Friday, June 29, 2012

လောကတွင်းမှ နေ၍သာ : On sufism


by Zay Ya on Friday, June 29, 2012 at 12:48am 


ဆူဖီ သည် ရှောင်ခွာပြေးတတ်သူ မဟုတ်။ ရှောင်ခွာ ထွက်ပြေးခြင်း သည် ဆူဖီတို့၏ အစဉ်အလာ မဟုတ်ပေ။ ဆူဖီသည် ယင်း သို့ ရှောင်ခွာပြေး သည့် ဝါဒကို အပြည့်အဝ ဆန့်ကျင်သည်။ လောက တွင် ချမ်းမြေ့ ကြည်ရွှင် စွာ နေထိုင်ခြင်း၊ ဖြစ်တည်သည် ကို ဖြစ်တည် သည့် အတိုင်း ကြည်နူးနှစ်သိမ့်ခြင်း၊ ဘဝ၌ မွေ့ပျော်ခြင်း သည်  ဆူဖီတို့၏ အခြေခံကျသော အမူ အကျင့် ဖြစ် သည်။
လောက ၌ ဖန်ဆင်းရှင် ဆီသို့ ဆိုက်ရောက် ရန် အကြောင်းသည် ဖန်ဆင်းထားရှိသည့် အရာတို့၌ အပြည့်အဝ နေထိုင်ခြင်းမှ တစ်ပါး အခြား မရှိကြောင်း ဆူဖီတို့ လက်ခံ သည်။ ဘုရား သခင် ဖန်ဆင်း ထားရှိပြီးသော အဘယ်အရာ ကမှ သင်သည် စွန့်ခွာပြေးခဲ့ရန် မ လိုအပ်ပေ။ ဖြစ်ရှိနေသည့် လောက ကို စွန့်ခွာပြေးခြင်း ဟူသည် ဘုရားသခင် ကို စွန့်ခွာပြေးခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရား သခင် ဖန်ဆင်းထားပြီး သည်တို့ကို ရှောင်ခွာ ပစ်ခြင်း သည် ဘုရားသခင် ကို သွယ်ဝိုက်သော နည်း အားဖြင့် ဆန့်ကျင်ခြင်း ဖြစ် ပါ၏။

သို့သော် Renunciation တောထွက်ခြင်း၊ ကြဉ်ရှောင်ခြင်း အကျင့် ဟူသည် မရှိ မဟုတ်၊ ရှိ၏။ ယင်း၏ အဓိပ္ပာယ်မှာ ဆူဖီတို့ သည် လောက ကို ကြဉ်ရှောင်ခြင်း မဟုတ်၊ ဘုရားသခင် ထံသို့ ချဉ်းကပ်သွား ခြင်း သာ ဖြစ်သည်။ ဘုရားသခင် ထံ ဆိုက်ရောက်သည့် ခဏ ၌ လောက သည် မြူတစ်စနှယ် ပပျောက်ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ -- ဤလောက၌ ဘုရားသခင်ထံ ဆိုက်ရောက်သည် ၏ အဖြစ်နောက် ၌ အဘယ် အရာ ကိုရော စွန့်ခွာ ခဲ့ရဦး မည်နည်း - စင်စစ် ဘုရားသခင်မှ တစ်ပါး အခြား မရှိပေ။

ဆူဖီ တို့ သည် လောက ကို အရင်းအတိုင်း ချဉ်းကပ်သည်။ ဤသို့ဖြင့်သာ ဘုရားသခင် ထံသို့ ဆိုက်ရောက် ၏။ ယင်း၏ ဟိုမှာဘက်တွင် ဘာမျှ ရှိမနေ တော့ ပေ။ လောကသည် လည်းကောင်း၊ မိမိ၏ အထင်အမြင်မှား အတ္တမ သည်လည်းကောင်း - ယင်းအခါ၌ စိမ့်ဝင် ပပျောက်ပြီး ဖြစ်သည်။ ဤကမ္ဘာ - အခြားကမ္ဘာ၊ ဤလောက - အခြားလောက ကွဲပြားဖြစ်တည် မနေပေ။ အားလုံးသည် တစိတ် တပေါင်း တည်း ဘုရား သခင် အဖြစ် ဖြစ်တည်လျက် ရှိသည် ဖြစ်၍ ၎င်းတို့အတွက် "စွန့်ခွာရန်" ဟူသည့် ဝေါဟာရ မှာ စင်စစ် အဓိပ္ပာယ် မရှိတော့ပေ။

ထို့ကြောင့် ဆူဖီ တို့က -

"God is available, it is already available. All that you need is an uncomplicated mind, all that you need is a state of no-motivation. All that you need is to fall into the silence of this moment, no trying to achieve something tomorrow"

