Tuesday, June 12, 2012

“၀ိဋဋူဘ နဲ့ ဖုတ်သွင်းရထား” အမည်ခံ လူမျိုးရေးခွဲခြားမုန်းတီးမှုများကို သွယ်ဝိုက်အားပေးနေသော ဆောင်းပါးအား ဝေဖန်ချက်


by Chanm Nyeim Zaw on Tuesday, June 5, 2012 at 1:29pm 

ဒီပို့ စ်ရေးလို့ ကျနော် တော်တော်လူမုန်းများမယ်ဆိုတာ သိသိကြီးနဲ့ ပဲ ကျနော်ပြောပါမယ်။ (ဒီဆရာက ချိုတူးဇော်ထက်တောင် လူကြိုက်များတဲ့သူဆိုတော့)  ကျနော် အကောက်အယူလွဲတယ်လို့ လဲ သဘောထားချင်ထားကြပါ။ စဉ်းတော့စဉ်းစားကြပါ။ အောက်ပိုင်းမှာ ရေးသူ ကိုစိုးမင်းကိုပဲ ကျနော်ဦးတည်ပြောမယ်။

“၁။...ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် အင်္ဂုလိမာလတို့လို လူဆိုးလူသွမ်းကြီးလို့ပဲ မှတ်ထားလိုက်တာပေါ့။ နောင်ကို ဘုရားဟောကျမ်းဂန်တွေ ဖတ်မိတဲ့အခါမှသာ အခုခေတ်မှာ အရမ်းလူပြောများလာတဲ့ Genocide လို့ခေါ်တဲ့ လူမျိုးပြုတ်အောင် သတ်ဖြတ်တတ်သူ အကြမ်းဖက်သမားကြီးမှန်း သိလာရပါတယ်။
လူမျိုးရေးပဋိပက္ခ အဓိကရုဏ်းဆိုတာမျိုးဟာ ဘုရားရှင်လက်ထက်တော်ကတည်းက ရှိခဲ့ပြီး ကိုယ်တော်တိုင်ကယ်ချွတ်တာတောင် မလွတ်တဲ့သူတွေ ရှိခဲ့တယ် လို့ သိလိုက်ရပါတယ်။ အခုလည်းပဲ ရှိခဲ့၊ ရှိဆဲ၊ ရှိလတ္တံသော အခြင်းအရာများကို မြင်လာလို့ မှန်ကန်ကောင်းမွန်စွာ ဆင်ခြင်နှလုံးသွင်းနိုင်ကြစိမ့်သောငှာ...”

ဒါကိုရေးတဲ့ခင်ဗျားက ဘာအဓိပ္ပာယ်နဲ့ ရေးသလဲဆိုတာ ခင်ဗျားကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ကျနော်သဘောပေါက်ပုံကို ဆက်ပြောမယ်။ ခင်ဗျားဟာ စကတည်းက တွေ့ ရာလူကို လက်ညှိုးဖြတ်သတ်တယ်လို့ သာ ဇတ်ကြောင်းရှိတဲ့ အင်္ဂုလိမာလကို လူမျိုးတုံးအောင်သတ်သူဆိုတဲ့ ခေါင်းစဉ်အောက်ထဲကို ရည်ရွယ်ချက်ရှိရှိ သွပ်သွင်းတယ်။ ပြီးတော့ ဒီကိစ္စအပေါ်မှာ ဘာသာရေးအရှိန်အဝါရှိပြီး လူလက်ခံတာကို အသုံးချပြီးတော့ လူမျိုးရေးအဓိကရုဏ်းကို ပုံမှန်ဖြစ်တတ်တဲ့သဘောဖြစ်အောင် ဆက်ပုံသွင်းတယ်။ ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် လောကဓမ္မတာဖြစ်တတ်ပါတယ်ဆိုတဲ့ လော့ဂျစ်ကို ကျနော် အကျယ်ငြင်းချင်တာမဟုတ်ဘူး။ ငြင်းချင်တာက လောကမှာ ဒါမျိုးတွေဖြစ်တတ်ပါတယ်ဆိုရင်တောင် ဖြစ်တတ်ပါတယ်ကွာ၊ ပြီးတော့လည်းပြီးသွားမှာပါဆိုတဲ့ မတရားမှုကို ဘာသာရေးခေါင်းစဉ်အောက် အကာအကွယ်ယူပြီး ငုံ့ ခံတတ်တဲ့ သောက်တလွဲဖြစ်နေတဲ့ ဗမာလော့ဂျစ်ကို ငြင်းချင်တာ။ လူမျိုးတုံးသတ်မှုအပါအဝင် ဘယ်လိုမတရားမှုပဲဖြစ်ဖြစ် အနည်းဆုံးကန့် ကွက်ရမယ်၊ အများဆုံး ကိုယ်က တားဆီးနိုင်တဲ့ အရှိန်အဝါရှိနေရင် တားဆီးရမယ်၊ ဒါက ကျနော့ကိုယ်ပိုင်အမြင်။ ခင်ဗျားက သတ်ဖြတ်မှုတွေ ရှိခဲ့တယ်၊ရှိနေတယ်၊ ရှိလာမယ်လို့ပြောပြီးတော့ တကယ်ရှိလာရင် ထားရမယ့် မတရားမှုကို ဆန့် ကျင်တတ်တဲ့ လူပီသတဲ့စိတ်ကို ဘာသာရေးခေါင်းစဉ်အောက်ထဲ မယောင်မလည်ဆွဲသွင်းပြီး မှေးမှိန်အောင်လုပ်နေသလိုပဲ။ ကောင်းမွန်စွာနှလုံးသွင်းဖို့ ဆိုတာ လောကီကိုပယ်ပြီးဖြစ်တဲ့ တောထွက်ရဟန်းတွေအတွက်ဆိုရင်တော့ သူတို့ လောဂျစ်နဲ့ သူတို့ လုပ်တာ အဓိပ္ပာယ်ရှိတယ်။ လူမပြောနဲ့  လူ့အသိုင်းအဝိုင်းထဲက မထွက်နိုင်သေးတဲ့ ရဟန်းတွေတောင် မတရားမှုကို တားရမယ့်တာဝန်ရှိတယ်။

(ဒါဟာ ဘာသာရေးအမြင်နဲ့ ပြောတာမဟုတ်ဘူး၊ လူအဖွဲ့အစည်းရဲ့ ကူးလူးဆက်သွယ်မှုအောက်က မထွက်နိုင်သေးတဲ့သူတွေအတွက် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အဲဒီ့လူ့အဖွဲ့အစည်းမှာ နေချင်စရာကောင်းအောင် မတရားမှုကို ဆန့်ကျင်တားဆီးရမယ့် တာဝန်ရှိတယ်လို့ ကျနော်ယူဆတယ်)

၂။“သည်အခါမှာတော့ သူ့အိမ်သူ့ဘာသာနေနေတဲ့ သာကီဝင်မင်းမျိုးတွေကို Racist ဖြစ်တယ်။ Xenophobic ဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ် လို့ ၀ိုင်းစွပ်စွဲကြတော့မှာပဲ။ သူတို့ဘက်က စဉ်းစားကြည့်တော့လည်း အမျိုးအရင်းကြီးစစ်စစ်ဖြစ်တဲ့ ဘုရားရှင်ကြွချီလာတုန်းကတောင် ရှိခိုးရမှာစိုးလို့ ပတ်ပြေးနေကြတာ မဟုတ်လား။”

