Friday, June 29, 2012

လမ်းဖြတ်ကူးသောနှလုံးသား


by မင်းလူ၏ ၀တ္တုတိုများ on Wednesday, June 27, 2012 at 6:10pm ·


    သူ့ကိုမွေးပြီး နာရီပိုင်းလောက်အကြာတွင် သူ့အမေဆုံးသည်။ သူ့အဖေနောက်သို့ လိုက်သွားခြင်း
ဖြစ်၏။ သူ့အမေသည် သေဆုံးခါနီးဆဲဆဲတွင် သူ့သားကလေးအား 'မောင်စု'ဟု ခေါ်ပါလေဟု မှာကြားခဲ့သည်။



    မည်သို့ပင်ဖြစ်စေ မောင်စုသည် ယခုအခါ ရေခဲရေရောင်းနေ၏။ ဆူးလေဘုရားအနီး ရသာမုန့်တိုက်(ယခင်
ရှားမီး)နှင့် မျက်နှာချင်းဆိုင်၊ မဟာဗန္ဓုလလမ်းဘေးအမှတ် ၁၊ ၃၊ ၁၃၊ ၁၄ ဘတ်စ်ကားမှတ်တိုင်များ တစ်ဝိုက်သည်
သူ့ရေခဲရေဖြန့်ဖြူးရာဌာနဖြစ်သည်။
    ခွေးခြေတစ်ခုပေါ်တွင် သံပုံးဝိုင်းရှိသည်။ သံပုံးဝိုင်းပေါ်တွင် ရေခွက်တင်ရန် သံဆန်ခါရှိသည်။ သံဆန်ခါနှင့်
ဆက်လျက် သံတိုင်ကလေးတွင် ရေစစ်သုံးခု အဆင့်ဆင့်ရှိသည်။ အပေါ်ဆုံးရေစစ်ထဲတွင် ရေခဲတုံးအသေးတစ်တုံးရှိသည်။
သံဆန်ခါပေါ်တွင် ရေခဲတုံးကို စွပ်ကျယ်စဖြင့် ဖုံးအုပ်ထားသည်။
    ရေခဲကို စွပ်ကျယ်စဖြင့် အုပ်ထားလျှင် ကြာရှည်ခံကြောင်း မောင်စုအတွေ့အကြုံအရ သိသည်။ သိပ္ပံပညာအရမူ
စွပ်ကျယ်စသည် အပူကာပစ္စည်းဖြစ်သည်။ ၄င်းသည် အပြင်က အပူဓာတ်ရေခဲဆီသို့ အလွယ်တကူမရောက်အောင်
ထိန်းထားပေးသည်။
    သို့ရာတွင် သိပ္ပံပညာကို မောင်စုမသိချေ။ စိတ်လည်းမ၀င်စားချေ။ သူစိတ်ဝင်စားသည်မှာ ပုံးထဲကရေများ
တဖြည်းဖြည်းလျော့လာ၊ သူ့ပိုက်ဆံခွက်ထဲမှ ငွေစအကြွေများ တဖြည်းဖြည်းများလာဖို့သာဖြစ်လေသည်။
    လောကကြီးတွင် အစစ်အမှန်တရားဟူသည် ရှိသလော။ ရှိလျှင် မည်ကဲ့သို့သောအရာပေနည်းဟု တွေးခေါ်ရှင်တို့ 
ကြံဆခဲ့သည်။ အစစ်အမှန်တရားသည် အာပေါဓာတ်ဖြစ်သည်ဟူ၍လည်းကောင်း၊ အနန္တ၀ိညာဉ်တော်ဖြစ်သည်ဟူ၍
လည်းကောင်း၊ အရာဝတ္ထုတို့၏ဆန့်ကျင်ပေါင်းစည်းခြင်းဖြစ်သည်ဟူ၍လည်းကောင်း အမျိုးမျိုးတွေးခဲ့ကြသည်။
    မောင်စုအဖို့မူ အစစ်အမှန်တရားသည် ရေခဲတုံးနှင့် ရေခဲရေပင်ဖြစ်သည်။ ရေခဲတုံးသည် သူ့ဘ၀၊ ရေခဲရေဖြင့်
လူအများကိုငြိမ်းအေးစေမည်။


