Sunday, June 24, 2012

သင်္ချာဘုရင်မ (၂)


by Zay Ya on Sunday, June 24, 2012 at 7:22pm


ရှေ့ပို့စ် မှ အဆက် --

(၅)
ပလေတို ၏ တပည့်ဖြစ်သူ အရစ္စတိုတယ် ၏ ဒဿန များက ပိုက်သဂိုရ နှင့် ပလေတို တို့၏ ဒသနများကို အနှစ်နှစ်ထောင် နီးပါးမျှ လွှမ်းမိုး ဖုံးကွယ် သွားခဲ့ပြန်သည်။ ဆက်ခံသူ ကြိုးကြား ရှိသော်လည်း ပိုက်သာဂိုရ နှင့် ပလေတို ၏ ဒဿန အများစုမှာ အနှစ်-နှစ်ထောင် နီးပါး မျှ ငုပ်လျှိုး နေခဲ့ ရပေသည်။
ထိုသို့ ဖုံးကွယ် နေခဲ့ကြသော ဒဿနများ ပြန်လည် ထွက်ပေါ်လာသော အဖြစ်အပျက်သည် ကမ္ဘာ့ သမိုင်းတွင် မှတ်တိုင် တစ်တိုင် ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ခေတ်တစ်ခေတ် အဖြစ် သတ်မှတ် ခံရလောက်အောင် လည်း ဩဇာ ကြီးမား၏။ ကမ္ဘာ့ သမိုင်း ပညာရှင်များက ထိုခေတ်ကို ရီနေဆန်းခေတ် ဟု ကမ္ဗည်း ထိုးခဲ့ကြသည်။ ပြန်လည် ဆန်းသစ်ရေး ခေတ်ဟု လည်းကောင်း၊ ဉာဏ်သစ်လောင်း အရေးတော်ပုံ ခေတ် ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။

ထိုအချိန်တွင် အီတလီ၌ လူသားဝါဒီ (Humanist) များ ပေါ်ထွန်းသည်။ လောကတွင် လူသည် အဆင့်မြင့်ဆုံး ဖြစ်၍ လောက အကြောင်း ကို သိချင်လျှင် လူကို လေ့လာရပေမည်။ လူ့နှလုံးသား ၌ ခံစားရသော ဝေဒနာကိုလည်း နားလည်ရပေမည်။ လူ၏ စိတ်ကူးဉာဏ် ကွန့်မြူး သလောက် လူ့လောကသည် သာယာဝပြော လာပေလိမ့်မည်။ စိတ်ကူးကောင်း ရဖို့ ဆိုလျှင် ရှေးဟောင်း ဂရိ တွေးခေါ်ရှင် ပိုက်သာဂိုရ နှင့် ပလေတို တို့၏ အတွေးအခေါ်တို့ကို မြတ်နိုး တတ်ရပေဦးမည်။ သို့ဖြစ်၍ ပိုက်သာဂိုရ နှင့် ပလေတိုတို့ အမှူး ပြုသော ဒဿန ပညာရှင်များ၏ ဒဿန အမြင်ပေါင်း များစွာကို ပြန်လည် လေ့လာကြမည်။ ဤသို့ အမြင်ရှိသူများ ပေါ်ထွန်းလာခဲ့ကြသည်။

