Wednesday, June 6, 2012

07.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, June 6, 2012 at 5:23pm ·

ကုလ စားနပ်ရိက္ခာယာဉ်တန်း ကချင်ပြည်နယ် ရောက်ရှိ
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်

မဇ္ဈိမ သတင်းဌာန ။         ။ ကချင်ဒုက္ခသည်များအတွက် အစားအသောက် ထောက်ပံ့မှု လမ်းကြောင်းများအားမြန်မာ အစိုးရက မေလ မှ စတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ကချင် ရိုမန်ကက်သလစ် ဘုရားကျောင်းတွင်း နေထိုင်ကြသည့် လူ ၂ဝဝ အတွက် တလစာ အစားအစာ အလုံအလောက် သယ်ဆောင်လာသည့် ကုလသမဂ္ဂယာဉ်တန်းတခု လွယ်ဂျယ်မြိုသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။


၎င်းရိက္ခာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသတွင်းရှိ အခြား ဒုက္ခသည်စခန်းများက လာမည့်ရက်များ တွင် လက်ခံရယူကြမည် ဖြစ်ကြောင်း သိရသည်။

KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသည့် အစားအစာ များ တင်ဆောင်လာသည့် အမေရိကန် အကူအညီပေးရေး ယာဉ်တန်းမှာမူ လမ်းခုလတ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းကို ကချင်သတင်းဌာန၏ ဝက်ဘ်ဆိုဒ်တွင် အင်္ဂါနေ့က ရေးသားဖော်ပြခဲ့သည်။
KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ရှိ Seng Mai Pa ဒုက္ခသည်စခန်းတွင် မတ်လ အတွင်းက ကုလသမဂ္ဂမှ ဆန်များ လှူဒါန်းနေစဉ်။ (ဓါတ်ပုံ KNG)

ထိုယာဉ်တန်းမှာ ကချင်ပြည်နယ်သို့ တနလာင်္နေ့က ထွက်ခွာခဲ့ခြင်း ဖြစ်သည်ဟု အကူအညီပေးရေး အဖွဲ့များက ကချင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရပ်မိရပ်ဖများ အဆိုအရ လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည့် တရုတ်နိုင်ငံ အတွင်းရှိ La Ying ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းသားများ အများစု ပါဝင်သည့် ဒုက္ခသည် ၄၀၀ ခန့်သည် လွန်ခဲ့သည့်လက လွယ်ဂျယ်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းထဲသို့ ပြောင်းရွှေ့ပြီးကတည်းက ကုလသမဂ္ဂ အေဂျင်စီများထံမှ မည်သည့် အကူအညီကိုမျှ လက်ခံရရှိခြင်း မရှိသေးဟု ဆိုကြသည်။ နယ်စပ်မြို့ လွယ်ဂျယ်ရှိ ခရစ်ယာန်ကျောင်း အဖွဲ့ဝင်များထံမှ အကူအညီတချို့ ရရှိခဲ့သည်ဟု သိရသည်။

ကချင်သတင်းဌာနက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် အကူအညီပေးရေး ယာဉ်တန်းသည် KIO ထိန်းချုပ်နယ်မြေများ အနက် ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုင်ဂျာယန် ရှိ Kahteng Dabang ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး Pa Kahtawng Dabang နှင့် Ung Lung ဒုက္ခသည် စခန်းများအတွက် တလစာ ရိက္ခာများ ပေးအပ်မည် ဖြစ်သည်။

မကြာသေးခင်က တည်ထောင်ခဲ့သည့် Pa Kahtawng Dabang စခန်းမှာ မိုင်ဂျာယန် အနီးရှိ Seng Mai Pa စခန်း၊ Ung Lung စခန်း နှင့် Gat Pa Kadawng စခန်းများ ပေါင်းစည်းထားခြင်း ဖြစ်ပြီး ဒုက္ခသည် ၂,၄ဝဝ ကျော်ခန့် နေထိုင်ကြ သည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။

