Monday, June 11, 2012

ဆရာတွေဘက်မှ ရှေ့နေလိုက်ကြည့်ခြင်း


ဒီဆောင်းပါးဟာ အမေရိကန်က ဆရာနှစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။ သူတို့ရင်ဖွင့်သံတွေဟာ မြန်မာနိုင်ငံက ကျောင်းဆရာတွေနဲ့ ဘ၀အတော်လေးဆင်တယ်။ မြန်မာနိုင်ငံမှာက ကျောင်းဆရာတွေ ၀င်ငွေနဲ့ မရပ်တည်နိုင်လို့ ဆိုက္ကားနင်းနေရတာတွေ၊ ဈေးရောင်းနေရတာတွေ၊ ကျောင်းပိတ်ချိန် ပန်းရံ၊ လက်သမားလုပ်နေကြရတာ တွေ အများကြီးပဲ။
ကိုယ့်နိုင်ငံတစ်ခုတည်း ဒီလိုဒုက္ခတွေ ခံစားနေရသလား အောက်မေ့တယ်။ အမေရိကန်လို နိုင်ငံကြီးမှာလည်း ဆရာလောကရဲ့ ခံစားချက်တွေက ဘယ်လိုရှိနေသလဲဆိုတာ ဖတ်လိုက်ရလို့ သူတို့ဝေဒနာ တွေကို မျှဝေလိုက်ပါတယ်။

-------------------------------
စစ်တပ်မှာ ကြိုးစားအားထုတ်မှုနည်းတယ်ဆိုပြီး စစ်သားတွေကို သွားအပြစ်တင်လို့ မရဘူး။ ‘‘စစ်သားတွေက ပျင်း၊ စီမံချက်တွေကဖောင်းပွ၊ ဒါကြောင့် အာဖဂန်မှာ မအောင်မြင်တာပေါ့” လို့ ပြောလို့မရဘူး။
စစ်တပ်မှာ မအောင်မြင်ရင် စစ်ဆင်ရေးအတွက် စီမံချက်ချသူ (planner) တွေကိုပဲ အပြစ်တင်ရမယ်။ ဗိုလ်ချုပ်တွေကို အပြစ်တင်ရမယ်။ ကာကွယ်ရေးဝန်ကြီးကို အပြစ်တင်ရမယ်။ ဒုတိယကာကွယ်ရေးဦးစီးချုပ်ကို အပြစ်တင်ရမယ်။ လစာနည်းနည်းနဲ့ အသက်စွန့်တိုက်ပွဲဝင်နေကြရတဲ့ စစ်သားတွေကို ကျွန်တော်တို့ သွားပြီးအပြစ်တင်လို့ မရပါဘူး။
ပညာရေးမှာလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ကျောင်းသားတွေကို အမှတ်တွေကလည်း မကောင်း၊ နိုင်ငံတကာအဆင့်လည်းမမီ၊ စစ်ဆေးမှု ရလဒ်တွေကလည်းညံ့ဖျင်းတယ်ဆိုပြီး ဆရာတွေကို အပြစ်သွားတင်ရင် မှားပါလိမ့်မယ်။ ကျောင်းအခြေအနေမကောင်း၊ အောင်ချက်ကညံ့ရင်လည်း ဒီအတိုင်းပဲ၊ ဆရာတွေကိုပဲ အပြစ်တင်ကြတယ်၊ ပညာရေးစနစ်ကို ဝေဖန်ထောက်ပြဖို့ အားနည်းကြတယ်။
စစ်တပ်ကို ရှုမြင်ပုံနဲ့ ပညာရေးကို ရှုမြင်သုံးသပ်ပုံ တစ်တန်းတည်းထားသင့်တယ်။ ရလဒ်ကောင်းကောင်း လိုချင်ရင် ထောက်ပံ့မှုကောင်းကောင်း ပေးရမယ်ဆိုတာကိုတော့ မေ့နေကြတယ်။ စစ်မြေမြင်မှာ အောင်နိုင် ချင်ရင် လက်နက်ကောင်း၊ စစ်ဆင်ရေးစီမံချက်ကောင်း၊ အကာအကွယ်ကောင်း၊ သင်တန်းကောင်း၊ လေ့ကျင့်မှု ကောင်းကောင်းပေးလိုက်ရမယ်။ တပ်သားကောင်းတွေလိုချင်ရင် မက်လုံးကောင်းကောင်းပေးပြီး တပ်ထဲကို ဆွယ်ရမယ်။
