Wednesday, June 27, 2012

"စတုတ္တမြောက် ပန်းခင်းလမ်း" (စိမ်းခက်စိုး)


by စိမ်း ခက် စိုး on Wednesday, June 27, 2012 at 10:52am ·

သူငယ်ချင်းတို့ရေ

ကျွန်တော်ပါဝင်လုပ်အားပေးနေတဲ့ အဖြူရောင်တွဲလက်များအဖွဲ့ရဲ့ စတုတ္တမြောက်ခရီးစဉ်တစ်ခုအဖြစ် မနက်ဖြန်မှာ ကချင်ပြည်နယ်က စစ်ဘေးရှောင် ကချင်ညီအကိုမောင်နှများဆီကိုသွားပြီး မြေပြန့်က ညီအကိုမောင်နှမတွေက ကျွန်တော်တို့ကနေ့တဆင့် လှူဒါန်းပေးလိုက်၊ လက်ဆင့်ကမ်းပေး လိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ၊ အလှူငွေတွေကို သူတို့ဆီ သွားပို့ဖို့ ယနေ့ ၂၈၊ ၀၆၊ ၂၀၁၂ မှာ စတင်တော့ မှာဖြစ်ပါတယ်။

ထုံးစံအတိုင်း ကျွန်တော်တို့အဖွဲ့မှာ မျက်လှည့်လို၊ သီချင်းသီဆိုသူလို ဖျော်ဖြေးရေးသမားတွေလည်းပါမှာဖြစ်သလို၊ သတင်းမီဒီယာက ညီအ ကို မောင်နှမတွေလည်း အရင်ခရီးစဉ်ကအတိုင်း လိုက်ပါကြဦးမယ်။
ဒီတစ်ခေါက် ထူးခြားတာက ရန်ကုန်တစ်မြို့တည်းက ညီအကိုမောင် နှမ  တွေစုသွားတာမျိုးမဟုတ်ဘဲ မော်လမြိုင်၊ မန္တလေးက ညီအကိုမောင်နှမတွေလည်း ပါဝင်ကြမှာပါ။

 ခရီးစဉ်ကြာမြင့်မှုကတော့ ၁၀ ရက်လောက်ဘဲမှန်းထားပါတယ်။ မိုးများတဲ့ ဒေသမို့ ခုနောက်ဆုံးသိရတာ ငှက်ဖျား၊ ၀မ်းရောဂါနဲ့ တီဘီလို ရော ဂါတွေ ဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အဲဒီလိုရောဂါတွေနဲ့ ခုရက်ပိုင်းတွေအတွင်းကို ဆုံးရှုံးလက်လွှတ်လိုက်ရသူ ကလေး၊ လူကြီး ၃-၄ ဦးရှိပြီလို့ အဲဒီစခန်းတွေမှာ တာဝန်ယူစီမံခန့်ခွဲနေတဲ့ ဖာသာ၇်တစ်ပါးက ပြောပါတယ်။ ဒါကြောင့် ခရီးစဉ်မှာ အရင်ခရီး စဉ်တွေတုန်းက မပါဝင်ခဲ့ဖူးတဲ့ ဆရာဝင်တစ်ယောက်လည်းပါဝင်လာမှာဖြစ်သလို၊ ဆေးဝါးများလည်း ၀ယ်ယူသွားကြမှာပါ။

 ကျောင်းခေါ်ရာသီဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ထိတွေ့ထားတဲ့ စခန်းတွေမှာတော့ ကလေးငယ်လေးတွေအတွက် ဒီနှစ်ပညာရေးမ ထိခိုက် အောင် ရရှိလာသမျှ ရန်ကုန်၊ မော်လမြိုင်နဲ့ ဒေသအချို့က အလှူငွေတွေနဲ့ တတ်နိုင်သမျှ ကူညီပေးထားပါတယ်။ ဒီခရီးစဉ်အတွက် ၀မ်းသာအားတက်စရာသတင်းကတော့ မန္တလေးစိမ်းရောင်စိုအဖွဲ့က ကျွန်တော်တို့အဖွဲ့နဲ့အတူ အလှူငွေကျပ် သိန်းလေးဆယ်ကျော်(သိန်း ၄၀ကျော်) တဆင့်လှူဒါန်းပေးလိုက်မယ်ဆိုတဲ့သတင်းလေးပါ။
  