မေလအတွင်းက ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် KIO ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများသို့ပြန်လည် သွားရောက်ကာ အကူအညီများ ထောက်ပံ့ပေးအပ်ရန် ကြိုးစားရာတွင် အပြန်ခရီးအား မြန်မာအစိုးရက မကြာခဏ ကန့်သတ်ခဲ့သည်ဟု KIO ၏ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ IRRC ၏ အကြီးအကဲက ဆိုသည်။

Human Rights Watch ၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဒေသတွင်းတွင် ခန့်မှန်းခြေ ဒုက္ခသည်ပေါင်း ၇၅,၀၀၀ ခန့် ရှိသည်ဟု သိရပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများတွင် နေထိုင်နေကြ သည်ဟု သိရသည်။

၁၇ နှစ်ကြာ ခံခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို မြန်မာအစိုးရက လွန်ခဲ့သည့် တနှစ်ခန့် ကတည်းက ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် KIO အနေဖြင့် မြန်မာအစိုးရက ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ပေးပို့ရန် ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချ ထားခဲ့သည်။

ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်အတွင်းရှိ ကချင် ဒုက္ခသည်စခန်းနှစ်ခုမှ လူပေါင်း ၂,၆ဝဝ ကျော်အတွက် တလစာ စားနပ်ရိက္ခာကို ကုလသမဂ္ဂ၏ စားနပ်ရိက္ခာပေးရေး အဖွဲ့အစည်းများက ထောက်ပံ့နေ သည်ဟု သိရသည်။

အကူအညီပေးရေး လမ်းကြောင်းများကို မေလအတွင်း မြန်မာအစိုးရက ပိတ်ဆို့ခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းမှ လူပေါင်း ၂,၄ဝဝ ကျော်အတွက် ထောက်ပံ့ပေးခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် အုံလုံ (Ung Lung) ဒုက္ခသည်စခန်းရှိ လူပေါင်း ၂ဝဝ ကျော်တို့ အတွက် ထောက်ပံ့ပေးခဲ့သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“မနေ့ကနဲ့ ဒီနေ့။ ဒီနေ့ အုံလုံ (Ung lung) စခန်းမှာ လှူမယ်။ ဒီမှာက ၂ဝဝ ကျော်ပဲ။ ရှမ်းရွာပဲ။ အိမ်လွတ်တွေမှာ စခန်းလုပ်ပြီး နေထိုင်နေကြတာ။ အစားအသောက်က တလစာနဲ့ တခြား မီးဖိုချောင်သုံး ပစ္စည်းတွေ ပါတယ်”ဟု မဇ္စျိမကို ပြောသည်။  

ကုလ အဖွဲ့အစည်းများအနေဖြင့် KIO ထိန်းချုပ်ဒေသအတွင်းရှိ အခြား စစ်ပြေး ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ပြင်ဆင်ထားသည်ဟု သိရသော်လည်း အစိုးရဘက်က ခွင့်ပြုချက်အပေါ် မူတည်မည်ဟု သူက ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နှစ်ဖက် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၇၅,ဝဝဝ ခန့်ရှိပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်နယ်မြေတွင်နေထိုင်နေသည်ဟု ဆိုထားသည်။

ကုလအဖွဲ့များသည် ကြာသပတေးနေ့တွင် လွယ်ဂျယ်မှ ဗန်းမော်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံတွင်းရှိ လားရိန်း (La Ying) ဒုက္ခသည်စခန်းအတွင်း ခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,ဝဝဝ ကျော် ရှိနေပြီး ယင်းတို့အား ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း မိုင်ဂျာယန်မှ ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“တရုတ်ဘက်ခြမ်းကိုတော့ ကျမတို့ ရတာတွေနဲ့ ကူညီပေးနေတယ်။ ကိုယ့်ပတ်ဝန်းကျင်ကနေ ရသလောက် စုဆောင်း ပြီးတော့ လှူနေတယ်ဆိုတော့ ဘတ်ဂျက်ငွေ မများဘူး။ ဒါပေမယ့် ၁ဝ လ လောက် ကျမတို့ တတ်နိုင်တလောက် ကူညီပေးခဲ့တယ်။ ကျမတို့လည်း သိပ်ပင်ပန်းပြီ။ UN ကနေ လာကူညီတာ ဝမ်းသာတယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လကုန်ပိုင်းကလည်း မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခနယ်များနှင့် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသအတွင်းရှိ တရုတ်-မြန်မာနယ်စပ်တွင် ခိုလုံနေသော စစ်ပြေးဒုက္ခသည် တထောင်ကျော်အတွက်  အစားအသောက်နှင့် ရိက္ခာ တလစာကို ကုလအဖွဲ့များက ထောက်ပံ့ပေးခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF၊ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ယင်းအဖွဲ့များ ပထမဆုံးအကြိမ် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ရောက်ရှိလာကာ အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈၀၀ လှူဒါန်းပေးခဲ့သည်။

