Thursday, June 28, 2012

Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး


by General Knowledge on Thursday, June 28, 2012 at 6:34pm ·

 Written by ဒေါက်တာခင်မောင်ညို    Wednesday, 27 June 2012 15:47 

 (၁)

Crony အကြောင်းကို ပြောချင်ပါတယ်။ Crony ရဲ့ မူလအဓိပ္ပာယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။ ကျွန်တော့်ဆီမှာရှိတဲ့ Dictionary အတော်များများမှာတော့ Crony ရဲ့ အဓိပ္ပာယ်ဟာ ရိုးစင်းတယ်။ (Crony; Close fried:a close friend of someone especially one of long standing)


အနီးကပ်မိတ်ဆွေ၊ အနီးကပ် မိတ်ဆွေ။ ရှေးကတည်းကခင်မင်တဲ့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။ ဒါပေမဲ့ ခေတ်သစ်ကိုရောက်လာတော့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာလည်း ပြောင်းလာတယ်။ Merriam Webster Dictionary  ဆိုတာ အာဏာရှိသူများနှင့် ပေါင်းစားနေကြသူ စီးပွားရေးသမားများလို့ ဆိုထားပါတယ်။ စာအုပ်ထဲကအတိုင်း ဖော်ပြရရင်တော့ A  close friend of someone especially; a friend of someone powerful (such as Politician) who is unfairly given special treatment or favours  ပါပဲ။

ဥပမာလေးပေးထားတယ်။ The mayor rewarded his cronies with high paying jobs after he was elected လို့ ဖြစ်တယ်။ မြို့တော်ဝန်ဟာ ရွေးချယ်ခံရပြီးတဲ့နောက် သူရဲ့ အပေါင်းအသင်း Cronies များကို ပိုက်ဆံရတဲ့ နေရာကောင်းတွေ ပေးထားတယ်လို့ ဆိုတာပါပဲ။

အရည်အချင်းထက် ခင်ရာမင်ရာကို ပစားပေးတာမျိုးဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်းပြောတဲ့ ဟာသလေးရှိတယ်။
“ဟို ညွှန်ချုပ်ရာထူး လွတ်နေတယ်ဆို”

''မလွတ်တော့ဘူး''

''ဟင် ဘယ်သူ့ကိုပေးလိုက်လဲ''

''မောင်ညစ်ကို''

''ဟုတ်လား အဲဒီရာထူးကို မောင်ညစ်ကို ဘာလို့ပေးလဲ''

''သူတော်လို့ပေါ့''

''ဘယ်နေရာမှာတော်လဲ''

''ဆွေမျိုးတော်တာလေ'' ဆိုတာ မျိုးပေါ့။

(၂)

ကျွန်တော်နေထိုင်ရာ လမ်း ၃၀ အိမ်မှာ သူငယ်ချင်း မောင်ဘသစ်နဲ့ မကြာခဏ တွေ့တတ်တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ကျောင်းကတည်းက ငယ်သူငယ်ချင်းတွေပါ။ သူကအငြိမ်းစား ပါမောက္ခဖြစ်တယ်။ စာတော်သလောက် စာအင်မတန်ဖတ်သူဖြစ်တယ်။ သူက ရူပဗေဒဌာနက ဖြစ်သော်လည်း နိုင်ငံရေးစီးပွားရေးကိုလည်း အတော်သိတယ်။

''ကိုဘသစ်ရောက်လာတာနဲ့ အတော်ပဲ။ ကျွန်တော် မေးစရာလေးရှိလို့ပါ''

''မေးလည်းမေးပေါ့။ ဟိုဘက်လမ်းက ရွှေညာလက်ဖက်ရည်ဆိုင်လည်း သွားကြတာပေါ့''

သူက လက်ဖက်ရည်အတော် ကြိုက်သူဖြစ်တယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ မြန်မာ့ဓလေ့လို့တောင် ပြောလို့ရတဲ့ ခုံပုလေးတွေမှာ ထိုင်ကာ လက်ဖက်ရည်မှာကြပါတယ်။

''ကဲ ခင်ဗျားသိချင်တာဘာလဲ'' ဟုဆိုပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ ခရိုနီ Crony တွေ အများကြီး ရှိတယ်ဆိုတာ ဟုတ်လား”

