12.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, June 11, 2012 at 3:48pm
စစ်တွေတွင် အကြမ်းဖက်သူများဘက်မှ လောင်ချာဖြင့် ပစ်ခတ်မှုရှိ
ဇွန်လ ၁၁ ၊ ၂၀၁၂ ၊ YPI
စစ်တွေမြို့ပြင်တွင် ဖြစ်ပွားသည့် အဖြစ်အပျက်၌ အကြမ်းဖက်သူများဘက်မှ RPG ပခုံးထမ်းလောင်ချာ ဖြင့်ပစ်ခတ်မှုရှိခဲ့သည်ဟု စစ်တွေမြို့ခံ များက ပြောသည်။
ယနေ့တနေ့လုံး စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရမှုနှင့် အပြန်အလှန်ပစ်ခတ်မှုများ အတွင်း အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။
စစ်တွေ အပါအ၀င် မြို့နယ်၎ ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ပုဒ်မ (၁၄၄) အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် တခုလုံးကိုမူ အရေးပေါ် အခြေအနေကြေညာထားသည်။ ။
မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ
ည ၉နာရီ ၁၅ ၊ ဇွန် ၁၁၊ ၂၀၂၁၊ YPI
အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။
ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။
ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။ စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။
ရခိုင်ပြည်နယ်မှ လတ်တလော ဆူပူအကြမ်းဖက်မှုများကြောင့် ဒုက္ခသည် တစ်သောင်းကျော်ပြီ
by Yangon Press International on Monday, 11 June 2012 at 17:09 ·
ဇွန် ၁၁၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် အိုးအိမ်များကို စွန့်ပစ်၍ ကယ်ဆယ်ရေးစခန်းများတွင်ခိုလှုံနေရသော ဒုက္ခသည်စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော်ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းပမာဏမှာ ယနေ့နေ့လည်အထိသာကောက်ယူထားသောစာရင်းများဖြစ်သဖြင့် ထပ်မံတိုးလာနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းထုတ်ပြန်ချက်အရ မောင်တောမြို့နယ်တွင် ဒုက္ခသည်စုစုပေါင်း ၃၈၇၄ ယောက်၊ စစ်တွေမြို့တွင် ၄၉၀၀ ယောက်၊ ဘူးသီးတောင်မြို့တွင် ၁၃၀၀ ယောက်နှင့် ရသေ့တောင်မြို့တွင် ၂၀၀၀ ၀န်းကျင်ခန်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးအေးသာအောင်က '' မောင်တောမှာ ရခိုင်ရွာနှစ်ဆယ်လောက် မီးရှို့သတ်ဖြတ်ခံလိုက်ရပြီ။ ဒီဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးတဲ့အခါမှာ ငွေပေးရုံ၊ ပစ္စည်းပေးရုံ၊ အိမ်ရာဆောက်ပေးရုံနဲ့မလုံလောက်ဘူး။ သူတို့ရဲ့ စိတ်လုံခြုံမှုကို ဘယ်လိုလုပ်ပေးမလဲ။ အဲဒါစဉ်းစားရမယ် " ဟုပြောသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးကလည်း ယခုကိစ္စသည် ပြည်ထောင်စု၏ ပြဿနာ၊ တိုင်းရင်းသားများ၏ ပြဿနာဖြစ်ကြောင်း၊ ယင်းပြဿနာကို အစိုးရအနေဖြင့် မဖြေရှင်းနိုင်ပါက ပြည်နယ်အသီးသီးသို့ ပြန့်နှံ့သွားနိုင်ကြောင်းပြောသည်။
" အိမ်ကတော့ မီးလောင်နေပြီ။ အားလုံးဝိုင်းပြီး ငြိမ်းသတ်ရင်ရနိုင်တယ်။ ညီအစ်ကိုစိတ်ဓာတ်နဲ့ ၀ိုင်းလုပ်မှ ရမယ် " ဟု ၎င်းကပြောသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးကလည်း ယခုပြဿနာသည် နယ်စပ်ဒေသမှ တရားမ၀င် ၀င်ရောက်လာသော သူများအပေါ်တွင် မူတည်ဖြစ်ပျက်ခဲ့သည့်ပြဿနာဖြစ်ကာ ဘာသာရေးနှင့်မဆိုင်ကြောင်း၊ သို့သော် ယခုအချိန်တွင် ဘာသာရေးပဋိပက္ခအသွင်ဆောင်လာမှုအပေါ် ၀ိုင်းဝန်ဖြေရှင်းသင့်ကြောင်းပြောသည်။