ယခုတကြိမ်မှာ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရနှင့် KIO တပ်ဖွဲ့များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူအများ အိုးအိမ်စွန့်ခွာ၍ ထွက်းပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့ KIO ဗဟိုဌာနချုပ်နှင့် ဒုက္ခသည် စခန်းတိုင်းတွင် ဆုတောင်း ဝတ်ပြုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဦးဒွဲပီဆားက ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်စဲရန်နှင့် စစ်ပြေးဒုက္ခသည်များအတွက် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေရန်အတွက် ပြည်တွင်းပြည်ပ ကချင် လူငယ်များနှင့် လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ် ကြမည် ဖြစ်သည်။ 

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ ၅ ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီ မှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

လိုင်စင်သိမ်းခံ ရှေ့နေများ ရပိုင်ခွင့် တောင်းဆို
ဝေစန္ဒာ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသော ရှေ့နေများအနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တွင် ရှေ့နေလိုက်ခွင့် ပြန်လည် ရရှိသင့်ကြပြီဖြစ်ကြောင်း ကာယကံရှင်ရှေ့နေများက အင်္ဂါနေ့က ပြောဆိုလိုက်သည်။

“ရှေ့နေဆိုတာ ပြည်သူ့ဘက်က ရပ်တည်ရတာပါ။ စစ်အုပ်ချုပ်ရေး မတရား ဖိနှိပ်မှုတွေအတွက် ကျနော်တို့က အမှန်တရားဘက်က ရပ်တည်တယ်။ ဒီမိုကရေစီကို တောင်းတဲ့လူ ဘက်က ရှေ့နေလိုက်ပေးတာနဲ့ အဖမ်းခံရတယ်။ လိုင်စင် အသိမ်းခံခဲ့ရတယ်။ အခုချိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့လုပ်နေပြီ ဆိုတော့ ဒီလူတွေကို လိုင်စင်ပြန်ပေးသင့်ပါတယ်” ဟု လိုင်စင် အသိမ်းခံရသည့် ရှေ့နေကြီး ဦးညွန့်ရှိန် က ပြောသည်။

ရှေ့နေကွန်ယက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဖြုတ်ခံရတဲ့ ရှေ့နေတွေက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ စစ်ဆေးလို့ ပိတ်သိမ်းခံရတာ မဟုတ်ဘူး။ရှေ့နေများ လိုက်နာရမယ့် အက်ဥပဒေ ပုဒ်မ(၄ဝ) မှာ ပြဋ္ဌာန်းထားတဲ့ ရှေ့နေတဦးက ရှင်းလင်းတင်ပြခွင့်၊ ပြန်လည်ချေပခွင့် ရှိတယ်။ ခုံအဖွဲ့ ဖွဲ့ပြီး စုံစမ်းခြင်း၊ စစ်ဆေးခြင်း မရှိဘဲ အလုပ်မှ ရပ်ခြင်း မလုပ်ရဘူးဆိုတဲ့ဥပဒေ ရှိတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ကတည်းက အဲဒီဥပဒေကို မျက်ကွယ်အရေးယူတယ်။ ဒါက နိုင်ငံတော် တရားရုံးကိုယ်တိုင်က စပြီး လက်ခံခြင်း မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ရှေ့နေ ဦးသိန်းသန်းဦး က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ကုညီဆောင်ရွက်ပေးဖို့အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအား ရှေ့နေများက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေးအမှုလိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေများအနက် တရားရုံးချုပ်ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ၇ ယောက်တို့ ပါဝင်ပြီး စာရင်းသွင်းခြင်းမရှိသေးသည့်သူများလည်းရှိကြောင်း အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က ပြောသည်။