    မောင်စုသည် ပိန်၏။ မည်း၏။ ဆံပင်ရှည်၏။ ဆံပင်ညှပ်ရန် ပိုက်ဆံမရှိသောကြောင့်ဖြစ်လေသည်။ သူ့အင်္ကျီမှာ
အဖာရာအထေးရာတွေရှိ၏။ ထွင်ထားခြင်းမဟုတ်ပါချေ။ တကယ်ပေါက်ပြဲနေသောကြောင့် ဖာထားခြင်းဖြစ်လေသည်။
    မောင်စုအကြောင်းပြောလျှင် မတူးအကြောင်း ပါရမည်။ မတူးမှာ ခါးမရှိချေ။ ၀မ်းဗိုက်နည်းနည်းစူ၏။ သို့ရာတွင်
ဝတော့မ၀။ သူ့ဆံထုံးသည် တမာသီးထက်တော့ ကြီး၏။ မာလကာသီးလောက်တော့ရှိမည်။ ကျစ်ဆံမြီးကျစ်ထားသော
အခါ ပြားနှစ်ဆယ်တန်အီကြာကွေးနှင့်တူလေသည်။ သူ့အသားညိုညစ်၏။ သူ့သွားများသည် မညီညာချေ။ သွား
မတိုက်သောကြောင့် သူ့သွားအရင်းပိုင်းများသည် အ၀ါရောင်ဖြစ်နေ၏။ မောင်စုကမူ ပုလဲလုံးကလေးများကို
ရွှေကွပ်ထားသည်ဟု ထင်မိလေသည်။
    မတူးသည် ကိတ်မုန့်ကို မစားဖူးချေ။ သို့ရာတွင် သူ ကိတ်မုန့်ရောင်းသည်။ အရင်ကတော့ ရသာမုန့်တိုက်ရှေ့တည့်တည်မှာရောင်းသည်။
ရသာမုန့်တိုက်ရှေ့တွင် ဈေးမရောင်းရဟု ကြေညာလိုက်သောအခါ ရသာမုန့်တိုက်ရှေ့တွင် မရောင်းတော့ချေ။ ရသာ
မုန့်တိုက်ဘေးသို့ ရွှေ့ရောင်း၏။ ကျူလီယာဗလီ၏ ဆင်ဝင်အောက်မှာ။
    မောင်စု၏ဆိုင်နှင့် မတူး၏ဆိုင်တို့၏ကြားတွင် မဟာဗန္ဓုလရှိ၏။ မဟာဗန္ဓုလလမ်းလို့ ဆိုလိုသည်။ မောင်စုသည်
ငါးပြားကအစ နှမြောတတ်သည်။ ပိုက်ဆံငါးပြားဆိုတော့ ခုခေတ်မှာ ဘာမှသုံးလို့မရဘူးဟု အချို့က ပြောကြသည်။
မောင်စုအမြင်မှာ သုံးတတ်လျှင် သုံး၍ရသည်။
    တစ်ခွက်လျှင် တစ်ဆယ့်ငါးပြားတိတိတန်သော မောင်စု၏ရေခဲရေကို မတူးသည် တစ်နေ့ သုံးခွက်လောက် အလကား
သောက်သည်။ သူရောင်းသောကိတ်မုန့်ကိုမူ မောင်စုအား တစ်ခါမျှ မကျွေးဖူးချေ။ သို့ရာတွင် မောင်စုကျေနပ်သည်။
    မတူးသည် မောင်စုထက် သုံးနှစ်ခန့်ငယ်သည်။ သို့ရာတွင် မောင်စုကို 'နင်' နှင့် 'ငါ'နှင့်ပြောသည်။ ယင်းကိုလည်း
မောင်စု ကျေနပ်သည်။
    အကြောင်းမှာ မောင်စုသည် မတူးကို ချစ်နေသောကြောင့်ဖြစ်သည်။


