Wednesday, June 6, 2012

မြင်သောသူတစ်ယောက်၏ဆုတောင်း


by Myint Myint Thein on Wednesday, June 6, 2012 at 9:57pm


        
  ကျွန်မရဲ့ဘဝအသက်ဟာ လူသားတို့ရဲ့ ဘဝ အသက်အတိုင်း သာယာမှုရှိခဲ့သလို ဆုံးရှုံးနာကျင်မှုတွေလည်း ရှိခဲ့ပါတယ်။ အဆိုးဆုံးသော နာကျင်မှုကတော့ ရက်စက်စွာ မတရားမှုလုပ်ခံခဲ့ရခြင်းပဲဖြစ်တယ်။ ဒီဒဏ်ရာဒဏ်ချက်ကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်ပါဘူး။ ကျွန်မဘဝမှာ ဆုံးရှုံးမှုတွေ မမျှတစွာ များခဲ့တယ် လို့ ထင်ပါတယ်။
အခုဆို နောက်ထပ် ဆုံးရှုံးစရာ ဘာမျှ မကျန်တော့ သလောက်ပါဘဲ။

          ကျွန်မအနေနဲ့ ဗုဒ္ဓရဲ့ ငြိမ်းအေးတဲ့ တရားကိုဆည်းကပ်ပြီးတဲ့နောက် အတတ်နိုင်ဆုံး ခွင့်လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အတော်အတန် အောင်မြင်မှုရခဲ့ပါတယ်။ မေ့လို့တော့မရနိုင်သေးပါဘူး။ ဆက်လက်ပြီးတော့ ကြိုးစားနေရဦးတော့မယ်။ ဒီအသက် ဒီအရွယ်လည်း ရောက်နေ၊ ဆုံးရှုံးမှုတွေ ကုန်သလောက်ရှိသွားပြီဆိုတော့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မဆီက ထပ်မံ ယူသွားစရာ မရှိတော့ပါဘူး။ နောက်ထပ် သူ့ဆီက ဘာမှ ယူစရာ မရှိတဲ့သူ တစ်ယောက်ဟာ လွပ်လပ်သွားပြီ ဖြစ်တဲ့လူလို့ ခေါ်နိုင်မယ် ထင်ပါတယ်။ ဒီလိုလွတ်လပ်မှုမျိုးကို ဖော်ဆိုနိုင်အောင် ဗုဒ္ဓတရားတော်က အားပေးထောက်ကူပြုခဲ့ပါတယ်။

          ဗုဒ္ဓတရားတော်ရဲ့ မျက်မှောက်မှာတော့ လူတိုင်း လူတိုင်းဟာ ခွဲခြားမှု မရှိဘဲ လွတ်လပ်သူတွေပါ။ ညီတူညီမျှ အခွင့်အရေးရှိတယ်။ ဟိုရှေးယခင် အနောက်ကမ္ဘာက မဟာကရုဏာရှင် ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်သိမ်မွေ့ပြီး အေးငြိမ်းလှတဲ့ တရားပေါ် အမြင်မှန်ရချိန်မှာ Sir Edwin Arnold ဆိုသူက ဂန္တဝင် သမ္ဘာဝင်ဖြစ်လာမယ့် ကဗျာရှည်ကြီး (epic poem) Light of Asia ဆိုတာကို ၁၈၉၃ မှာ ရေးခဲ့ပါတယ်။ အဲဒီကဗျာထဲမှာ ဆူကြုံနိမ့်မြင့် အဆင့်မရွေး၊ ကျားမ မရွေး အားလုံးသော သူတို့ဟာ အလုပ်သာလုပ်မယ်ဆိုလျှင် ဘဝရဲ့အထွဋ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန် ဆိုတဲ့ လွတ်လပ်မှုကို ညီတူညီမျှခံစားခွင့်ရှိတယ် လို့ ဗုဒ္ဓ အဆိုကို ‘proudest assertion ever madw of human freedom’ လို့ ဖော်ကျူးခဲ့ပါတယ်။ ဒီတော့ လွတ်လပ်ရေးဆိုတာ ဗုဒ္ဓရဲ့တရားတော်အရတော့ လူတိုင်းလူတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ နောက်ခေတ် စာရေးဆရာ George Orwell ကတော့ လွတ်လပ်ရေး (freedom)  ကိုဒီလို အဓိပ္ပာယ်ဖွင့်တယ်။
          ‘Freedom is the freedom to say two plus two make four. If this is granted, all else follow.’
          “လွတ်လပ်တယ်ဆိုတာ နှစ်နဲ့ နှစ်ပေါင်းရင် လေးဖြစ်တယ်ဆိုတာ ပြောနိုင်ခြင်းပဲဖြစ်တယ်၊ ဒါကိုသာခွင့်ပြုပေးလိုက်ရင် ကျန်တာတွေအားလုံး နောက်က လိုက်လာမှာပဲ” တဲ့။

          ကျွန်မဘဝကို အခုလို အသက် ၈၇ နှစ်ဆိုတဲ့ မှတ်တိုင်ကနေ ပြန်လည့်ကြည့်လို့ မြင်ရတာကတော့ ကျွန်မဟာ ကျွန်မ အလွန်ချစ်ပါတယ်ဆိုတဲ့ တိုင်းပြည်၊ အလွန် သနားလှပါတယ် ဆိုတဲ့ ပြည်သူပြည်သားတွေ အတွက် တနိုင် တပိုင် ကြိုးစားခဲ့တာ မှန်ပေသောလည်း ထူးထူးထွေထွေ မှတ်မှတ်သားသား အရာ အကြောင်းတွေ ထင်ပြီးကျန်လောက်တဲ့ ကောင်းကျိုးတွေ မပေးနိုင်ခဲ့ပါဘူး။ ပေးစရာလည်း နောက်ထပ်ဘာမှ မရှိတော့ပါဘူး။ အမွေလည်း မထားခဲ့နိုင်ပါဘူး။ ပေးနိုင်တာ တစ်ခုကတော့ မျှော်လင့်ချက်ပါပဲ လို့ထင်ပါတယ်။ ဒါကြောင့် ဒီ “မျှော်လင့်ချက် ရောင်ခြည်” ကိုပဲ အမွေလို့ သဘောထားလိုက်တော့မယ်။

          ကျွန်မရဲ့မျှော်လင့်ချက် ရောင်ခြည်ဟာ ဆထက်ထမ်းပိုး ပိုမိုထွန်းတောက်တဲ့ အလင်းကမ္ဘာကြီး ဖော်ဆောင် တည်ဆောက်ပေးနိုင်ပါစေ။ မှိတ်တုတ် မှိတ်တုတ် ဖြစ်ပြီး ပျောက်မသွားပါစေနဲ့။ ငြိမ်းမှိတ်မသွားပါစေနဲ့။ ကျွန်မရဲ့ နိဂုံးဟာ မျှော်လင့်ချက်ရဲ့ နိဂုံး မဖြစ်ပါစေနဲ့။

ဒေါက်တာ မြင့်မြင့်ခင်
၁၄၊ ဇူလိုင်၊ ၂၀၁၁၊ ရန်ကုန်

(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ ၂၊ အမှတ် ၅၅၊ ၁၁၊ သြဂုတ်၊ ၂၀၁၁)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...