Saturday, June 30, 2012

ဗီနိုနဲ့ ပပ ...အပိုင်း (၁)


by Bo K Nyein on Saturday, June 30, 2012 at 10:09am 

ဖေဖေါ်ဝါရီလ ၁၄ရက် ၂၀၁၂ခု နံနက် ၂နာရီ ၄၀ မိနစ်။
  
ဗီနို ဆုံးသွားတယ်ကြားရကတည်းက ဒီဆောင်းပါးကိုရေးချင်တဲ့ စိတ်ရင်ထဲမှာဖြစ် လာပေမဲ့ လုပ်စရာတွေကများ တခြားရေးချင်တာတွေကများပြီး တာမို့ မရေးဖြစ်ခဲ့ဖူး။
ခုတော့ ခံစားမှုလေးက ရင်မှာကပ်ငြိလာပြန်တာကြောင့် ရေးမိတာပါ။ အကြောင်းကတော သတ္တိ၀ါလေး (၂) ကောင်အကြောင်းပေမဲ့ ရောထွေးချက်က စုံလှတယ်။ ဘာသာရေးလည်းပါ ပါရဲ့။
အသိစွမ်းအား လည်း ပါရဲ့။ နောက်ဆုံး အတွေးအခေါ်လေးကလည်း ကပ်ပါလာပြန်တယ်။

ဗီနိုဆိုတာက ကျနော်တို့ကတော့ ကိုအောင်နိုင်လို့ ခေါ်ကြတဲ့ ၊ အများလူတွေရဲ့ အသိမှာတော့ ယနေ့ လက်ရှိ VOA မြန်မာဌါနက အကြီးအကဲ ဦးသန်းလွင်ထွန်း ရဲ့ခွေးလေးပေါ့။ တချို့ကတော့ ရောနယ်အောင်နိုင်နဲ့ ကွဲပြားအောင် အောင်နိုင်ကြီးလို့ ခေါ်ကြတယ်။ စာရေးသူ အမေရိကား မှာ နေ့မအိပ် ညမအိပ် ငွေနဲ့ အောင်မြင်မှု နောက်တကောက်ကေက် လိုက်ကောင်းတဲ့ ၁၉၉၀ ခုနှစ်များမှာတုန်းက ကိုအောင်နိုင်တို့က ချင်းမိုင်မှာ ခြေရာထပ်ကောင်းတုန်းပေါ့။ ကိုအောင်နိုင်က ကိုညိုအုန်းမြင့်နဲ့ ညီအကိုလိုခင်တယ်။ ကိုညိုအမေရိကားလာတော့ ကျနော့်အိမ်မှာတဲရင်း ခင်မင်သွားကြတယ်။ ဒီလိုနဲ့ ကိုအောင်နိုင် VOA ကိုပြောင်းတော့ ၀ါရှင်တန်ဒီစီမှာ စတွေ့ခဲ့ကြရတယ်။ ရောက်ကာစ ၊ ပြောင်းကာစ ဆိုတော့ မိသားစုပါမလားသေးဖူး။ ဒါပေမဲ့ သူ့ရဲ့ အရိပ်ကလေးကတော့ ပါလာတယ်။ အဲဒါကတော့ သူ့ရဲ့ခွေးလေး ဗီနိုပါတဲ့။

ပပ ဆိုတာကတော့ အမေရိကန်နိုင်ငံသူစစ်စစ် Native American လို့ပြောရမဲ့ ကျနော့်ရဲ့ ခွေးလေး Alaska ကိုဗမာမှု ပြုထားတဲ့ ပပ၀တီပါပဲ၊ ပပလို့ခေါ်ရတာကလည်း မကြာလှသေးပါဖူး။
ပပ လို့ဘာကြောင့် ပြောင်းခေါ်ရသလဲ ဆိုတာကိုမပြောခင် ကျနော်တို့ ဗမာယောက်ျား တွေမှာ ယျေဘူရအားဖြင့် အကျင့်တစ်ခု ရှိတယ်လို့ပြောရမလား မသိဖူး။ အဲဒါကတော့ မိမိတို့ရဲ့ ခံစားမှု emotion ကိုမပြတတ်ဖူးလို့ထင်မိတယ်။ အမေရိကားမှာဆိုရင် အဖေတွေဟာ သားသမီးတွေကို နမ်းပြ ဖက်ပြ ..အိုချစ်ပြနေလိုက်ကြတာ။ မိန်းမကိုလည်း ယုယကြင်နာပြနေလိုက်ကြတာ။ ကျနော်တို့ ဗမာယောက်ျား တွေ တွတ်တီးတွတ်တာ မပြောကြဖူး။ ဗမာအမြင် ၊ မြန်မာ အမြင်က လူမြင်ကွင်းမှာ ဖက်ပြ နမ်းပြနေရင် ယဉ်ကျေးမှုအရ ရှက်စရာလို့ မြင်ကြတယ်။ ဒါကြောင့် I Love you မင်းကိုချစ်တယ် ဆိုတာကို ပြောရမှာ ကိုကြောက်မှ ကြောက်။  old habits die hard ဆိုသလို ကျနော်လည်း အမေရိကားမှာအနေကြာခဲ့ပေမဲ့ သွေးဖေါက်လိုက်ရင် ငပိနံ့မှ မပျောက်တာ ၊ ဗမာ့ဓလေ့ ကတော့ ဘယ်ဖျောက်လို့ရပါ့မလဲ။ ဒီကနေ့အထိ Pajama နဲ့အိပ်လို့မရ။ လုံချည်နဲ့ အိပ်မှာ အိပ်ပျော်ဒါကိုး။ 

အမေရိကားမှာ အနေကြာဒါကြောင့် သူတို့ယဉ်ကျေးမှု နဲ့နေမှုထိုင်မှု နဲ့ တွေးခေါ်မှု တချို့  တွေမှာ assimilate ဖြစ်သွားပေမဲ့ အသက်သုံးဆယ့်တစ်နှစ်မှ ဦးနေ၀င်းကောင်းမှုကြောင့် အဖေက အမေရိကားသွားချေဆိုပြီး ကန်ထုတ် လိုက်တာကြောင့် တချို့ ဓလေ့တွေဟာ အရိုးစွဲနေပြီလေ။ ကျနော် အမေရိကားမှာ အမေရိကန်သူကလေးတစ်ယောက်နဲ့ အတူနေဖြစ်တယ်။ သူတို့ဓလေ့က emotion ကိုပြရတယ်။ မနက်မိုးလင်း တာနဲ့ အို.. ကောင်းသော်နံက်ခင်းပါ။ အဲနောက်ဆက်တွယ် I Love you ကလည်းပါလာမှ …. ကျနော်ကလည်း မဆလခေတ် အင်းစိန်တောရ ကျောင်းထွက်။ လူတွေကို ကြက်ခြင်းထဲကကြက်တွေလို …. ထုတ်လိုက် ..ထဲ့လိုက်.. . ရွှေ့လိုက်ပြောင်းလိုက် ..အလုပ်ခံရတဲ့ ဘ၀…  emotional သာဖြစ်ရမယ်ဆိုရင် (ငို) လို့ဆုံးတော့မှာ..မဟုတ်ဖူုး။ ဒေါင်ကျကျ ပြားကျကျ (ပေ) ဖြစ်တုန်းတော့ ထုကြဟဲ့ ဆိုတဲ့ ဘ၀က တက်လာရတဲ့သူ။ အမေရိကားရောက်မှ ဘယ်လို ငိုချင်းရှည်ကြီးကို ဆိုနိုင်ပါတော့ မလဲ။ အမှန်တိုင်းဝန်ခံရရင် ထောင်ထဲမှာ အသဲဂျွပ်တက်ခဲ့ရတယ် ဆိုတာကို မသိခဲ့ဖူး။ အမေရိကန်သူဖြစ်တဲ့အပြင် ကျနော့် အမေရိကန်မကလေးက artist မျိုးရိုးကလာတာ။ ဒါကြောင့်  I love you ဆိုတာကို တနေ့ ၅ခါလောက်ကြားရမှ နေသာထိုင်သာ ရှိတယ်။ စိတ်မရှည်တော့တာနဲ့ မင်းမြဲမြဲ မှတ်ထား ငါတို့ဗမာပြည်မှာ I Love You ကိုတခါထဲပြောတယ်။ တသက်စာလို့ မှတ်ထားလေတော့လို့ ပြောလည်းမရဖူး။ ချစ်တီးအကြွေးတောင်းသလို မနက်မိုးလင်းတာနဲ့ Do you love me? ဆိုတာနဲ့ စတော့တာပဲ။ Alaska ကိုကျနော့်ဘ၀ထဲ ထဲ့ပေးသွားတာက အမေရိကန်မလေးဆိုတော့ သူသေတဲ့ ညက Alaska ကို ဖက်အိပ်ရင်း သူအင်မတန် ကြားချင်တဲ့ I Love You ဆိုတာကလေးကို သမီးလေး ကို ဖက်ဖက်ပီး … ပြောပြောနေမိတယ်။