၎င်းက " ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ မူဝါဒဥပဒေ၊ လူဝင်မှုဆိုင်ရာပေါ်လစီတွေ နဲ့ အဂတိလိုက်စားမှုဆိုင်ရာ မူဝါဒတွေကို ပြတ်ပြတ်သားသား ချမှတ်ဆောင်ရွက်ဖို့လိုနေပြီ " ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုဖြစ်ပွားလျက်ရှိသော ရခိုင် - ဘင်္ဂလီ ပဋိပက္ခကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးခဲ့သော်လည်း စာရင်းကောက်ခံရန်အခက်အခဲကြောင့် အတိအကျမသိနိုင်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှမြင့်ကပြောသည်။
ယခင်လ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် ဖြစ်ပျက်သည့် အဓမ္မပြုကျင့် အသတ်ခံရမှုမှ တောင်ကုတ်မြို့တွင် အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် အချို့အသတ်ခံရသည့် ကိစ္စတို့မှ ဇွန်လ ၈ ရက်နေ့ မောင်တောမြို့တွင် အကြမ်းဖက်မှုများအဖြစ် ကျယ်ပြန့်လာခြင်းဖြစ်သည်။
ယခုအခါ ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင်သာမကပဲ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူနှင့် သံတွဲမြို့များတွင် ညမထွက်ရ အမိန့်နှင့် ပြည်နယ်တခုလုံးကို အရေးပေါ် အခြေအနေကြေညာထားပြီ ဖြစ်သည်။ ။
By ကိုကျော်ကျော်သိန်း
- ကျောက်နီမော်ကျေးရွာသူ မသီတာတွေး အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန် တယ်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးထားသူတွေကို ဒီကနေ့ ကျောက်ဖြူမြို့နယ် တရားရုံးတခုမှာ စတင် ကြားနာ ပြီဖြစ်ပါတယ်။ စွပ်စွဲထားသူသုံးဦးထဲက တဦး တနင်္ဂနွေနေ့ကပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် သွားပြီး တဲ့ နောက်တရက်မှာ အမှုကိုစတင် စစ်ဆေးတာလည်းဖြစ်ပါတယ်။ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့တွေ မှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း ညမထွက်ရတဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာ ကြောင့် လူထု နေထိုင်စားသောက် လုပ်ကိုင်ရေး မှာ အခက်အခဲတွေ ရှိနေတယ်လို့ ကျောက်ဖြူမြို့ခံ တဦးကပြောပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့မှု နဲ့ စွပ်စွဲ ဖမ်းဆီးထားသူ လူငယ်တွေကို ဒီကနေ့ ကျောက်ဖြူမြို့မှာ ရုံးထုတ်စစ်ဆေးတာပါ။ စွပ်စွဲခံထားရသူတွေ ထဲက တဦးကတော့ တနင်္ဂနွေနေ့ကပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
အခုလက်ရှိ ရခိုင်ပြည်နယ်တွင်း တချို့မြို့တွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ရတဲ့ အဓိက အရင်းခံ အကြောင်းရင်းဖြစ်တဲ့ ဒီလူသတ်မှုကို စပြီး ရုံးတင်စစ်ဆေးတာမှာတော့ အေးအေးဆေးဆေးပဲ ရှိခဲ့တယ်လို့ တရားရုံးမှာ ကိုယ်တိုင်သွားရောက် နားထောင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP က ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပါတယ်။
"ကျောက်နီမော်က ဖမ်းထားတဲ့ တရားခံသုံးယောက်မှာ တယောက်က ဆုံးသွားပြီ။ ၂ ယောက်ကျန်တဲ့သူကို ဒီကနေ့ တရားခွင်တင်ပြီး အမှုစပြီး စစ်နေပါတယ်။ မနက် ၉ နာရီခွဲလောက်က ရုံးထုတ်တယ်။ သက်သေ သုံးယောက် စစ်ပြီးသွားပြီ။ အေးအေးဆေးဆေးပါ။ မြို့ကလည်း လာပြီးနားထောင်တဲ့ သူတွေလည်း ရှိပါတယ်။ လာပြီးနားထောင်တဲ့သူတွေက ၁၀၀ တောင် မပြည့်ပါဘူး။ မိုးလည်း နည်းနည်း ရွာနေတဲ့အတွက်ကြောင့် ထင်ပါတယ်။ လာနားထောင်တဲ့သူက သိပ်မများလှပါဘူး။"
ကျောက်ဖြူမြို့မှာ တခြားတင်းမာမှုတွေ ဘာမှမရှိဘဲ အခြေအနေက အေးဆေးငြိမ်သက်နေတယ်လို့ ဦးဘရှင် က ပြောပါတယ်။ ဒါပေမဲ့လည်း ပြည်နယ်တခုလုံးမှာ အရေးပေါ်အခြေအနေ ထုတ်ထားတာကြောင့်တော့ လုပ်ကိုင်စားသောက်ကြရတဲ့ လူထု အခက်အခဲကြုံနေရတာတွေရှိပြီး ဒီအခြေအနေကို ဘယ်လို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုတာ သူတို့ လေ့လာ စောင့်ကြည့်နေတယ် လို့ ဆိုပါတယ်။