အီတလီ လူသားပဓာန ဝါဒီများသည် အတွေးအခေါ် မှန်လျှင် အလွန် တန်ဖိုး ထားကြသည် ဖြစ်၍ ပိုက်သာဂိုရ နှင့် ပလေတို တို့၏ သင်္ချာအမွေ အနှစ်များကို မက်မက် မောမော ပြန်လည် လက်ခံလာကြသည်။ တစ်ချိန်တည်း မှာပင် အနှစ် နှစ်ထောင် နီးပါး ဩဇာ ညောင်းခဲ့သော အရစ္စတိုတယ်၏ အယူအဆ များကို စိစစ် ဖယ်ရှားပစ်ပယ် လာကြသည်။ ထိုသို့ အရစ္စတိုတယ် ၏ ဩဇာကို ဖယ်ရှား လာခြင်း နှင့် ပိုက်သာဂိုရ၊ ပလေတိုတို့၏ အတွေးအခေါ်များ ပြန်လည် ဖော်ထုတ် လာကြခြင်း တို့၏ အကျိုး ရလာဒ် သည် ၁၆ ရာစု နှင့် ၁၇ ရာစု အတွင်း သိပ္ပံနည်းကျ စူးစမ်းမှု များကို တွန်းအားပေးသော အရင်းခံ အကြောင်းတရား တစ်ရပ် ဖြစ်ခဲ့၏။ ရီနေးဆန်း ခေတ် (Renaissance ) အီတလီ ဗိသုကာ အတတ်ပညာ ဆိုင်ရာတို့၌ လက်တွေ့ပိုင်းကို ကြည့်ကြည့်၊ သဘောတရား ပိုင်းကို ကြည့်ကြည့် ဤအချက်မှာ ပေါ်လွင်လျက် ရှိ၏။

အရာဝတ္ထုများ နောက်ကွယ်ရှိ သဘောတရား ပိုင်းကို နားလည် ဆုပ်ကိုင် မိသည်နှင့် တစ်ပြိုင်နက် ဤသည့် အကျိုးအားနိသင်က သူ့ ပတ်ဝန်းကျင် အပေါ် စွမ်းဆောင်နိုင်သော စွမ်းရည်သစ်များကို ပေးပါသည်။ တစ်နည်းအားဖြင့် ထိုအကျိုး အာနိသင်သည် လူသား အား ဘုရား သခင် နှင့် ပိုတူလာအောင် ဖန်တီးပေးသည် ဟု ယူဆကြသည်။ ပိုက်သာဂိုရ ဂိုဏ်းသားတို့က ထိုကဲ့သို့ သူမျိုးကို အလွန် ကြီးမြတ်သော သင်္ချာပညာရှင်ကြီး အဖြစ် ရှုမြင်လေ့ ရှိကြသည်။ အကယ်၍ လူသည် အတိုင်းအတာ တစ်ခုအတွင်း လေ့ကျင့်နိုင်စွမ်း ရှိ လျှင် လည်းကောင်း၊ သူ၏ သင်္ချာကျွမ်းကျင်မှုကို တိုးပွားစေနိုင်လျှင် လည်းကောင်း ထိုသူသည် ကိုးကွယ်ရာ အဆင့်တစ်ခုခုသို့ နီးကပ်ရောက် လာခဲ့သည် ဟု ဆို၏။ ပိုက်သာဂိုရ ၏ ဤအမြင်သည် အီတလီ လူသား ဝါဒီတို့ ကြားတွင် ပြန်လည် ရှင်သန်လာခဲ့သည်။

အထူးသဖြင့် ပိုက်သာဂိုရ ၏ ဂီတမှ ဆင်းသက်လာသော ဟာမိုနီ သီအိုရီကို ရီနေးဆန်းခေတ်၌ ပြန်လည်ဖော်ထုတ် တိုးချဲ့လာခဲ့သည်။ ဤအချက်သည် ကြီးထွားစ ပြုနေသော ခေတ်သစ် သိပ္ပံပညာ အတွက် အေးမြကြည်သာသော အသိဉာဏ် ပညာပိုင်း အရုဏ်ဦး သဖွယ် ဖြစ်ခဲ့သည်။ ၁၇ ရာစုသို့ ကူးပြောင်းချိန်တွင် သိပ္ပံပညာ၌ ခွန်အားလက်နက်တို့နှင့် ပြည့်စုံလာခြင်းမှာ ဤသည်တို့နှင့် ဆက်နွယ်နေ ပါ၏။ သိပ္ပံပညာ တစ်စခန်း ထမှုသည် ရီနေးဆန်းခေတ် ပိုက်သာဂိုရ ဝါဒ အပေါ် တိုက်ရိုက် အားဖြင့် လည်းကောင်း၊ သွယ်ဝိုက် အားဖြင့် လည်းကောင်း အခြေခံလေသည်။

