီး ကျေးရွာမှ ရွာသားတဦးက ပြောသည်။

“အဲဒီ ခြောက်ယောက်က ထမင်းစားလို့တောင် မရဘူး” ဟု ရွာသားတဦးက ပြောသည်။ ဒဏ်ရာ ပြင်းထန်သူများမှာ အသက် ၄ဝ နှင့် ၆ဝ ဝန်းကျင်အတွင်းရှိ နိုင်ပီး + မိရှီး၊ နိုင်ဆန်း + မိပုနှင့် နိုင်လန်ဘား + မိကွန်းစိုးတို့ လင်မယား စုံတွဲများ ဖြစ်ကြသည်။ 

အိမ်ခြေ ၅ဝ ခန့် ရှိသည့် ရေငန်ကြီးရွာသည် ရေး-ထားဝယ် မီးရထားလမ်းပေါ်တွင် ရှိပြီး ရေး-ထားဝယ် မော်တော် ကားလမ်းပေါ်ရှိ ရားဖူးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်တွင် ရှိသည်။ ဓားပြတိုက် လက်နက်ကိုင်များက တအိမ်ရွှေတကျပ်သား တောင်းခံထားရာမှ ကျေးရွာဥက္ကဋ္ဌက အသနားခံ ဝင်ရောက် ညှိနှိုင်းမှုကြောင့် ရွှေ ၁၂ ကျပ်သားနှင့် ပြေလည်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်း မြောက်ပိုင်းနှင့် မွန်ပြည်နယ် တောင်ပိုင်းတွင် နိုင်ချမ်းဒိန်း ဦးဆောင်သည့် အဖွဲ့နှင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့် မွန်လက်နက်ကိုင် အဖွဲ့တို့ လှုပ်ရှားနေပြီး မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို မသိရှိကြကြောင်း ရွာသားများက ပြောသည်။

“သူတို့အဖွဲ့မှာ ခြောက်ယောက် လောက်ပဲ ပါတယ်။ ကျနော်တို့လည်း သူတို့ကို မကြည့်ရဲလို့ ဘယ်အဖွဲ့ကလဲဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး” ဟု ရိုက်နှက်ခံရသည့် ရွာသားတဦးက ပြောသည်။

ထိုသို့ ဓားပြတိုက် ငွေကြေးတောင်းခံမှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည်ဆိုပြီး ဇွန်လ ၂၃ ရက်နေ့ တွင် ရေငန်ကြီးရွာ၏ တောင်ဘက် ၅ မိုင်ခန့် ကွာဝေးသည့် မင်းသားရွာရှိ အစိုးရတပ် ခမရ ၂၈၂ မှ နယ်လှည့် ကင်းတပ်ဖွဲ့က ရေငန်ကြီး ရွာသားများကို ခေါ်ယူကာ မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ခဲ့သည့်အတိုင်း ၎င်းတို့ကို လည်း ပေးဆောင်ရန် ငွေကြေးတောင်းခံထားကြောင်း ရွာသားများက ပြောသည်။

“ကျမတို့မှာ ပေးစရာကို မရှိတော့ဘူး။ အခုက ပေးနိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သားသမီးတွေဆီကနေ ပိုက်ဆံတွေ လိုက်တောင်းနေရတယ်။ ရွာကနေ ရှောင်ပြေးတဲ့ လူတွေလည်း ရှောင်ပြေးနေကြပြီ” ဟု ရေငန်ကြီး ကျေးရွာသူ တဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက် လက်နက်ကိုင်အဖွဲ့မှာ လက်နက်ချ နိုင်ဗင်အဖွဲ့မှ လက်ကျန်များဖြစ်သည့် ချမ်းသာနှင့် အလွန် အုပ်စုတို့ ဖြစ်ပြီး၊ မကြာမီ နိုင်ဗင်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဓားပြတိုက်ကာ ငွေကြေး စုဆောင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဆန္ဒပြ Famoso အလုပ်သမားများအား အလုပ်ထုတ်ပစ်မည်ဟု သူဌေး အကြပ်ကိုင်
နေမျိုး | တနင်္လာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည် ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

“အလုပ်ရှင်ကတော့ လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက ဒီအလုပ်ကို မဝင်ရင် သမီးတို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေးကိစ္စကို ဇွန်လ၂၅ ရက်နေ့ နေ့လည်က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင် ကြားနာခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။