“ဒီ ၃၂ ယောက်အပြင် ဒီလို နိုင်ငံရေးအကြောင်းကြောင့် လိုင်စင်အရုတ်သိမ်းခံရတဲ့ ရှေ့နေတွေ အများကြီး ရှိနေမယ် လို့လည်း ယုံကြည်ပါတယ်။ အတော်များများဟာလည်း အကျဉ်းထောင်တွေထဲမှာ အကျခံခဲ့ရဖူးပါတယ်” ဟု ALRC ညွှန်ကြားရေးမှူး Wong Kai Shing က ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တရားသူကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦးထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ တစောင်တွင် “ရှေ့နေ များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်နှင့် အခုလို အရေးကြီးတဲ့အချိန်ကာလမျိုးမှာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သူတို့အနေနဲ့ ပါဝင်စွမ်းဆောင်ခွင့်ပြရန်” ALRC က တောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် တရားရုံးချုပ်ရှေ့နေကြီး ဦးစောလှိုင် ကလည်း ရှေ့နေလိုင်စင် ရုတ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးရမှုကို မဇ္ဈိမအားပြောပြသည်။

“ကျနော်တို့ ဒီခေတ်ကြီးတလျှောက်လုံးမှာ နိုင်ငံရေးလုပ်လို့ ကျောင်းသားဘဝမှာ ကျောင်းထုတ်ခံခဲ့ရတယ်၊ ကျူရှင်ပြ စားတော့ ကျုရှင်ပြခွင့် အပိတ်ခံရတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ အာဏာလွှဲပြောင်းမပေးဘူး၊ ရှေ့နေ လုပ်တော့ ရှေ့နေလိုင်စင် အသိမ်းခံရတယ်။ အင်မတန် နစ်နာပါတယ်” ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကို အများဆုံး အပြစ်ချသည့် ဥပဒေတခုဖြစ်သော ၁၉၅ဝ ခုနှစ် အရေးပ်ါစီမံချက် အက်ဥပဒေအား ပြန်လည် ဖျက်သိမ်းပေးစေလိုကြောင်း၊ ၎င်းဥပဒေ ဖျက်သိမ်းမှသာ အနာဂတ်တွင် နိုင်ငံရေး အကျဉ်းသား ရှိတော့မှာ မဟုတ်ကြောင်း ရှေ့နေများက ပြောသည်။

“ဒီဥပဒေက တကယ်ဆိုရင် နိုင်ငံကို သိက္ခာချတဲ့ ဥပဒေပါ။ ခုလက်ရှိ နိုင်ငံ တည်ငြိမ်နေတယ်။ ဒါကို မတည်ငြိမ်လို့ ဒီဥပဒေ ဆက်ရှိနေတယ်လို့ အဓိပ္ပာယ် သက်ရောက်နေတာပေါ့။ ဒီဥပဒေဟာ စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထောင်ချရာမှာ အရေးပါတဲ့ ဥပဒေတခုဖြစ်တယ်။ ဒီဥပဒေကို ကျင့်သုံးတာ နှစ် ၆ဝ ရှိပါပြီ။ မူရင်းဥပဒေက ပြစ်ဒဏ် ခုနှစ်နှစ်ပဲ ချတာပါ။ တိုးတက်လာတာနဲ့အမျှ ၁၉၈၈ ကစပြီး နှစ် ၂ဝ တသက်ထိ တိုးမြှင့်ထား တဲ့ ဥပဒေ ဖြစ်ပါတယ်” ဟု လိုင်စင် ရုတ်သိမ်းခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းသန်းဦး က ပြောသည်။

ဗကသ များ အဖွဲ့ချုပ်ကို ရန်ကုန် ထွေ/အုပ် ခေါ်ယူသတိပေး
နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၁၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသားခေါင်းဆောင်များအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ လွှတ်တော်တွင် ဗကသ ဗဟိုစည်းရုံးရေး ကော်မတီဝင် ၉ ဦးအား ဖိတ်ကြားကာ ၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ အမှတ် ၆/၈၈ နှင့်ပါတ်သက်ပြီး အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေမှာ တရားဝင် ဖျက်သိမ်းခြင်း မပြုရသေးသဖြင့် တည်ဆဲဥပဒေအဖြစ် တည်ရှိနေသလို ဗကသများ အဖွဲ့ချုပ်သည်လည်း တရားဝင်အဖွဲအစည်း မဟုတ်ကြောင်း သတိပေးခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ကိုစည်သူမောင် က ပြောသည်။ 