ကျနော့်ဘ၀ကလည်း Hybrid လို့ပဲခေါ်ရမလား မသိတော့ဖူး။ အရှေ့နဲ့ အနောက်ယဉ်ကျေးမှု နှစ်ခုကြားမှာ ညပ်သွားခဲတဲ့ သားကောင်များဖြစ်သွားပေလား မသိတော့ပါ။ သူသေသွားပြီး သမီးကလေးပဲကျန်ခဲ့ တော့ အမေရိကန်ဆံသွားပြီး သမီးလေးကို အချစ်ပိုမိရင်း က တခါတခါ I Love You သမီးလို့ ပြောမိလာတယ်။ ရင်ခွင်ထဲထားပြီး ခေါင်းလေးကိုပွပ်ပေးတဲ့ အကျင့်ရလာတယ်။ ကိုယ်ကိုယ်ကိုကိုယ်တော့ အမေရိကန်ဖြစ်သွားပါလားဆိုတာတော့ သတိမပြုမိတာအမှန်။

ပြဿနာပေါ် ပြီ။

ချင်းမိုင်ရောက်တော့ မြန်မာအမျိုးသမီး တဦးနဲ့ တွေ့တော့ အော်တိုမစ်တစ် ဗမာယောက်ျား ပြန်ဖြစ်သွားပြန်တယ်။ အရင်လိုပဲ emotion ကိုမပြဖြစ်တော့ဖူး။ အမေရိကန် အတွေးနဲ့ တွေးရင် ကျနော်တို့ မြန်မာ အမျိုးသားတွေက Took it for granted လည်းပါပါတယ်။ အမှန်ကတော့ မတရားတာပဲ။ မိန်းမဆိုရင်တော့ အမရာတို့လို တော်လေး၀၀င် တွေလို လင်ယောက်ျားကိုပြုစုစေချင်တယ်။ ယောက်ျားတွေကတော့ ဘာမှပြုစုစရာ မလို ဆိုတာကတော့ sense of fairness မရှိတာပဲ။ male domination လားလို့ ငြင်းလို့ရတယ်။ ကိုယ် ကိုယ်နှိုက်ကယောက်ျားဖြစ်နေတော့ ချော်လဲရောထိုင် ၊ မသိစိတ်က မသိချင်ယောင်ဆောင် နေတာလဲ ပါပါလိမ့်မယ်။ အနောက်တိုင်း capacity နဲ့ကြည့်ရင် မတရားတာအမှန်ပဲ။ မြန်မာမိန်းခလေးတွေ ချစ်စရာကောင်းတာကလဲ ရန်ဖြစ်ကြလို့ ဘယ်လောက်ကြီး စိတ်ဆိုးစိတ်ဆိုး အိပ်ရာမ၀င်ခင်တော့ နင်းပေးနှိပ်ပေးရဦးမလားဆိုပြီး အမြဲမေးကြရှာပါတယ်။ တခါတခါတော့လည်း စိတ်မထိမ်းနိုင်ပဲ အေးဆိုပြီး ဇိမ်ယူတတ်ပေမဲ့ ကြာကြ မခံနိုင်ဖူး ဒါသက်သက် အနိုင်ကျင့်မှန်း (အသိ) က၀င်လာပြီး တော်ပါပြီလို့ ဆိုမိပြီး Guilty conscious ဖြစ်မိတယ်။  ယဉ်ကျေးမှု နှစ်ခုကြား က အားပြိုင်မှုတွေပါပဲ။

တဖက်က မြန်မာအမျိုးသမီး အပေါ် မြန်မာဆန်ဆန် မတရားဆက်ဆံမိပေမဲ့ တဖက်မှာတော့ မသိစိတ်က တခါတခါ သမီးလေးကို ယုယုယယ နဲ့ I Love You လို့ ပြောမိတယ်။ လူ့ သဘာဝအရ တဖက်က ဂျလောက် ဖြစ်တော့တာပေါ့။ ကျနော့် သမီးကလည်း အဖေချစ်မှန်း သိတော့ တကမ္ဘာလုံး ဘယ်သူ့မှ လူထင်တာမဟုတ်ဖူး။ အမေရိကန်မှာမွေးလို့ ထင်ပါရဲ့ အင်မတန် arrogant ဖြစ်တယ်။ ဟေ့ ဆိုရင် တချက်လှည့်ကြည့်ပြီး ဖင်ကောက်ဖင်ကောက်နဲ့ အမှီးရမ်းပြီး ထွက်သွားလေရဲ့။ အမေရိကားမှာတုန်းက ၆ဒေါ်လာတန် steak ၀ယ်ကြွေးရင် ဟင်းဆိုပြီး တချက်နမ်းပြီး ထွက်သွားတာ။၂၅ဒေါ်လာတန် T Bone မှစားတယ်။ ခွေးတောင်မှ ရမှန်းသိရင် ကဂျီကဂျောင် ကျလာတာပဲ၊ ပတ်ဝန်းကျင်ရဲ့ ပုံဖေါ်မှု Nurture ရဲ့ အကျိုးသက်ရောက်မှုတွေပဲ။ အမှန်က လူတွေရဲ့ အပြစ်ပါ။ အဖေက ချစ်တော့ အလိုလိုက် ၊ ခွေးတောင် စည်းကမ်းပျက်သွားတာပဲ။ ကွန်မြူနစ်အတွေးနဲ့တွေးရင်တော့ …လူတန်းစားမျက်စိနဲ့ကြည့်ပြီး ဗူဇွာခွေးဆိုပြီး ..သုတ်သင်ရမဲ့ စာရင်းထဲအထည့်ခံရမှာ ..သေချာသလောက်ပဲ။