“ခုံသမာဓိရုံးက ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ အဆုံးအဖြတ်ကိုပဲ ပေးမှာ။ သူတို့က ဒီတပါတ်အတွင်းမှာပဲ ဖြေရှင်းပေးမယ်ပေါ့။ ဒီတော့ သမီးတို့က ဆက်စောင့်ရမှာပေါ့။ သူတို့ဆီက ဆုံးဖြတ်တာကို မကျေနပ်ဘူးဆိုရင် သမီးတို့က ခုံသမာဓိ ဗဟိုကို တက်ဖို့ပဲ ရှိတော့တယ်ရှင့်။ မကျေနပ်ရင်တော့ သမီးတို့က ဆက်ပြီးဆန္ဒပြဖို့ အစီအစဉ် ရှိတယ်ရှင့်။ ဒီလောက် အထိ တောင့်ပြီး ဆန္ဒပြခဲ့ပြီးပြီ။ ကျမတို့အလုပ်သမားတွေက ဆက်ပြီး တောင့်ခံပြီး ဆန္ဒပြသွားမှာပါ” ဟု အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။

စတင်ဆန္ဒပြခဲ့ကြသည့် ဇွန်လ ၈ ရက်နေ့က အလုပ်သမားဌာနမှ ညွှန်/မှူး ဦးဝင်းရှိန်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏တောင်းဆိုချက် ၉ ချက်အနက် ၆ ချက်ကို သဘောတူညီခဲ့သော်လည်း အလုပ်ရှင်၏ အမည်သာပါရှိပြီး လက်မှတ်ထိုးထားခြင်း မရှိတာကြောင့် တရားမဝင်ကြောင်း ယနေ့ ခုံသမာဓိတွင် အလုပ်ရှင်မှ ပြောဆိုကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်မှ ဒု-ညွှန်/ချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား ညှိနှိုင်းရေးအဖွဲ့မှ ဦးသက်နိုင်ဦးတို့ လာရောက် ညှိနှိုင်းပေးသော်လည်း လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား ပြေလည်မှု မရရှိသေးပေ။

အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တောင်းဆိုရခြင်းကို ယခင်က အလုပ်ရှင်ဘက်မှ လိုက်နာမည်ဟုပြောဆိုထားပြီး ယခုအခါ ပြင်ဆင်ပြောဆိုနေကြောင်းလည်း မဟေမာန်ချစ်က “အလုပ်ရှင်က ခန့်ထားတဲ့ Supervisor (ကြီးကြပ်ရေးမှူး) တွေရဲ့ စကားကို သေချာ တသွေမတိမ်း နာခံရမယ်ဆိုတဲ့ အချက် ပယ်ဖျက်ဖို့။ ဂိတ် Pass (ဝင်/ ထွက်ခွင့်) အတွက် အလုပ်သမား ခေါင်းဆောင်တွေထဲက တယောက်ယောက်ကို ရွှေးပြီးတော့ ခန့်ထားပေးဖို့တောင်းဆိုထားတာ။ ဘဘဦးဝင်းရှိန်တို့နဲ့ တွေ့တုန်းက အဲလိုမျိုး တောင်းဆိုထားတာကို လိုက်နာမယ်ပြောပြီး အခုကျတော့ စဉ်းစားမယ်ပြောတယ်” ဟု ပြောသည်။  

ဂျပန်နိုင်ငံသား အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းမလည်ပါတ်နိုင်၍ ဆုံးရှုံးမှုများ ရှိနေပြီး အလုပ်သမားများအား စက်ရုံထဲသို့ ပြန်လည်ဝင်ရောက်စေချင်သလို အလုပ်သမားများ ဘက်မှလည်း ၎င်းတို့ဆန္ဒပြသည့် ၁၄ ရက်တာ လုပ်ခ ပေးရန် လိုလားကြသည်။  

အလုပ်သမားများက ရက်ရှည်ဆန္ဒပြပွဲများ မပြုလုပ်လိုကြောင်းနှင့် အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့မျှော်လင့်ကြောင်း ပြောသည်။

“အဲဒါကြောင့်မိုလို့ ညှိနှိုင်းပေးမယ့် လူကြီးတွေကို သမီးတို့ကိစ္စကို မျှမျှတတ ညှိနှိုင်းပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သူတို့ကမျှမျှတတ ညှိနှိုင်းပေးပါတယ်။ သမီးတို့ကလည်း စက်ရုံကြီးကို မပိတ်စေချင်ပါဘူးရှင့်။ လည်ပတ်စေချင်ပါတယ်။ သမီးတို့လည်း အလုပ်က မထွက်ချင်ပါဘူးရှင့်” ဟု မဟေမာန်ချစ် က ပြောသည်။