အနုပညာနှင့် သိပ္ပံပညာ တို့၏ လုပ်ငန်း နယ်ပယ် နှစ်ခု အကြားတွင် ဆန့်ကျင်မှု ဟူသည် မရှိပေ။ ထိုလုပ်ငန်း နှစ်ခုသည် နယ်ပယ်များစွာ အတွင်း၌ ကိန်းဂဏန်းများဖြင့် ဖြတ်သန်း၍ သစ္စာတရား နောက်သို့ လိုက်ခဲ့ကြသည်။ ရှာဖွေလေ့လာမှု၌ အခက်အခဲ ကြုံတွေ့သူ တစ်စုံတစ်ယောက်သည် ကိန်းတို့ ၏ အဆင်အပြင်မျာကို ပိုင်းခြားလေ့လာရသည်။ ဤအမြင်သစ်ဖြင့် လောကကို ချဉ်းကပ်ခဲ့သည်။

အဘယ်ကြောင့် ဆိုသော် သူတို့ ကြုံတွေ့နေကြရသော ပြဿနာသည် ထိုခေတ် ကျောင်းတော် များတွင် နေရာ ရရှိနေသော အရစ္စတိုတယ် ၏ ဝါဒနှင့် အရင်းခံမှ စ၍ ခြားနားနေကြသောကြောင့် ဖြစ်၏။ သင်္ချာကို အလေးမထားဘဲ ပစ်ပယ်သော အရစ္စတိုတယ်၏ ဝါဒ အစား လေ့လာနည်း အသစ်ကို ကိုင်စွဲကြရခြင်း ဖြစ်သည်။ ပြဿနာ သစ်များသည် ကျောင်းတွင်း ပြဋ္ဌာန်းချက် များ အပေါ် အမှီ သဟဲ မပြုပေ။ တရားသေ မဟုတ်သည့် ပြဿနာ များ ဖြစ်ပြီး ကိန်းများ၏ သိပ္ပံပညာ အပေါ် အမှီသဟဲ ပြုနေ၏။ ဤပြဿနာ မျိုးများကို ကြုံတွေ့ လာခဲ့ရသည်မှာ အချိန် အတော်ကြာလာခဲ့ပြီ ဖြစ်၏။ နယ်ပယ် အားလုံးလောက်မှာ လိုလိုပင် အဆင့်ကျော်ပြီး လုပ်ကိုင် နေရ သည့် အန္တရာယ် ကို အမြဲလိုလို အမှတ်ရနေခဲ့ကြသည်။ ထို့ကြောင့် ပြန်လည် ဆန်းသစ်ရေးသည် မလွှဲမရှောင် သာ ပေါ်ပေါက်လာ ခဲ့ရခြင်း ဖြစ် သည်။

ဤတွင် လိုအပ်သည်ထက် ပိုမို လွန်ကဲသော ကိစ္စများလည်း ပါရှိခဲ့သည်။ အခြားမဟုတ်။ နားလည်ရန် ခက်ခဲသော ဂမ္ဘီရ ဆန်ဆန် သင်္ချာ စိတ်ကူးယဉ်မှု များ ကိစ္စ ဖြစ်သည်။ ကိန်းများ အပေါ်၌ အင်းအိုင်ခလှဲ့ များက မှီခိုနေသည် ဆိုသော အယူသည်းမှု၊ အစွဲအလမ်းများ တစ်နည်း ကိန်းများကို အင်းအိုင်သင်္ကေတ အဖြစ် မှတ်ယူနေမှု များပင် ဖြစ်သည်။ ဤအယူသည်းမှုများက အချိုးတူ သီအိုရီ ကို နောက်ပိုင်း ရာစုများ၌ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သည်။ ဤစိတ်ကူးယဉ်မှု များသည် နိယာမများနှင့်လည်း ဆန့်ကျင်သည်။ သို့ရာတွင် ယနေ့ခေတ် အထိ ယင်းအယူသည်းမှုများက ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရီနေဆန်းခေတ် ကို ဖန်တီးခဲ့သော စည်းမျဉ်း အလှည့်အပြောင်း ကိစ္စသည် မဝေးသော အနာဂတ် အတွက် ထူးခြားသော စွမ်းဆောင်မှုများကို ပေါ်ပေါက်စေခဲ့သည်။