ဒီတခုလည်း ဆင်တူယိုးမှားပဲ၊ ဘုရားဟောဆိုတဲ့ဟာတွေကို တမင်သုံးပြီး လူမျိုးရေးခွဲခြားတာဟာ ခွဲခြားသူဘက်ကကြည့်ရင်တော့ မှန်ပါသေးတယ်ဆိုတဲ့အမြင်ကို သွယ်ဝိုက်ပြီးပြောနေသလိုပဲ။ လူမျိုးရေးခွဲခြားမှုကို ဖြစ်နေကျလိုသဘောဖြစ်အောင်ပြောတဲ့သူကို ဘယ်သူဖြစ်ဖြစ် ကျနော်လုံးဝရှုံ့ ချပါတယ်။ ဒီ့အတွက်ကို ဘာသာရေးအကာအကွယ်ယူပြီးပြောနေတာကလဲ ရွံဖို့ ကောင်းတယ်လို့ ပဲ ပြောချင်ပါတယ်။

၃။“အစတုန်းက တစ်ကျောင်းတည်းထွက်လို့ ဘောဒါဘော်ချက်ချင်း ခေါ်ယူစောင့်ရှောက်ကာ စစ်သေနာပတိချုပ်ခန့်ထားတဲ့ ဗန္ဓုလစစ်သူကြီးဟာ တိုင်းပြည်မှာ ပါဝါတွေသိပ်စွမ်းလာတော့ ငါ့အာဏာသိမ်းရင် ခက်ရချေရဲ့လို့ အောင့်မေ့နေတုန်း မလိုသူတွေ သွေးထိုးစကားကြောင့် သားသုံးဆယ်နှစ်ယောက်ပါ ချန်မထားတော့ပဲ သတ်လိုက်သတဲ့။ (တော်သေးရဲ့။ တို့ဆီကဆို အကျယ်ချုပ်လောက်ပဲထားတာ)”

ဒါကြီးကလည်း တွေးရင်တွေးသလောက် မရိုးမသားဆင်ခြေတခုကို နောက်ကွယ်ကပေးနေလားထင်ရတယ်။ လူတွေက ဟာသလို့ ယူဆချင်ယူဆမယ်။ အဲ့ဒီလူတွေကို ကျနော်တခုပြောချင်ပါတယ်။ လူသားအပေါ်မတရားမှုကို ဟာသလိုဖြစ်အောင်ပေါ့ပျက်ပျက်ပြောတာမျိုးဟာ ကောင်းသလား၊ မကောင်းဘူးလား ပြန်စဉ်းစားကြည့်ကြပါ။ ကာတွန်းဆရာအော်ပီကျယ် ကာတွန်းတခုထဲက လူတယောက်က တခြားတယောက်ကို ကျောက်တုံးနှစ်တုံးထမ်းခိုင်းတာမှာ ခိုင်းတဲ့သူက  ကျောက်တုံးကြီးပေါ်က ကျောက်တုံးလေးကို တင်လိုက်ချလိုက်လုပ်ပြီး လုပ်ရတဲ့သူကို သက်သာအောင်လုပ်ပေးတဲ့သဘောလိုဖြစ်အောင်လုပ်၊ ပြီးတော့အသားယူနေတာမျိုးဆိုတဲ့ လော့ဂျစ်ကို ဒီဆရာနဲ့ ကာတွန်းကိုကြိုက်သူတိုင်းလိုလိုက နားလည်ကြပါတယ်။ အခု ဟောဒီ့ဆရာစိုးမင်းက အဲဒီ့ထဲက ကျောက်တုံးထမ်းရတဲ့သူက အဟုတ်ကြီးလုပ်ပြီး ထမ်းခိုင်းထားတဲ့သူကို ချီးကျူးနေတဲ့စကားမျိုးကို သမိုင်းနောက်ခံလိုလို ဟာသလိုလို ပေါ့ပျက်ပျက် ပြောတဲ့အခါကျတော့ရော... ခင်ဗျားတို့ ကလက်ခံလိုက်ကြတာပဲလား...။