အားလုံး လို့တော့ မဆိုချင်ပါ။ သို့သော် ဗမာမျက်စိနဲ့ကြည့်ရင် ခွေး ဟာ ခွေးပဲ။ ဗမာစကား အသုံးအနှုန်းမှာ  “ နင်ခွေးဖြစ်သွားမယ်နော် “ “ ခွေးဖြစ်ချင်လို့လား “  ဆိုတာတွေရှိကြတာပဲ။ ဒါ (ခွေး) ကို နှိမ့်ချပြီး မြင်တဲ့ အကြည့်နဲ့ ကြည့်တာကိုး။ အမေရိကားလို အနောက်နိုင်ငံ တွေမှာတော့ တိုးတက်တဲ့ နိုင်ငံဆိုတော့ အတွေးအခေါ် နဲ့ capacity မှာလည်း evolution အရ အနဲငယ်ရှေ့ရောက်နေတယ် ပြောရမလား အသိဖူး။ ခွေး ကို တရိစ္ဆန် လို့ မမြင်တော့ဖူး။ တချို့က man’s best friend လို့မြင်ကြတယ်။ စာရေးသူကတော့ (သတ္တ၀ါ) လို့ပဲမြင်မိတယ်။ သူတို့မှာလည်း စိတ်ဆိုးတာရှိသလို ၊ မနာလိုစိတ် ၊ သံယောဇဉ် စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ အကုန်ရှိတာပဲ။ အသိဥါဏ် Intelligence မှာပဲ လူတွေလောက် မဖွံ့ဖြိုးတာရှိတာကိုး။ ဒါကြောင့် သတ္တ၀ါ လို့သတ်မှတ်နိုင်တာပါ။ အမေရိကန် တက္ကသိုလ် အချို့မှာ animal rights ဆိုပြီး စသင်နေကြပြီ။ လူသား human  မှ rights ရှိရမှာလား animals တွေမှာရော rights မရှိရတော့ဖူးလား။ (လူ) ချင်းတူကြပေမဲ့ (အမြင်) ချင်းက တကမ္ဘာဆီ ဝေးနေကြရပြီ။ တကယ်တော့ (အမြင်) မတူတာ (Capacity) မတူကြလို့ ..မဆိုနိုင်ဖူးလား …… (တွေး)တာချင်းမတူကြတော့ဖူး။

တရုတ်တို့..ကိုရီးယားတို့.. ဗီယက်နမ်..တို့လို..ခွေးသားစားတဲ့ ..နိုင်ငံတွေ .. မှာတော့ ပစ္စည်းဥစ္စာ Material အရတိုးတက်လာကြပေမဲ့ …. ယဉ်ကျေးမှု.အသိဥါဏ်အရ ..တိုးတက်မှုမှာတော့ …အတော် ..နောက်ကျ..နေသေးတယ်လို့ ..မြင်မိတယ်။

စာရေးသူငယ်ငယ်က အိမ်မှာ ခွေးတွေရှိပါတယ်။ စနစ်တကျ Pet အနေနဲ့ မွေးထားတာမဟုတ် ၊ အိမ်တာဝန်ယူတဲ့ အမကြီးက ထမင်းကျန် ဟင်းကျန်တွေကို ဘလပိုင်ရောပြီး ကျွေးတာကြောင့် လာစားကြတဲ့ ရပ်ကွက်ကခွေးတွေလေ။ ခွေးတွေကို အစားကြွေးနေတာ သိတယ်။ သံယောဇဉ်တွယ်ရမှန်း မသိခဲ့ဖူး ပါဖူး။ သတ္တ၀ါလို့မမြင်တတ်သေးဖူး။ ခွေးဆိုတဲ့ တရိစ္ဆာန် အနေနဲ့ပဲ မြင်တတ်သေးတာကိုး။ Capacity Deficit ပဲ။ တချို့တွေ ကတော့ ကျနော့် ထက်သာသူတွေ ရှိတယ်။ နဂိုလ် ခွေးချစ်တတ်ကြတယ်။ ကိုမိုးသီးက မြန်မာပြည်တုန်းက သူ့ခွေးကြီးအကြောင်းပြောရရင် စိတ်ဓါတ်တွေတောင်တက်လာတယ်။ စာရေးသူကတော့ အမေရိကား ရောက်မှ တရိစ္ဆန်တွေကို ချစ်ရမှန်းသိတဲ့ .. အသက်လွန်မှ ပညာရ (အသိ) ရခဲ့သူပါ။ အမေရိကန်မ လေးမှာ သူ့ရဲ့ အချစ်တော် (လိုဘို) LoBo လို့ခေါ်တဲ့ခွေးကြီး တကောင်ရှိတယ်။ စာရေးသူ အိမ်ရှာတော့ ခြံကျယ်ကျယ်ရှာပါဆိုတာနဲ့ သူ့စိတ်ကြီုက် အိမ်ကြီးကြီး ခြံကျယ်ကျယ်ရှာရတယ်။ သူခွေးကြီးက Afgan Hound လို့ခေါ်တယ်။ အမွှေးအရှည်ကြီး။ မတ်တပ်ရပ် လိုက်ရင် လူတရပ်ကျော်တယ်။ စာရေးသူနဲ့ တွေ့ တော့ သူ့ခွေးကြီးက (၁၁) နှစ်ကျော်ပြီ။

လူဆိုတာက ကိုယ်သန်ရာ သန်ရာ ကိုယ့်ဝသီ နဲ့ ကိုယ်ပဲ။ အမေရိကန်မ ကလေးက မလှရင် ယောက်ျားတွေ အလေးမထားတော့ ဖူးဆိုတဲ့ အတွေးဟောင်းရှိတယ်။ ဒါကြောင့် လှ…အောင်ဆိုပြီး အစာ သိပ်မစားဖူး ။ သူမှ အစားမစား တော့ သူခွေးကြီး ခမြာလည်း အစာ ကောင်းကောင်း မစားရ ရှာဖူးပေါ့။ စာရေးသူနဲ့ စ နေကာ စ မှာ ညအိပ်ချိန် မှ လိုဘိုကြီး ခမြာ စာလွန်းမှ ထထစားရရှာတယ်။ သူ့ကို ခွေးမာမာ အစာတွေပဲ ချထားပေးသည်ကိုး။ စာရေးသူ ရဲ့ အဖိုး က မွန်စစ်စစ် ၊ အစားအင်မတန် ကြိုက်တယ်။ အမေကလည်း အဖိုး သမီးပီသ စွာ အစားကြိုက်မှကြိုက်။ စာရေးသူလည်း ပြောစရာ မလို တော့ပါ။ ထောင်ထဲမှာ ထမင်းခိုးချက်ရင်း ထမင်းဟင်း ကောင်းကောင်ချက်တတ်လာတယ်။ အမေရိကားမှာ ကောင်းကောင်း စားချင်ရင် ကိုယ့်ဟာကိုယ် ချက်စားရတာပေါ့။