ပိုက်သာဂိုရ နှင့် ပလေတို တို့၏ ကောင်းမွေများကို ပြန်လည် ဆန်းသစ်နေချိန်၌ ကျမ်းစာများကို ပုံနှိပ်ဖြန့်ချီနိုင်ခြင်း၊ သင်ယူပုံ ဆန်းသစ်ခြင်း တို့သည် ၁၇ ရာစု အတွက် ကြီးမားသော ဒဿန စနစ်ကို လမ်းခင်းပေးလိုက်သည်။ ထို့ပြင် သိပ္ပံတော်လှန်ရေးကြီး ကိုလည်း စတင် ပေါ်ပေါက်စေ ခဲ့သည်။ ခိုင်မြဲနေသော အရစ္စတိုတယ် ၏ ရူပဗေဒနှင့် ယုတ္တိဗေဒ တို့ကို တစ်စတစ်စ ဖယ်ရှားခြင်း၊ ပိုက်သဂိုရ ဝါဒ ကို အနည်းနှင့် အများဆိုသလို အခြေခံ ပြန်ယူခြင်း တို့သည် အမှန်တရားကို ပြီးပြည့်စုံအောင် လုပ်နိုင်ရေး အတွက် ယေဘုယျ အကျဆုံး နှင့် စွမ်းအင် အကြီးဆုံး အဆိုကြမ်း တစ်ခုကို ရှာဖွေ တွေ့ရှိစေခဲ့သည်။

အီတလီ လူသား ဝါဒီတို့ ပိုက်သာဂိုရ ဝါဒနှင့် ထိတွေ့မိသောကြောင့် ပိုလန် အမျိုးသား နက္ခတ္တဗေဒ ပညာရှင် ကော်ပါးနီးကပ် (၁၄၇၃ - ၁၅၄၃ ) သည် နေစကြဝဠာ စနစ်မှန်ကို ထုတ်ဖော်နိုင်ခဲ့သည်။ ၁၇ ရာစု အစပိုင်းသို့ ရောက်သော အခါ ပိုက်သာဂိုရ ဝါဒကို အရူးအမူး လက်ခံသူ ဂျာမန်အမျိုးသား နက္ခတ္တဗေဒ ပညာရှင် "ကက်ပလာ" က ဂြိုလ်သွားလမ်းမှန် သဘောကို ရှာဖွေနိုင်ခဲ့ပြန်သည်။


(၆)
၁၇ ရာစုတွင် ဉာဏ်ကြီးရှင် အများအပြား ပေါ်ထွန်းလာသည့် အလျောက် သင်္ချာကိုင်းကွဲတိုင်း၌ တိုးတက်မှု အသီးသီး ရရှိလာခဲ့သည်။ သင်္ချာကိုင်းကွဲ များစွာ ရှိသည့် အနက် ရိုးရိုးသင်္ချာ (Pure Mathematics) သည် အခြား အသိပညာများမှ ကင်းကင်းရှင်းရှင်း ရှိနေသော အမျိုးအစား ဖြစ်သည်။ တစ်ဖန် ဂဏန်း သင်္ချာ သည် ရိုးရိုးသင်္ချာတွင်မှ အရိုးရှင်းဆုံး ဖြစ်သည်ဟု ယူဆပြန်သည်။ အရိုးဆုံး ဖြစ်သောကြောင့် လည်း ဂဏန်းသင်္ချာကို လွယ်ကူသည်ဟု မှတ်ယူထား တတ်ကြသည်။ လက်တွေ့ကြုံနေရသည့် အခြေခံ အဆင့်၌ ဂဏန်းသင်္ချာ သည် လွယ်ကူနေသည်မှာ ထင်ရှားသော်လည်း အခြေခံ အဆင့်ကို ကျော်လွန်သည့် အပိုင်းတို့၌ကား အလွန် ခက်ခဲ လာသည်။