“တရားမဝင် အသင်းအဖွဲ့ ဆိုလို့ရှိရင် ဒီဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာကို အသိပေးတာပါ။ တရားဝင် အသင်းအဖွဲ့ဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အဆင့်ဆင့် တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ယူရမယ်ဆိုတာကို အဓိက ပြောတာပါ” ဟု မဇ္ဈိမကို ပြောသည်။

၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာတွင် ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ဒု-ညွှန်ကြားရေးမှူး ဦးမျိုးအောင်သိန်း တို့က မည်သည့်အသင်းအဖွဲ့မဆို ဥပဒေနှင့်အညီ ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။  

သို့သော် ကျောင်းသားသမဂ္ဂသည် လွတ်လပ်မှုရှိသလို မှတ်ပုံတင်သည့် အစဉ်အလာ မရှိခဲ့ကြောင်းနှင့် ကျောင်းသားထု ကြားတွင် တရားဝင်မှုရှိကြောင်းကို ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြန်လည်ဆွေးနွေးခဲ့သည်ဟု ကိုစည်သူမောင် က ပြန်လည်ပြောပြသည်။

“ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်ခွင့် ရရှိရေးဟာ အစိုးရတရပ်ဆီမှာ မှတ်ပုံတင်စရာ မလိုဘူးလို့ နားလည် ထားပါတယ်။ ခေတ်မီတဲ့ တက္ကသိုလ် ဥပဒေ တရပ် ပေါ်ထွန်းလာတဲ့အခါမှာ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းတွင်း အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် ကျောင်းရဲ့ အုပ်ချုပ်ရေးနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ တက္ကသိုလ်ဥပဒေပေါ်ထွက်လာတဲ့အခါမှာ တက္ကသိုလ်ဥပဒေအရ တရားဝင် ဖွဲ့စည်းတည်ထောင်ခွင့်ကိုပဲ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ထွေ/အုပ်နှင့် အဖွဲ့ကလည်း တက္ကသိုလ်ကောင်စီ ဥပဒေတရပ် ရေးဆွဲနေကြောင်းနှင့် ထိုဥပဒေ ထွက်မလာမီ အသင်းအပင်း ဖွဲ့စည်းမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား၊ ခွင့်ပြုချက်ယူရမည် ဟုဆိုကြောင်း ကိုစည်သူမောင်က ပြောသည်။

များမကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟို စည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ ကျောင်းသား ခေါင်းဆောင်အချို့သည် လွန်ခဲသည့် နှစ်များက မတရားသင်း ဥပဒေ ၁၇(၁)ဖြင့် ထောင်ဒဏ် ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည်။

ဤဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ အသင်းအပင်း၊ အဖွဲ့အစည်းများ ဖြစ်သည့် သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