ကျွန်တော်တို့ ပညာရေးမှာလည်း ဆရာကောင်းတွေကို မက်လုံးကောင်းကောင်းပေးပြီး မမွေးထုတ်နိုင်ခဲ့လို့ ဆရာကောင်းတွေ ရှားတဲ့ခေတ် ရောက်လာပြီ။ ဆရာကောင်းတွေက ခေတ်ဟောင်းမှာ ကျန်ခဲ့သလို၊ ပင်စင်တွေ တောင် ယူကောင်း ယူကြတော့မယ်။ ပညာရေးမှာ ဆရာကောင်းတွေ လိုအပ်နေသေးတယ်။ တက္ကသိုလ်၊ ကောလိပ်ပြီးကတည်းက ဆရာအလုပ်ဆိုတာ အသက်မွေးကျောင်းအလုပ်မှာ အာမခံချက်ရှိတဲ့အလုပ်ဆိုတာ သက်သေပြဖို့အချိန်ရောက်နေပါပြီ။
လက်ရှိ ဆရာတစ်ယောက်ရဲ့ဝင်ငွေဟာ စားပွဲထိုးတစ်ယောက်လောက် အဆင့်ပဲရှိသေးတယ်။ ဆရာ တစ်ယောက်ရဲ့ ဝင်ငွေဟာ အခြားအသက်မွေးဝမ်းကျောင်း အလုပ်တွေမှာ ပညာအဆင့်ချင်းတူတယ်ဆို ရင်တောင် ၁၄ ရာခိုင်နှုန်း ဝင်ငွေနည်းနေသေးတယ်။ ဆရာတွေ လစာဝင်ငွေနည်းပြီး ဒီအတိုင်း ပစ်ထားခြင်း ခံနေရတာ တကယ်ဆိုရင် နှစ်ပေါင်း ၃ဝ လောက်တောင် ရှိနေပါပြီ။
ဆရာတစ်ယောက်ရဲ့ ဝင်ငွေဟာ တစ်နှစ်လုံးမှ ‌ဒေါ်လာ ၃၉ဝဝဝ ပဲရှိတယ်။ ဒါက အလုပ်စဝင်ရင် ရမယ့်လစာ။ နှစ်ပေါင်း ၂၅ နှစ်လောက် တာဝန်တွေထမ်းဆောင်ပြီး ပင်စင်ယူတော့မယ်ဆိုရင် ရမှာက ‌ဒေါ်လာ ၆၇ဝဝဝ ပါ။ အဲဒီဝင်ငွေတွေနဲ့ ဆရာတွေ မြို့နဲ့အနီးတစ်ဝိုက်မှာ အိုးပိုင်အိမ်ပိုင် မရပ်တည်နိုင်ဘူး။ ဆရာတစ်ယောက်ရဲ့ ဝင်ငွေတစ်ခုတည်းနဲ့ မိသားစု မရပ်တည်နိုင်ဘူး။
ဆရာတွေဘဝကို ဒီအတိုင်းပဲ ထားတော့မှာလား။ သူ့ဝင်ငွေအပြင် ၆၂ ရာခိုင်နှုန်းလောက်ကို မိသားစုက လိုအပ်ငွေအဖြစ် အပြင်မှာ ရှာဖွေစားသောက်နေကြရတယ်။ ဒီနေရာမှာ တက္ကဆက်ပြည်နယ်၊ ကဲလားမြို့ လေးက ဆရာ အဲရစ် ဘန်နာအကြောင်း ပြောပြချင်တယ်။ သူ့အတွက် ငွေရှာရတာ တိုက်ပွဲဝင်နေရသလိုပဲလို့ ပြောပါတယ်။ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်။ သူ့လစာနဲ့ မိသားစုကို မလောက်မင ဒီအတိုင်း ရပ်တည်ပေး နေရတာ ၁၅ နှစ်လောက်ရှိသွားပြီ။
ကျောင်းပြီးရင် အိမ်ကိုတန်းမပြန်နိုင်ဘူး။ ကုန်သေတ္တာတွေကိုပြန်စီပေးရတဲ့ ယာဉ်မောင်းအလုပ်ကို ည ၁၁ နာရီအထိ သွားလုပ်ရသေးတယ်။ မနက်ကို ကျောင်းစောစောထပြေးရ။ ညလည်း ညဥ့်နက်မှအိမ်ပြန်လာ။ အဲဒါ ကျောင်းဆရာတွေအတွက် ပညာရေးဌာနရဲ့ ဘဝရပ်တည်ချက် မဟာစီမံချက် လားလို့တောင် မေးလိုက်ချင်ပါတယ်။