အခြေခံ အဆင့်ထက် ကျော်လွန်သော ဂဏန်းသင်္ချာ နယ်ပယ်ကို "ကိန်း သီအိုရီ" Theory of Number ဟု ခေါ်ကြသည်။ ကိန်းသီအိုရီ ၏ အခြေခံ စည်းမျဉ်း ဥပဒေသများ နှင့် လုပ်ထုံးလုပ်နည်း များသည် အဓိပ္ပာယ် သတ်မှတ် ဖော်ပြရန်ပင် ခက်ခဲ၏။ ကိန်းသီအိုရီ သည် နက်နဲသော အတွေးသမား များ၏ စွမ်းရည်ကို အစဉ် တောင်းခံလျက် ရှိသည်။ ကိန်းဂဏန်း တို့၏ အဓိပ္ပာယ်ကို ကလေးတစ်ယောက် နားလည်အောင် ပင် ဖော်ပြနိုင်သည်။ သို့သော် ယင်းတို့၏ နက်နဲသော သရုပ်တို့ကို ကိန်းသီအိုရီ ဆိုင်ရာ ပြဿနာများက ရာစုနှစ်ပေါင်း များစွာ ဟန့်တား အာခံခဲ့ကြသည် ချည်းဖြစ်သည်။

ကိန်းသီအိုရီသည် သင်္ချာပညာရှင်များ ဖော်ထုတ်သော ပညာရပ် ဖြစ်သော်လည်း ယင်းသင်္ချာပညာရှင်များကိုပင် အဟန့် အတား ဖြစ်စေ ခဲ့သည်။ အချို့အရာများလောက်ကိုသာလျှင် သင်္ချာပညာရှင် များ တွေးခေါ်နိုင်ခဲ့သည်။ ကိန်းသီအိုရီ ၏ ဂုဏ်အင်္ဂါ များကို အဓိပ္ပာယ် သတ်မှတ် ဖော်ပြရာတွင် လည်းကောင်း၊ ယင်းတို့၏ အပြုအမှု အကျင့်စရိုက်များကို သတ်မှတ် ပြဋ္ဌာန်း ရာတွင် လည်းကောင်း ပုံသေနည်း များ၏ အကျုံးဝင်မှုကို သိမြင်ရန် သင်္ချာပညာရှင် များ ပြင်းပြင်းထန်ထန် စိန်ခေါ်ခံ ၊ အဖိနှိပ် ခံနေရဆဲ ဖြစ်သည်။


သင်္ချာနယ်ပယ် ပေါင်း များစွာ၌ ထူးချွန်သော "ဂေါက်" Gauss သည် ကိန်းသီအိုရီ ၏ ထူးခြားအံ့ဩဖွယ်များကို ထိုးထွင်း သိမြင်ခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် ပြုစုရေးသားခဲ့သော သူ၏ ကျမ်းသည် - အဆင့်မြင့် ဂဏန်းသင်္ချာနယ်တွင် မရှိမဖြစ် အရေးပါသော ကျမ်းဖြစ် ၏။ ပြောင်မြောက်သော ထိုကျမ်းထဲမှ ကိုယ်ပိုင် တီထွင်ချက်တစ်ချို့၌ သူကိုယ်တိုင် ကြိုတင်မမြင်နိုင်လောက်အောင် ပိုမို ကျယ်ပြန့်သော ထူးခြားမှု များ ပါရှိခဲ့သည်။ ယင်းမှာ ထပ်တူညီ အသိသညာ သဘောတရား (Notation of Congruence) ဖြစ်သည်။

ဂဏန်းသင်္ချာ နှင့် ပတ်သက်၍ ၁၈၄၉ ခုနှစ်တွင် "ဂေါက်" က တပည့်ဖြစ်သူ "အိုင်စင်စတိန်း" ၏ ကျမ်းအမှာ၌ မိမိအမြင် ကို ရေးပြ ခဲ့ဖူးသည်။ ယင်းကျမ်းကို ဂျာမန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ အိုင်းရစ်သင်္ချာပညာရှင် အိတ်-ဂျေ-စမစ် (H.J.Smith) (၁၈၂၆ - ၁၈၈၃) က ဘာသာ ပြန်ဆိုထားသည်။

"အဆင့်မြင့် ဂဏန်းသင်္ချာသည် ကျွန်ုပ်တို့အား မကုန်မခန်းနိုင်သည့် သိုလှောင်ရုံကြီး တစ်ခုကို လက်ဆောင်ပေးအပ်ထား၏။ ယင်း သိုလှောင်ရုံကြီး ၌ စိတ်ဝင်စားဖွယ် ကောင်းသော မှန်ကန်ချက်များ တစ်ခုနှင့် တစ်ခု ကင်းကွာမနေဘဲ နီးကပ် ဆက်နွယ်လျက် ရှိ၏။ သိပ္ပံ ပညာရပ် ၏ မရပ်မနား တိုးတက်မှု တစ်ခုစီနှင့် အတူ ယင်းတို့ကြား အဆက်အစပ် များသည် ကျွန်ုပ်တို့ မျှော်လင့် မထားသည့် အသစ်များ ဖြစ်ကြ သည်။

"အရေးပါသော အဆိုများဆီသို့ ခြုံယူဆင်ခြင်နည်းဖြင့် ကျွန်ုပ်တို့ အလွယ်တကူ ရောက်လာနိုင်သော ထူးခြားချက် တစ်ခု ရှိသည်။ ယင်း ထူးခြားချက် မှာ နောက်ဆက်တွဲ ဆွဲဆောင်မှု တစ်ရပ်ကို ဂဏန်းသင်္ချာသီအိုရီ ၏ အထင်ကရ အပိုင်းများက ရယူ ခဲ့ခြင်း ဖြစ် သည်။

"ယင်းအဆိုများသည် ရိုးရှင်းနေပုံ ရသော်လည်း ကောက်နှုတ်ချက် အများ အပြား ပြုလုပ် ပြီးသည့် နောက်တွင် ပင် ထင်ရှားပေါ်လွင်သော သက်သေပြချက် မျိုး ရှာတွေ့နိုင် ခဲလှ၏။ အချည်းနှီး ဖြစ်ခဲ့ ရသော အားထုတ်မှု များစွာ ရှိခဲ့ပြီး သက်သေပြ ချက် များ သည် အလွန်နက်ရှိုင်း စွာ တည်ရှိနေဆဲ ဖြစ်၏။

"ငြီးငွေ့ဖွယ်ကောင်းပြီး အစစ်အမှန် မဟုတ်သော နည်းများဖြင့် သက်သေပြချက်မျာကိုလည်း ရရှိတတ်သည်။ သက်သေပြချက် နှင့် ပတ်သက်သော ရိုးရိုးနည်းများသည် ကျွန်ုပ်တို့ ထံမှ ကာလ ရှည်ကြာစွာ ပုန်းရှောင်နေကြဆဲ ဖြစ်သည်။"  ဟူ၍ ကိန်းသီအိုရီ၏ ခက်ခဲပုံ ကို ရေးသား ဖော်ပြထားသည်။