 ဂဂ မျိုးဆက် ဝင်ဆွေးနွေးပေးလို့ အလုပ်သမား ဆန္ဒပြမှု တချို့ ပြေလည်
လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ဟိုင်မို ဆံပင်တု စက်ရုံ အပါအဝင် စက်ရုံ ၄ခုနမှာ အလုပ်သမားတွေ လစာ တိုးပေးဖို့နဲ့ သူတို့ ရပိုင်ခွင့်တွေကို ပေးဖို့ ၁လကြာ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ အလုပ်သမား ဝန်ကြီး ဌာနနဲ့ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့တွေက ကြားဝင် ညှိနှိုင်း ပေးတာကြောင့် ပြေလည် သွားပြီလို့ ဆိုပါတယ်။
အလုပ်သမား ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီး ဉီးအောင်ကြည် နဲ့ မီးရထား ဝန်ကြီးတို့ ပါဝင် ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဈေးနှုန်း အတိုင်း ကမ္ဘာ နိုင်ငံတွေ လခ နှုန်း အတိုင်း အလုပ်သမား လစာတွေကို ဆက်ထားမယ် ၊ သဘာမတူ ရင် ဘယ်လို အခက်အခဲ ရှိသလဲ ဆိုတာ တင်ပြပါ ဆိုပြီး လူကြီးတွေက ဝင်ရောက် ဖြန်ဖြေပေးခဲ့တယ်လို့ ဂဂ မျိုးဆက် ကျောင်းသူ မမာမာဉီးက ဆိုပါတယ်။
ဟိုင်မို အလုပ်သမလေး တယောက်ကတော့ အရင် လစာ သုံးသောင်း အစား လစာ ၂၉ရဝဝ နဲ့ သဘောတူ လိုက်ပြီ ၊ ခေါင်းကြေးတွေနဲ့ ပေါင်းလိုက်ရင် အားလုံးပေါင်း ငါးသောင်းလောက် ရမယ်လို့ ပြောသလို ပါဝင် ဆွေးနွေး ပေးတဲ့ လူကြီးတွေ ဂဂ မျိုးဆက် ကျောင်းသားတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။


“ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့” ဖွဲ့စည်း
စစ်ဖြစ်နေတာကြောင့် အကုန်လုံး နိမ့်ကျနေတဲ့ အတွက် အခုလိုဖွဲ့ရတာဖြစ်ကြောင်းပြော
ငြိမ်းချမ်းရေးကို လိုလားတဲ့ ကချင်-ရှမ်း-ဗမာ-စတဲ့ ဒေသခံ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းပြီး “ကချင်ပြည်နယ် ထာဝရ ငြိမ်းချမ်း ရေး လိုလားသူများအဖွဲ့” ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အင်္ဂါနေ့က ဖွဲ့စည်း လိုက်ကြောင်း သိရပါ တယ်။
ဗန်းမော်မြို့မှာ ကချင်၊ ရှမ်း၊ ဗမာ-စတဲ့ တိုင်းရင်းသား ပေါင်းစုံ စုပေါင်း နေထိုင်ကြရာ မြို့တမြို့ ဖြစ်တာ ကြောင့်၊ ဒီအဖွဲ့ ကို ကချင်လူမျိုး ဦးလဝမ်က ဥက္ကဌအ ဖြစ်ဆောင်ရွက်ပြီး၊ ဒုဥက္ကဌ- ဦးစိုင်းမောင်ပု၊ အတွင်းရေးမှူး- ဦးကျော်သန်းနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် စုစုပေါင်း (၁၇)ဦး ပါဝင် ပါတယ်။
ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ အနေနဲ့ စစ်ဖြစ်နေတဲ့ အနိဌာရုံတွေကို ကိုယ်တိုင် ကြုံတွေ့နေရကာ အကုန်လုံးဟာ နိမ့်ကျနေတဲ့ အတွက် အခုလို ဖွဲ့စည်းရတာ ဖြစ်ကြောင်း အဖွဲ့ရဲ့ အမှုဆောင် တဦးက ဘီဘီစီကို ပြောပါတယ်။
သက်ဆိုင်ရာ ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလဲ အဖွဲ့ဖွဲ့စည်းကြောင်းကို အသိပေး အကြောင်းကြား ထားပြီး ဖြစ်သလို၊ ငြိမ်းချမ်းရေး အတွက် လှုပ်ရှားမှုတွေ ကိုလည်း စတင် လှုပ်ရှားနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပါကစ္စတန်ဆက်ဆံရေး အိန္ဒိယနဲ့နားလည်မှုရဖို့ အမေရိကန်တိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန)
  • တောင်အာရှရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ခိုင်မာသေခြာဖို့အတွက် မကြာခဏ ဖြစ်ပွားနေရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန် နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ အကြား ဖြစ်နေရတဲ့ သဘောထားကွဲလွဲမှုတွေကို ကျော်ဖြတ်ဖို့လိုတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်နဲ့ နှစ်နိုင်ငံစလုံးအကြားဆက်ဆံရေးဟာ အလွန်ရှုပ်ထွေးတဲ့အကြောင်း၊ တိုးတက်မှုတွေ ရဖို့အတွက် အိန္ဒိယကော အမေရိကန် ပြည်ထောင်စုတို့ကပါ အတူတကွကျိုးပမ်းကြဖို့ လိုတယ်လို့ ၀န်ကြီး ပန်နက်တာက သူ့ရဲ့ နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အဆုံးသတ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။
အထူးသဖြင့် အဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအပါအ၀င် ဒေသတွင်းမှာ အိန္ဒိယက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပါကစ္စတန်နိုင်ငံက သံသယရှိနေချိန်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက အိမ်နီးချင်းနိုင်ငံရဲ့ တည်ငြိမ်မှုရှိရေးအတွက် ပါကစ္စတန်ကောအိန္ဒိယ - နှစ်နိုင်ငံစလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားသွားပါတယ်။
အိန္ဒိယဟာ အာဖဂနစ္စတန်နိုင်ငံအပေါ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အကူအညီပေးထားတဲ့ အပြင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်နေပါပြီ။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့ စီပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံအပေါ် ကူညီမှုတွေ ဆက်တိုးလုပ်ဖို့ ၀န်ကြီးပန်နက်တာက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာဖို့ စီစဉ်နေချိန် အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို သင်တန်းပေးတဲ့ နေရာမှာ တိုးမြှင့်ပြုလုပ်ပေးဖို့ ပြောဆိုသွားကြောင်း သိရပါတယ်။