စာရေးသူက လိုဘိုကြီး ညညမှ အစာထထ စားနေတာကို သတိပြုမိတော့ ဗူးနဲ့လာတဲ့ soft food ၀ယ်ကျွေးတယ်။ နောက်တော့ ထွင်ြပီး ဗူးကို ခေါက်ဆွဲနဲ့ ရောကျွေးတယ်။ နောက်ခေါက်ဆွဲ ကျော်ကျွေးတယ်။ နောက် ကိုယ်ချက်တာကျွေးတော့ လူဘိုကြီး ကချစ်မှချစ်။ နေရင်းထိုင်ရင်း ခွေးကြီး လူစားသလို ကောင်းကောင်း စားနေရတော့တယ်။ အစားကြိုက်တဲ့ သူနဲ့ အတူနေရတာကိုး။ အမေရိကန် မလေးကတော့ သူ့စိတ်ကြိုက် ရေတွေချိုး အမွှေးတွေကို ဖီးပေးပေါ့။ ရေတခါချိုးရင် ဒေါ်လာ တရာကုန်တယ်။ အကောင်ကြီးတာကိုး။ အတူနေပြီးလို့မှ မကြာဖူး သူ့အရင်ယောက်ျား ရဲ့ ခွေးကို သတိရလို့ဆိုပြီး သွားချောင်းတော့ အမွှေးတွေ ကို မဖီးမပြင်နဲ့ဆိုတော့ အမွှေးရှည်တဲ့ အမျိုးဆိုတော့ကာ ဖရိုဖရဲ နဲ့ အမွှေးတွေ ရှုပ်နေတာပေါ့။ အမေရိကန် အတွေးနဲ့ ဒါ abuse ပါဆိုပြီး ခိုးလာလိုက်တာ စာရေးသူ ကကြားက တောင်းပန်ပြီး နောက်ခွေးတစ်ကောင် အိမ်မှာတိုးလာတာပေါ့။ ဒီခွေးနံမည်က Kadar တဲ့။ မကြာဖူး ခွေးတစ်ကောင် တွေ့လာတယ် သိပ်ချစ်စရာလေး လို့ လုပ်လာပြန်ရော။ ချစ်စ ခင်စ အတူနေစ အပြင် စာရေးသူက ငွေနောက်လိုက်နေရတဲ့ လောဘသား ၊ Cisco မှာနေ့ မအား ညမအား အလုပ်နဲ့ ပိနေတာ။ အိမ်မှာ သိပ်နေရတယ်လို့ မရှိ။ ဒါကြောင့် ဘာမှမပြောမိ။ တပတ်လောက်ကြာ တော့ အိမ်ကို ခွေးဖြူဖြူ လေး တကောင် မချလာတယ်။ ခွေးလေးက ချစ်စရာကလေး။

ခွေးတွေကသိတယ်။ လိုအိုကြီးဟာ အမေရိကန်မလေး ၊ သူနံမည်က လီစာ (Lisa) ရဲ့ခွေးဆိုတာ သိတယ်။ ဒါကြောင့် Kadar ရော Alaska ပါ စာရေးသူကိုပဲ ကပ်ကြတယ်။ စာရေးသူက တပတ်ကို သုံးရက် ၄ရက်လောက် ခရီးထွက်ရတယ်။ တခါတခါ လေယဉ် က နံက် ၆ နာရီလောက် ထွက်တယ်။ စာရေးသူက ကပ်ပြီးမှ ရောက်တာကိုမကြိုက်တော့ ၅ နာရီလောက် လေယဉ်ကွင်းအရောက် သွားရတော့ နံက် ၄နာရီ လောက်ထရတယ်။ ခွေးကြီးတွေက ငပျင်းတွေ။ မထနိုင်ကြဖူး။ Alaska ကလေးက အပြစ်ခံရဖူးတော့ သူ့ကိုပြစ် သွားမှာ သိပ်ကြောက်တယ်။ ၀ုန်းဆိုထပြီး အနောက်က တကောက်ကောက်လိုက် တော့တာပဲ။ မကြာဖူး သံယျောစဉ် ငြိလာတာပေါ့။ ဒါကြောင့် မင်းကိုဘယ်တော့မှ မပြစ်ပါဖူးဆိုပြီး ဖက်ဖက်ပြီး ကတိပေးမိတယ်။ လိုဘိုကြီက စရောက်တဲ့နေ့မှာပဲ ရန်ဆောင်နေလို့ muzzle လို့ခေါ်တဲ့ အစွပ်ကြီး ပါးစပ်မှာ မကိုက်အောင် ပိတ် ထားရတယ်။ ခွေးတွေလည်း generation gap ရှိတယ်။ (၇)လ သမီးသာရှိသေးတဲ့ Alaska နဲ့ Kadar တဲ့ကြတယ်။ ဆော့လိုက်ကြတာ။ Lobo ကြီးကိုတော့ အရေးကို မလုပ်ကြ။ လီစာ ကလည်း သူ့ခွေးကြီး နဲ့ မတဲ့တော့ မချစ်တော့ဖူး။ ဒါ နင့်ခွေးဆိုပြီး ဖြစ်သွားရော။

စာရေးသူ က ငါ့ခွေး သူ့ခွေး မရှိပါဖူး။ ပြဿနာက ကုတင်က King Size ကုတင်ဖြစ်တာတောင် ခွေး (၃) ကောင်နဲ့ တခါတခါ ခွေးတွေကြား ညပ်နေလေရဲ့။ မနက် လမ်းလျောက် ညနေလမ်းလျောက်နဲ့ ခွေးတွေဟာ အဖေါ်ဖြစ်မှန်း မသိဖြစ်လာရတယ်။ အစားစားရတော့လည်း ခွေးတွေက ကပ်ကြတာပေါ့။ စနေတနင်္ဂနွေ ဆိုရင် McDonalds မှာ ၀ယ်ပြီး စားကြပေါ့။ လီစာက သူ့အမေရိကန် အစာပဲ သူကြိုက်တာကိုး။ ခွေးတွေအတွက် က အမဲသားနဲ့ ပါမုန့်သက်သက်။ ကြိုက်မှကြိုက် … စာရေးသူ North Carolina ကိုပြောင်းတော့ Kadar ကိုသူ့ သခင်စီပြန်ထားခဲ့ရတော့ Alaska ကလေးက စာရေးသူရဲ့ ခွေးလေးဖြစ်လာရတာပေါ့။ Lobo ကြီးက ခွေးပေမဲ့ အသက်ကြီးလို့ လား မသိ တည်ငြိမ်တယ်။ Alaska ကတော့ ဆိုးမှဆိုး … သူ့ကိုချစ်မှန်း ယုံကြည်သွားတော့ Confidence အပြည့်ပဲ။ တရိစ္ဆန်တောင် (အချစ်) ကိုရတာနဲ့ မရတာ မတူဖူး။ သူတို့စီက လည်း ဘာပြန်ရသလဲ ဆိုတော့ အားလုံးဟာ သတ္တ၀ါတွေ အတူတူချည်းပဲ (အသိဥါဏ်) ချင်းကွာတာပဲ ပါကလားလို့ (အသိ) ရလာတဲ့ အခါမှာ သာတူညီမျှ စိတ် အလိုလို ၀င်လာတယ်။ တချိန်ထဲမှာ Animals Rights ကိုလက်ခံလာတယ်။

တနေ့ …. စာရေးသူ .. California မှာ အုပ်ချုပ်သူများ Managers အစည်းအဝေးတက်နေတုန်း လီစာ ကားမှောက်ပြီး air bag က လိုဘို့ လည်ပင်းကိုရိုက်လိုက်တာ သေသွားပြီးဆိုပြီး ဖုန်းဝင်လာတယ်။ ချက်ချင်း Red Eye လို့ခေါ်တဲ့ ညမိုးချုပ်မှာ ထွက်တဲ့လေယဉ်နဲ့ ပြန်လာခဲ့ရတယ်။ တသက်လုံး ခလေးလိုမွေးခဲ့ရတဲ့ သူ့ခွေးလေး ၊ သူ့ကြောင့် သေပါတယ်ဆိုပြီး လီစာ ဟာယူကြုံးမရဖြစ်ရ ရှာတယ်။ ဗုဒ္ဓဘာသာလို ဖြေစရာ လည်း မရှိ ၊ ကံကိုလည်း ပုံမချနိုင်တော့ အဖြေရခက်ရှာတာပေါ့ ။ တနေ့ သူ့အရင်ယောက်ျားက အိမ်လာလည်ရင်း Readers Digest မှာပါတဲ့ Rainbow Bridge အကြောင်း ပြော သွားလိုက်တော့ ပြဿနာ တက်တော့တာပဲ။ ဘယ်သူက လံကြုပ်တွေ လုပ်လိုက်သည်မသိ ၊ ခွေးတွေသေရင် ကောင်းကင်တနေရာမှာ သူတို့သခင်တွေကို သွားစောင့်နေရတယ်တဲ့။ သူတို့သခင် သေမှ သူ့ခွေးကို ခေါ် လက်ဆွဲပြီး Rainbow Bridge ကိုဖြတ်ပြီးမှ Judgment Day လို့ခေါ်တဲ့ ဘုရားသခင် အမိန့်ချမဲ့နေ့ ကို သွားစောင့်ကြရတယ်ဆိုတဲ့ ပြုံပင်တခုပါ။ လီစာ ငိုင်ကျသွားတယ်။