"ညမထွက်ရအမိန့်ထုတ်လိုက်တဲ့အတွက်ကြောင့် အလုပ်လုပ်တဲ့ လုပ်သားပြည်သူအပေါ်မှာတော့ အခက်အခဲတွေ အများကြီးဖြစ်သွားတာပေါ့။ သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေး၊ နေထိုင်ရေး၊ လုပ်ကိုင်ရေး စသည်အားဖြင့်- အဲဒီ ညမထွက်ရ အမိန့်က ဘယ်လောက်များတာရှည်မလဲ၊ အဲဒါ ပြည်သူ လူထုက ဒီ ညမထွက်ရအမိန့်ကြောင့် ဘယ်လောက်အထိ ထိခိုက်မှုရှိမလဲဆိုတာကို သက်ဆိုင်ရာ တာဝန် ရှိတဲ့သူတွေကတော့ အလေးအနက်ထား စဉ်းစားမှာပေါ့ဗျာ။ အခုက သွားရေးလာရေးတွေမှာ ကျနော် သတင်း ကြားနေတာက ကျောက်ဖြူနဲ့ရန်ကုန် တိုက်ရိုက်ပြေးတဲ့ကား ခရီးသွား၊ ခရီးလာနည်းတဲ့ အတွက်ကြောင့် ၅ရက် နားမယ်၊ နောက်တခါ စစ်တွေနဲ့ တောင်ဘက်ပိုင်းကို ဆွဲနေတဲ့ အမြန်ယာဉ်တွေ ရှိတယ်၊ အဲဒီ အမြန် ယာဉ်တွေလည်း လောလောဆယ် ခရီးစဉ်မရှိတော့ဘူးဆိုပြီးတော့ သတင်းကြားတယ်။"
ပြီးခဲ့တဲ့သီတင်းပတ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိခဲ့တဲ့ တောင်ကုတ်မြို့မှာလည်း အခြေအနေ က အေးဆေး ငြိမ်သက် နေပါတယ်။
"တောင်ကုတ်ကတော့ အေးအေးဆေးဆေးပါ။ လုံခြုံရေးအခြေအနေကလည်း တင်းတင်းကျပ်ကျပ် မချထား ပါ။ အရင်ကလို ပုံမှန်ပဲ။ ဒီအတိုင်းပဲ - အရင်တုန်းကလို အေးအေးဆေးဆေးပါပဲ။ ကျနော်တို့တောင်ကုတ် က မပါသလိုပဲ။ တောင်ကုတ်က နဂိုရ်အတိုင်းပဲ၊ အရေးအခင်းမဖြစ်ခင်ကလိုပဲ သွားလာနေကြ ပါတယ်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။"
တောင်ကုတ်မြို့ခံတဦး ပြောပြသွားတာပါ။
စစ်တွေနဲ့ မောင်းတောမြို့တွေမှာ အခြေအနေတွေ ဆိုးရွားနေဆဲရှိနေသေးပေမဲ့ တခြားနေရာတွေမှာ အေးဆေး ငြိမ်သက်နေတာကြောင့်တော့ အများအတွက် စိတ်အေးစရာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မတည်ငြိမ်သေး တဲ့ နေရာတွေက အခြေအနေတွေ ရက်ဆက်ပြီးဆိုးရွားနေမယ်ဆိုရင် အရေးပေါ်အခြေအနေ တာရှည်ပြီး လူထုအတွက် ပိုထိခိုက်လာမှာကိုတော့ စိုးရိမ်နေကြပါတယ်ခင်ဗျား။
စစ်တွေ ကန်တော်ကြီးရေ သောက်မ၍ (၆) ဦးဆေးရုံတင်ထားရ
ည ၈နာရီ ၃၀ ၊ ဇွန် ၁၁၊ ၂၀၁၂ YPI
စစ်တွေ မြို့သောက်သုံးရေ ပေးဝေရာ ကန်တော်ကြီးရေ မသောက်ကြရန် သက်ဆိုင်ရာမှ ယနေ့နေ့လည် ၂ နာရီဝန်းကျင်တွင် သတိပေးထားသည်ဟု စစ်တွေမြို့ခံများက ပြောသည်။
ကန်တော်ကြီးရေကန် ကို အဆိပ်ခတ်သည်ဟု သံသယရှိသဖြင့် ယခုလို မသောက်သုံးရန် တားမြစ် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။
ယခုလောလောဆယ်တွင် ယင်းရေသောက်မိပြီး ဆေးရုံသို့ တင်ပို့ထားရသူ (၆) ဦးရှိပြီဟုလည်း သိရသည်။
မတည်ငြိမ်မှုတွေကြောင့် ကုလ၀န်ထမ်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာ
By ကိုဝင်းမင်း
- ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မို့ ဒေသတွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ သေကြေပျက်စီးမှုတွေတိုးလာနေတဲ့ ရခိုင်နဲ့ မူစလင် ကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အစိုးရကနေ အရေးပေါ်အခြေအနေ ထုတ်ပြန်အပြီးမှာပဲ အဓိက ကျတဲ့ မောင်တောမြို့က ဝန်ထမ်းတွေကို ရွှေ့လိုက်တာပါ။ ဒါပေမဲ့ အခြေအနေတွေ ပြန်ပြီး တည်ငြိမ် သွားပြီ ဆိုရင် ကုလသမဂ္ဂဝန်ထမ်းတွေကို ချက်ခြင်း ပြန်လွှတ်ဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံမှာ တာဝန် ကျနေတဲ့ အဆင့်အမြင့်ဆုံး ကုလသမဂ္ဂအရာရှိက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က ကုလသမဂ္ဂဝန်ထမ်း အများဆုံး ရှိနေတဲ့ မောင်တောမြို့က ဝန်ထမ်း ၄၀ ကျော်ကို မနေ့ကစပြီး ပြောင်းရွှေ့ခဲ့ပုံကို အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့အဖွဲ့ဝင်တချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ အခုလို လုပ်တာက သူတို့ဆန္ဒအရ ရွှေ့ချင်တဲ့သူတွေကိုပဲ ရွှေ့ပေးတာပါ။ ဒီထဲမှာ ပြည်တွင်းမှာရော၊ ပြည်ပကရော လုပ်သားတွေ ပါပါတယ်။ အဓိကရွှေ့ပေးတာက မောင်တောကနေ ရန်ကုန်ကိုပါ။ အခုလောလောဆယ်မှာတော့ သူတို့ စစ်တွေကို ရောက်နေပြီ။ ရန်ကုန်ကိုဆက်ရွှေ့ပေးဖို့ ရှိပါတယ်။”
