Sunday, June 24, 2012

ဗကသကျောင်းသားများ နှင့် ခင်ဗျားတို့ ကျွန်တော်တို့ ဟန်ချက်များ ။

by Naing Ko Zaw on Sunday, June 24, 2012 at 9:35am · 
 
  ကိုမိုးထက်နေ ၊ ကိုကျော်ကိုကို ၊ ကိုရဲရင့်ကျော်  တို့ကို မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကျင်းပသော ဂျွန်(၂၁) မြေနီကုန်း အရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားတွင် တွေ့ရစဉ် ။

လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ကို ကျယ်ပြန့်မလာဘူး၊ အားမရဘူး၊ လို့ ဖိတ်ကြားတဲ့ပွဲလေးတောင် မအားလပ်လို့ ဘာလို့ညာလို့ နဲ့ ခင်ဗျားတို့တောင် ဆင်ခြေ တွေ တစ်လှေကြီးနဲ့ လေ...။ အားမရရင် ကိုယ်တိုင်ထွက်လုပ်ပါ..။ ကိုယ်တိုင်ထွက် ဦးဆောင်ပါ ။ ခေတ်ကာလ အခြေအနေကို ဇွတ်ထပ်တူ ချပြီး  ငါတို့တုန်းက... ငါတို့တုန်းက ဆိုပြီး ကျောင်းသားတွေကို ဖိအား မပေးပါနဲ့...။ ၈၈မှာ လူတိုင်းထွက်တဲ့ ခေတ်ကို ရင်းနှီးကျွမ်းဝင်ပြီး ၈၉-၉၀-၉၁ တွေ မှာ ခင်ဗျားတို့ အသားကျခဲ့သလို ခုခေတ်ကလေးတွေမှာမရခဲ့ဘူး။ ရှေ့ နှစ်တွေမှာလည်း ကျောင်းသားခေါင်းဆောင်တွေကို ရက်ရက်စက်စက် နှိပ်ကွက်ပြီး နှစ်ရှည်ထောင်ဒါဏ်တွေချပြီးအသိုင်းအဝိုင်းနဲ့ ပြည်သူတွေကို 
 ခြောက်လှန်ခဲ့တယ်။ ဒါတွေလုပ်ရင် ထောင်နှစ်ရှည်ကျမယ်၊ဘဝပျက်မယ် ဆိုတဲ့ အသိကို စွဲအောင် ရိုက်သွင်းခဲ့တယ်။ ခု မိဘ ဖြစ်နေသူတွေဟာ ဒီအရိပ်ကြီးကို ပူပန်နေကြဆဲ ဖြစ်တယ်။ လက်ရှိ တက်နေတဲ့ သူတို့ ရဲ့ရင်သွေးတွေကို ဒါတွေ ကြုံလေမလားလို့ စိုးရိမ်နေကြဆဲ ဖြစ်တယ်။ဘာကြောင့် စိုးရိမ်နေလဲ...။ နယ်ချဲ့ခေတ်ကတည်းက ကျောင်းသားတွေဟာ တိုက်လာလိုက်ရတာ ..လွတ်လပ်ရေးရပြီးတော့လည်း မဆလတစ်ပါတီ အာဏာရှင်စနစ် ၊ နောက် နဝတ၊ နအဖ ဒီခေတ်တွေမှာ အလီလီတိုက်ရင်း သွေးမြေတွေကျခဲ့၊ အသက်တွေ ပေးခဲ့၊ ထောင်တွေ ကျခဲ့၊ ပညာရေးတွေ ဆုံးရှုံးခဲ့နဲ့  တစ်လျှောက်လုံး ကျောင်းသားဆိုတာ တိုက်ပွဲဝင်သူ ၊ ခေတ်အဆက်ဆက် အစိုးရတွေကို ဆန့်ကျင်ပုန်ကန်သူတွေ ဆိုတာ(အရပ်စကားဆိုရရင် ဖိုက်တာတွေလို့) စွဲထင်နေတာ မဆန်းဘူး ပြောရမလိုပါပဲ။ အစိုးရ အုပ်ချုပ်သူတွေ ၊ လက်ရှိပညာရေး ဝန်ထမ်းတွေ၊ ဒေသ အုပ်ချုပ်ရေး က ပုဂ္ဂိုလ်တွေ ကိုယ်တိုင် စွဲထင်နေကြဆဲ (အချို့) ရှိနေဆဲ ဆိုတာ ယခု လှုပ်ရှားနေတဲ့ သမဂ္ဂပြန်ပေါ်ထွန်းအောင် ဆောင်ရွက်နေတဲ့ ကျောင်းသားတွေ ၊ သမဂ္ဂဖွဲ့တဲ့ ကျောင်းသားတွေကို ခေါ်ယူသတိပေးတာ၊ ကျင်းပခွင့်တွေ တားစည်းတာ၊ ကျင်းပတဲ့နေရာတွေ ကို ကျင်းပခွင့်မပြုဖို့ ဖိအားပေးတာတွေ ကြည့်ခြင်းအားဖြင့် လက်ရှိ အုပ်ချုပ်ရေး ယန္တရားမှာ နိုင်ငံ့ အခြေအနေကို အမှန်မမြင် ၊ အသိမကြွယ်ပဲ၊ မရှက်မကြောက် အုပ်ချုပ်နေသူတွေ ရှိနေဆဲ ဆိုတာ မြင်တွေ့ နိုင်ပါတယ်။ ဥပဒေထဲမှာရှိတဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ရှိနေပြီဆိုပြီး မျက်မှောက် မျိုးဆက်သစ်တွေကို အရမ်းကာရော မြှောက်မပေးသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဘာမှ မသိတဲ့ အုပ်ချုပ်သူ လူတန်းစား အချို့ ရှိနေတယ်ဆိုတာကြောင့်ပါပဲ..။ ဒါကို ခင်ဗျားတို့ လက်ခံမှာပါ။ ဒါကို နားလည်ပေးဖို့လိုပါတယ်။
ထို့အတူ ပဲ ခေတ်ပြောင်းနေပြီ နိုင်ငံတော်ကို ဆန့်ကျင် လမ်းပေါ်ထွက် ခေတ် မဟုတ်တော့ဘူး။ လိုအပ်တဲ့ အနေအထားတွေဟာ အဆင့်ဆင့် သွားလို့ရပြီဆိုတာ ပြည်သူကြားမှာ မကျယ်ပြန့်သေးဘူး။ ဒါတွေကို ဖန်တီးရပါလိမ့်မယ်။ ခင်ဗျားတို့လို့ အတွေ့ အကြုံရှိပြီး နားလည်တဲ့သူတွေက အိမ်မှာထိုင်နေ၊ လုပ်နေတဲ့သူတွေ လာရင် အလှူငွေလေး ထည့်ရုံနဲ့ တာဝန်ကျေလှပြီ ထင်နေလို့ မဖြစ်ပါဘူး။ ကိုယ့်လုပ်နိုင်တဲ့ အားနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ လကိရှိခေတ်ကို နားလည် အသားကျအောင် ဆောင်ရွက်ကူညီပေးသင့်ပါတယ်။ အလှူငွေ ထည့်မယ် မင်းတို့လုပ်ကျ ၊ ဟိုဟာလုပ် ၊ ဒီဟာလုပ် ဆိုပြီး တွန်းအားပေးရအောင်  ကျောင်းသားကလေးတွေဟာ ငွေဝယ်ကျွန်တွေ မဟုတ်ပါဘူး။