လီစာစီမှာ Bi-Polar (or) Manic Depression ဆိုတဲ့ရောဂါရှိတယ်။ ဒီရောဂါက အများအားဖြင့် စိတ်ပျော်မြူးနေတတ်ပြီး စိတ်ဓါတ်ကျပြီဆို ဖုတ်ဆိုပြုတ်ကျတတ်တာမျိုး။ စာရေးသူတို့ မြန်မာနိုင်ငံမှာ ဒီလိုရောဂါ ဆိုရင် စိတ်ရောဂါဆိုပြီး accept မလုပ်ချင်ကြဖူး။ ဖျားနာသလို ၊ ကင်စာဖြစ်သလို ဒါဟာ ရောဂါ ဆိုတာကို နားမလည်ကြဖူး။ တကယ်က Chemical imbalance ဖြစ်တာပဲ။ စာရေးသူက ဒီရောဂါဟာ suicidal ဖြစ်တတ်တယ်ဆိုတာကို အသေးစိပ် နားမလည်ဖူး။ Capacity maturity လိုသေးတာပါ။ လိုဘို သေပြီး တလလောက် အကြာမှာ စာရေးသူ California ကပြန်အလာမှာ လီစာကို garage ထဲမှသေနေတာတွေ့ရတယ်။ garage တံခါးကိုပိတ်ပြီး ကားစက်နှိုးပြီး Carbon Monoxide CO(2) နဲ့ သတ်သေလိုက်တာ။ ပိုဆိုးတာက ပုလိပ် လုပ်ထုံးလုပ်နည်း အရ စာရေးသူကို Suspect ဆိုပြီး ချက်ချင်း Crime Scene ဆိုပြီး အိမ်ထဲပေးမ၀င်တော့ဖူး။ တမင်သက်သက် အသတ်ခံရသလားပေါ့။ ကံကောင်းချင်တော့ အိမ်ရှေ့အိမ်က အမေရိကန်ရွှေမိ က အဖြူမလှလှကလေး မာစီတီးကားနဲ့ အာရှသားနဲ့ အတူနေတာဆိုပြီး ဒေါက်ထောက်ကြည့် နေပေလို့ သာပဲပေါ့။ ယောက်ျားက Detective ဆိုတော့ လာစစ်တဲ့ ရဲအရာရှိတွေကို ကောင်းကောင်းသိကြတယ်။ စာရေးသူပြန်လာတာ ၊ garage တံခါး ဖွင့်မရတာတွေ အိမ်ရှေ့အိမ်က မြင်နေရလို့သာပေါ့။ သူတို့ အချင်းချင်း ပြောပြီးမှ စာရေးသူကို အနဲအကျဉ်းမေးပြီး အိမ်ထဲဝင်ခွင့်ပေးတယ်။ အဲဒီည က လုပ်ဖေါ်ကိုင်ဖက်အိမ် သွားအိပ်ရတာပေါ့။ Alaska ကလေးကို ဖက်ပြီး မနိုးတစ်ချက် .. နိုးတစ်ချက်ပေါ့

ငွေနဲ့ Stock Option နောက်လိုက်နေမိတဲ့ လောဘ သားဟာ ရုတ်တရက် သေချင်းတရားနဲ့ ရင်ဆိုင်လိုက်ရတော့ မှ တရားရလိုက်တယ်။ အမေရိကန်လိုတော့ it hit me from the left field လို့ ခေါ်ပါတယ်။ မထင်မှတ်ပဲ ခံလိုက်ရတယ်ပေါ့။ ငွေတွေ အောင်မြင်မှု တွေရ ပေမဲ့ ကံလှည့်စား လာရင် ခံစားခွင့် မရရင် ဘာမှအဓိပ္ပါယ် မရှိတော့ဆိုတာကို (သိ) လိုက်ရတယ်။ တနည်းအားးဖြင့် ဖျတ်ကနဲ လျှပ်တပြက်မှာ (သတိ) (တရား) ရလိုက်တယ်။ ဒီ Tragedy ကိုဖြတ်ကျော်ရာမှာ အဓိကကျတဲ့ ကိုယ်တွေ့ … အချက်တစ်ချက်ကို ..လူငယ်လေးတွေ … သိရအောင် … ဆွေးနွေးတင်ပြချင်တယ်။

စာရေးသူကူ အောင်မြင်မှုနောက်လိုက်နေတဲ့ ..လောဘသား..ဘ၀မှာ ..ဘယ်တရားရှိပါ့မလဲ။ ဘာသာဆိုတာဝေလာဝေး။ သို့သော် ..စာရေးသူရဲ့ ..မိဖနဲ့ ဆရာသမားတွေရဲ့ ကျေးဇူးကြောင့် .. Principle ဆိုတာရှိရုံ မက ..တန်ဖိုးထားရမှန်း ..(အသိ) ရှိတယ်။ လောက မှာ အရေးကြီးတဲ့ .. Value System အထဲက ..အရေးပါတဲ့ … တစ်ခုပေါ့။ လီစာ ဟာမော်တယ်လေးတစ်ယောက်ပမာ လှတယ်။ ဘော်တီကလည်း ခါးသေးရင်ချီ စံချိန်မှီတယ်။ ရုတ်တရက်ကြည့်လိုက်ရင် Beauty and the beast အလားဖြစ်နေတယ်။ အသက်ချင်းကလည်း အနည်းငယ်ကွာတယ်။ အမေရိကန်သူ ဆိုတော့ သူတို့ရဲ့ (မသိ) စိတ်မှာ (အပြိုင်) Competitive စိတ်က မသိအသာ ငြိတွယ်နေလေရဲ့ ….. လီစာက သူလှတယ်ဆိုတာသိတယ်။ အဖြူမလေးတွေနဲ့ ယှဉ်နိုင်တယ်ဆိုတာကို သိတယ်။ မကြောက်။ ဒါပေမဲ့ အာရှမလေး တွေရဲ့ အလှ ဟာ ဘာဆိုဘာာမှန်း မသိတဲ့အတွက် အာရှမ တွေကိုတွေ့ရင် စာရေးသူ အာရှမတွေအနောက် ပါသွားမှာ စိုးရိမ်ရှာတယ်။ ဒါဟာတကယ်တော့ ယဉ်ကျေးမှု မတူကြတဲ့ အရှေ့နဲ့အနောက် (မသိ) ကြတဲ့ အတွေးအခေါ် မတူကြတဲ့ Exposure ပြဿနာ တစ်ခုပဲ။

