Friday, June 29, 2012

သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ




ဒီခေါင်းစဉ်ကတော့ အိမ်ထောင်သည်တွေရယ် ရှာရှာဖွေဖွေ ဖတ်တတ်တဲ့သူတွေနဲ့ ရင်းနီးမယ်ထင်တယ်။ အိမ်ထောင်သည်တွေအတွက် မြန်မာပြည်မှာ ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လေ။ အခုရေးမှာ အဲဒါမျိုးနဲ့ သိပ်မဆိုင်လှပါဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ လင်မယား အကြောင်းပါ။ 


ငယ်ငယ်တုန်းက လင်မယားတွေ အမြဲတမ်း ဖက်ပြီးအိပ်တယ် ထင်ခဲ့တာ။ ရုပ်ရှင်တွေထဲကလို အမျိုးသမီးက အမျိုးသား လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး ရင်ခွင်ထဲမှာ ခေါင်းတိုးဝင်ပြီး တစ်ညလုံး ဒီလိုပဲ အိပ်နေကြမယ်လို့ပဲ ထင်ထားတယ်။ လူပျိုဖြစ်တဲ့ အထိတောင် အသိ အိမ်ထောင်သည် အစ်ကိုကြီးတွေ အချင်းချင်း သူတို့ မိန်းမတွေအကြောင်း ပြောတော့ သူ့မိန်းမက သူအရမ်းဟောက်လို့ ကုတင် ဟိုဘက်စွန်း ဒီဘက်စွန်း အိပ်တဲ့ အကြောင်းတို့ တစ်ယောက်က ဟာ.. ဒီလောက် ရာသီဥတု ပူတာ လင်မယားနှစ်ယောက် ဘယ်လိုလုပ် ပူးပူး ကပ်ကပ် အိပ်မှာလဲတို့ ပြောတော့ ဒီလူတွေ ရိုမန်း မတစ်လိုက်တာ ကိုယ့် မိန်းမကို အဲဒီလောက် မချစ်ဘူးဆိုပြီး စိတ်ထဲမှာ ကြိတ်ပြောနေလိုက်သေးတယ်။

တကယ်တော့လည်း အိပ်ပျော်သွားရင် လင်မယားတွေ တစ်ယောက်ကို တစ်ယောက် ဖက်ပြီးတော့ တစ်ညလုံး ဘယ်အိပ်နိုင်ပါ့မလဲ။ ကိုယ့်ဘာသာကိုယ် သက်တောင့်သက်သာ ရှိဖို့ လိုအပ်တာပေါ့။ အိပ်နေတဲ့ အချိန်မှာ လူတစ်ယောက်က ဟိုဘက်ဒီဘက် ဘယ်နှခေါက်လှည့်တဲ့ အကြောင်းတို့ ခြေတွေလက်တွေ ဘယ်လို ဆန့်တဲ့ အကြောင်း ဘယ်လို ကွေးတဲ့ အကြောင်းတွေက Documentary တစ်ခုမှာ လူတစ်ယောက် အိပ်နေတာကို ဗွီဒီယို ရိုက်ထားပြီး အမြန် ပြန်ပြတော့ ကြည့်လိုက်ရသေးတယ်။

အိပ်ခါနီး တစ်ယောက်ကို တစ်ယောက်ကို ဖက်ထားရင် နွေးထွေးတယ်။ အမြန် အိပ်ပျော်တယ်ဆိုတာလည်း အမှန်ပါပဲ။ တစ်ယောက်ကို တစ်ယောက် ဖက်ထားရင် Cuddle Hormone လို့ ခေါ်တယ် Oxytocin တွေ ထွက်လာပြီး တခြားဟာတွေကို စိတ်မရောက်တော့ပဲ အမြန် အိပ်ပျော်စေတယ်။ ဒီလို နွေးထွေးမှုက အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်တွေ အတွေးတွေနဲ့ ယောက်ယက်ခက်နေချိန်မှာ အလိုအပ်ဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းမှာလား ရှင်မွှေးလွန်းက မင်းနန္ဒာရဲ့ ညာဘက်လက်ပေါ်မှာ ခေါင်းအုံး အိပ်လို့ မင်းနန္ဒာ ဘုန်းတွေ ကံတွေ နိမ့်ပြီး ကံဆိုးမိုးမှောင်ကျသွားရတယ် ဆိုတယ်။ ယောက်ျားတို ဘုန်း ညာလက်ရုံးမှာ ရှိလို့ အမျိုးသမီးတွေက ညာဖက်ကို ခေါင်းအုံး မအိပ်ဘူး။ ယောက်ျားရဲ့ ညာဖက်မှာ မအိပ်ဘူးလို့ ပြောကြတယ်။