ဒိကနေ့ကျောင်းသားတွေဟာ နားလည်သိနိုင်သမျှအားနဲ့ ဖိအား အမျိုးမျိုးကြားက လှုပ်ရှားနေရတာကို  ခင်ဗျားတို့ သိပါတယ်။ ကျောင်းအုပ်ချုပ်သူတွေက ဖိအားပေးတယ်။ ဘွဲ့ရတွေတောင် ဘာမှလုပ်စားလို့ မရတဲ့ခေတ်မှာ ဟိုမရောက် ဒီမရောက် မလိုအပ်ပဲ ကျောင်းထုတ်ခံသင့် မခံသင့် နားလည်ပေးစေလိုပါတယ် ။ (ကိုယ့်သားသမီး ဆိုရင်ရော မြှောက်ပေးမှာပဲလား) မေးချင်ပါတယ်။ ထို့အတူ အိမ်တွေက တားမြစ်တဲ့အခါ ကျွန်တော်တို့ ခေတ်ကလို အိမ်ကလွယ်လွယ်ဆင်း ဘုန်းကြီးကျောင်း သွားအိပ်၊ သွားစား ဖို့ မလွယ်တော့တဲ့ခေတ်ပါ။ အပြင်မှာရပ်တည်ရအောင် ကုန်ဈေးနှုန်းကို ခင်ဗျားတို့သိပါတယ်။ သိပ်ပြီး ဖိအားမပေးကြပါနဲ့လို့ တောင်းပန်ချင်ပါတယ်။