၃။“အဲသည်နောက်တော့ သာကီဝင်မင်းမျိုးတွေ သွေးချောင်းစီးကုန်တယ်ဆိုတာ ဂျာမနီက ဂျူးတွေလိုပဲ နေမှာပေါ့။ သိပ်တော့ အံ့သြစရာ မကောင်းတော့ပါဘူး။ မီးတောက်မီးလျှံတွေ တဟုန်းဟုန်းတောက်ကုန်တော့မှ  ဘုရားရှင်ကိုယ်တော်တိုင် ရွှေပြည်အေး တရားဟောလို့လည်း မရတော့ဘူး။ ၀ိဘက်ကြမ္မာ မပြေးသာ လို့ပဲ တရားနဲ့ဖြေကြရတော့တယ်။”

ဒီမှတ်ချက်ကြီးကလည်း တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေအသတ်ခံရတာဟာ သွေးချောင်းစီးတယ်လည်းပြောရဲ့ ၊ သိပ်တော့ အံ့သြစရာမကောင်းပါလို့ ဆက်ပြောပုံက တော်တော်ဆိုးပါတယ်။ ခင်ဗျားဟာ လူ့ အခွင့်အရေးဥပဒေ အတည်တကျဖြစ်ပြီးတဲ့ နိုင်ငံမျိုးမှာသာနေတယ်ဆိုရင် လူမှုသတင်းလောကကွန်ယက်မှာ ဒါမျိုးနာဇီရဲ့ ကြမ်းကြုတ်မှုကို သမရိုးကျလိုဖြစ်အောင်လုပ်မှုနဲ့  ရုံးရောက်နေလောက်ပြီ။ ပါးစပ်နဲ့ မပြောနဲ့  ဘောလုံးပွဲမှာ နာဇီလိုအလေးပြုတာတောင် အရေးယူခံရမယ့် ဥပဒေမျိုးရှိတယ်ဆိုတာ ဘောလုံးပွဲဝါသနာပါတဲ့ မြန်မာတွေသိကြမှာပါ။ ခင်ဗျားက ဆောင်းပါးတခုလုံးရဲ့ အကာအကွယ်ယူထားတဲ့စည်းမျဉ်းအတိုင်းပဲ ဘာသာရေးက ဂေါတမကို ဆွဲထည့်ထားပြန်တယ်။ ဖြစ်မှတော့ မကယ်နိုင်ဘူးဆိုတဲ့ မတရားမှုကို ခပ်လွယ်လွယ်လုပ်ပစ်တဲ့ တွေးခေါ်မှုမျိုးကို ခင်ဗျားဘယ်လို စိတ်မျိုးနဲ့ ရေးတာလဲ။ လုပ်သူဘက်ကတော့ တရားနဲ့ ဖြေဖို့ ပြောအားရှိမှာပေါ့၊ ခံရသူက တရားနဲ့ ဖြေရအောင် တရားနဲ့ ဖြေကောင်းဖြေတတ်မယ့် ဘုန်းကြီးတွေ ဘာသာရေးပဋိပက္ခဖြစ်နေတာမျိုးမှ မဟုတ်တာ။ ”၀ိဘက်ကြမ္မာ မပြေးသာ” ဆိုတာကြီးကို ဆွဲသုံးထားတာလည်း အတော်ဆိုးတယ်။ ဒါက အကြောင်းကြောင့်အကျိုးဖြစ်တယ်၊အတိတ်ခံကြောင့်ခံရတယ် ဆိုတဲ့  ဟိန္ဒူလော့ဂျစ်ကြီးကို စကားလှအောင် လျှောက်ပြောတာပဲဆိုတာ လူတိုင်းသိလောက်ပါတယ်။ ဒီလော့ဂျစ် ဘယ်လောက်လွဲတယ်ဆိုတာကို အခုလိုအသုံးချကြည့်ရင် အရှင်းကြီးသိသာပါတယ်။ နာဂစ်မှာ လူတွေသိန်းချီသေတာ၊  ကမ္ဘာစစ်မှာ ဂျူးတွေသန်းချီသေတာကို ခင်ဗျားက သူတို့ တွေ အရင်ဘဝက လုပ်ခဲ့လို့ ခံရတယ်လို့  မြေနိမ့်ရာလှံစိုက်တဲ့ကောက်ချမျိုးချမှာလား...