လင်မယားတွေ ဖက်အိပ်ကြလား မေးရင် များသောအားဖြင့်တော့ ရာသီဥတုကို အကြောင်းပြကြမယ်။ ဒီလောက် ပူစပ်ပူလောင်နဲ့ ချွေးတလုံးလုံးနဲ့ ကိုယ့်ဘာကိုယ်တောင် ယပ်ခတ် အိပ်နေရတာ နှစ်ယောက် ဘယ်လိုလုပ် ဖက်ပြီး အိပ်မလဲ ဆိုရင်လည်း ဟုတ်နိုင်တာပဲ။ ရှင့်ကိုယ်က ဂျိုင်ချွေးစော်နံတယ်။ ဒီလိုကြီးနဲ့ ဖက်မအိပ်နိုင်ပါဘူးတော် ဆိုရင်လည်း အကြောင်းပြလို့ ရတာပဲ။ မင်းဆံပင်တွေ ငါ့မျက်လုံးထဲ နားထဲ ၀င်လို့ ဖက်မအိပ်ဘူးကွာဆိုလည်း ဖြစ်နိုင်တာပဲ။

ကျွန်တော်ကလည်း သူမကို ပြောပြတယ်။ အိပ်နေတုန်း သေသွားတဲ့ သူတွေ ရှိတယ်လို့။ သူတို့က အိပ်နေတုန်း အသက်မရှူတော့လို့ သေနိုင်တာ။ ခေါင်းမြီးခြုံ အိပ်ရင်လည်း အဲဒီလို မျိုး သေနိုင်ကြောင်း ဘာဖြစ်လို့လဲ ဆိုတော့ လူက အသက်ရှူထုတ်လိုက်ရင် ကာဘွန်ဒိုင် အောက်ဆိုက်တွေ ထွက်ပြီး အဲဒီ ဓါတ်ငွေ့တွေပဲ ရှူနေရပြီး သေသွားတာလို့။ အဲဒီတော့ သူမက အဲဒါဆို သူတို့က ရေမွန်းသလို ရုန်းရင်း ကန်ရင်း စောင်ကို မလှန်မိဘူးလား ဆိုတော့ အိပ်နေတုန်း အိမ်မှာ မီးလောင်လို့ မီးခိုးတွေ ရှူမိရင်တောင် အိပ်နေတဲ့လူက မသိနိုင်ကြောင်း ဦးနှောက်က ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ သွေးတွေပဲ ရလို့ ပြန်မနိုးနိုင်လောက်အောင်ကို အန္တရာယ်များကြောင်း ပြောပြတယ်။

ပြီးတော့ ပြောပြတယ်။ တကယ်လို့ သူမကို ဖက်ထားပြီး နှစ်ယောက်သား အိပ်ပျော်သွားရင် နှစ်ယောက်စလုံးက မျက်နှာချင်း ဆိုင်ထားလို့ ရှိရင် တစ်ယောက် ရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင် အောက်ဆိုက်ကို တစ်ယောက်က ရှူပြီး နှစ်ယောက်စလုံး အသက်ရှူကျပ်ပြီး အန္တရာယ်များကြောင်း ပြောပြတယ်။ သူမကလည်း မျက်လုံးလေး အ၀ိုင်းသားလေးနဲ့ နားထောင်ပြီး ဒီလိုဆိုတော့လည်း ကြောက်စရာကြီးနော်တဲ့။

သူမကလည်း ကျွန်တော့်ကို အလွန်စိုးရိမ်ရိမ် ပူပန်ရှာပါတယ်။ ရေခဲတောင်တက်တဲ့သူတွေက သူတို့ ခြေထောက်တွေ လက်တွေ သွေးမသွားတော့လို့ မျက်စိရှေ့မှာတင် ခြေချောင်းလက်ချောင်လေးတွေ ပုတ်သွားပြီး ကြွေကြသွားတဲ့ အကြောင်း ပြောပြပြီး သူမသာ ကျွန်တော့် လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး နှစ်ယောက်သား အိပ်မောကျသွားရင် လက်ကို သွေးမသွားဘဲ လေဖြတ်သလို ဖြစ်သွားနိုင်ကြောင်းကို အဲဒီလို အိပ်နေတုန်း တစ်ခေါက်မှာ ကျွန်တော် လက်မောင်းကျဉ်သွားပြီး လက်ဖျံတစ်ခုလုံး ဘာမှ မခံစားနိုင် မလှုပ်နိုင်တော့တဲ့ အချိန်မှာ ပြောပြထားလို့ နောက်ပိုင်းမှာ ကျွန်တော်လည်း ဘာမှ ပြန်မငြင်းနိုင်တော့ပါဘူး။ ။

http://wesheme.blogspot.com/2009/06/marriage-life-1.html

မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...