ခုံသမာဓိမှ မည်သည့်ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက် မသိရှိရသေးသော်လည်း ဆန္ဒပြနေစဉ် ကာလအတွင်း အလုပ်သမားများအား ၈၈ မျိုးဆက် ကျောင်းသားများမှ သောက်ရေနှင့် အမိုးအကာများ စီစဉ်ပေးသည်။

FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း သိရသည်။

နယ်ခြားကိစ္စဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်သွားမည်
By ဒေါ်ခင်မျိုးသက်
  • သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလောလောဆယ်မှာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေတွေ တိုး တက် ကောင်းမွန်နေပြီး နယ်စပ်ဒေသမှာလည်း ငြိမ်းချမ်းမှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြော သလို  မြန်မာအစိုးရဘက်ကလည်း  ရခိုင်ပြည်နယ်ထဲမှာ  အရေးပေါ်အခြေအနေ မရုပ်သိမ်းသေးပေမဲ့ တချို့ဒေသတွေက ညမထွက်ရ အမိန့်တွေပါ မရုပ်သိမ်းနိုင်သေးတဲ့အခြေအနေတွေ ရှိနေပေမယ့်လို့လည်း အခြေအနေဟာ တစစနဲ့ ကောင်းမွန်လာပြီလို့ ဆိုပါတယ်။
အပြည့်အစုံကို  ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့လလယ်မှာ လာရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂိုလန်ဆာလ်ဝါရ် (Golam Sarwar) က VOA ကို ပြောပါတယ်။
“ဂျူလိုင်လလယ်လောက်မှာ လာဖို့ ရှိပါတယ်။ အခုလောလောဆယ်မှာ ဒီ့ထက်ပိုမပြောနိုင်ပေမယ့် ဒီကိစ္စ အတွက် ကျနော်တို့ ဆောင်ရွက်နေတယ်ဆိုတာနဲ့ နှစ်နိုင်ငံ  အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ် မှာ ရောက်နေပါတယ်ဆိုတာ ပြောနိုင်ပါတယ်”
သမ္မတဦးသိန်းစိန်ဟာ ဂျူလိုင်လ ၁၅ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်တဲ့အခါ နှစ်နိုင်ငံနယ်စပ်ဒေသက မတည်မငြိမ်ဖြစ်နေမှုတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကို ဆွေးနွေးဖို့ရှိနေတယ်လို့ ရန်ကုန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ပြောကြား ခဲ့ကြောင်းနဲ့  ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) အပါအ၀င် ဘင်္ဂလားဒေ့ရှ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒီတကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က  မြန်မာဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး သေသေချာချာဆွေးနွေးဖို့ ရှိတယ် လို့  ဗိုလ်ချုပ် Anup Kumar Chakma ရဲ့ပြောကြားချက်ကို AFP သတင်းကဖော်ပြပါတယ်။
မစ္စတာ ဆာလ်ဝါရ် ကတော့  သမ္မတဦးသိန်းစိန်ရဲ့ခရီးမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ ထုတ်မပြောနိုင်သေးပေ မယ့် အခုအချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး အကောင်းဆုံးအနေထားမှာရှိနေသလို နယ်စပ်အခြေနေဟာလည်း သိပ်ကောင်းနေတယ်လို့ ဆိုပါတယ်။
“အေးအေးချမ်းချမ်းပါပဲ။  သိပ်ကောင်းနေပါတယ်။ နယ်စပ်အခြေအနေသိပ် ကောင်းနေပြီး နှစ်နိုင်ငံဆက်ဆံရေး လည်း အကောင်းဆုံးအနေထားမှာ  ရှိနေပါတယ်။”
ရခိုင်ပြည်နယ်ထဲမှာ သမ္မဦးသိန်စိန်က အခုထိ အရေးပေါ်အခြေအနေထုတ်ပြန်ထားဆဲဖြစ်ပြီး  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့မောင်တော အပါအ၀င် တချို့ဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကိုလည်း အခုထိပြန်မရုပ်သိမ်းသေးပါဘူး။