လက်ရှိကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရပ်တည်နိုင်ဖို့ ၊ သမဂ္ဂ အဆောက်အဦ ပြန်လည် တည်ဆောက် ခွင့် ရဖို့၊ ကြိုးစားနေကြပါတယ်။ ပါဝင်ပူးပေါင်းပေးကြပါဦး။ လတ်တလောမှာလည်း ကြုံတောင့်ကြုံခဲ ဆဲဗင်းဂျုလိုင် နှစ် ၅၀ ပြည့် အခါသမယနဲ့တိုက်ဆိုင်နေချိန်မှာ သမိုင်းကပေးလာတဲ့ အတိုင်း သူတို့ ထမ်းရွက်ဖို့ စည်ကားစွာကျင်းပနိုင်ဖို့ ပင်ပန်းခဲယဉ်းစွာ လှုပ်ရှားနေရပါတယ်။ ကြားမိသလောက် ဘဏ္ဍာအင်အားဟာ လုံလောက်မှု မရှိသေးပါဘူး။ သူတို့ ကျောင်းသားတွေ အချင်းချင်း ခေါင်းခြင်းဆိုင် ပူပန်နေ ကြပေမယ့် ကျွန်တော်တို့ ခင်ဗျားတို့ ကတော့ အလှူလာခံရင် ပုံမှန်ထည့်မြဲလောက် ထည့်ပြီး ဟုတ်လှပြီ မှတ်နေကြတာပါ။ သူတို့နေရာက တွေးပြီး ပူတဲ့သူက ခပ်ရှားရှားပါ။ ရှိလည်းရှိပါတယ် ပူပင်ပေးတဲ့သူတွေ။ ကျေးဇူးတင်ထိုက်တဲ့ ရဲဘော်ဟောင်းကြိးတွေပါပဲ။

ထို့အတူ ကျောင်းသားသမဂ္ဂ ဆိုတာ တက္ကသိုလ် အုပ်ချုပ်ရေးရဲ့ ပုရဝဏ်ထဲ ရပ်တည်ရတဲ့ ကျောင်းသား အဖွဲ့အစည်း   ဖြစ်တာနဲ့ အညီ တက္ကသိုလ်အက်ဥပဒေ ပေါ်ထွန်းရေးကို ကြိုးစားနေပါတယ်။ ဒါကို လွတ်တော် ကိုယ်စားလှယ်တွေ မိဘပြည်သူတွေက ဝိုင်းကူရမှာပါ။ အစိုးရ အုပ်ချုပ်ရေး အောက် မှာ အရပ်ဘက်လူမှုဝန်းကျင်ထဲ မှာ ရပ်ရတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် အရပ်ဘက်ဖွဲ့စည်းခွင့် ဥပဒေတွေနဲ့ ညှိစွန်းတယ် ခြိမ်းခြောက်ပြီး ဖိအားပေးနေတာတွေ မြင်ကြတဲ့ အတိုင်းပါပဲ။ ဒါတွေကို အသိမကြွယ်သေးတဲ့ ကလေးတွေ နေရာက စဉ်းစားပေးကြပါ။ သွားဖြေရှင်းရတာ ခင်ဗျားတို့ မဟုတ်ပါဘူး။သူတို့ပါ...အတွေ့အကြုံ အရမ်းနုနေပါသေးတယ်။