ကျွန်တော် အစိုးရကျောင်းတွေက ဆရာတွေနဲ့တွဲပြီး ၁ဝ နှစ်လောက်လုပ်ဖူးတယ်။ နွေရာသီကျောင်းပိတ်တိုင်း ကျောင်းတွေမှာ အတော်ဆုံးဆိုတဲ့ဆရာတွေဟာ တစ်ခုခုထွက်ပြီး အလုပ်တွေ လုပ်နေကြရတယ်။ လုပ်ခ နည်းနည်းနဲ့ မြက်ရိတ်စက် မောင်းသူတွေ မောင်းနေကြရတယ်။ ကျောင်းတွေမှာ တကယ်တော်တဲ့ဆရာတွေ မြက်ရိတ်နေတယ်ဆိုတာ စဉ်းစားသာကြည့်ကြပါတော့။
ဆရာလက်သစ်တစ်ယောက်ဟာ မြို့ပေါ်မှာ တာဝန်ကျလာပြီဆိုရင် တစ်နေ့ကို အတန်း ၅ တန်းလောက် ဝင်သင်ရတယ်။ တစ်တန်းမှာ ကျောင်းသား ၄ဝ လောက်ရှိတယ်။ နှစ်ဆုံးလို့ သူ့သင်ကြားချက်ရလဒ်ကို ပိုင်းဖြတ်ရင် ကောင်းနိုင်စရာ အကြောင်းမရှိဘူး။ တစ်နေ့ကို အတန်း ၅ တန်းလောက် ပြေးနေရတဲ့ သူ့ဘဝကို ကိုယ်ချင်းစာကြည့်။ ရလဒ်မကောင်း၊ အောင်ချက်ညံ့တော့ သူ့ကို အပြစ်တင်ဖို့ သင့်မသင့်ဆိုတာလည်း စဉ်းစားကြည့်။ ကောလိပ်ကနေ ဘွဲ့ရပြီး ကျောင်းဆရာဘဝထဲ ဝင်လာမယ်ဆိုသူတွေမှာ အဲဒီလို အတန်းနဲ့မမျှတဲ့ တာဝန်ယူမှုကြီးတွေက ဖိစီးနေမှာ သေချာတယ်။ လစာကနည်း၊ တာဝန်ကများ၊ ဒီကြားထဲ ရလဒ်က မကောင်းရင် ဝေဖန်ခံရသေးဆိုတော့ ဒီအလုပ်မှာ ပျော်နိုင်တဲ့သူ ရှိပါဦးမလား။
ဒါကြောင့်လည်း နှစ်စဉ် မြို့ပြကျောင်းတွေမှာ ထွက်သွားတဲ့ ကျောင်းဆရာတွေဟာ ၂ဝ ရာခိုင်နှုန်းလောက်တောင်ရှိတယ်။ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် လုပ်သက် ၅ နှစ်မပြည့်မီ ထွက်သွားတဲ့ ကျောင်းဆရာပေါင်း ၄၆ ရာခိုင်နှုန်းရှိတယ်။ တစ်နှစ် အမေရိကန်ရဲ့ ဆုံးရှုံးမှုဟာ ‌ဒေါ်လာ ၇ ဒသမ ၃၄ ဘီလီယံခန့် ရှိတယ်။ မြို့ပြကျောင်းတွေနဲ့ မြို့ပြလူနေမှု အတွက် ဆုံးရှုံးရမှုတွေကတော့ တန်ဖိုး မဖြတ်နိုင်လောက်အောင်ပဲ။
ကျွန်တော်တို့ ပြန်ပြီးသုံးသပ်ရမယ့် အချိန်ရောက်နေပြီ။ နောက်လာမယ့် ၁ဝ နှစ်ဆိုရင် နိုင်ငံရဲ့ ထက်ဝက်ခန့်မှာရှိတဲ့ အရည်အချင်းပြည့်မီသူ ဆရာပေါင်း ၃ ဒသမ ၂ သန်းလောက် အငြိမ်းစားယူကုန် ကြတော့ မယ်။ သူတို့နေရာမှာ ဘယ်သူတွေနဲ့ အစားထိုးကြမလဲ။ ဆရာအလုပ်ကို စိတ်ပါဝင်စားလာအောင် ဘယ်လို မက်လုံးတွေ ပေးပြီး လူသစ်မွေးထုတ်ကြမလဲ။