နောက်ထပ် စဉ်းစားထားတဲ့အစီအစဉ်လေးကတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါကတော့ ကျွန်တော်တို့တွေ ဒီကနေ ကာလာပရင် တာတစ်လုံးဝယ်သွားပြီး ဟိုရောက်ရင် မိသားစုပုံလေးတွေ၊ ဘိုးဘွားပုံလေးတွေကို အမှတ်တရရိုက်ပေးခဲ့ပြီး ချက်ချင်းပုံထုတ်ပေးခဲ့မယ့် အစီ စဉ်လေးပါ။ တစ်သက်လုံး ဓါတ်ပုံတစ်ခါမှ မရိုက်ဘူးသူတစ်ယောက်အတွက် ဒါမှမဟုတ် ရှိသမျှမိသားစုလေးစုံစုံလင်လင်ရှိတုန်းအမှတ်တရ ဓါတ်ပုံလေးရမှာဖြစ်တဲ့အတွက် သူတို့တွေပျော်ရွှင်ကြေနကြဦးမှာ မြင်ယောင်မိသေးတယ်။

 ဒီတစ်ခေါက်ခရီးစဉ်မှာ ကျွန်တော်တို့အရင်အခေါက်တွေတုန်းက မရောက်သေးတဲ့နေရာတွေကို ဦးစားပေးသွားဖို့ ရည်ရွယ်ထားကြသလို၊ အရင်အခေါက်တွေတုန်းက မလုပ်ဖြစ်သေးတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ဆောင်နိုင်အောင် အားစိုက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဥပမာ - သက်ကြီးရွယ်အိုများရဲ့ အခြေအနေနဲ့၊ စခန်းစီမံခန့်ခွဲမှုကို ကျွန်တော်တို့လေ့လာသိရှိထားသမျှ သူတို့ကိုဝေငှပေးသွားဖို့လည်း ရည် ရွယ်ထားသလို၊ ဒီကနေ ဒေသထွက် ငပိကြော်တို့၊ ပဲလှော်တို့လို မုန့်ပဲသွားရည်စာ၊ ဟင်းလျာအခြောက်အခြမ်းလေးတွေဝယ်သွားပြီး သူတို့ တွေနဲ့အတူ နံနက်စာစားကြ၊ စကားပြောကြမယ့် အစီအစဉ်တွေလည်းပါမှာပါ။

ခင်ဗျားတို့လည်း ကျွန်တော်ရေးထားခဲ့တဲ့ ဒီစာလေးဖတ်ပြီး ကြည်နူးနေမယ်ဆိုတာ ယုံကြည်ပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေက အလှူရှင်ကြိးတွေအဖြစ်နဲ့ သူတို့ဆီသွားမှာမဟုတ်ပါဘူး။ သောကရောက်နေကြတဲ့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ၊ မိသားစုဝင်တွေ ဆီကို အဝေးက ညီအကို မောင်နှမမိသားစုဝင်တွေက အားသွားပေး၊ အလည်သွားပြီး သူတို့ကိုမေ့မထားဘူးဆိုတာ သွားပြောပေးမှာက တော့အဓိကပါ။ 

အချိန်အားဖြင့်၊ လူကိုယ်တိုင်အားဖြင့် လိုက်ပါဖို့မတတ်နိုင်တဲ့ အခြားညီအကိုမောင်နှမတွေရဲ့ လက်ဆောင်တွေ၊ အလှူပစ္စည်းတွေကို သူတို့ တွေကိုယ်စားယူသွားပေးပြီး ပေးလိုက်သူတွေ၊ လှူလိုက်သူတွေကိုယ်စား လှူဒါန်းပေး၊ လက်ဆင့်ကမ်းပေးလိုက်ခြင်းသာဖြစ် ပါတယ်။  နောက်တစ်ခုက ရွှေဘိုဘက်က ညီငယ်၊ ညီမငယ်လေးတွေကလည်း သူတို့ဆွဲထားတဲ့ ပန်းချီကားလေးတွေကို တောင်ပေါ်က သူတို့ညီအကိုမောင်နှမတွေဆီကို လက်ဆောင်ထည့်ပေးလိုက်ချင်တယ်ဆိုလို့ မန္တလေးမှာ တစ်ရက် နေပြီး ယူသွားပေးပါ မယ်။ နောက်မန္တလေးမှာ ရှိတဲ့ သတင်းသမားညီအကိုမောင်နှတွေဆီကိုလည်း ကျွန်တော်တို့ ခရိးစဉ်လေး အကြောင်း အချိန်ပေးပြီး အသိပေးသွားဖို့လည်း စီစဉ်ထားကြပါတယ်။ 