လမ်းလျှောက်သင်နေတဲ့ ကလေးတွေ လွတ်ပေးရမှာ လက်ခံပါတယ်။ သို့သော်လည်း  ပြေး  ပြေး ပြေး ဆိုပြီး ဇွတ် ဖိအားပေးရင် တော့ အလဲလဲ အပြိုပြို ဖြစ်သွားနိုင်ပါတယ်။ ဘေးမှာ လက်တွဲပြီး ဝိုင်းရံပေးနေတဲ့ ဗကသ(အထက်ဗမာပြည်) ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီက တာဝန်ယူနေတဲ့ ကိုရဲရင့်ကျော်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမိုးထက်နေ တို့ကို  မေးကြည့်တဲ့ အခါ ကျောင်းသားသစ်တွေ ကိုယ်တိုင် က ရပ်တည်ရန် ခက်နေတဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေ ၊ ကျောင်းအချိန်ပိုင်းဆိုင်ရာတွေကြောင့် သူတို့ကနေ ကျောင်းသားသစ်တွေ ထံ လွဲအပ်တာ လက်မခံပဲ ဘေးက တွဲနေပေးဖို့ တောင်းဆိုတာ ကိုသိရပါတယ်။

ဒီ ကော်မတီဝင်တွေဟာ ကျောင်းသားဟောင်းကြိးတွေ ဖြစ်ပေမယ့် ကျောင်းသားသစ်တွေရဲ့ ဝေယျာဝစ္စတွေ၊ စာရေး စာရိုက် က အစ ၊ ပွဲကျင်းပဖို့ စီစဉ်ပေးရတာတွေ ကလေးတွေနဲ့ စိမ်းနေတဲ့ ဘုန်းတော်ကြိးတွေကို လျှောက်ထား ထိစပ်ပေးရတာတွေ... နောက်ဆုံး ဘဏ္ဍာရှာကြံရာမှာလည်း ဒီကျောင်းသားဟောင်းကြီးတွေက ခင်ဗျားးတို့ ကျွန်တော်တို့နဲ့ သိကျွမ်း ရင်နှီးတဲ့အတွက် နေရာထိုင်ခင်း သိတဲ့အတွက် ကော်မတီဝင်တွေကပဲ ဘဏ္ဍာရှာကြံပေးနေရတာ အားလုံးသိနေတာပဲ။ အဲတော့ ကော်မတီဝင်တွေရဲ့ ပင်ပန်းမှု လိုအပ်မှုကို သိပါလျက် ဗကသ ဖြစ်မြောက်အောင် စတင်ခဲ့သူတွေကို ဗကသဖြစ်မြောက်ရေးမှာ ကန့်လန့်  ကန့်လန့် ဖြစ်နေတယ် လို့ ပြောဆိုနေကြတာလည်း စဉ်းစားဖို့ကောင်းပါတယ်။ ခင်ဗျားရော ကျွန်တော်ရော ဒိကော်မတီဝင်တွေ လို စီးပွားရေး မလုပ်ဘဲ အိမ်တွေရဲ့ အငြိုအငြင်ခံပြိး နေ့မအား ညမအား  ပြေးလွှားလုပ်ပေးနိုင်သလား စဉ်းစားရပါလိမ့်မယ်။ မလုပ်ပေးနိုင်ပဲ ဝေဖန်တာထက်  ခင်ဗျားတို့ ကျွန်တော်တို့ မြန်မြန်ကြီး ဗကသ ပေါ်စေချင်ရင် များများကြီး ဝိုင်းဝန်းအားထုတ်ဖို့ လိုပါကြောင်း ၊ ရှုမြင်ပါကြောင်း တင်ပြလိုက်ပါတယ်။