''ဒါကတော့ နိုင်ငံတကာမှာလည်း ရှိတယ်လေ။ အာဏာရသူတွေနဲ့ ပေါင်းစားတာ ဘယ်နေရာမဆို ထုံးစံပဲကွ။ အာဏာရသူဟာလည်း သူကိုယ်တိုင် မလုပ်ချင်တဲ့ Dirty Job တွေကို Crony တွေကို အပ်တယ်။ Crony တွေကို ပစားပေးပြီး ချမ်းသာမှုဝေစုကို သူတို့ရတာကိုး''

''ဘယ်သူတွေကရတာလဲ''

''အာဏာရှိသူက ဝေစုရတာပေါ့”

''ဒါကြောင့် Crony သို့မဟုတ် Cronies ဟာ မူလအဓိပ္ပာယ်ကနေ ပြောင်းသွားတဲ့ စီးပွားရေးဝေါဟာရ ဖြစ်လာတာကိုး''

''ဟုတ်ပ ခေတ်ရဲ့ လိုအပ်ချက်ပေါ့”

''ဟုတ်ပါတယ် Crony ရဲံ့ မူလ အဓိပ္ပာယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ''

''ခင်ဗျားမေးတာ ကျွန်တော် အထာနည်းနည်းပေါက်သလိုပါပဲ'' လက်ဖက်ရည်သောက်ရင်း ကိုဘသစ်က ပြောပါတယ်။

''သဘောပေါက်ရင် ခုလာမယ့် အပြောင်းအလဲတွေမှာ တွေ့ရမယ့် Cronies တွေအကြောင်း ပြောပါဦး''

''ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေကြတယ်။ နိုင်ငံရေးပြောင်းလဲတော့ ကျန်တဲ့စီးပွားရေးတို့ ပညာရေးတို့လည်း ပြောင်းလာမှာပေါ့။ ဒီတော့ နိုင်ငံတစ်ခု တိုးတက်တယ်ဆိုတာ စီးပွားရေးကောင်းတာက အတော်လေး အဓိကကျတယ်။ ဒီလိုစီးပွားရေးကောင်းဖို့ဟာ စီးပွားရေးသမားကောင်းတွေ လိုတယ်။ မြန်မာပြည်မှာ စီးပွားရေးသမား နှစ်မျိုးရှိတဲ့အထဲမှာ Cronies တွေဟာ ချမ်းသာပြီး အခွင့်အလမ်းကောင်းတွေ ရနေသူတွေဖြစ်တယ်'' 

ခုလိုပြောင်းလဲလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပွင့်လင်းမြင်သာအောင် ဥပဒေတွေနဲ့ ထိန်းရမယ်။ အချိန်တော့ကြာမယ်။ အမှားအယွင်းတွေ ရှိဦးမှာပဲ။ ဒါကိုလက်ခံကြရမယ်။ မြန်မာလူငယ်လေး တွေဟာလည်း Business Tycoon တွေ ဖြစ်လာနိုင်တာပဲ။ သူတို့မှာ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ ထိန်းနိုင်ပြီး တိုင်းပြည်ဟာ ပွင့်လင်းမြင်သာလာတဲ့အခါ Cronies တွေရဲ့ လက်ဝါးကြီးအုပ်မှုဟာ နည်းလာမယ်  . . .

''စီးပွားရေးသမားနှစ်မျိုးဆိုတာ ရှင်းပါဦး။ ၀ိသမလောဘသမားတွေလို့ ဆိုလိုတာလား''

''ကျွန်တော်က အာဏာရှိသူတွေနဲ့ ပေါင်းစားတဲ့ စီးပွားရေးသမားတွေနဲ့ စီးပွားရေးကို စီးပွားရေးအမြင်နဲ့ လုပ်တဲ့ စီးပွားရေးသမားလို့ ပြောချင်တာပါ။ ဘယ်သူက သမာအာဇီဝကျတယ်၊ မကျဘူးလို့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုတာ အမြတ်အစွန်းအတွက် လုပ်တာပဲ မဟုတ်လား။ Crony တွေကိုတော့ ငါးသလောက် စီးပွားရေးသမားများလို့ ခေါ်တယ်။ ခင်ဗျားကြည့်လေ ငါးသလောက်ဟာ ပေါင်းစားရင် အရိုးမထိတဲ့အပြင် အရသာလည်း ရှိတာကိုး ဟား ဟား''

(၃)

''ဒါဆိုရင် ကျွန်တော်က အပြုသဘောမျိုးနဲ့ မေးချင်တယ်''