စာရေးသူ ဟာထောင်ထောင် မောင်းမောင်း ..ကျားကျားယားယား ယောကျားပီသ တဲ့ ဗလ မှမရှိတာ။ ငယ်ငယ်က ၀ါးချမ်းပြားလို ပိန်ပိန် လိန်လိန်လေး။ ဒါပေမဲ့ စာရေးသူက မွေးကတည်းက စွာတယ်။ မဟုတ်မခံ။ ၀ရိယရှိတယ်။ အာရှယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဖက် … အားမနာတတ်ဖူး.. very aggressive…. မှန်တယ်ထင်လျှင် အမုန်းခံရမှာ ..ရန်သူဖြစ်ရမှာကို မကြောက် .. လုပ်လိုက်လေကြာသလားလို့ … အကျော်နဲ့ နှစ်ပွဲ ..ဆိုတဲ့ လူစားမျိုး… အာရှယဉ်ကျေးမှုရဲ့ Collective စနစ်နဲ့တော့ သိပ်မကိုက် …. အမေရိကန်တွေရဲ့ … Individualism , Aggressiveness, Arrogance နဲ့တော့ ကိုက်မှကိုက် …. Lisa ကြောင့် စာရေးသူ Corporate ရှိရာ California ကနေ Virginia ကိုပြန်လာရတော့ Field မှာပဲ region နှစ်ခု ကိုအုပ်ချုပ်ရတဲ့ မန်နေဂျာ လာဖြစ်တော့ South ကအတွေးနဲနဲ နောက်ကျတယ်။ နိုင်ငံခြား သား အာရှငပု Boss ဘောစေ့ဖြစ်နေတာကို ဘ၀င်မကျတဲ့သူတွေရှိတယ်။ တနေ့ South Carolina က တက္ကသိုလ်တစ်ခုမှာ Product အစည်းအဝေးလုပ်ကြတော့ .. ပါမောက္ခတစ်ယောက် က IBM Product ကိုနှစ်သက်တယ်။ လူတတ်ကြီးလုပ်ပြီး Cisco အင်ဂျင်နီယာကို မေးခွန်းတွေအမျိုးမျိုးထုတ်ပြီး ပညာပြနေလေရဲ့ …. ပါမောက္ခဆိုတော့လည်း ..ဘယ်လောက်တတ်နေမှန်းမသိ …. ကံကောင်းချင်တော့ စာရေးသူက Product တစ်ခုလုံးကိုင်လာတဲ့ အရာရှိ …. ရှေ့ ၅နှစ်စာ ကြိုစဉ်းစားထားရတာ..ပြိုင်ဖက်တွေရဲ့ Product အကြောင်းလည်းကောင်းကောင်း လေ့လာထားရတာ။ ခေါင်းထဲမှာ လောလောလပ်လပ် … စာရေးသူက Boss .. ဒါကြောင့် အင်ဂျင်နီယာကို မင်းဆင်းတော့ဆိုပြီး စာရေးသူက ပါမောက္ခကိုကောင်းကောင်းပညာပေးဖြစ်လိုက်တယ်။ (အသိ) ချင်းမတူဖူးလေ။ သူက စာတွေ့ … သူတပါးပြော တာကို သာ နားထောင်ပြီး (သိ) ရတာ။ စာရေးသူက လက်တွေ့ Product ကို ဖေါ်ထုတ် developed လုပ်ခဲ့ရတဲ့သူ။ အခက်အခဲ နဲ့ ပြဿနာပေါင်းစုံကိုအတွင်းကျကျ သိတဲ့သူ။ စာရေးသူက လူပုံအလည်မှာ မငြှာမတာ ရက်ရက်စက်စက် ခပ်ကြမ်းကြမ်း ၀င်နှိပ်တော့ ပါမောက္ခအရှက်တွေ ဗျမ်းဗျမ်းကွဲပြီး ၀ုန်းတိုင်းဆိုပြီး အခန်းထဲက ထွက်ပြေးသွားရတယ်။ ပရိပ်သတ်က လည်း Cisco မှ Cisco ဖြစ်သွားရတယ်။

အာရှ mentality အရဆိုရင်တော့ customer ကို အရှက်ခွဲရသလား ဆိုပြီး အပြစ်တင်ခံရနိုင်တယ်။ အမေရိကန် mentality က Aggressiveness နဲ့ Individualism ကို အသားပေးတော့ ပါမောက္ခနဲ့ အတူ သူအသားပေးတဲ့ IBM Product ကို အနိုင်ရလိုက်တာလို့မြင်ကြတယ်။ new Sheriff in Town သွားမစမ်းကြနဲ့ ဆိုတဲ့ reputation လာဖြစ်တယ်။ ဒါကြောင့် စာရေးသူ ဟာ ကိုယ်ကာယ အားဖြင့် ဆွဲဆောင်မှု မရှိပေမဲ့ ဥါဏဖက်မှာတော့ ထက်တယ်ဆိုတဲ့ အရှိန်လာဖြစ်တယ်။ ထူးထူးဆန်းဆန်း Cisco office တစ်ခုမှာ ကွန်းတောင်ကိုင် လို့ဆိုရမဲ့ နှစ်ဆယ်ကျော် Sales ကသူငယ်မက အရေးပေးလာတယ်။ငယ်ငယ်နဲ့ ပိုက်စံကလည်းဝင် ၊ စည်းကမ်းကလည်းကြီး ၊ အလုပ်ကြိုးစား ၊ မျိုးရိုးဂုဏ်လည်းရှိတော့ … သူငယ်မ..က အိန္ဒြရေကြီးတယ်။ နံမည်ရှိတယ်။ Greek အနွယ်အမေရိကန်သူ။ လှမှလှ။ တခြား မန်နေဂျာ တွေကပါ ၀ိုင်းမြှောက်ပေးကြတော့ စာရေးသူ လည်း Lunch date သွားမိတယ်။ ဒါပေမဲ့ အတွင်းစိတ် Principle အရ စိတ်မသန့်ဖူး။ ဒါကြောင့် Lisa အကြောင်းပြောမိတယ်။ ကောင်မလေးက လည်း ဒီလို honest ဖြစ်တာကို ဘယ်လို ကျေးဇူးတင်မှန်း မသိဖူး။ ပိုလေးစားသွားတယ်။ တဖက်က ကြည့်လျှင် .. အဆီနဲ့ဝင်းဝင်း ဤငါးကျင်းကို အသင်လူသား ငြင်းလိုက်သည်မှာ မိုက်လေစွ ..လို့ ဆိုနိုင်သလို … Principled မျက်စိနဲ့ ကြည့်လျှင်တော့ Honesty ကြောင့် (စိတ်သန့်) တယ်။ စိတ်ရှင်းစေတဲ့ (စိတ်ချမ်းသာ) မှုကိုရစေတယ်။ ဒီစိတ်ချမ်းသာမှု ဟာ Lisa သေသွားတော့ မှ ပိုတန်ဖိုး ရှိလိုက်တာ။ သူမသိပေမဲ့ သူ့အပေါ် သစ္စာ မဖေါက်ခဲ့တာကြောင့် မိမိအပေါ်မိမိ ကျေနပ်မှု ဟာ ဘယ်လိုတန်ဖိုး ရှိမှန်းမသိ။ ဒီလို (အသိ) စိတ် ၊ Guilty Conscious ကင်းတဲ့စိတ်က သေခြင်းတရား tragedy ကို ကျော်လွှားစေနိုင်ခဲ့တာပါ။ မိမိကိုယ်မိမိ မှန်ထဲမှာ ပြန်ကြည့်နိုင်တဲ့ Confidence ဟာတကယ်တော့ (အတွင်းစိတ်) (စွမ်းအား) ဆိုတာ ကို လူငယ်လေးတွေကိုတင်ပြချင်တာပါ။ ဒီစွမ်းအားဟာ Honesty ကလာတာပါ။ Principle ဆိုတာ ၊ Value System ဆိုတာ အရေးကြီး တာကိုသိစေချင်တာပါ။