    မောင်စုသည် မတူးနှင့်မည်သို့မည်ပုံ စတင်သိကျွမ်းခဲ့ရကြောင်းကို မမှတ်မိတော့ချေ။ အကြောင်းမှာ သူသည်
ဒိုင်ယာရီ မရေးတတ်သောကြောင့်ဖြစ်လေသည်။ သူ့အလိုလိုသိသွားကြသည်ဟု ထင်သည်။
    မနက်ဆိုလျှင် မောင်စုက မတူးကို ၀င်ခေါ်သည်။ အတူတူလာကြသည်။ နေ့လယ်မှာ မတူးက မောင်စု၏ရေခဲရေကို တောင်းသောက်သည်။ ညနေအတူတူပြန်ကြသည်။ မောင်စုက မတူး၏အိမ်သို့ လိုက်ပို့သည်။ တခြားထူးထူးခြားခြားမရှိ။
    နှစ်ခုတော့ရှိသည်။


    'မတူး၊ ငါ ပိုက်ဆံတစ်ကျပ်ကြီး ကောက်ရတယ်ဆရာ။ နင် ဘာစားချင်လဲ့ ငါ ၀င်ကျွေးမယ်'
    'ငါလား လဟာပြင်ဈေးက ခေါက်ဆွဲပြုတ်ကြော်လည်း စားချင်တယ်။ ပြီးတော့ ဖာလူဒါလည်း သောက်ချင်တယ်။
ပြီးတော့'
    'ဟာ၊ အဲဒီလောက်ကြီးတော့ ငါ ဘယ်တတ်နိုင်ပါ့မလဲ၊ ကောက်ရတာက တစ်ကျပ်တည်းရယ်'
    'နင်က ဘာစားချင်လဲဆိုလို့ ငါစားချင်ရာ ပြောရတာပဲ။ ဒီလိုလုပ်လေ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါး
တစ်ကျပ်ဖိုး သွားဝယ်ပြီး နှစ်ယောက်တူတူစားမယ်'


    'မောင်စု၊ နင် ဘာစားလဲ ငါကျွေးမယ်'
    'အာလူး၊ နင် ဘယ်တုန်းက ငါ့ဝယ်ကျွေးဖူးလို့လဲ'
    'အံမယ်၊ နင်က နင့်မွေးနေ့ကို သိလို့လား'
    'သိတာပေါ့ဟ၊ စက်တင်ဘာ ၃ရက်နေ့တဲ့၊ ဒီနေ့ပဲ ငါ့အဒေါ်က ပြောလိုက်တာ နင်ကော နင့်မွေးနေ့ကို သိလား'
    'ဟင့်အင်း မသိဘူး'
    'အဲဒါထားစမ်းပါဦး၊ နင် ဘာစားချင်လဲ'
    'ဒံပေါက်ထမင်း'
    'ဟယ်၊ အဲဒါတော့ ငါလည်းမတတ်နိုင်ဘူး'
    'ဒီလိုလုပ်လေ၊ နင်ရော ငါရော စားလို့ရအောင် မုန့်ဟင်းခါတစ်ကျပ်ဖို့ သွားဝယ်ပြီး အတူတူစားကြတာပေါ့'


    မောင်စုသည် မတူးကိုချစ်နေသည်။ သို့ရာတွင် သူမပြောရဲချေ။ ပြောဖို့ကြိုးစားခဲ့သည်မှာလည်း အကြိမ်ကြိမ်။
ဒီနေ့တော့ တကယ်ပြောတော့မည်ဟု ဆုံးဖြတ်သွားခဲ့သော်လည်း မတူးကို တွေ့လိုက်သည်နှင့် သူ ဆွံ့အသွားရသည်။
သူများတကာတွေ ၀င်သွားဦးမည်ကိုလည်း စိုးရိမ်သည်။
    'မတူးနော်၊ သကြားလုံးရောင်းတဲ့ကောင်တွေနဲ့ သိပ်အရောမ၀င်နဲ့၊ သူတို့က ခြေသလုံးအိမ်တိုင်တွေ'
    ထို့ထက်ပို၍မပြောရဲ။ အချိန်တွေ အများကြီးကျန်ပါသေးတယ်ဟူ၍ သူ့စိတ်ကို သူဖြေသည်။
    သို့ရာတွင် အချိန်နှင့် ရေခဲတုံးသည် လူကို မစောင့်ချေ။