နှစ် ၁၀၀ အတွင်း သောကြာဂြိုဟ် နေရှေ့ကဖြတ်
By ဗွီအိုအေ (မြန်မာဌာန)
  • မြောက်အမေရိကတိုက်နဲ့   အမေရိကတိုက်အလယ်ပိုင်းမှာနေသူတွေ၊ အနောက် အာဖရိက၊ ဥရောပနေရာ အတော်များများအပြင် အာရှ ပစိဖိတ်ဒေသတလွှားမှာ နေသူတွေဟာ သောကြာကြယ်ကြီး ဖြတ်သွားတာကို ၆ နာရီကျော်ကြာအောင် တွေ့ခဲ့ကြတာပါ။
စောင့်ကြည့်သူတွေဟာ  အထူးမျက်မှန်တွေနဲ့   ကြည့်ရှုခဲ့ကြတာဖြစ်ပြီး နေရှေ့ကနေ ဖြတ်သွားတဲ့သောကြာကြယ်ကို အမဲစက်သေးသေး လေးအဖြစ် တွေ့ကြရပါတယ်။
တချို့ကတော့ အပြင်ထွက်ပြီး ကိုယ်တိုင်မကြည့်ကြဘဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA နာဆာနဲ့  ဥရောပ အာကာသ စူးစမ်းရေး အဖွဲ့ ESA  အပါအ၀င်  သိပ္ပံဌာနတွေရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာတွေမှာ တင်ထားတာကို စောင့်ကြည့်ကြသူတွေလည်း ရှိပါတယ်။
သောကြာကြယ် အခုလို ဖြတ်သန်းတာဟာ နှစ်ပေါင်းတရာကျော်မှာမှ  ၈ နှစ်ခြားပြီး တစုံအဖြစ် တွေ့ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တရာ ကျော်က အခုလိုဖြတ်သွားချိန်မှာ နေနဲ့ကမ္ဘာကြား အကွာအဝေးဟာ ကီလိုမီတာ သန်းပေါင်း ၁၅၀ ကျော်တယ်လို့ သိပ္ပံပညာရှင်တွေက တွက်ဆကြပါတယ်။ အခု ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၈ နှစ်ခြားပြီး တွေ့ရတာမျိုးကို ၁၈၇၄ ခုနှစ်က တကြိမ်ကြုံခဲ့ရသလို ၂၁၁၇ ခုနှစ်ရောက်မှ  နောက်တကြိမ်ထပ်ပြီး တွေ့ရတော့မှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ အကဲခတ်ဖို့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ရောက်
By ဗွီအိုအေ (မြန်မာဌာန)
  • သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဘော့(ဘ်)ကားရ် (Bob Carr) ဟာ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို ဇွန်လ(၅)ရက်နေ့က ရောက်လာပြီး မြန်မာအစိုးရ နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားသော နိုင်ငံရေးအတိုက်အခံတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
ဒီကနေ့ ဇွန်လ (၆) ရက်နေ့ညနေမှာ ၀န်ကြီး ဘော့(ဘ်)ကားရ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မနက်ဖြန် ဇွန်လ (၇) ရက်နေ့မှာ ၀န်ကြီး ဘော့(ဘ်) ကားရ်ဟာ နေပြည်တော်ကို လေကြောင်းခရီးနဲ့ သွားရောက်ပြီး ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ် ပါတယ်။ သောကြာနေ့ ဇွန်လ (၈) ရက်နေ့မှာ သြစတြေးလျအကူအညီနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို သွားရောက်မလေ့လာခင်မှာ ၀န်ကြီး ဘော့(ဘ်)ကားရ် ဟာ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖွယ်ရာ ရှိနေပါတယ်။