မစ္စတာ Nigam ကပဲ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ စစ်တွေနဲ့ မောင်တောမြို့တွေမှာလည်း ကုလသမဂ္ဂ ဝန်ထမ်းတွေ အနည်းငယ်ရှိတယ်၊ သူတို့ကိုလည်း သူတို့ရဲ့ဆန္ဒအရ ရွှေ့ခွင့်ပြုထားပြီးပြီလို့ ဆိုပါတယ်။ မစ္စတာ Nigam ကပဲ အခုလိုရွှေ့တာက ခေတ္တ ယာယီသာဖြစ်တယ်လို့ အလေးအနက် ထပ်ပြောပါတယ်။
“ဒါက ယာယီရွှေ့ပြောင်းပေးတာပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့လုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်တဲ့အထိ သတ်မှတ် ထားတာပါ။”
အခုအချိန်ထိတော့ ဝန်ထမ်းစုစုပေါင်း ၄၄ ဦးကို ရန်ကုန်ကိုရွှေ့ပေးဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ ဝန်ထမ်း ၁၃၀ ကျော်လောက်ကတော့ ဒေသထဲမှာ ဆက်ရှိနေသေးတယ်၊ ပုံမှန်လုပ်ငန်းတွေ အပြည့် မလုပ်ပေးနိုင်တော့ ဘဲ လျှော့ချပြီးလုပ်နေရတယ်လို့ မစ္စတာ Nigam က ဆက်ပြောပါတယ်။ မစ္စတာ Nigam ကပဲ အခုလို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း အခုလို ဆက်ရှင်းပြပါ တယ်။
“မောင်တောမြို့နယ်မှာ အနှောင့်အယှက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ကျနော်တို့ဝန်ထမ်းတွေက သတင်းပို့လာပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်လည်း ပါပါတယ်။ အဲဒီတော့ ကျနော်တို့ဝန်ထမ်းတွေအနေနဲ့ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘူးလေ။ ဒီနေရာမှာ ဝန်ထမ်းတချို့က တောင်းဆိုလာလို့ သူတို့ဆန္ဒအရ ရွှေ့ပေးဖို့ အခုလို ဆုံးဖြတ်ခဲ့ရတာပါ။”
ဒါ့အပြင် နောက်ထပ် ဘယ်လောက် ထပ်ရွှေ့ဖို့ ရှိမယ်ဆိုတာကတော့ ရှေ့မှာ ဘယ်လိုဆက်ဖြစ် လာမလဲ အပေါ် မူတည်တယ်လို့ မစ္စတာ Nigam က ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ပြန်ကောင်းလာရင်တော့ ပုံမှန် အလုပ်တွေကို အပြည့်အဝ ချက်ခြင်းပြန်လုပ်ပေးနိုင်အောင် စီစဉ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆက်ပြောပါတယ်။
“ကျနော်တို့လက်ရှိအခြေအနေကို သုံးသပ် အကဲဖြတ်သွားပါမယ်။ မကြာခင်မှာ ပြန်သွားနိုင်မယ်လို့ လည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ဝန်ထမ်းတွေ ပြန်သွားလို့ ဖြစ်ဖြစ်ချင်းပဲ ကျနော်တို့ရဲ့ ပုံမှန် လုပ်ငန်းတွေကို ပြန်လုပ်ပေးချင်ပါတယ်။”
ဒီ ကုလသမဂ္ဂဝန်ထမ်းတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အဓိကဖြန့်ဖြူးပေးနေတာ ဖြစ်ပြီး အစားအစာ အကူအညီတွေလည်း ပါနေပါတယ်။ အခု ရွှေ့ပြောင်းခဲ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ ရုံးတွေထဲမှာတော့ UNHCR ကုလသမဂ္ဂ၊ ဒုက္ခသည်များ ဆိုင်ရာ မင်းကြီးရုံး၊ WFB ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နဲ့ UNICEF ခေါ် ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့က ဝန်ထမ်းတွေ အဓိက ပါဝင်ပါတယ်။