။ ကျနော်တော့ မချဘူး။ နာဇီတွေ မတရားတာက မတရားတာပဲ၊ ဒီလော့ဂျစ်အတိုင်းဆိုရင် အရင်ဘဝက အကုသိုလ်လုပ်ခဲ့တဲ့သူတွေကို သတ်ပေးလို့ နာဇီကိုကျေးဇူးတင်ရမလိုဖြစ်နေမယ်။ ထို့အတူ နာဂစ်မှာလည်း အစိုးရစောက်သုံးမကျလို့  လူအသေအပျောက်ပိုများရတာက အားလုံးအသိပဲ၊ ဘာမှ အတိတ်ကံကို ပုံချနေစရာ အကြောင်းကို မရှိဘူး။ ဒါထားတော့...နောက်တခုရှိသေးတယ်။
၎။“ကေအိုင်အေဆိုတာ ကချင်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်ဆိုပေမယ့် ကိုယ်သိမိသလောက်ကတော့ လောက်ကိုင်က ကိုးကန့်တိုင်းရင်းသားခေါင်းဆောင်များလိုပဲ တရုတ်ပြည်ရဲ့ ကျောထောက်နောက်ခံနဲ့လို့ မြင်မိတယ်ဗျ။”
ခင်ဗျားက ဒါကို ဘာအထောက်အထား၊ ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲ။ ကေအိုင်အေဟာ တရုတ်နောက်ခံရှိလို့  သူ့ကို စစ်တပ်က ဆော်တာ တရားတယ်လို့ ပြောချင်တာလား၊ ခင်ဗျားက အဲဒီ့နေရာရောက်ဖူးလို့  ဒီအချက်ဟာ ဟုတ်ပါတယ်လို့ အထောက်အထားနဲ့ ပြချင်ပြမယ်၊ ကျနော်ပြောချင်တာက အဲ့ဒါအဓိကမဟုတ်ဘူး။ ခင်ဗျားရဲ့ ထုံးစံအတိုင်း ရှေ့ မှာလုပ်ခဲ့သလိုပဲ မတရားမှုကို ဖြစ်နေကျလို၊ ဖြစ်သင့်တာလိုမျိုးသဘောရောက်အောင် စကားတန်ဆာဆင်ပြီး လျှောက်ပြောနေတာမျိုးပဲ။ ကေအိုင်အေဟာ တရုတ်နောက်ခံရှိသည်ဖြစ်စေ၊ မရှိစေဖြစ်စေ သူတို့ တဖက်သက်ခံနေရတာကတော့ အားလုံးမျက်မြင်ပဲ၊ ဒီနေရာ ခင်ဗျားက အစိုးရသတင်းစာထဲကဟာတွေ လာပြောနေရင်တော့ ကျနော့မှာ ဘာမှ ပြောစရာမရှိဘူး။ ကေအိုင်အေခံရတာထက် အရေးကြီးတာက အရပ်သားတွေ ရောညှပ်ပြီးခံရတာပဲ၊ ဒါကိုခင်ဗျားက ထည့်မပြောပဲနဲ့  ကေအိုင်အေဟာ တရုတ်နောက်ခံရှိပါတယ်လို့ ပြောတာဟာ ဘာသဘောလဲ။ နောက်ခံရှိတယ်ဆိုရင်လည်း တရုတ်က ကူတိုက်ပေးတာလည်း မကြားမိဘူး၊ ကေအိုင်အေတွေခံနေရတာပဲကြားတယ်။ ခင်ဗျားတော်တော်မရိုးသားပါ။