''ဟာဗျာ။ ခင်ဗျားကလည်းမေးတာပဲ မေးစရာရှိရင်မေးပေါ့။ ဘယ်သူကမှ အဖျက်သဘောမျိုး မေးတာမဟုတ်ဘူး။ မေးလိုက်တဲ့အခါ ပွင့်လင်းသွားတယ်လေ။ သူ့ကိုအခွင့်အလမ်း ပေးလိုက်တာမျိုးတွေ အများကြီးရှိတယ်''

''ဒါပေမဲ့ တချို့မေးခွန်းတွေဆို မမေးသင့်ဘူးလေ။ ၀န်ကြီးပြုတ်တော့မယ်ကြားတယ်။ ဟုတ်ပါသလားဆိုတာမျိုးပေါ့''
ဒါလည်း အပြင်မှာ ကောလာဟလဖြစ်နေလို့ သတင်းထောက်မေးတာ ဖြစ်မှာပေါ့။ ၀န်ကြီးက မသိရင် ကျွန်တော် မသိပါဘူးလို့ ဖြေလိုက်ရင် ပြီးတာပါပဲ။ သိနေရင်လည်း ကောလာဟလဆိုတာ မကောင်းပါဘူး။ လူများ ထိခိုက်တယ်ဆိုတာမျိုး ပြောလို့ ရပါတယ်။ တစ်ခုပဲရှိတယ်။ အရေးကြီးတဲ့ ထုတ်ပြန်ချက်တွေသိဖို့ အခြားသူတွေ မေးနိုင်တဲ့ အခွင့်အလမ်းတွေ ပိတ်သွားတာတွေ ဖြစ်ရင်တော့ မကောင်းဘူး။ ကျွန်တော်တစ်ခါက ဖတ်ဖူးတယ်။ သတင်းထောက်က ၀န်ကြီးကို ခင်ဗျားဘယ်နေ့က ဘယ် ဟိုတယ်မှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်လို့ ပြောနေကြတယ်။ အဲဒါခင်ဗျားဇနီးလည်း မဟုတ်ဘူးတဲ့။ အဲဒါဟုတ်ပါလားလို့ မေးရင် ဘယ်လိုဖြေရှင်းမလဲ

''အင်း အတော်ဆိုးတာပဲ''

''မဆိုးပါဘူး။ ၀န်ကြီးက ဖြေတယ်။ တကယ်တော့ကျွန်တော့်ညီမက သူ့ယောက်ျားနဲ့ ပြဿနာဖြစ်လာလို့ အိမ်ကို ရောက်လာတယ်။ ကျွန်တော်ကလည်း ခရီးထွက်မယ့်ဆဲဆဲဖြစ်လို့ သူကျွန်တော့်နောက် လိုက်လာတယ်။ ကျွန်တော်တို့ဟိုတယ်မှာ တည်းကြတော့ သူလည်း ပါလာတယ်။ ဟိုတယ်နာမည်လိပ်စာကို ကျွန်တော်ပေးပါမယ်။ ကျွန်တော့်ညီမရဲ့ မှတ်ပုံတင်ကအစ စုံစမ်းလို့ရပါတယ်''

''အင်း ဒါဆိုလည်း ၀န်ကြီးဟာ ဖြေရှင်းခွင့် ရလိုက်တာပဲပေါ့''
''ဟုတ်ပါတယ်။ ဒါပေမဲ့ဒါဟာ သတင်းစာထဲ ထည့်လို့ကောင်းတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာတွေက အဓိကဖြစ်နေတယ်။ ကျွန်တော်ဆိုလိုတာက ဘယ်မေးခွန်းကမှ အဖျက်သဘောနဲ့ မေးတာမဟုတ်ဘူးလို့ စဉ်းစားလို့ရပါတယ်။ ခင်ဗျားမေးစရာရှိရင် တည့်တည့်သာ မေးပါ။ မြန်မာတွေက မေးခွန်းမေးတာတွေရော မေးခွန်းမေးခံရမှာကော ကြောက်နေတယ်''

(၄)

''ဟုတ်ကဲ့ပါ ကိုဘသစ်ရာ။ မြန်မာပြည်ဟာ ခုလိုပြောင်းလဲတဲ့အခါတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာမယ်။ ဒီအခါမှာ Cronies တစ်စုကပဲ ကြီးပွားလာမယ်လို့ ထင်တယ်။ အဲဒါ ဟုတ်ပါသလား''