တချိန်တည်းမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဘရောင်းကလည်း ဒီအကြမ်းဖက်မှုတွေအတွက် အထူးစိုးရိမ်မိကြောင်းနဲ့ နှစ်ဘက်လုံးက အကြမ်းဖက်မှုတွေ မလုပ်ဘဲ နောက်ဆုတ်ပေးကြဖို့၊ နောက် အာဏာပိုင်တွေ၊ ဒေသခံခေါင်းဆောင်တွေအနေနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ဆွေးနွေးဖြေရှင်းပေးကြဖို့ကိုလည်း မနေ့ကပဲ သတင်းထုတ်ပြန်ပြီး တိုက်တွန်း လိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေး ဦးဆောင်လုပ်ပေးနေတဲ့ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ဒီအကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုတွေကို ဖော်ထုတ်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ကြပါတယ်။ တကယ်တော့ ဒီအကြမ်းဖက်မှုတွေ ဟာ မေလ ၂၈ ရက်နေ့မှာ ရခိုင်အမျိုးသမီးတဦးကို မူစလင်သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲ အပြီးမှာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရတာပါခင်ဗျာ။
မသီတာထွေး အမှု ဒုတိယနေ့ ကြားနာစစ်ဆေး
နေမျိုး | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ ဒုတိယနေ့ကြားနာ စစ်ဆေးခြင်းကို တနင်္လာနေ့က ပြုလုပ်ခဲ့သည်။
ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ယခုရုံးချိန်းတွင် ကျန်ရှိသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးနှင့် တရားလိုပြ သက်သေ ကိုးဦးတို့အား စစ်ဆေးမှုကို ခရိုင်တရားသူကြီးဒေါ်ဌေးဌေးကြည် က ကြားနားခဲ့ခြင်း ဖြစ်သည်။
သက်သေများ စစ်ဆေးမှုကို ရုံးချိန်ကုန်ဆုံးသည်အထိ မပြီးဆုံးနိုင်ခဲ့၍ နောက်ရက်များတွင် ဆက်လက်စစ်ဆေး ကြားနာရမှာဖြစ်ကြောင်း တရားရုံးသို့ သွားရာက်လေ့လာခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“ကျန်တဲ့တရားခံများကို ဒီနေ့စပြီး ရုံးတင်တယ်။ သက်သေတွေ စစ်တယ်။ သက်သေတွေ စစ်နေတုန်း ၆ ယောက်၊ ၇ ယောက်လောက် ပြီးသွားပြီ။ တရားရုံးနားမှာ ကျနော်တို့လည်း လာလေ့လာနေတာ။ ကျောက်ဖြူခရိုင် ဥပဒေ အရာရှိကတော့ ဦးစောမြ။ တရားခံဘက်က ရှေ့နေက အထက်တန်းရှေ့နေ ဦးဘမောင်” ဟု ပြောသည်။
တရားလိုပြ သက်သေများ စစ်ဆေးပြီးမှ သက်ဆိုင်ရာပုဒ်မများဖြင့် စွဲချက်တင်နိုင်မှာ ဖြစ်ကြောင်း ဆက်ပြောသည်။
“အကြောင်းခြင်းရာက ပစ္စည်းလုတယ်၊ မုဒိန်းကျင့်တယ်။ လူသတ်တယ်။ ဒီ ကလေးမလေးဆီက ရွှေတွေ ငွေတွေ လုယူတယ်။ ဒီကလေးမကို မုဒိန်းကျင့်တယ်။ သတ်လိုက်တဲ့အမှုရယ်။ ပြစ်မှု သုံးမှု။ အဲဒီပြစ်မှုတွေထဲမှာ သေဒဏ် ကျထိုက်တဲ့ အမှု ပါတဲ့အတွက်ကြောင့် တဘက်က ရှေ့နေမပါဘဲ အမှုစစ်လို့မရဘူး။ သူ့မိသားစု ဘက်ကလည်းရှေ့နေ ငှားရမ်း မဖြစ်တော့ကာ နိုင်ငံတော်စားရိတ်နဲ့ ရှေ့နေ ငှားပေးတယ်” ဟု ကိုယ်တိုင် ရှေ့နေကြီးတဦးဖြစ်သည့် ဦးဘရှိန် က ပြောသည်။
ကြားနာမှု ပြုနေစဉ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ချထားသည့်အပြင် မိုး အနည်းငယ် ရွာသွန်းနေသော်လည်း တရားရုံးတော်သို့ စိတ်ပါဝင်စားသူ ဒေသခံလူ ၁၀၀ ခန့်နှင့် အာဏာပိုင်များ၊ နိုင်ငံရေးပါတီများ ရုံးတော်သို့ လာရောက် နားထောင်ခဲ့ကြသည်။
“ရွာထဲကလည်း တော်တော်လာ နားထောင်ကြပါတယ်။ ပါတီကလည်း လာကြတယ်။ ရပ်မိရပ်ဖတွေကလည်း လာကြပါတယ်။ အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေ၊ ပြည်နယ် ဝန်ကြီးဦးအောင်သန်းလည်းရောက်လာပါတယ်။ ရုံးကတော့ မနက်ဖြန်ထပ်ချိန်းမှာ သေချာတယ်” ဟု ဦးဘရှိန် က ပြောသည်။
မသီတာထွေး အမှု အပါအဝင် ရခိုင်ပြည်နယ်တွင်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ တရားဥပဒေအရ လျှင်မြန်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများ၊ နိုင်ငံရေးပါတီများနှင့် သမ္မတနှင့် အစိုးရထုတ်ပြန်ချက်များအရ လိုလားနေကြသည့် အလျောက် ဤအမှု မှန်ကန် လျှင်မြန်စွာ အရေးယူဆောင်ရွက်ပြီးစီးရန် လိုအပ်နေသည်။