လူတွေက ကျောင်းတစ်ကျောင်းကို သားသမီးတွေ ပို့လိုက်ရင် အဲဒီကျောင်းက ပညာရေးမှာ အားလုံးတာဝန်ရှိသလို သတ်မှတ်လိုက်ကြတယ်။ သူတို့သားသမီးတွေ ရမှတ်ကောင်းကောင်းရနေရင် အဲဒီကျောင်း အဲဒီဆရာတွေ ကောင်းတယ်၊ တော်တယ်ပေါ့။ လူသစ်တန်းဆရာတွေနဲ့ အားလုံးကို ကောင်းအောင်၊ တော်အောင်လုပ်နိုင်ပါ့မလားဆိုတာ မျှတစွာစဉ်းစားကြည့်သင့်ပါတယ်။ တော်တဲ့ဆရာတွေနဲ့ လစ်လပ်သွားတဲ့နေရာတွေမှာ အစားထိုးဖို့ဆိုတာ လတ်တလောမှာ မဖြစ်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့ ပညာရေးကို ဒီအတိုင်းပဲ ရပ်နေလိုက်ရမှာလား။ ပိုကောင်းတဲ့ အစီအမံတစ်ခု မချတော့ဘူးလား။
ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ McKinsey ကတော့ ဆရာကောင်းတွေရအောင် ဘယ်လို ဆွဲဆောင်ရမယ်ဆိုတာ အကြံပြုထားပါတယ်။ သူတို့က ကမ္ဘာမှာ အကောင်းဆုံး စံပြုထားရတဲ့ ဖင်လန်၊ စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံတွေက ပညာရေးအတွက် ဆောင်ရွက်ချက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်။
အဲဒီနိုင်ငံသုံးနိုင်ဟာ ကမ္ဘာမှာ ပညာရေးဆိုင်ရာ ရမှတ်တွေ ထိပ်ဆုံးအဆင့်မှာရှိတယ်။ ပညာရေးကို အသက် မွေးကျောင်း လုပ်ငန်းဆန်ဆန် တကယ့်ကို အောင်မြင်အောင်လုပ်နေတဲ့ နိုင်ငံတွေဖြစ်တာကြောင့် စံပြု လောက်တယ်လို့ ပြောရင်လည်းရတယ်။ အဲဒီနိုင်ငံတွေက ပထမဦးဆုံး တက္ကသိုလ်၊ ကောလိပ်ထွက် အကောင်းဆုံး၊ အတော်ဆုံး ကျောင်းသားတွေကို လူသစ်တန်းအဖြစ် စုဆောင်းနိုင်တဲ့ စွမ်းရည်တွေရှိကြတယ်။ ဖင်လန်နဲ့ စင်ကာပူနိုင်ငံတွေမှာ သင်တန်းတွေတက်ခိုင်းတယ်။ သင်တန်းတက်နေကတည်းက လစာပေးထား တယ်။ အဲဒီလိုမျိုး အမေရိကန်မှာ မလုပ်နိုင်ဘူး။ တောင်ကိုရီးယားနိုင်ငံမှာ ဆရာတွေကိုပေးတဲ့လစာဟာ ကျွန်တော်တို့နိုင်ငံမှာပေးတဲ့ လစာထက် ၂၅ဝ ရာခိုင်နှုန်းသာတယ်။