၅။“လိုင်ဇာနဲ့လောက်ကိုင် မတူတာကတော့ ကိုးကန့်ဒေသဟာ အပစ်အခတ်ရပ်စဲပြီးကတည်းက မြန်မာစစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး။ သူတို့နယ်ထဲကို အ၀င်ခံတယ်။ တလေးတစား ဆက်ဆံတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော်တို့၊ ညီလာခံတို့ တက်တယ်။ အရွေးခံတယ်။ ဟိုကတော့ နဂိုကတည်းက မြန်မာအ၀င်မခံတဲ့မြို့။ အရင်ကနဲ့ကွာသွားတာ တစ်ခုပဲ ရှိတယ်။ ရပ်စဲထားတဲ့ အပစ်အခတ်က အရင်လိုပြန်ဖြစ်သွားတာ။ ပြဿနာတွေကတော့ ဟိုးရှေးရှေး ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခင်ကတည်းက စ ခဲ့တာဆိုတော့ အခု နောက်မျိုးဆက်သစ်တွေ လက်ထဲတောင် ရောက်လာပြီလေ။ အဲဒီတော့ ဟိုးအရင် ပြဿနာဖြစ်တဲ့ မူလဘူတကို ပြန်မသွားပဲနဲ့ အဖြေထွက်နိုင်လိမ့်မယ် မထင်ပါဘူး။”
ဒီလိုပြောတာလဲ ရိုးသားမှုမရှိပါ။ ကိုးကန့် မှာာ ဗမာအဝင်ခံတယ်တို့ ၊ တလေးတစားဆက်ဆံတယ်ဆိုရအောင် သူတို့ လက်ခံတဲ့၊ အဝင်ခံတယ်ဆိုတဲ့ ဗမာစစ်တပ်ရဲ့  သိက္ခာရှိမရှိ၊ အမြတ်ရမှုရှိမရှိနဲ့ ခင်ဗျားတိုင်းပေါ့။ အားလုံးမသတီတဲ့ ဗမာစစ်တပ်ကို အဝင်ခံတဲ့သူကိုမှ ကျနော်တို့ က အရေးလုပ်ရမယ်ဆိုတာမျိုးက ဘယ်လိုကြီးလဲ..။ တဖက်နဲ့ တဖက် သူ့ အကျိုးကိုယ့်အကျိုးလိုလို့  ဖွတ်လွှတ်တော်မှာ အရွေးခံတာမျိုးကို စကားထဲထည့်ပြောနေတဲ့ ခင်ဗျားကို တော်တော်ရွံတယ်။ ဗမာအဝင်မခံတာတွေဘာတွေ ဝါးလုံးချီးသုတ်ရမ်းတာမျိုးကတော့ ပြောစရာမလိုအောင်ကို စိတ်ပျက်ဖို့ ကောင်းနေတဲ့အပြောမျိုး။ အခု စစ်တပ်က သူ့ အကြံနဲ့ သူ လွှတ်ထားပြီး အခုမှ အပြည့်အဝထိန်းချုပ်ချင်လို့  ဘာမှထည့်မတွက်ပဲ ဝင်ဆော်နေတာမျိုးကို ဘာကိစ္စ ဟိုးအရင် ပြဿနာတွေပါလို့ လုံးပြီးပြောရတာလဲ။ ခင်ဗျားပြောတဲ့ မူလဘူတ ပြဿနာဆိုတာ ဘာလဲရှင်းအောင်ပြောအုန်းမှပေါ့။ အဆုံးမတော့ ခင်ဗျားက လုံးရိုက်ပြီး ကိုယ်ပြောချင်တာ လျှောက်ပြောနေတာပါပဲ။
၆။“ရိုဟင်ဂျာကိစ္စလည်း အတူတူပဲ။ အခု မီးတွေပျက်နေတာတောင် ကေအိုင်အေ လက်ချက်ဆိုတော့ ဆုံမှတ်တစ်ခုတော့ ရှိနေသလိုပဲ။”