ကိန်းသီအိုရီ ၏ ခက်ခဲမှုကို နဖူးတွေ့ ဒူးတွေ့ ကြုံရဖန်များလာရသော "ဂေါက်" သည် ဂဏန်းသင်္ချာ ၏ အဆင့်မြင့်မားပုံကို ရှင်းရှင်း လင်းလင်း သိမြင်လာခဲ့သည် ဖြစ်၍ "သင်္ချာသည် သိပ္ပံ၏ ဘုရင်မ၊ ဂဏန်းသင်္ချာသည် သင်္ချာ၏ ဘုရင်မ"ဟု ချီးမြှင့် ကင်ပွန်းတပ်သည် အထိ ဖြစ် ခဲ့သည်။

သင်္ချာသည် သိပ္ပံပညာ၏ ဘုရင်မ ဖြစ်သည် ဆိုသည့်အတိုင်း ယင်းသည် အခြားအသိပညာ ကိုင်းကွဲများနှင့် မဆက်ဆံ မိအောင် ရှောင်ရှား ဖို့ ကြိုးပမ်းနေတတ်သည်။ ထိုအထဲမှ ဒဿန စစ်စစ် ရိုးရိုးသင်္ချာကို သင်္ချာပညာရှင်များ ပိုမို တန်ဖိုးထားခဲ့ကြသည်။

ထို့ကြောင့် သင်္ချာပညာရှင်များ ၌ အုပ်စု နှစ်စု ကွဲခဲ့သည်။ တစ်မျိုးမှာ သင်္ချာဘာသာ အသီးသီးတို့ကို သိပ္ပံ ဘာသာရပ် တစ်မျိုးမျိုး ၌ အသုံးကျအောင် အားထုတ်သူ သင်္ချာပညာရှင် များကို "အသုံးချ သင်္ချာပညာရှင်" များဟု ခေါ်သည်။ ကျန်တစ်မျိုးမှာ သင်္ချာကို ဒဿန သဘော လေ့လာသည့် သင်္ချာပညာရှင်များ ဖြစ်ကြသည်။ ယင်းတို့ကို ရိုးရိုး သင်္ချာပညာရှင်များ ဟု ခေါ်ကြသည်။


အသုံးချသင်္ချာ ကို အလေးပေးသူ နှင့် ရိုးရိုးသင်္ချာကို အလေးပေးသူ ဟူ၍ အချင်းချင်း ဆန့်ကျင် ဘက်ပြိုင်မှုများ ရှိလာခဲ့ကြသည်။ ဤသို့ ဖြစ်နေမှုကို ပပျောက်သွားစေရန် ရည်သန်လျက် "ရိုးရိုးသင်္ချာ နှင့် အသုံးချ သင်္ချာ နှစ်ရပ် တွဲဖက် ကွန်ဂရက်" တစ်ရပ်ကို ကျင်းပ ခဲ့ကြ သေးသည်။ ထိုကွန်ဂရက်တွင် ဂျာမန် အမျိုးသား သင်္ချာ ပညာရှင် ဒေးဗစ်ဟီးလ်ဗတ် David Hilbert (၁၈၆၂ - ၁၉၄၃ ) ကို အဖွင့် မိန့်ခွန်း မြွက်ကြားပေး ပါရန် ပန်ကြားခဲ့ကြသည်။ ဟီးလ်ဗတ်က -

"ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာတို့သည် တစ်ခုနှင့် တစ်ခု ရန်ဘက်များ ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ မကြာခဏ ဆိုခဲ့ကြသည်။ ဤသည် မှာ မမှန်ကန်ပေ။ ရိုးရိုးသင်္ချာနှင့် အသုံးချသင်္ချာတို့သည် တစ်ခုနှင့် တစ်ခု ရန်ဘက်များ မဟုတ်ကြပါ။ ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာ တို့ သည် ဘယ်သောအခါမှလည်း တစ်ခုနှင့် တစ်ခု ရန်ဘက်များ ဖြစ်ကြလိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုနှစ်ခုကြား၌ ဘုံတူညီချက် ဟူ၍ ဘာဆို ဘာမှ မရှိခြင်းကြောင့် ဖြစ်ပါသည်" ဟု ခပ်ရှင်းရှင်း မိန့်ဆိုခဲ့သည်။