    နက်ဖြန်ဆိုလျှင် မတူး တောပြန်ရတော့မည်။ တောကသူ့အမေ အသည်းအသန်ဖြစ်နေသောကြောင့်ဖြစ်သည်။
သူ့အမေ ပြန်နေကောင်းလာသည်အထိတောမှာနေရမည်။ သူ့အမေ နေကောင်းပြီးသော်လည်း ပြန်လာချင်မှ
ပြန်လာရတော့မည်။
    မောင်စုသည် သည်နေ့တော့ သူပြောချင်နေသောစကားကလေးကို ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
စကားကလေးကို ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မတူး ဆိုင်မထွက်သောကြောင့် မတူးအိမ်သို့ လာခဲ့သည်။
သူ့ရင်ထဲက စကားကလေးကို ဖွင့်ပြောလိုက်တော့သည်။
    'ဟိုရောက်ရင် ငါ့ဆီ စာရေးနော်'
    မတူးက ခေါင်းခါသည်။
    'ဘာဖြစ်လို့လဲဟယ်'
    'မရေးချင်ပါဘူး'
    'ရေးပါဟယ်၊ ဘာဖြစ်လို့လဲ'
    'ငါမှ စာမတ်ဘဲ'
    'နင် စာမတတ်ဘူး ဟုတ်လား'
    'အေး နင်ကော'
    'ငါလည်း မတတ်ဘူး'
    စာထည့်ပါလို့သာ ပြောရသည်။ မောင်စုထံသို့စာထည့်ရန် လိပ်စာမရှိချေ။ မောင်စုနေသောရောသည် အိမ်နံပါတ်မရှိ။
လမ်းနံပါတ်မရှိ။ ရပ်ကွက်အမည်မရှိ။ အမှန်တော့ မောင်စုမှာ အိမ်ခြေရာခြေပင် အတည်တကျမရှိပါ။ 'ရန်ကုန်မြို့ မောင်စုကိုပေးပါ'ဆိုလျှင် မောင်စုထံ မည်သို့ရောက်ပါမည်နည်း။


    ရန်ကုန်တွင် မတူးမရှိတော့သည့်နောက် ရသာမုန့်တိုက်သည် မောင်စုအတွက် အဓိပ္ပါယ်မရှိတော့။ မတူး၏နေရာတွင် ယခု ကုလားမကြီးတစ်ယောက် ရောက်နေသည်။ ထိုကုလားမကြီးကိုမြင်တိုင်း မတူးကို သတိရသည်။
    ကိတ်မုန့်ကိုမြင်တိုင်းလည်း သတိရသည်။ ယခုအခါ ရေခဲရေကို အလကားသောက်မည့်သူမရှိတော့။
    သို့ရာတွင် သူဝမ်းမသာ။
    မတူးအကြောင်းကို သူ သိချင်နေသည်။ မတူးနေထိုင်ကောင်းပါရဲ့လား။ တောမှာ ပျော်ပါ့မလား။ မတူးသည် သူ့ကို
သတိရနေမလား။ မတူးကို သူချစ်နေကြောင်း ဖွင့်မပြောလိုက်ရ။ အကယ်၍ မတူးပြန်လာခဲ့လျှင် သူ ဖွင့်ပြောတော့မည်။
    ထိုအခါ မတူးသည် သူ့ကို
    'ဟဲ့ မောင်စု'
    'အင် အင်၊ ဘာလဲဗျ'
    သူ့အတွေးကိုနှောင့်ယှက်သော စီးကရက်သည်မိန်းမကြီးကို ဟောက်လိုက်သည်။
    'နင် မတူးအကြောင်း သိပြီးပြီလား'
    'ဘာလဲ ဘာကိုလဲ'
    'ဒီနေ့ သူ့အဒေါ်နဲ့တွေ့လို့ ပြောလိုက်တယ်။ မတူးကို သူ့ရွာက ကုန်စုံဆိုင်ပိုင်ရှင်တရုတ်နဲ့ ပေးစားမလို့တဲ့'
    'ဘာပြောတယ်'
    'အဲဒီတရုတ်က အသက်လေးဆယ်လောက်ရှိပြီတဲ့၊ မုဆိုးဖိုတဲ့၊ ကလေးက လေးယောက်နဲ့'
    မောင်စုလက်ထဲတွင်ကိုင်ထားသော ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။
    သူသည် ပလက်ဖောင်းပေါ်သို့ ဒူးထောက်ကျသွားသည်။ ရေခဲတုံးအစကလေးတစ်တုံးကို ယောင်ယမ်းကောက်ကိုင်
မိသည်။ ရေခဲတုံးကလေးသည်ပူလွန်းသဖြင့် ပြန်ပစ်ချလိုက်မိသည်။ ရေခဲတုံးသည် သူ့ဘ၀။
    မောင်ထော်လေးလမ်းထဲက ကျူလီယာဗလီဆီမှ အသုဘမော်တော်ယာဉ် ထွက်လာသည်။