“တရားစွဲဆိုသည့် အဖွဲ့အစည်းများဖြစ်သည့် ဥပဒေရုံး၊ ရဲတပ်ဖွဲ့တို့က စစ်ရမယ့် သက်သေတွေကို တရားခွင်ထဲ မြန်မြန် ထက်ထက်ရောက်နိုင်အောင် အကူအညီပေးဖို့တော့ သူတို့မှာ အဆင်သင့်ပြင်ထား တယ်ဆိုတာ ကျနော်တို့တွေ့ရပါ တယ်” ဟု ၎င်း လေ့လာ တွေ့ရှိရသည်ကို ဦးဘရှိန် က ပြောသည်။
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် မသီတာထွေး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး မသင်္ကာသူ သုံးဦးကို ထိုနေ့ညမှာပင် ဒေသခံ ရဲစခန်းမှ ဖမ်းဆီးထားခဲ့သည်။
သို့သော် ထိုအဖြစ်အပျက်မှ စတင်ခဲ့သည့် လူမျိုးရေး တင်းမာမှုများမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံများက သတ်ဖြတ်မှုအထိ ဖြစ်ပွားခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား ဖြစ်ရပ်အမှန် ဖော်ထုတ် နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်သော ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းထားသည်။
ဇွန်လ ၈ ရက်နေ့တွင် မူဆလင် အများစု နေထိုင်ရာ မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားလာ၍ ဘူးသီးတောင်မြို့နှင့်အတူ ညမထွက်ရ၊ လူမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရသည်။
ထိုမှတဆင့် အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ကူးစက်ပြန့်နှံ့လာကာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ရမ်းဗြဲ မြို့များ တွင်လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာ၍ ပုဒ်မ ၁၄၄ ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့သောကြောင့် သမ္မတ ဦးသိန်းစိန်သည် “အရေးပေါ် အခြေအနေ” ကို ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ညနေပိုင်းတွင် ထုတ်ပြန်လိုက်ပြီး နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်နေသည်။
အလုပ်သမားများ လုပ်အား တိုးလုပ်ရန် လုပ်ငန်းရှင်အသင်း တောင်းဆို
ဖနိဒါ | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်သမားများ အခြေခံလစာ တိုးမြှင့်ရရှိရေး ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေသော် လည်း အလုပ်သမားများဘက်မှ လုပ်အား တိုးမြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာ့အထည်ချုပ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။
ဗီယက်နမ်နိုင်ငံမှ လုပ်သားတဦး တရက်လျှင် ရှပ်အင်္ကျီအထည်ပေါင်း ၂ဝ ချုပ်နိုင်သော်လည်း မြန်မာနိုင်ငံမှ လုပ်သား တဦးမှာ တရက်လျှင် ၁ဝ ထည်သာ ချုပ်နိုင်သဖြင့် နှစ်ဆ ကွာခြားမှု ရှိနေသည်ဟု ဆိုသည်။
“အလုပ်သမားတွေက စားဝတ်နေရေးကြောင့် လုပ်ခလစာ တိုးလိုချင်ပေမယ့် သူ့လုပ်အားက၊ အလုပ်သမားတွေ လုပ်နိုင်မှု မတိုးဘူးဆိုရင် ဒီလုပ်ငန်းရှင်တွေက ရေရှည် ရပ်တည်နိုင်ဖို့ ခဲယဉ်းတယ်” ဟု ဦးမြင့်စိုး က ပြောဆိုသွား သည်။
မေလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများ ၁,၂ဝဝ ခန့်က လုပ်ခလစာ ကျပ် ၃ဝ,ဝဝဝ ထိ တိုးမြှင့်ပေးရေးအတွက် အရေးဆိုဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)
ထိုသို့ ရေရှည်တည်တံ့နိုင်ရန်အတွက် အခြားအခက်အခဲများလည်း ရှိနေကြောင်း “အော်ဒါလည်း ဒီလောက်ကြီး များများစားစား မကောင်းသေးဘူး။ အမေရိကားလည်း များများစားစား ပို့လို့ မရသေးဘူး။ ဥပရောပပို့တော့လည်း အခွန်သက်သာခွင့် မရဘူး။ ပြီးရင် ဒေါ်လာဈေးကလည်း ကျတယ်။ ကျပ်ငွေက မာတယ်။ ၂ဝ၁၁ ခုနှစ် ရော၊ ၂ဝ၁၂ မှာလည်း လုပ်ငန်းတွေ မကောင်းသေးဘူး။ အန်ကန်တို့ လည်ပတ်နေတယ်ဆိုတာက ရှုံးလိုက်၊ အရင်းအနှီး ရလိုက်၊ တခါတလေ ပါးပါးလေး မြတ်လိုက် အဲဒီလိုမျိုး လုပ်နေရတာ။ လုပ်ငန်းက မကြီးထွားနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။