ပစ္စည်းချမ်းသာမှုဟာ စိတ်ချမ်းသာမှုကို အစားမထိုးနိုင်ဖူး။

Lisa သေသွားတဲ့ North Carolina မှာမနေချင်တော့တာကြောင့် … Cisco stocks တွေလည်းအတော်အတန် ရခဲ့ပြီမို့ … Leave of Absence တင်ပြီး Virginia ကိုပြန်ခဲ့တယ်။ Lisa ကိုသတိရတာနဲ့ ရေကူး ကန်နဲ့ အိမ်ကြီးကြီးဝယ် … မာစီးတီး ကားအသစ်ကြီးဝယ်စီး … သမီးလေး Alaska နဲ့ နှပ်ပြီးဇိမ်ခံနေတုန်း … Cisco အသိတစ်ယောက်က Fiber Optics Division ကလူုရှာနေတယ်ဆိုတာနဲ့ ဇိမ်ပျက်ပြီး ပြန်အလုပ်ဝင်ခဲ့ရတယ်။ အဲဒီတုန်းက Fiber Optics ကခေတ်စားနေတုန်း။ လျှပ်စစ်ကမဟုတ်ပဲ Light ကတဆင့် ဆက်သွယ်တာ။ စာရေးသူက Wave Division Multiplexing (WDM) ဆိုတဲ့ technology ကို တတ်ချင်လို့ ….. ကွန်ပြူတာတွေရော ၊ ဆက်သွယ်ရေးကရိယာတွေပါ …. လျှပ်စစ်အစား .. Light ကိုသုံးမှ ..တကယ် မြန်လာ ..ထိရောက်မှုရှိလာမှာ …… WDM အတတ်ပညာအရ Tera bits per sec ၊ Peta bits per sec အထိ မြန်လာပြီ။ ဆက်သွယ်ရေး - Communications လမ်းကြောင်း တွေဟာ Light ဆိုတော့ သိပ်မြန်တယ်။ ပြဿနာက Light ကနေ Computer Processing က Electricity ဖြစ်နေတော့ bottle-neck လာပြဿနာ ဖြစ်နေတာက conversion မှာပဲ။ Electricity အစား Light-Based ကွန်ပြူတာတွေ သုံးလာကြမှာပါ။ အတတ်ပညာက ရှေ့ရောက်နေပေမဲ့ production ထုတ်လုပ် သုံးဆွဲမှု ကနောက်ကျန်လျက်။ လက်တွေ့ သုံးနေကြတဲ့ speed က giga bits/sec ပဲရှိသေးတယ်။ မြန်မာနိုင်ငံမှာတော့ ပက်ကြိ speed ပဲရှိကြသေးတယ်။ စာရေးသူတို့ခေတ်က front-end networking ပဲရှိသေးတယ်။ အခုက back-end , SNA ခေတ် ၊ Storage ခေတ်။  စာရေးသူရဲ့ တူမယောက်ျားက Data Center မှာ Networking expert. Cisco က Blades တွေနဲ့ #1 နေရာပြန်ယူထားတယ်ကြားရတော့ ၀မ်းသာမိတယ်။ သိချင်တာတွေမေးရင်း ညအိပ်မပျော်တော့တာနဲ့ CCIE စာအုပ်ထူထူကြီးကိုပြန်ဖတ်နေမိတယ်။ MPLS ဆိုတာက ATM ရဲ့ protocol တွေက စ တာ။ Silicon Valley မှာ ကမ္ဘာကြီးကို ပြောင်းမယ်ဟေ့ ..ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ … နေ့မအိပ် ၊ ညမအိပ် လုပ်ခဲ့ကြတာတွေကို သတိရနေမိတယ်။ တကမ္ဘာလုံးမှာ ပြန့်နေတဲ့ .. အင်ဂျင်နီယာတွေ ၊ အတတ်ပညာရှင်တွေ အမိနိုင်ငံကိုပြန်လာနိုင်ကြပြီး .. အမိနိုင်ငံကို ပြန်ထူထောင်ပေးနိုင်ကြရင် သိပ်ကောင်းမှာလို့လဲ …စိတ်ထဲမှာဖြစ်မိတယ်။ မြန်မာနိုင်ငံက ပညာရှင်တွေ မညံ့ ။ ကမ္ဘာမှပြိုင်နိုင်တယ် ဆိုတာသိနေလို့ပါ။

ခွေးမိသားစု

တနေ့ အိမ်နားက Dog Park မှာ Alaska နဲ့ အမျိုးတူ ခွေးဖြူဖြူလေး နှစ်ကောင်ကို တွေ့မိရာက မိတ်ဆွေဖြစ်လာကြတယ်။ K2 တဲ့ Igloo တဲ့။ K2 က ဖက်တီးလေး။ ၀ကစ်နေတာပဲ။ Alaska က K2 ကိုသိပ်ချစ် တယ်။ Igloo ကိုတော့ ဂရုမစိုက်။ ခွေးပိုင်ရှင်က စာရေးသူထက် များစွာငယ်ပေမဲ့ အလွန်သဘောကောင်းတယ်။ ခွေးမိသားစု လာဖြစ်တယ်။ သူတို့ ခရီးသွားရင် အိမ်မှာသူ့ခွေးတွေလာထားသွားသလို ၊ စာရေးသူ ခရီးသွားခဲ့ရင်လည်း သူတို့အိမ်မှာ ထားခဲ့ရုံပဲ။ စိတ်ချရတယ်။ သူ့မိန်းမက အလွန်စည်းကမ်းကြီးတယ်။ သူ့ခွေးတွေကို ရိုက်စရာမလို .. စည်းကမ်းပေးထားတာ ၀ပ်နေတာပဲ။ အမေရိကားမှာက ခလေးတွေကို ရိုက်ဆုံးမတာမရှိရ။ Child abuse အဖြစ် အရေးယူခံရနိုင်တယ်။ ခလေးတွေဆိုးရင် Time-out ဆိုတဲ့ အပြစ်ဒဏ်ပေးကြတယ်။ K2 ကြီးခမြာလည်း ဆိုးရင် Time-out အပေးခံရရှာတယ်။ အားလုံးနဲ့ အတူတူ မနေရရှာဖူး … လှေခါးတစ်မှာ တစ်ယောက်ထဲ နေနေရတယ်။ ခေါင်းကြီးငုံ့ပြီး သနားစရာ။ သူ့ဖေက ညကငါ့သားကြီး Time-out ရတယ်ဆိုပြီး ခေါ်လာရင် စာရေးသူက အလိုလိုက်  ..ဖျက်စီးပေါ့။ သူ့မိန်းမက အင်္ဂလန်သူ။ စာရေးသူက မျိုးချစ်စိတ်ကြောင့် အင်္ဂလိပ်ဆို Prejudice ရှိတယ်။ ဗမာနိုင်ငံက ဘုရားတွေမှာ ဘိနပ်ကြီးတွေတကားကားနဲ့ လူပါးဝ ခဲ့ကြတာ … ဆရာစံ တို့သူပုန်ထ တော့ ရက်ရက် စက်စက် နှိမ်နှင်းခဲ့ကြတာ …. ဗမာတွေကို ကျွန်လုပ်ခဲ့ကြတာကို မမေ့နိုင် …. အဲလီးစဖက်.. ဘုရင်မကို ..ခေါင်းတုန်းပြီး .. ဘိနပ်မှာ ချီးလူး ..ပါးကို နာနာလေး ရိုက်ချင်တဲ့ စိတ်က ဖျောက်လို့မရ သေးဖူး။ ဒါကြောင့် သူ့မိန်းမကို သိပ်မရောဖူး။ Alaska ကတော့ အမေရိကန်ခွေးအစစ် … အဖေ့အားကိုးနဲ့ အင်မတန်လူပါးဝတယ် … ဆူလိုက်ရင် တစ်ချက်လှည့်ကြည့်ပြီး ..ဖင်လှုပ်လျှောက်သွား ရောတဲ့။ ဒါကြောင့် K2 အဖေက Alaska ကို Snotty လို့ပဲခေါ်တယ်။