နောက်ဆက်တွဲ-
ဗကသများအဖွဲ့ချုပ်(ဗဟို လုပ်ငန်းကော်မတီ) ဆိုပြီး တစ် နိုင်ငံလုံး နဲ့ သက်ဆိုင်တဲ့ ဗကသဖွဲ့စည်းထားပြီးပြိလို့ ကိုရဲရင့်ကျော်က ပြောပါတယ်။ ( ရန်ကုန် အခြေစိုက်တဲ့ အခါ ဦးဆောင်မှု အလှမ်းကွာဝေးတဲ့ အတွက် မန္တလေးမှာ အထက်ဗမာပြည်လုပ်ငန်းကော်မတီ ကို ကော်မတီခွဲ (လုပ်ငန်းခွဲ) တစ်ခု အဖြစ် ထပ်မံ  ဖွဲ့စည်းတာ ဖြစ်တယ်  ) ( ကွဲနေတာ မဟုတ်ပါဘူး  နယ်မြေဒေသအတွက် ခွဲလုပ်ရတာပါ .. ) လို့ ဆိုပါတယ်။ အထက်ဗမာပြည်က ကော်မတီဝင် ၆ ဦး လုံး  ဗဟိုလုပ်ငန်းကော်မတီ ထဲမှာ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်လို့ ဗကသတွေ ကွဲနေသလားဆိုတာ မေးရန် မလိုတော့ကြောင်း ၊ တခုတည်းသော ဗကသ ဖြစ်ကြောင်း သူက လေးလေးနက်နက်ပြောပါတယ်။ ဗမာ လို့ ဆက်လက်သုံးနေရခြင်းဟာ ရှိထားခဲ့တဲ့ သမိုင်း ဂုဏ်ရှိန်ဝါ ကို လေးစားတာဖြစ်ကြောင်း၊  ကျောင်းသားထုကြီး ခေတ်ကောင်းစဉ်က  မှည့်ခေါ်ခဲ့တဲ့ နာမည်ကို လက်ရှိလှုပ်ရှားနေတဲ့ ကျောင်းသား အနည်းငယ်က ကိုယ့်မင်းကိုယ့်ချင်း ပြောင်းလဲ ဖို့ ဆိုတာ သမိုင်းကို စော်ကားတယ် လို့ ခံယူပါကြောင်း၊ တစ်ချိန်မှာ စစ်မှန်ပြည့်စုံတဲ့ ကျောင်းသားညီလာခံကြီးကနေ ပြောင်းလဲ ဖို့ လိုအပ်တယ် လို့ ဆုံးဖြတ်ခဲ့ရင် ကျောင်းသားတိုင်းက ကျေနပ်စွာ လက်ခံကြမှာပင် ဖြစ်ကြောင်း၊ သို့ အတွက် ဗမာပြည်၊ မြန်မာပြည် ဆိုတာ ကို အငြင်းအခုန် မလုပ်စေချင်ကြောင်း အငြင်းအခုန်လုပ်လျှင် ရှိတဲ့ အင်အားလေး ညီညွှတ်မှု ထိခိုက်လာနိုင်ကြောင်း ၊ ထိုအကြောင်းအရာကို တွန်းအားပေးနေသူတွေကို ကျောင်းသားထု ညီညွတ်ရေး ပျက်စီးစေသူတွေ လို့  ပြောချင်ပါကြောင်း၊ အချိန်တန်လျှင် ခေါ်ယူမည်  ညီလာခံအထိစောင့်ရန် လိုကြောင်း ၊ီာလာခံ ဖြစ်ပေါ်လာရန် မျိုးဆက်သစ်ကျောင်းသားများ၊  ကျောင်းသားဟောင်းကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ ၊ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ  မှ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေ ဖွဲ့စည်းမှုတွေ ကို လက်ခံအားပေးမှု ၊ ဝိုင်းဝန်းကူညီပေးမှု တို့အပေါ် များစွာ တည်ရှိနေကြောင်း ၎င်းက ပြောကြားသွားပါတယ်။



လေးစားစွာဖြင့်-
နိုင်ကိုဇော်
(တွေ့ဆုံ စီစဉ်တင်ပြသူ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါ၍ နားလည်မှု လွဲချော်ခဲ့ပါက ဗကသများအဖွဲ့ချုပ် ကို ကိုယ်စားမပြုပါကြောင်း သိစေအပ်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...