၁၀

    ရေခဲရေသည် အလွန်အေးစက်နေ၏။ သူ့ရင်သည် ခြစ်ခြစ်တောက်ပူနေသည်။ ရေခဲပုံးတွင် ရေစက်ကလေးတွေ
ကပ်နေကြသည်။ မောင်စု၏မျက်နှာတွင် ချွေးစက်တွေ ကပ်နေကြသည်။
    'ငြိမ်းချမ်းရေးရေခဲရေ၊ ငြိမ်းချမ်းရေးရေခဲရေ' အရင်က သူ တက်ကြွစွာအော်ခဲ့သည်။ ခုတော့ဖြင့် မအော်နိုင်၊
ငူငူငိုင်ငိုင်ကြီး တိတ်ဆိတ်စွာ ရပ်နေသည်။
    သူ့စိတ်သည် မွန်းတည့်နေသော နေလုံးကြီးဆီသို့ ရောက်နေသည်။
    ညနေကျတော့ ဆူးလေဘုရားပေါ် သူရောက်သည်။ အရင်က ဆူးလေဘုရားပေါ် ရောက်ဖူးပါသည်။ သို့ရာတွင်
တစ်ခါမျှ ရှိမခိုးခဲ့ဖူးပေ။ ကြေးဆင်းတုတော်တစ်ဆူရှေ့တွင်ထိုင်သည်။ လက်အုပ်ချီသည်။ ဆုတောင်းသည်။
    'မတူးကို တပည့်တော် တကယ်ချစ်ပါတယ်ဘုရား၊ မတူး ရန်ကုန်ပြန်လာအောင် လုပ်ပေးပါဘုရား၊ တရုတ်ကြီးကို သေအောင်လုပ်လိုက်ပါဘုရား'
    ကြေးဆင်းတုတော်ကြီး၏အပြုံးမျက်နှာတော်သည် သူ့ကို အားတက်စေသည်။ သူ နေ့တိုင်းဆုတောင်းသည်။

၁၁

    'ဟဲ့ မောင်စု၊ မတူးပြန်လာပြီတဲ့'
    'ဘာ မတူးပြန်လာပြီ ဟုတ်လား၊ မတူပြန်လာပြီ ဟုတ်လား'
    သူ့လက်ထဲက ရေခဲတုံးကြီးသည် ပလက်ဖောင်းပေါ်သို့ လွတ်ကျသွားသည်။ သို့ရာတွင် ဖွဲပုံပေါ်သို့ကျသွားသောကြောင့်
မကွဲချေ။ ကျူလီယာဗလီ ဆေးအသစ်သုတ်ထားသည်။
    မတူးအိမ်သို့ သူ ပြေးလေသည်။ မတူးကိုတွေ့တော့ သူ ဘာပြောရမှန်းမသိ။ မတူးက သူ့ကို ငေးကြည့်နေသည်။ မတူး မျက်ရည်ဝဲနေသည်။ မျက်ရည်ဝဲတိုင်း ၀မ်းနည်းသည်ဟု
မဆိုနိုင်ပေ။
    'မတူး မတူး၊ နင် ပြန်လာပြီနော်'
    'အေး'
    မောင်စုသည် သူ အပြောချင်ဆုံးစကားကလေးကို ပြောလိုက်လေသည်။
    'ဟိုတရုတ်ကြီးကော သေပြီလားဟင်'
    မတူးသည် ရှက်၍ခေါင်းငုံ့သွားသည်။ ပြီးတော့ ပြောပြသည်။ သူ့အမေက အသည်းအသန်မဖြစ်ဘဲ ညာခေါ်ကြောင်း၊
တရုတ်ကြီးနှင့် အတင်းပေးစားသောကြောင့် ထွက်ပြေးလာကြောင်း။
    'နင့်အမေ လိုက်လာရင်ကော'
    'မလာနိုင်သေးပါဘူး။ ဒီကိုလာဖို့ အမေ့မှာပိုက်ဆံရှိမှာမဟုတ်ဘူး။ လိုက်လာရင်လည်း ငါ ပြန်မလိုက်တော့ဘူး'
    မောင်စု သိပ်ဝမ်းသာသွားသည်။ ပြီးတော့ သူ့ခံစားချက်ကို ထုတ်ပြောလိုက်ပြန်သည်။
    'နင် သွားနေတုန်းက ငါ သိပ်လွမ်းတာပဲ'
    'ငါလည်း ဒီလိုပဲ'
    'ငါလေ၊ ငါလေ နှင်းတွေကျတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ'
    'ငါလည်း ဖုန်တွေထတာမြင်ရင် နင့်ကို သိပ်သတိရတာပဲ'