K2 တို့အဖေက ကုမ္ပဏီလို့ခေါ်တဲ့ ထောက်လှမ်းရေးမှာ အလုပ်လုပ်တယ်။ Video Expert. Afgan ကိုဝင်တိုက်တော့ သူက ပစ်မှတ်ရွေးရတဲ့ အုပ်စုမှာပါတယ်။ 9/11 အပြီးမှာ ၀ါရှင်တန် နဲ့ နယူးရောက်မှာ Dirty Bomb အဖေါက်ခံရမှာ သေချာသလောက်ပဲ။ ဒါကြောင့် မြို့ထဲမှာ ဖုံးပေါက်ခဲ့ရင် ခွေးတွေကိုခေါ်ပြီး မြို့ပြင်က ဘယ်နေရာကို ဘယ်လမ်းကသွား ၊ မရရင်ဘယ်လမ်းကသွား ဘယ်နေရာမှာ ပြန်ဆုံကြမယ် … ဆိုပြီး ပစ္စည်းတွေ အဆင်သင့် ကားပေါ်တင်ထားရတယ်။ အကယ်၍ သူတို့မရှင်ရင် ခွေးတွေကို အပြန်အလှန်တာဝန်ယူကြဖို့ အထိ ကြိုတင်စီစဉ်ထားကြရတယ်။ အန္တရယ်ကြားမှနေရတာ နေဖူးမှ သိနိုင်တာ။ ဒါကြောင့် ဘင်ကြီးကို မုန်းမှမုန်း ….

အိမ်ကျယ်။

ခွေးဆိုတာက သူတို့ပိုင်နက်ကို သိပ်သတိရှိတယ်။ Alaska ကလည်း တစိမ်းမြင်ရင် ဟောင်သလားမပြောနဲ့ ….. စာရေးသူရဲ့ အိမ်က အနောက်မှာ တောကလေးရှိတယ်။ တခါတခါ သမင်လေးတွေတွေ့ရတယ်။ ချောင်းကလေးလည်းရှိတယ်။ ရေကူးကန်ကိုတော့ လုံအောင်ခြံစည်းရိုးလေးခပ်ထားတယ်။ တနေ့ ရေကူးကန် နားမှာ ကြောင်တစ်ကောင်တွေ့တော့ ငါ့ပိုင်နက် ရန်သူဝင်လာပြီးဆို ပြီး Alaska ကပြေး ဆင်းသွား တယ်။ ကြောင်ဆိုတာက သတ္တိရှိတယ်။ ခြံစည်းရိုးက ခံနေတော့ ချက်ချင်း မပြေးနိုင်တော့ ကြောင်က လှည့်ပြီး ပြန်တွယ်မလို့။ Alaska ကအိမ်ကျယ်။ Spoilt။ တကယ်ချရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိ။ ရပ်သွားပြီး အဖေကိုလှည့်ကြည့် အကူအညီတောင်းတယ်။ စာရေးသူ ပြေးလိုက်သွားမှ ကြောင်ကထွက်ပြေးသွားတယ်။ သူ့အချစ်တော် K2 ကြီးကလည်း ဘာမှမထူး။ အိမ်ကျယ်တွေပဲ။ တကယ်သတ္တိရှိပြီး ..ကိုက်ရဲတာက Igloo. သူကအမြဲ k2 ကိုစောင့်ရှောက်ရှာတယ်။

သတ္တိဆိုလို့

ခွေးတွေမှာတောင် ..တကယ်အနာခံ ကိုက်ရဲတဲ့ ခွေးနဲ့ မကိုက် ရဲတဲ့ ခွေးတွေရှိတယ်။ Vino ကသူ့သခင် ကိုအောင်နိုင်လိုပဲ ဂျွပ်စပ်စပ်နဲ့ မိုက်ခဲ။ တခါက စာရေးသူနဲ့ ကိုအောင်နိုင်တို့ မေရိလန်ကိုသွား ကြတော့ … Alsaka တို့ (၃) ကောင်နဲ့ Vino ကို စာရေးသူရဲ့အိမ်မှာ ထားခဲ့ ရတယ်။ ခွေးတွေဟာလည်း အင်မတန် အမျိုးသိကြတာ။ အမျိုးတူ (၃) ကောင်က တစ်ထပ် ၊ ဗီနိုကတစ်ထပ် ၊ သပ်သပ်စီ နေနေကြတယ်။ မရောကြဖူး။ ဗီနိုက Alaska တို့ထက် အကောင်သေးတယ်။ ဒါပေမဲ့ မိုက်ခဲ။  Igloo ကိုပြန်ကိုင်မလို့ … ၀င်ဆွဲလိုက်ရတယ်။ ကိုအောင်နိုင်က သူ့သားကို ဂုဏ်ယူမဆုံးဖူး။ သတ္တရှိတယ်ပေါ့။

တရားနဲ့ မဝေးတဲ့ ခွေး။

Alaska လေးဟာ လူလိုနေရတော့ ဘာသာရေးနဲ့လည်း မဝေးရှာဖူး။ စာရေးသူ အိမ်တက်ဆွမ်းကျွေးတော့ သမီးလေးလည်း ဖေးနားမှာ တရားနာလျက်။ နောက် စာရေးသူက ၀ါရှင်တန်မှာ ဆရာတော်တပါးနဲ့ ရင်းနှီး ခွင့်ရတယ်။ တခါတရံ အိမ်ကိုကြွရင် … ဆွမ်းကပ် … ဘာသာရေးအကြောင်းတွေမေးရင် … သမီးကလေးကလည်း အနားမှာ တရားနာလျက် …. ဒါကြောင့် ထိုင်းရောက်တော့ … တခါတခါ.. ပြောမိ တယ် … သမီးကလေး ..အဖေ ကို နတ်ပြည်မှာ သွားစောင့် နေ …. အဖေလာခဲ့မယ်လို့ …. ၀ါရှင်တန်မှာ အမျှဝေရင်း ..သမီးလေး..နောက်ဘ၀ ..ခွေးပြန်မဖြစ်ပဲ နတ်ပြည် တန်းရောက်ပါစေသား..ဆိုပြီး ..ဆုတောင်းပေးတယ်။ Alaska ကိုယ်နှိုက်ကလည်း … စိတ်ကောင်းရှိတယ်။ လိမ္မာတာကိုး ….. စာရေးသူအပေါ်သာ..ဆိုးရှာတာပါ။

ဆက်ရန်
Vino
Cute Vino
Relaxing Vino
3 Amigo(s) and Vino

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...