ဒီစကားကို လိုက်ခ် လုပ်ကြတဲ့သူတွေ မဖတ်မိပဲ ကျော်များသွားကြတာလား...။ ဒီစောက်သုံးမကျတဲ့ အစိုးရဆင်ခြေကို သုံးပြီးပြောတာမျိုးကို ခင်ဗျားတို့ ဆက်ကြိုက်မယ်ဆိုလည်း ကြိုက်ကြပေါ့။ ဒီအပြောရဲ့ စောက်သုံးမကျမှုကို ကျနော်ထပ်မရှင်းတော့ဘူး။ (ဒီကိစ္စက အပြောင်အပျက်လုပ်ပြောစရာလည်း မဟုတ်ဘူး။)
၇။“သည်လိုအဖြစ်အပျက် အဓိကရုဏ်းမျိုးဆိုတာ ကိုယ့်ထက်အင်အား အဆမတန်ကြီးတဲ့ အိန္ဒိယမှာတောင် ဟိန္နူဘက်ရော မူဆလင်ဘက်ကရော လူသန်းနဲ့ချီ သေကြေပျက်စီးခဲ့ပြီးမှ နှစ်ဘက်စလုံးကလျှော့ပြီး ငြိမ်းချမ်းသွားတာပါ။ ကိုယ်တွေဆီမှာ အဲသည်လောက်ရင်းစရာမရှိသေးပါဘူး။”
ဒီစကားက ဘယ်လိုအခြေရောက်သွားသလဲဆိုတာ ခင်ဗျားမသိဘူးပြောရင် ခင်ဗျားလိမ်နေတာပဲဖြစ်မယ်။ လူမျိုးရေးကိစ္စငြိမ်းချမ်းဖို့  လူတွေအများကြီးသေပြီးမှ အဆင်ပြေသွားမယ်လို့ သွယ်ဝိုက်ပြောနေတာလား၊ အဲ့လောက်ရင်းစရာမရှိသေးပါဘူးဆိုတာက ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ...။ သေစရာ၊ ရင်းစရာလူမရှိသေးလို့  သေကုန်ကြလည်း မငြိမ်းချမ်းနိုင်သေးဘူးလို့ လည်း တဖက်သတ်ကျနော် ကောက်ချက်မချချင်ဘူး။ ခင်ဗျားဘာသာခင်ဗျား စဉ်းစားပေါ့။
၈။“အခုခေတ်ရောက်တော့မှ ကိုယ်ကမင်းလောင်းဖြစ်ချင်တိုင်း ဖုတ်ပြိတ်တစ္ဆေ၊ ကဝေမှင်စာ မာတြာ ယက္ခိုက်တွေ ကိုယ့်ပြည်တွင်းသွင်းလို့ ပလ္လင်ပေါ်တက်မထိုင်ဖြစ်အောင် နောင်လာနောက်သားညီငယ်ညီမငယ်များအတွက် မဆိုစကောင်းဆိုစကောင်း တောက်တဲ့ခေါင်းပေါင်းပေါင်းကြသည်ရှိသော်”
ခင်ဗျားရဲ့  ရှင်းရှင်းလင်းလင်းကြီး လူမျိုးရေးခွဲခြားမှု၊ လူမျိုးခြားကို ယုတ်ညံ့တဲ့သဘောရောက်အောင် အရှက်မရှိပြောလိုမှုတွေဟာ ခင်ဗျားရဲ့ နိဂုံးပိုင်းမှာ ဘွားဘွားပေါ်တာပဲ။ ဒီနေရာမှာ ခင်ဗျားရဲ့ လော့ဂျစ်က ဖဘက အမည်မဖော်၊လူမဖော်တဲ့ အစိုးရလွှတ်ထားတဲ့ အဖွအဆွသမားတွေနဲ့ ဘာမှ မထူးဘူး။ အခုဗမာပြည်နိုင်ငံရေးမှာ နေရာလိုချင်ရင်၊ လူလက်ခံစေချင်ရင်၊ နာမည်ထွက်ချင်ရင် NLDနဲ့  အဓိကအားဖြင့် ဒေါ်စုကိုသာ ထောက်ခံပြဖားပြပြီး နိုင်ငံရေးနယ်ထဲဝင်တာက အလွယ်ဆုံးဖြစ်မယ်ဆိုတာာ စဉ်းစားကြည့်ရင် အသိသာကြီးပါ။ အမည်မဖော်လိုသူအဖွအဆွသမားတွေ ဘယ်လိုဆက်စပ်ပြီးပြောကြမှန်းမသိတဲ့လော့ဂျစ်ဖြစ်တဲ့ “ရိုဟင်ဂျာတွေကို အသုံးချပြီး လက်ခံလာခြင်းအားဖြင့် ဗမာ့နိုင်ငံရေးမှာ လူဝင်ဆန့် မယ့်အပြင် ခေါင်းဆောင်နေရာတောင်ရနိုင်တယ်” ဆိုတာမျိုးကို   ခင်ဗျားက ဘယ်လိုဦးနှောက်နဲ့ ပြောတာလဲ။ အဖွအဆွသမားတွေရဲ့  နောက်ကွယ်က ရည်ရွယ်ရင်းကတော့ ရှင်းတယ်၊ လက်ရှိနိုင်ငံရေးပြောင်းလဲတယ်ဆိုပြီး ပြောနေကြတဲ့အချိန်မှာ တကယ်မပြောင်းပဲ ပိုဆိုးလာလို့  မကျေမနပ်ဖြစ်လာကြမယ့်သူတွေကို အာရုံလွှဲဖို့ က အဓိကပဲ။ တခြားရည်ရွယ်ချက်တွေလည်း ရှိချင်ရှိမှာပဲ။ ခင်ဗျားကျတော့ ဘာရည်ရွယ်ချက်နဲ့ ဒီလော့ဂျစ်ကိုသုံးပြီး အတင်းဆက်စပ်ပစ်ရတာလဲ။ ကျနော်တော့နားမလည်နိုင်ဘူး။

ကျနော့ရဲ့ ခင်ဗျားဆောင်းပါးအပေါ်သုံးသပ်ချက်ကတော့ ဒီမှာပဲပြီးပါပြီ။ ဆဲချင်၊ ဘလော့ချင်သူများလည်း ဆဲနိုင်၊ဘလော့နိုင်ကြပါပြီ။ ခင်ဗျားကို လူကြိုက်များလွန်းလို့  အက်ထားပေမယ့် ဘယ်စာမှမကြိုက်ပါ။ အခုလို လူမျိုးရေးကိစ္စအတွက် အားလုံးသွေးဆူနေကြတုန်းမှာ ခင်ဗျားရဲ့  (ခင်ဗျားပေါတောတောပြောသလိုပြောရရင်) မသိမသာဂျင်းထည့်ပြီး မီးလောင်ရာလေပင့်ဖို့  ယပ်တောင်(အကြောင်းပြချက်)တွေ အမ်းနေတဲ့အတွက် ကျနော် ဝေဖန်ရခြင်းဖြစ်ပါတယ်။ ကျနော်ဘာကောင်မှလည်း မဟုတ်ပါ။ ခင်ဗျားလို ဆရာဝန်မဟုတ်တဲ့အတွက် နယ်တွေသွားပြီး လူမှုရေးကူတာမျိုးလဲ ကျနော်မလုပ်နိုင်ပါ။ ကျနော် သူ့ လို လုပ်နိုင်မှ သူ့ ကို ဝေဖန်ရမယ်ဆိုတဲ့သူတွေကိုလည်း ကြိုပြောလိုက်မယ်၊ ဒီနှစ်ခုက လုံးဝသီးခြားဖြစ်စဉ်နှစ်ခုပါ။ သူကူညီလို့  လူ့အဖွဲ့အစည်းမှာ အကျိုးကျေးဖူးရပေမယ့် သူ့ ရဲ့ ယပ်တောင်ကမ်းနေတဲ့ အပြုအမူကလည်း မြန်မာလူ့အဖွဲ့အစည်းအတွင်းက လူ့အသက်တွေကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်တဲ့အတွက် ကျနော့အမြင်ကို ပြောရခြင်းဖြစ်ပါတယ်။ ဒါပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...