ပြောရရင် အဲဒီနိုင်ငံတွေက သူတို့ ဆရာတွေအပေါ်မှာ သူတို့အပြည့်အဝ ယုံကြည်ထားတယ်။ သူတို့ကို ရလဒ် (အဖြေ) တစ်ခုခုကိုပဲ မျှော်လင့်ထားတယ်။ ပြဿနာတစ်ခုခုကို ဆင်ခြေမပေးတတ်ဘူး။ သူတို့မှာ ဆုပေး၊ ဒဏ်ပေးဆိုတာ မရှိဘူး။ မဖြစ် ဖြစ်အောင်လုပ်ကို လုပ်ရမယ်ဆိုတဲ့ ဆန္ဒနဲ့ ဦးတည်ချက်တွေပဲရှိတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေမှာ အလုပ်ထွက်ကုန်တဲ့ ဆရာအရေအတွက် နည်းပါးကြတယ်။ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် တစ်နှစ်ကို အလုပ်ထွက်တဲ့ ဆရာဦးရေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဖင်လန်မှာ ၂ ရာခိုင်နှုန်း၊ စင်ကာပူမှာ ၃ ရာခိုင်နှုန်းလောက်ပဲရှိတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
McKinsey က အမေရိကန်ကောလိပ် ကျောင်းသားပေါင်း ၉ဝဝ ကို ဆန္ဒခံယူကြည့်ပါတယ်။ ဆရာတစ်ယောက် လစာ ဘယ်လောက်ဖြစ်သင့်သလဲပေါ့။ အဲဒီကျောင်းသား ၆၈ ရာခိုင်နှုန်းလောက်က ကျောင်းဆရာ တစ်ယောက်ရဲ့ တစ်နှစ်လစာဟာ ‌ဒေါ်လာ ၆၅ဝဝဝ ဖြစ်သင့်ပြီး၊ အနည်းဆုံး ‌ဒေါ်လာ ၁၅ဝဝဝဝ လောက်အထိ တိုးမြှင့်သွားသင့်တယ်လို့ အကြံပြုကြတယ်။ အဲဒီလောက်ပေးနိုင်ပြီလား။ ပေးနိုင်ရင် အနာဂတ်အတွက် ဆရာတွေမွေးနိုင်ပြီပေါ့။
သမ္မတ အိုဘားမားနဲ့ ပညာရေးဝန်ကြီး Arne Ducan ကတော့ ဆရာတွေရဲ့ အခန်းကဏ္ဍကို အဓိကထားရမယ်မှန်းသိပြီး ပညာရေးမှာ ဆရာကောင်းတွေမွေးထုတ်ပေးပါ လို့အော်နေပြီ။ ဒါပေမယ့် ကမ္ဘာ့အဆင့်မီ ပညာရေးဖြစ်အောင် အကောင်အထည်ဖော်နေတဲ့ နိုင်ငံတွေက လေနဲ့ အလုပ် မလုပ်ဘူးဆိုတာ သိထားစေချင်တယ်။
ဒါကြောင့် ငွေနဲ့လုပ်နိုင်အောင် ‘‘ခင်ဗျားတို့က ဘယ်လောက်ပေးမှာလဲ” လို့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ချင် တယ်။ ထပ်မေးချင်သေးတယ်။ ခင်ဗျားတို့ စစ်ပွဲသုံးပွဲကို ကမ္ဘာအနှံ့ခြေဆန့်ပြီး လိုက်ကျင်းပနေကြတယ်။ ကျွန်တော်တို့ပြည်သူတွေက အဲဒီ စစ်ပွဲတွေအတွက်ပဲ ခင်ဗျားတို့ကို ထောက်ပံ့နေရတော့မှာလား။ အမေရိကန် တွေကို လပေါ်လွှတ်ဖို့ ပရောဂျက်တွေအတွက်ပဲ ထောက်ပံ့နေရတော့မှာလား။ ကျွန်တော်တို့ အနာဂတ်အတွက် ဆရာတွေလက်ထဲကို တစ်ပြားတစ်ချပ်မှ မမျှဝေကြတော့ဘူးလားလို့ မေးလိုက်ချင်ပါတယ်။
 Ref : The High Cost of Low Teacher Salaries, by Dave Eggers and Nínive Clements Calegari
တင်ညွန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...