''ဒါအများကြီး ဖြစ်နိုင်တာပေါ့။ သူတို့မှာ အရင်းအနှီးတွေ အများကြီးရှိလို့ လုပ်ငန်းတွေအများကြီး လုပ်နိုင်မှာ အသေအချာပေါ့။ ဒါပေမဲ့ အခြားလူတွေလည်း စီးပွားရေးလုပ်ငန်းမှာ တစ်စတစ်စနဲ့ ၀င်တိုးလာလို့ ရလာနိုင်ပါတယ်။ ဘယ်နေရာမဆို ဒီလိုပဲ ဖြစ်မှာပါ''

''ခက်တော့ခက်မှာပေါ့နော်''

''ခက်မှာပါ။ ခုလို ပြောင်းလဲလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပွင့်လင်းမြင်သာအောင် ဥပဒေတွေနဲ့ ထိန်းရမယ်။ အချိန်တော့ ကြာမယ်။ အမှားအယွင်းတွေ ရှိဦးမှာပဲ။ ဒါကို လက်ခံကြရမယ်။ မြန်မာလူငယ်လေးတွေဟာလည်း Business Tycoon တွေ ဖြစ်လာနိုင်တာပဲ။

 သူတို့မှာ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ထိန်းနိုင်ပြီး တိုင်းပြည်ဟာ ပွင့်လင်းမြင်သာလာတဲ့အခါ Cronies တွေရဲ့ လက်ဝါးကြီးအုပ်မှုဟာ နည်းလာမယ်။ သူတို့လည်း သဘောပေါက်ပြီး ဈေးကွက်စီးပွားရေးစနစ်မှာ အမှန်အကန် နည်းလမ်းက ပါဝင်လာမှာပါပဲ''

''သူတို့တွေနဲ့ လွယ်ပါ့မလား''

''သူတို့ကို တိုက်ထုတ်တယ်ဆိုတာ မမှန်တဲ့လမ်းပါ။ စီးပွားရေးမှာ မှန်မှန်ကန်ကန်နဲ့ ယှဉ်ပြိုင်သွားရမယ်။ အစိုးရကလည်း လက်ဝါးကြီးအုပ်တဲ့စနစ် မဖြစ်အောင် ထိန်းရပါတယ်။ အမေရိကန်မှာ အဲဒီလို ဥပဒေရှိတယ်''

''ဟုတ်ကဲ့''

''ဒီခေတ်မှာ ပညာနဲ့လည်း ချမ်းသာလို့ရတယ်။ Bill Gate တို့ Steve Jobs တို့ Michael Dell တို့ဆိုရင် လူငယ်လေးတွေ ဘာအရင်းအနှီးမှ မရှိဘဲ ချမ်းသာလာတယ်'' 
''သူတို့က Technocrat တွေ မဟုတ်လား။ ပညာတော်တယ်လေ''
''ဟုတ်တယ် ၀ါရင်းဘို့ဖက်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကနေ ချမ်းသာလာတယ်။ ဝေါ့ဒစ္စနီကော အကြိမ်ကြိမ် ဒေ၀ါလီခံရတဲ့ ကာတွန်း ရုပ်ရှင် ထုတ်တဲ့သူပါ''

''ခင်ဗျားပြောတာ ဟုတ်ပါတယ်''

''အခွင့်အလမ်းတွေရရင် အဆင်ပြေလာနိုင်ပါတယ်။ တိကျတဲ့ဥပဒေတွေနဲ့လုပ်ရင် ကြိုးစားတဲ့လူတော်တွေဟာ ချမ်းသာလာနိုင်ပါတယ်။ သူတို့ဟာ Crony ဖြစ်စရာမလိုပါဘူး။ ခင်ဗျားကို ၀ါရင်းဘို့ဖက်ရဲ့ စာတွေပေးဖတ်ဦးမယ်''

''ကိုဘသစ်က Cronies တွေကို ထောက်ခံတာပေါ့ ဟုတ်လား''

''ဒါကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်ဖို့လမ်းတွေ အများကြီးထဲမှာ ဒါဟာ မလွဲမသွေ ရင်ဆိုင်ရမယ့်လမ်းပါပဲ။ ဃမသညပ တွေကို လမ်းကြောင်းတည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပွင့်လင်းတဲ့ခေတ်မှာ သူတို့လည်း မကောင်းတာတွေ လုပ်လို့မရဘူး၊ ပြဿနာတော့ အကြီးကြီးပဲ”

''မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်တော်တို့တစ်တွေ ကြိုးစားလုပ် ဆောင်မှုပေါ်မှာ မူတည်နေတယ်။ အားလုံးသဘောပေါက်တာတွေနဲ့ သက်ဆိုင်တယ်။”

''အားလုံးကြိုးစားကြမှာပါ''

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...