"ဘုရား သခင် သည် အလှမ်းကွာဝေး နေသည်မဟုတ်။ ယခု ပင်လျှင် တည်နေပြီး၊ ရှိနေပြီး ဖြစ်သည်။ အဆင်သင့် ရှိပြီး ဖြစ်သည်။ သင် အားထုတ် ရန် လိုသည့်အရာမှာ - ရှုပ်ထွေး နောက်ကျိ မနေသော (ဝါ) ကြည်လင်သော သင်၏ စိတ်သာ ဖြစ်သည်။ သင့် အတွက် ယခု တခဏ ဆိတ်ငြိမ်နေ သည့် အဖြစ်သာ လိုအပ်သည်။ နက်ဖြန်၊ နောက် တစ်ခဏ၊ အနာဂတ် တို့ အတွက် ကြိုးပမ်း ရယူနေစရာ တစုံတရာ ဘာမျှ မရှိ။" ဟူ၏။

ဆူဖီ တို့သည် ဘဝကို ပြည့်ဝ ရိုးရှင်းစွာ နေထိုင် သည်။ အနှောင် အတွယ် မရှိ၊ ကပ်ညိ သက်ရောက်မှု မရှိ။ ယင်း နေထိုင်မှုဖြင့် ၎င်း၏ စွမ်းရည် သည် တစစ ပြောင်းလဲ လာခဲ့၏။ ဤ နေရာ၌ ပြောင်းလဲ လာသည် ဆို သည်မှာ - ၎င်းက ပြုပြင် ဖန်တီး၍ ပြောင်းလဲ လာခြင်း မဟုတ်ကြောင်း နားလည် ထားရန် လိုပါသည်။ ဆူဖီသည် မည်သည့် အရာကိုမျှ ပြောင်းလဲ ရယူရန် ကြိုးပမ်းမနေ။ ၎င်း၏ အားအစွမ်း မှန် သမျှ အားလုံး သည် ဘုရားသခင် ထံသို့သာ တိုက်ရိုက် ဦးတည်သည်။ ဘုရားသခင် ထံသို့သာ ဦးညွှတ် စိမ့်ဝင်ပြီး ဖြစ်သည်။ ထိုမှ တစ်ပါး ၎င်း ကိုယ်တိုင် အတွက် ဘာမျှ ပြင်ဆင်မနေ။


ဤအချက် သည် အရေးကြီး ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤသည် ကို နားမလည် လျှင် ဆူဖီ တို့ နှင့် ပတ်သက်သမျှ ဘယ် အရာ ကို မျှ  သင် နားလည်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဆူဖီတို့ စူးစိုက် ဦးညွှတ် ထားသည့် တစ်ခုတည်း သော အမှု မှာ - Zikr (ဇကေရ်) - Remembrance of God - ဘုရားသခင် သို့ အောက်မေ့သတိရခြင်း ဖြစ်သည်။ အောက်မေ့မှု သတိ နက်ရှိုင်းလေ - လောကနှင့် ပတ်သက် သည့် နှောင်တွယ်မှု ပိုမို ပါးလွှာ လာလေ ဖြစ်သည်။ အောက်မေ့မှု သတိ နက်ရှိုင်းသည်ထက် နက်ရှိုင်း လာ သည်နှင့် အမျှ - ဗဟိဒ္ဓ တို့၏ သရုပ်သကန် သည် ၎င်းအတွက် အရေးအရာ ဝင်ပါ မနေ တော့ပေ။ ရွှေငွေ၊ ဥစ္စာ၊ ရတနာသည် လည်းကောင်း၊ တိုက်တာ အိုးအိမ် အခြွေအရံ စည်းစိမ် တို့ သည် လည်းကောင်း သမားရိုးကျ အဖြစ်မှ တစ်ပါး အခြား ထင်ရှား မနေတော့ပေ။