ခင်ဗျားတို့ရော ဘာမှာလိုက်ချင်သေးလဲ။ လိုက်ခဲ့ချင်တယ်တော့ မပူဆာနဲ့ဗျာ။ ကိုယ့်စားရိတ်ကိုယ်စားပြီး သွားကြရမှာရယ်၊ ရက်နည်း နည်းကြာတာရယ်၊ ရာသီဥတုရယ်၊ ခရီးလမ်းပန်းရယ်ကြောင့် လူများများမခေါ်နိုင်သလို၊ ကပ်ပြီးမှလိုက်ချင်တယ်ပြောတော့ ကားလက် မှတ်ဆိုတာ ချက်ချင်းဝယ်မရတာကြောင့် နောက်တစ်ခေါက်တော့လိုက်ခဲ့ပေါ့။

အော်နေဦး။ စာမရပ်ခင် ပြောပြစရာတစ်ခုရှိသေးတယ်ဗျ။ ကျွန်တော်တို့ အများစု ဇနီးမယားအများကြီးယူတာသာ သိထားတဲ့ မင်းတုန်း မင်းတရားကြီးမိန့်တော်မူခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ပါတ်သတ်တဲ့ မိန့်မှာမူချက်လေးကို ခင်ဗျားတို့ကိုလည်း ဖတ်စေချင်လို့ ဒီစာအဆုံးမှာ ထည့်ပေးခဲ့တယ်ဗျ။ ကျွန်တော်တို့နဲ့အတူလိုက်မယ့် မန္တလေးက ညီအကိုမောင်နှမတွေ၊ အလှူငွေတွေ လက်ဆင့်ကမ်းထည့်ပေးလိုက် တဲ့သူတွေအတွက် ဂုဏ်ပြုစကားလေးလည်းဖြစ်မယ်ပေါ့။

အဲဒါကတော့ "ရန်သူဟူသည်ကား ဖြစ်ပွားရန် လွယ်ကူသော်လည်း ငြိမ်းအေးအောင်လုပ်ဖို့ကား ခက်ခဲလှသည်။ သို့သော် ရန်မီးပွားစဉ် သတိနှင့်ထိန်သိမ်းတားဆီးနိုင်ပါသည်။ ယာယီအားဖြင့် ချစ်ကြည်မှုရရှိစေရန် လွယ်ကူသော်လည်း ထာဝရချစ်ကြည်မှုရှိအောင် လုပ်ဖို့ ကားမလွယ်ပါ။ ချစ်ကြည်ရေးထာဝခိုင်မြဲအောင် လုံ့လပြုသင့်ကြပါသည်။" ဒီစကားကို နန်းတွင်းအမှုထမ်း နယ်ခြားစောင့်နိုင်ငံခြား သား နှစ်ဦးကို ဆုံးမစဉ်မှာ မိန့်မှာချက်လို့မှတ်သားဖူးတယ်။

ငြိမ်းချမ်းရေးဆိုတာ ဆန်ပေးပြီး ဆီယူရတဲ့ ကိစ္စမျိုးမဟုတ်တာတော့ ကျွန်တော်သိပါတယ်။ အပြုံးတစ်ခုအတွက် အပြုံးတစ်ခုပြန်ရမှာ မသေ ချာပေမယ့် အမုန်းတစ်ခုလည်း ပြန်မရမှာမဟုတ်ဘူးဆိုတာလည်း ကိုယ်တော့ယုံတယ်လေ။ ကဲ ပြန်လာရင် ပျော်စရာ၊ ရင်မောစရာ အတွေ့အကြုံ့တွေ ကို ပြန်ပြောပြမယ်။ ခုတော့ ခရီးထွက်ရဦးမှာမို့ စောစောအိပ်လိုက်ဦးမယ်ကွာ။
  
ချစ်ခင်လေးစားစွာဖြင့်
  
စိမ်းခက်စိုး
(ကြာသာပတေး) ဇွန်လ ၂၈၊ ၂၀၁၂
နံနက် - ၁၂း ၁၁ မိနစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...