အထည်ချုပ်လုပ်ငန်းရှင်များအနေနှင့် ၎င်းတို့၏ အခက်အခဲများ ဆက်လက် ကြပ်တည်းလာပါက အလုပ်သမားများ အခက်အခဲကိုလည်း ဖြေရှင်းပေးရန် မလွယ်ကြောင်း ဆန္ဒပြ အလုပ်သမား မိန်းကလေးများအား ပြောဆိုထားသည်ဟု ဦးမြင့်စိုး က ပြောသည်။
“နောက် ၃ လဆိုရင်တော့ အမေရိကန်နဲ့ ဥရောပ အခွန်သက်သာခွင့်တွေ လွတ်မယ်လို့ မျှော်လင့်တယ်။ အဲဒီလိုမျှော်လင့်တာလေးတွေ ဖြစ်လာပြီဆိုရင်တော့ အန်ကယ်တို့က ရည်ရှည် ဆက်လုပ် လာနိုင်တယ်။ အဲဒီလို မဖြစ်လာနိုင်ဘဲနဲ့ ဒီအခြေအနေထက် ဆိုးသွားမယ်။ ငွေလဲနှုန်းကလည်း ကျသွားမယ်ဆိုရင်တော့ သမီးတို့ကို အန်ကယ်တို့ ကယ်တင်နိုင်မှာ မဟုတ်ဘူးဆိုတာတော့ ပြောထားတယ်”ဟု ပြောသည်။
မြန်မာ့အထည် တင်ပို့မည့် ဈေးကွက် မရခြင်း၊ အမေရိကန်နိုင်ငံသို့ တင်ပို့မှု နည်းနေခြင်းနှင့် ဥရောပနိုင်ငံတို့ တင်ပို့ရာ တွင် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ခ်ျ၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်နိုင်ငံများ နီးတူ အခွန်ကင်းလွတ်ခွင့် မရသေးသဖြင့် အမြတ်အစွန်း နည်းပါးနေသည်ဟု ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
အမေရိကန်က စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ပြီးခဲ့သည့် မေလဆန်းပိုင်းက ရုပ်သိမ်းခဲ့သော်လည်း တင်ပို့မှု နည်းပြီး အခွန်ကင်းလွတ်ခွင့် မရသေးသဖြင့် ကုန်ကျငွေ များပြားသေးဟုဆိုသည်။
“ပို့ချင်တဲ့ ဈေးကွက်နဲ့ ပို့နိုင်ရမယ်။ ပိုတဲ့ ဈေးကွက်တွေမှာလည်း အခွန်သက်သက်ခွင့်နဲ့ အခွန်ကင်းလွှတ်ခွင့်တွေ ရရမယ်။ အန်ကယ်တို့ ခံစားနေရတဲ့ transaction costs တွေပေါ့လေ။ လျှပ်စစ်မီးနဲ့ ဒီဇယ်နဲ့ လည်ရတယ်။ သယ်ယူ ပို့ဆောင် စရိတ်တွေ ကြီးတယ်။ အဲဒီလိုမျိုး transaction costs တွေ ချနိုင်ရမယ်။ ငွေလည်းနှုန်း ဖြစ်သင့် ဖြစ်ထိုက် တဲ့နှုန်း ဖြစ်ဖို့ လိုတယ်။ ခုတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထက် အောက်ကို ကျနေတယ်” ဟု ဦးမြင့်စိုး က ပြောသည်။
ငွေလဲလှယ်နှုန်းမှ ယခင်က အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၁,၂ဝဝ ကျပ်ထိ ရှိခဲ့ရာမှ ယခု ၈၅ဝ ထိ ကျဆင်းသွားပြီး ထိုအတိုင်း ခိုင်နေသည်။
ပြည်ပနိုင်ငံများမှ ကုမ္ပဏီကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေသည့် မြန်မာနိုင်ငံမှ ဂျပန်၊ ကိုးရီးယာ၊ ဥရောပနှင့် တောင်အမေရိကသို့ တင်ပို့နေသည်။ ကုန်ကြမ်းများကို တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများမှ အဓိက ဝယ်ယူနေသည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ပို့ကုန် ကျဆင်းခဲ့သည့် နောက်ပိုင်း ၂ဝဝ၈ နှစ် စက်တင်္ဘာလကုန် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ မြန်မာ့အထည့်လုပ်ငန်း ၃ဝ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရာမှ ယခုထိ ပြန်လည် နာလန်မထူနိုင်သေးဘဲ ဖြစ်နေခြင်း ဖြစ်သည်။
အလုပ်သမားများ ရသင့်ရထိုက်သည့် နှုန်းထားများ ရရှိရေးနှင့် ပတ်သက်၍ ဇွန်လ ၅ ရက်နေ့က အထည်ချုပ် လုပ်ငန်းများ ရပိုင်ခွင့်နှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသူများနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