ဂျီဩမေတြီ တွင် ရှေးဂရိသင်္ချာပညာရှင်တို့ ထားခဲ့သော အခက်အခဲ ဟူသမျှကို ယနေ့ခေတ် သင်္ချာပညာရှင် များ ကျော်လွှားနိုင် ခဲ့ကြသည်။ သို့ရာတွင် ဂဏန်းသင်္ချာ၌မူ ဂရိတို့ ထားခဲ့သော အခက်အခဲများထဲမှ အများစုကို ယခုခေတ် သင်္ချာ ပညာရှင် များ ကျော်လွှားနိုင်ခြင်း မရှိကြသေး သည်က များနေဆဲ ဖြစ်သည်။ မလျော့သော ဇွဲလုံ့လဖြင့် နည်းလမ်းသစ်များ တီထွင်လုံးပန်း ကြရပေဦးမည်။

ကိန်းသီအိုရီ ခေါ် ဂဏန်းသင်္ချာနှင့် သင်္ချာပညာရှင်တို့ အကြောင်း ကို ၁၉၂၉ ခုနှစ်တွင် ဒစ်ဆန် က ကိန်းသီအိုရီ နိဒါန်း ကျမ်း တစ်စောင် ထုတ်ဝေ ခဲ့သည်။ ထိုကျမ်းအမှာ၌ -

"နှစ်ဆယ်ရာစု အတွင်း ကိန်းသီအိုရီသည် ထိပ်တန်းသင်္ချာပညာရှင်များနှင့် ထောင်ပေါင်းများစွာသော အပျော်တမ်း ဝါသနာရှင်မျာ သုတေသန ပြုကြသော အကြိုက်ဆုံး ဘာသာရပ် ဖြစ်လျက် ရှိပြီး မကြာသေးမီ က စူးစမ်းချက် များသည် ရှေးယခင် စူးစမ်း ချက် များ နှင့် နှိုင်းယှဉ် လျှင် သာလွန် သည် ကို တွေ့ရ ပါ၏။ နောက် အနာဂတ် အဖို့၌ ရှာဖွေ တွေ့ရှိ ဦးမည့် အချက်အလက် များသည် အတိတ် က တွေ့ရှိပြီးသား များ ထက် အပုံကြီး သာလွန်ပေလိမ့်ဦးမည်" ဟု မြှောက်ပင့်ရေး ခဲ့သော်လည်း - ဂဏန်း သင်္ချာ သည် သင်္ချာ ဘုရင်မ အဖြစ် အမြင့် တစ်နေရာ တွင် ဆက်လက် တည်ရှိနေပေ လိမ့်ဦးမည်။

~ သင်္ချာဘုရင်မ
...........................
Ebook Download

A Mathematician's Apology - by G.H.Hardy.
~ The book inspir'd on non-mathematics in field of Pure Mathematics which I do so much loved.


..............
It is a melancholy experience for a professional mathematician to find himself writing about mathematics. The function of a mathematician is to do something, to prove new theorems, to add to mathematics, and not to talk about what he or other mathematicians have done. Statesmen despise publicists, painters despise art-critics, and physiologists, physicists, or mathematicians have usually similar feelings: there is no scorn more profound, or on the whole more justifiable, than that of the men who make for the men who explain. Exposition, criticism, appreciation, is work for second-rate minds. I can remember arguing this point once in one of the few serious conversations that I ever had with Housman. Housman, in his Leslie Stephen lecture The Name and Nature of Poetry, had denied very emphatically that he was a ‘critic’; but he had denied it in what seemed to me a singularly perverse way, and had expressed an admiration for literary criticism which startled and scandalized me.
...................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...