၁၂

    အချိန်နှင့်ရေခဲတုံးသည် လူကိုမစောင့်ကြောင်း မောင်စု ကောင်းကောင်းသိခဲ့ပြီ။ ထို့ကြောင့် မတူး
ဆိုင်စထွက်သောနေ့မှာပင် သူ့အချစ်ကို ဖွင့်ဟလိုက်လေသည်။
    'မတူး၊ ငါခုနပြောတာ ဘယ်လိုလဲ'
    'ဘာကိုလဲ'
    'နင် ငါ့ကိုပြန်ပြီး ဟိုဒင်းမပြုနိုင်ဘူးလား'
    မတူးက ခေါင်းငုံ့ထားသည်။ သူ့လက်သည်းထဲကချေးများကို တုတ်ချောင်းကလေးဖြင့် ထိုးထုတ်နေသည်။
    'ပြောပါဟာ'
    'ငါ မပြောချင်ဘူးဟာ'
    'ဘာဖြစ်လို့လဲဟင်'
    'နေမကောင်းလို့'
    'ဟင် ဟုတ်လား၊ အေဘီစီဒီ သောက်မလား၊ ငါ ပြေးဝယ်လိုက်မယ်လေ'
    'နေပါစေ၊ အေဘီစီဒီက ရင်တုန်တယ်ဟ၊ ခုန ဆရာမောင်ဆေးနီမှုန့် ၀ယ်သောက်ထားတယ်'
    'နင် နေကောင်းပျောက်ရင် ပြောမှာမဟုတ်လား'
    မတူးက ခေါင်းညိတ်သည်။
    'နင် ဘယ်တော့ နေကောင်းပျောက်မှာလဲ'
    'နက်ဖြန်'

၁၃

    နက်ဖြန် သို့မဟုတ်၊ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့။
    မောင်စုသည် သူ့ရေခဲရေပုံးကို ငှက်ပျောသီးရောင်းသောလှဝင်းကို အပ်ပစ်သည်။ လှဝင်းသည် ယုံကြည်ရသူမဟုတ်။
သူ့ကိုအပ်ခဲ့လျှင် ရေခဲရေလည်း သုံးလေးခွက် ခိုးသောက်တတ်သည်။ ရောင်းရသည့်ငွေကိုလည်း ဖြောင်တတ်သည်။
    ဒီနေ့တော့ ရေခဲရေတစ်ပုံးကုန်အောင် သောက်ပစ်လည်း သူမမှုပါ။
    မနက်တုန်းက သူ ရေချိုးနေမိသောကြောင့် အချိန်လင့်သွားသည်။ သူ ၀င်ခေါ်သောအခါ မတူးမရှိတော့ချေ။ ခုမှပင် သွားရတော့သည်။
    မတူးက 'ငါကလည်း နင့်ကို ဟိုဒင်းပြုပါတယ်'ဟု ပြောလေသည်။
    မောင်စုသည် ပလက်ဖောင်းပေါ်တွင် ဒူးထောက်ထိုင်ချ၍ ဆူးလေဘုရားကြီးကို ပုဆိန်ပေါက် ကန်တော့လေတော့
သတည်း။
    ထိုနေ့က တစ်နေ့လုံး မတူးနားမှာ သူနေသည်။ ပျော်သည်။ ပျော်သည်။
    ညနေကျတော့ သူ့ရေခဲရေပုံးကို သွားပြန်ယူသည်။ လှဝင်းက ခွက်သုံးဆယ်ပဲ ရောင်းရတယ်ဆိုပြီး ငွေလေးကျပ်ခွဲပေးသည်။
လှဝင်း ညာမှန်း သူသိလေသည်။
    သို့ရာတွင် ကိစ္စမရှိ။