ထိုညှိနှိုင်းမှုတွင် အလုပ်ချိန် ၈ နာရီအတွင်း လုံလောက်သည့် အခြေခံလစာ ပေးရေးနှင့် အလုပ်ကြိုးစားသူနှင့် အလုပ် ကျွမ်းကျင်မှုအပေါ် မူတည်၍ လစာတိုးမြင့် ရရှိမည်ဆိုသည့် မူကို အထည်ချုပ်လုပ်ငန်းရှင်အသင်းမှ တင်ပြခဲ့ပြီး အလုပ်သမားများကလည်း သဘောတူညီခဲ့သည်ဟု ဦးမြင့်စိုးက ပြောသည်။
အထည်ချုပ်စက်ရုံ လုပ်သားအများစုမှာ အခြေခံလစာမှာ ကျပ် ၃ဝ,ဝဝဝ ကျော်မှ ၆ဝ,ဝဝဝ ကျပ်ကြားသာ ရရှိပြီး လစာတိုးပေးရေး၊ အလုပ်သမား အခွင့်အရေးများအတွက် ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်နေဆဲ ဖြစ်သည်။
အလုပ်သမားများအရေး ဆန္ဒပြစက်ရုံ ၅ ရုံခန့် ဖြေရှင်းပေးနိုင်ခဲ့ပြီး မပြေလည်မှုများကိုလည်း ခေါ်ယူဆွေးနွေးနေ၍ တိုးတက်မှု ရှိသည်ဟု မြန်မာ့အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။
အထည်ချုပ် စက်ရုံများသည် အများအားဖြင့် ရန်ကုန်တိုင်းတွင် ရှိပြီး ပဲခူးတိုင်းတွင်လည်း အနည်းငယ် ရှိသည်။ လက်ရှိ အထည်ချုပ်လုပ်ငန်း လည်ပတ်နေသည့် စက်ရုံပေါင်း ၁၂၀ ကျော်ရှိသည်။
မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ မူလတန်း ကျောင်းသူ/ကျောင်းသား တသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များထောက်ပံ့ပေးသွားမည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့ လူမှုအဖွဲ့တွေက ဖွင့်ထားတဲ့ ကျောင်းတွေကတဆင့် ဝေးလံခေါင်သီဆုံး ဒေသတွေနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတွေကို ကူညီသွားမှာပါ။ တချို့ကျောင်းတွေမှာဆို သေချာလေ့ကျင့်ပြီးသား ဆရာ/ ဆရာမ ဦးရေက တဝက်တောင် မရှိကြပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဘော့ကား Bob Carr က ၎င်း၏ သုံးရက်ကြာမြန်မာပြည် ခရီးစဉ်အပြီး သောကြာနေ့က ကြေညာသည်။
မြန်မာကလေး တဝက်မျှသာ မူလတန်း ပြီးမြောက်အောင် ပညာသင်နိုင်ကြပြီး ကျန်ကလေးငယ်များမှာ အစားအစာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့လျက်ရှိကာ ပညာသင်ကြားရန် ခက်ခဲလျက်ရှိသည်ဟု မစ္စတာကား က ဆိုသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း၊ မဇ္ဈိမ)
ယခုအကူအညီများဖြင့် တနှစ်တာ ကျောင်းနေစဉ်အတွင်း အစားအစာပါ ကျွေးမွေးနိုင်မည်ဖြစ်ပြီး လေးနှစ်တာအတွက် ကူညီခြင်း ဖြစ်သည်။
အဆင့်မြင့်ပညာသင် ထောက်ပံ့ဆုများကိုလည်း ၂၀ မှ ၅၀ အထိ တိုးမြှင့်ကာ ၂၀၁၅ ခုနှစ်အထိ ပေးအပ်သွားမည်ဖြစ်သည်။
မစ္စတာ ဘော့ကား သည် ခရီးစဉ်အတွင်း AusAID မှ ဆောင်ရွက်နေသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းတွင်းမှ စာသင်ကျောင်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။
သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင်နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။
ကျန်းမာရေးကဏ္ဍတွင်လည်း သြစတြေးလျသည် မြန်မာနိုင်ငံအတွက် ၂ဝဝ၇ ခုနှစ်မှစ၍ ဆေးစိမ်ခြင်ထောင် တသန်း ကိုးသိန်းလှူဒါန်းခဲ့ပြီးနှင့် တီဘီဝေဒနာသည် ၁၂၇,ဝဝဝ ကို ကုသပေးခဲ့ကာ HIV/AIDS ဖြစ်ပွားမှုနှုန်း လျှော့ချရန် အတွက် ကွန်ဒုံး ၅၁ သန်းနှင့် ဆေးထိုးအပ် ၁ဝ သန်း ထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင်
ကိုပေါက်၊ ဝေစန္ဒာ | တနင်္လာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၀၀ နာရီ ၀၄ မိနစ်
နယူးဒေလီ၊ ရန်ကုန် (မဇ္ဈိမ)။ ။ လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ပြစ်တင် သတိပေးလိုက်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများနှင့်ပက်သက်၍ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက သတင်ီးဒီယာများကို ခေါ်ယူကာ ရန်ကုန်မြို့ လွှတ်တော်အဆောက်အဦးတွင် ဇွန်လ ၁၀
0 comments:
Post a Comment