ဒါပေမယ့် အခြေနေတွေဟာ အရင်ကနဲ့မတူဘဲ ကျောင်းတချို့ပြန်ဖွင့်နိုင်ပြီဖြစ်ပြီး တချို့လည်း နေရပ်ပြန်နိုင်တဲ့ အထိ အခြေအနေ တစ တစ ကောင်းလာနေပြီလို့ ရခိုင်ပြည်နယ်မှာ အခြေအနေ ထိန်းသိမ်းနိုင်ဖို့ ဖွဲ့စည်းထား တဲ့ ကွပ်ကဲရေးအဖွဲ့ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။
“စစ်တွေကလည်း ဒီကနေ့ဆို အကုန်လုံးကောင်းပါပြီ။ တချို့ကျောင်းတွေတောင်မှ ပြန်တက်နေကြပါတယ်။”
မေး။    ။ အခြေနေကောင်းနေတယ်ဆိုတော့ ညမထွက်ရ အမိန့်ထုတ်ထားတာရော ပြန်ရုပ်သိမ်းဖို့ ရှိပါသလား။
“လောလောဆယ် မသိသေးဘူးခင်ဗျ။ ဖြေးဖြေးချင်းတော့ ရုပ်သိမ်းဖို့ ရှိမှာပါ။ တဆင့်ချင်း တဆင့် ချင်းတော့ လျှော့ပေးဖို့ ရှိပါတယ်။ ဒီမှာ အခြေအနေတွေ အကုန်လုံးကောင်းသွားတယ် ဆိုလို့ရှိရင်လည်း တခါတည်း ပြန်ရုပ်သိမ်းဖို့လည်း ရှိရင်ရှိမှာပါ။”
မေး။    ။ ဒုက္ခသည်တွေ သူတို့ အိမ် သူတို့ ပြန်နိုင်ပါပြီလား။
“အဲဒါကတော့ မပြန်နိုင်သေးဘူး။ မီးလောင်ပြင်ဆိုရင် သူတို့ ရှင်းတုန်းလင်းတုန်း ရှိပါသေးတယ်။ ရန်ကုန်က လာတဲ့ မီးသတ်အဖွဲ့တွေနဲ့ ဒီကရှိတဲ့ လူတွေနဲ့ အဲဒီ မီးလောင်ပြင် တွေ အကုန်လုံးကို ရှင်းတုန်း ရှိပါသေး တယ်။”
မေး။    ။ စစ်တွေ အခြေအနေအေးချမ်းနေပြီဆိုတော့ ဘူးသီးတောင်၊ မောင်တော၊ နောက် တခြား ရခိုင်ပြည်နယ် တခုလုံးရဲ့အခြေနေလေး ခြုံပြီးပြောပြပေးပါ။
“ခြုံပြီးပြောရရင် အကုန်လုံးက ကောင်းနေပါပြီ ခင်ဗျ။ ဘူးသီးတောင်၊ မောင်တောမှာလည်း ကောင်းတဲ့ အပိုင်းတွေ အချို့ကောင်းနေပါပြီ။ တချို့ဆိုရွာတွေ ပြန်ကြတယ်။ ဝေးတဲ့ရွာတွေဆို ရိက္ခာပါပေးပြီးတော့ ပြန်ကြတာရှိပါတယ်။”
မေး။    ။ မီးရှို့မှုတွေရောရှိပါသေးလား။ ထပ်ပြီးတွေ့ရသေးလား။
“မီးရှို့မှုကတော့ မရှိတော့ပါဘူးခင်ဗျ။”
မေး။    ။ ကူညီတဲ့ အဖွဲ့တွေက ဘယ်အဖွဲ့တွေ အများဆုံး လာပါသလဲ။
“ဒီမှာ ရန်ကုန်က နာရေးကူညီမှုအသင်းက လာတယ်။ UNHCR က လာတယ်။ သူတို့ မနေ့ကရောက် ကြပြီးတော့ စခန်းတွေကို လိုက်ကြည့် နေပါတယ်။ နောက် WFP ကတော့ ဆန်ထောက်ပံ့ဖို့  အရင်မြေပုံဘက်မှာနေရာကနေ ဒီဘက်ကူးလာပါတယ်။”
မေး     ။ စခန်းတွေရဲ့ ကျန်းမာရေးအခြေနေရောဘယ်လိုရှိပါသလဲ။
“စခန်းကျန်းမာရေးကလည်း အားလုံး အခြေအနေကောင်းပါတယ်။ ဆိုးဆိုးဝါးဝါး တခုမှ မရှိပါဘူး။ အပြင်မှာပြောနေသလို ၀မ်းရောဂါတွေ ဘာတွေလည်း မရှိပါဘူး။ သရက်သီးပေါ်တဲ့အချိန်မှာ ရခိုင်မှာဖြစ်နေကြ ပဲ။ ၀မ်းလျှောတာပဲ ရှိပါတယ်။”
ရခိုင်ပြည်နယ်ရဲ့  အခြေအနေဟာ အချိန်မရွေးပြန်ပြီး ဆူဆူပူပူ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေ ကပြောဆိုသလို ဇွန်လ ၁၀ ရက်နေ့ကတည်း က ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်အတွက် အရေးပေါ် အခြေအနေကိုလည်း  အခုအချိန်မှာ ပြန်ပြီး မရုပ်သိမ်းသင့်သေးဘူးလို့လည်း အများက ယုံကြည်ကြပါတယ်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့
By မခင်ဖြူထွေး
  • မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည်ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိ လာပြီလို့ မျှော်လင့်တဲ့အကြောင်း ဒီကနေ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည် ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့တချို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒီကနေ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည် ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့အဖွဲ့တချို့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့တော့ လူ့ဘောင်သစ် ဒီမိုရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပြပါတယ်။
“အဓိက-ကတော့ သုံးချက်ပါပဲ။ ကျနော်တို့ဘက်က တစ်-အချက်က ကျနော်တို့ပါတီအနေနဲ့ တိုင်းပြည်ရဲ့ ဒီမို ကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီ တခု အနေနဲ့ တရားဝင်ပါဝင်ပြီးတော့ ဆောင်ရွက်ချင်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီကို မတရားသင်း သတ်မှတ်ထားတာနဲ့ပတ်သက်လို့ ဖျက်သိမ်းပေးဖို့၊ နော် ကျနော်တို့အားလုံးပြန်ပြီးတော့ အထဲမှာ နိုင်ငံရေး ခိုင်ခိုင်မာမာလုပ်ခွင့်ရဖို့- အဲဒီကိစ္စတွေကို ဆွေးနွေးပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ဘက် က ပြန်ပြီး ဆွေးနွေးတာကတော့ မတရားသင်းပြန်ပြီး ဖျက်သိမ်းပေးဖို့ကိစ္စ၊ နောက်တခုက ကျနော်တို့ အားလုံး ပြန်လာပြီး အထဲမှာ နိုင်ငံသားအခွင့်အရေးနဲ့ အညီ နိုင်ငံရေး လုပ်ကိုင်နိုင်မှုဆိုတာတွေနဲ့ ပတ်သက်လို့ ဒီ နှစ်ချက်ကို သမ္မတကြီးဆီကို စာရေးပါ။ သူတို့ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေကို မဖြစ် ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ပါ့မယ်လို့ ကျနော်တို့ကို ပြောပါတယ်။”
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အခုတကြိမ်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နောက်တကြိမ် တွေ့ ဆုံဖို့စီစဉ်နေတဲ့ အကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည်ပမှာ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ မြန်မာနိုင်ငံတွင်း တရားဝင် နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည် ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိလာပြီလို့ မျှော်လင့်တဲ့အကြောင်းလည်း သူက ပြောပါတယ်။
“ဒီကနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော့်အနေနဲ့ပေါ့- မျှော်လင့်ချက် ပိုပြီးတော့ များလာတယ်လို့ ပြောချင်ပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီး ဦးခင်ရီတို့ရဲ့ ပြောဆိုချက်တွေ အရဆိုရင် မတရားအသင်းအဖြစ် ကြေညာထားတာကို ဖျက်သိမ်းပေးမယ့် အလားအလာ၊ နောက်တခုက ကျနော်တို့ပြန်ရနိုင်တဲ့အလားအလာ၊ ပြန်ပြီးတော့ တိုင်းပြည်ထဲမှာ နိုင်ငံရေးပါတီတခု အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ အလုပ်လုပ်နိုင်တဲ့အလားအလာ ပိုများလာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လယ် ၂ နာရီလောက်ကနေ ၄ နာရီလောက်အထိ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့သလို မနက်ဖြန် မှာတော့ ကရင်အမျိုးသား အစည်းအရုံး KNU အပါအ၀င် နယ်စပ်လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...