ဤသို့ဖြင့် ဆူဖီ တို့သည် လောက စည်းစိမ်မှ - ဇွတ်အတင်း - ရှောင်ခွာ မနေခြင်း ဖြစ်၏။ ဘာသာ ဂိုဏ်းဂဏ တိုင်း နီးပါးက - စည်းစိမ်ချမ်းသာ ကို စွန့်လွှတ် ခဲ့ရန် ညွှန်းဆို ကြသည်ချည်း ဖြစ်သည်။ သို့သော် ဆူဖီ တို့အတွက်မူ- စည်းစိမ်ချမ်းသာ သည် စွန့်ခွာရန် မဟုတ် - ၎င်းတို့သည် အသုံးပြု ခံ သာ ဖြစ်သည်။ အရာ အားလုံး ထဲက အရာ တစ်ခုသာ ဖြစ်သည်။ မမြင်နိုင်သော ချမ်းသာ ဖြစ်သည့် ဘုရားသခင်နှင့် တစ်ပေါင်း တည်း တည်ရှိနေခြင်း အလို့ငှာ - Zikr - သတိတရ ပြုသည် ၏ အဖြစ်၌  ၎င်း စည်းစိမ်ဥစ္စာ ဟူသည်မှာ အနှောင့်အယှက် မဟုတ်၊ လောက ရှိ အရာရာ တို့ ကဲ့သို့ - အထောက်အပံ့ သက်သက် သာ ဖြစ်သည်။ တွယ်တာ ရန်လည်း မဟုတ်၊ စွန့်လွှတ် ရန်လည်း မဟုတ်။

To know the real is enough. "အစစ်အမှန် ဟူသည် မည်သို့ ဖြစ်ကြောင်း သိလျှင် လုံလောက်သည်"။ ဤထက် မပိုနေပေ။ စင်စစ် ရှောင်ခွာမှု၊ ကြဉ်ရှောင်မှု ဟူသည် (လိုအပ်လျှင်) သူ့အလိုအလျောက် ဖြစ်လာမည့် အရာသာ ဖြစ်၏။ ဤ အကြောင်းကြောင့် ဆူဖီ တို့သည် - အတ္တကိလာမထ ကို လုံးဝ ငြင်းပယ်ခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် အတ္တကိလမထ ဖြင့် လူ့လောကီ ကို ရှောင်ခွာ ထွက်ပြေး သူ များ မဟုတ်ကြခြင်း ဖြစ်သည်။ မိမိ ကိုယ်ကို ညှင်းပန်းသော အားဖြင့် အားထုတ် ခြင်း သည် မမှန်ကန်သော အကြောင်းခံ သာ ဖြစ်သည်။ မရင့်ကျက်ခြင်း၊ မ ရင့်မှည့်ခြင်း သာ ဖြစ်သည်။ မရင့်မှည့်ခင် အစိမ်း သက်သက် အဖြစ်မှ စိတ်လို လက်ရ ခြွေချ လိုနေခြင်း သာ ဖြစ်၏။

အသီး မှန်လျှင် ရင့်မှည့် လုံလောက် သည့် ခဏ၌ သူ့အလိုလို ကြွေကျ မည်ချည်း။ သဘာဝက အလို အလျောက် ခြွေချ ပေးကြမည် ချည်း ဖြစ် သည်။ သို့အတွက်နှင့် - မရင့်ခင်၊ မမှည့်ခင် - အဘယ်ကြောင့် အတင်းအကျပ် ခြွေယူ ပါသနည်း။ မိမိ အလိုဆန္ဒဖြင့် ခြွေယူ ရမည် ဟု မည်သူ သတ်မှတ် နိုင်ပါသနည်း။ အတင်းအကျပ် ခြွေယူကြသည့် အဖြစ်ကြောင့် အပင်သည်လည်း ထိခိုက်၍ အသီး သည် လည်း ထိခိုက်ရသည် ချည်း ဖြစ်ကြောင်း၊ စင်စစ် မိမိ အလိုဆန္ဒ စိုက်ထုတ်ခြင်း ကိုယ်၌သည် သဘာဝ ကို အနှောင့် အယှက် ပြုခြင်း သာ ဖြစ်ကြောင်း ဆူဖီ ဆရာတို့ ဆိုကြ၏။

ရင့်မှည့်သော အသီးတစ်လုံး သူ့အလိုအလျောက် ကြွေကျသည့် အလှ ကို တခုတ်တရ မြင်တွေ့ဖူး ပါသလား။ အလို အလျောက်၊ အကြောင်း အားလျော်စွာ၊ (ဝါ) တိတ်ဆိတ်ငြိမ်သက်စွာ အလှပဆုံး ကြွေကျသွားကြသည်။ အပင်သည်လည်း နှုတ်ဆက်၍ အသီး သည် လည်း နှုတ်ဆက် ထွက်ခွာ သွားကြသည်။ ယင်းတို့ အကြားတွင် မည်သည့် ပဋိပက္ခမျှ ရှိမနေပေ။ ဤသို့ အကြောင်း ဖြင့်ပင်လျှင် ဆူဖီဆရာ တို့က - လောက တွင်း နေထိုင် ၍ လောကအလွန်သို့ ဆိုက်ရောက်ကြောင်း ညွှန်ပြကြခြင်း ဖြစ်ပါ၏။
....................
~ On sufism
....................
June 29th 2012 at 12:15 PM
...................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...