မနှစ်က ၂၀၁၁ မတ်လ မြန်မာအစိုးရသစ်တက်လာပြီးကတည်းက စတင် လုပ်ဆောင်လာခဲ့ပြီးတော့ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဒဏ်ခတ်မှု ဆိုင်ရာတွေကို လျှောပေါ့ပေးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ သူ့အနေနဲ့ တိုက်တွန်းအားပေးမယ်လို့ သူရည်ရွယ်ထားကြောင်း ၀န်ကြီး ဘော့(ဘ်)ကားရ်က ပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ရဲရင့်စွာလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ နောက်ပြန်ဆုတ်ဖို့ လုပ်ခဲ့ရင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျရောက်လာစေမယ့် စွန့်စားမှုမျိုးကို မြန်မာအစိုးရ ထဲက ခေါင်းဆောင်အဆင့်ဆင့်က ရှောင်လွှဲချင်ကြတယ်ဆိုတာ သူ့အနေနဲ့ အသေအချာ ယုံကြည်ကြောင်း လည်း ၀န်ကြီးဘော့(ဘ်)ကားရ်က ပြောဆိုသွားခဲ့ပါတယ်။
အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများစုနဲ့ပတ်သက်ပြီး မကြာသေးခင်က သြစတြေးလျအစိုးရရဲ့ ဆုံးဖြတ် ချက်တွေကို ပြန်ပြီးပြင်ဆင်ဖို့ အခွင့်အရေးကို သူ့အနေနဲ့ ရရှိနေပြီးတော့ မြန်မာအစိုးရခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဒီအတွက် သူဆုံးဖြတ်ချက်ချမယ်လို့လည်း ၀န်ကြီးဘော့(ဘ်)ကားရ်က ရန်ုကန်မြို့မှာ သြစတြေးလျက The Age သတင်းစာရဲ့ သတင်းထောက်ကို ပြောခဲ့ ပါတယ်။
သြစတြေးလျအစိုးရဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် (၃၉၂) ဦးအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားရာကနေ မကြာသေးခင်က ဒီဒဏ်ခတ်မှုစာရင်းမှာ (၁၂၆) ဦးအထိ လျှော့ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ သြစတြေးလျရဲ့အကူအညီတွေကိုလည်း လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၃၀% တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ (၆၃.၈) သန်းအထိ ပေးအပ်ဖို့ ရှိနေပါတယ်။
ဒီအတောအတွင်း အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီရးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Maria Otero ဟာ လောနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံကို ဇွန်လ ၉ ရက်နေ့ ဆိုက်ရောက်မယ့်လက်ထောက်ဝန်ကြီး Otero ဟာ ချင်းမိုင်၊ မဲဆောက်နဲ့ ဘန်ကောက်တို့ကို သွားရောက်ပြီး မြန်မာဒုက္ခသည်အရေး၊ လူကုန်ကူးမှုအရေး၊ ဒေသန္တရပုးပေါင်းဆောင် ရွက်ရေး၊ လူငယ်အရေးတို့ကို ထိုင်းအစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ ပါတယ်။
ဒါ့အပြင်သူဟာ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေကိုလည်း  သွားရောက်ဖို့ ရှိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...