၁၄

    တန်ဆောင်မုန်းလပြည့်နေ့၏ ညနေခင်း။ တိမ်တောက်နေသည်။ အကျည်းတန်သူတိုင်း လှသောအချိန်ဟု ဆိုကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်လည်းလှနေကြလေသည်။
    မတူး၏မျက်နှာတွင် ပေါင်ဒါတွေ ဖွေးနေသည်။ မောင်စု၏မျက်နှာမှာလည်း ပေါင်ဒါတွေ ဖွေးနေသည်။ သူတို့သည် သူတို့အဖို့ အသစ်လွင်ဆုံးသော အ၀တ်အစားများကို ၀တ်ထားကြသည်။
    နေ့လယ်ကပင် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ကြသည်။ ပထမဆုံးအချစ်နေ့အဖြစ် လျှောက်လည်ကြသည်။ တန်ဆောင်တိုင်ပွဲတော်သည် စည်ကားလှစွာ၏။ ကားအသစ်
ကလေးများသည် လူအသစ်များကို တင်ဆောင်၍ ပြေးလွှားနေကြ၏။
    ရပ်ထားသော ကားအသစ်ကလေးများကိုတွေ့လျှင် သူတို့ပွတ်သပ်ကြည့်ကြ၏။ သူတို့နှစ်ယောက်စလုံး ရင်ခုန်နေကြသည်။
သို့ရာတွင် သူတို့ အေပီစီ သောက်မထားကြချေ။
    'မတူး တို့နှစ်ယောက်စပြီး ဟိုဒင်းပြုကြတဲ့နေ့ကို အမှတ်တရဖြစ်အောင် တစ်ခုခုလုပ်ရအောင်'
    'ဘာလုပ်မလဲ'
    'မသိဘူး၊ နင်ကော ဘာလုပ်ချင်လဲ'
    'သိဘူး'
    မောင်စု ခဏမျှစဉ်းစားသည်။ သူ့နားထဲတွင် 'ဒီဒီ'ဆိုသောအသံကို ကြားရသည်။
    'ဟုတ်ပြီ၊ ငါ့လက်မှာ ဆေးမင်ထိုးမယ်'
    'နင် နာမှာပေါ့'
    'မနာပါဘူးဟာ၊ ယောက်ျားပဲ'
    ဆေးမင်ကြောင်ထိုးသည့် အဘိုးကြီးနားကို သွားကြသည်။
    'မြွေရုပ်ထိုးမယ်'
    'ဟယ် ကြောက်စရာ'
    'အသည်းပုံ မြားစိုက်'
    'နိမိတ်မကောင်းဘူး'
    'ရှုပ်ပါတယ်ဟာ စာတန်းပဲ ထိုးတော့မယ်'
    သူတို့နှစ်ယောက်ကို အဘိုးကြီးက စိတ်မရှည်တော့။
    'ကဲ ကဲ၊ ပြောကွာ ဘာစာထိုးမှာလဲ'
    မောင်စုသည် သူနှင့်မတူးတို့စချစ်ကြသည့်နေ့ အထိမ်းအမှတ်အဖြစ် သူ့လက်တွင် ဆေးမင်ဖြင့်ထိုးမည်ဖြစ်သောစာတန်းကလေးကို ပြောလိုက်လေသည်။
    'သတ္တိခဲ'

[ငွေတာရီ ဇွန်၊ ၁၉၇၇]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...