Monday, June 18, 2012

ခေါင်းကိုက်၊ ခေါင်းမူးနဲ့သွေးတိုး (သို့မဟုတ်) ပုဂံရာဇ၀င်ဒုတ်ထမ်း-၁


by ဆေးလောက on Sunday, June 17, 2012 at 12:25am 

ပုဂံရာဇ၀င်အကြောင်းများ ပြောကြရရင် အထောက်အထား အသေအချာ မရှိတော့ သူပြောတာကမှ မှန်တယ်၊ ကိုယ်ပြောတာကမှ မှန်တယ်လို့ ငြင်းကြခုန်ကြရလွန်းလို့ ငါပြောတာလက်ခံရင်ခံ၊ လက်မခံရင် ဒီဒုတ်နဲ့ အတွေ့ပဲ ဆိုပြီး ဒုတ်ထမ်းပြီး ပြောကြရတယ်တဲ့။ ခုလည်း ကျနော်ဒေါက်ချာဦး ဒုတ်ကြီးကြီး တစ်ချောင်း ထမ်းထားပါပြီခင်ဗျာ။
  
သွေးပေါင်ချိန်တက်ရင် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မှာပဲလို့ အတော်များများ ထင်ထားကြပါတယ်။ ဆေးကျမ်းတွေမှာ သွေးတိုးရဲ့  ရောဂါလက္ခဏာတွေကို ချဲ့ထွင်ရေးသားထားတာ မတွေ့ရတာ တော်တော်လေး ထူးခြားပါတယ်။ တကယ်တော့ သွေးတိုးဆိုတာဟာ များသောအားဖြင့် ရောဂါလက္ခဏာ မပေါ်ပါဘူး။ (Hypertension is almost always asymptomatic.) လို့ စာအုပ်တိုင်းလိုလို ရေးပါတယ်။  တွေးကြည့်ရင် တော်တော်လေးကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒီလောက်ကြီး သွေးပေါင်ချိန်တွေ တက်နေတာ။ ဦးနှောက်က နုနုနယ်နယ်လေး။ သွေးပေါင်ချိန်တွေ ဒီလောက်တက်နေတာ။ မူးမော် ကိုက်ခဲကုန်မှာပေါ့။
ဘာလက္ခဏာမှာ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးချင်စရာပါ။ ဒါပေမဲ့ လူတွေ သိပ်မသိတဲ့ အချက်က သဘာဝရဲ့ ကာကွယ်မှု ဖြစ်တဲ့ cerebral autoregulation ပါ။

ကျနော်တို့ မြန်မာပြည်မှာ လျပ်စစ်မီးအားက အတက်အကျများပါတယ်။ ဒီတော့ ကွန်ပြူတာ ပစ္စည်းတွေဆို မခံနိုင်ပါဘူး။ ဒီအတွက် ကျနော်တို့မြန်မာပြည်မှာ uninterrupted power supply (UPS ) ကို သုံးကြရပါတယ်။ မီးအားကျသွားရင် သူ့ဘက်ထရီနဲ့ ဖြည့်ပေးတယ်။ တက်သွားရင် သူ့ဘက်ထရီက ယူသုံးတယ်။ မီးပျက်သွားရင် သူ့ဘက်ထရီက ယူသုံးတယ်။ ဒီလိုပဲ ကျနော်တို့ ဦးနှောက်နုနုနယ်နယ်လေးတွေကို အင်မတန်အပြောင်းအလဲများတဲ့၊ မြန်မာပြည် မီးအားနဲ့ တူတဲ့၊ သွေးပေါင်ချိန်ကြောင့် ဒုက္ခ မရောက်ရအောင် ကျနော်တို့ကိုယ်ခန္ဓာမှာလည်း cerebral autoregulation ဆိုတဲ့ စနစ်နဲ့ ထိမ်းပါတယ်။

cerebral autoregulation က ဦးနှောက်ထဲကို သွေးသွားသွေးလာ တသမတ်ထဲ ဖြစ်နေအောင် ထိမ်းပေးတယ်။ အပေါ်သွေး ရ၀ ထိကျလည်း ထိမ်းပေးတယ်။ ၁၈၀ ထိ ထက်လည်း ထိမ်းပေးတယ်။ ဒီတော့ကာ နေ့တိုင်း စိတ်တို သွေးတက်၊ စိတ်ညစ်သွေးတက်၊ ဘတ်စ်ကားမမှီ ပြေးသွား သွေးတက် ဖြစ်နေတဲ့ ကျနော်တို့ရဲ့ သွေးပေါင်ချိန်အပြောင်းအလဲတွေက ဦးနှောက်မှာ သက်ရောက်မှု မဖြစ်အောင် ထိမ်းပေးတယ်ပေါ့ဗျာ။ နို့မို့ဆို  “ဒေါ်ဘယ်သူတော့ သူ့ယောကျာင်္းနဲ့ ရန်ဖြစ်ရင်း လေဖြတ်သွားသတဲ့” “ဦးဘယ်သူတော့ ဖက်ရှင်ရှိုးသွားကြည့်ရင်း လေဖြတ်သွားသတဲ့” ဆိုတဲ့ သတင်းမျိုးတွေ့  နေ့တိုင်းကျနော်တို့  ကြားနေရမှာပေါ့။

ဒါဆိုရင် ၁၈၀ ကျော်ရင်ကောတဲ့- မေးစရာဖြစ်လာတယ်။ ဟုတ်တယ်လေ- တချို့ဆို သွေးပေါင်ချိန် အပေါ်သွေး ၂၅၀ ကျော်နဲ့ လမ်းလျှောက်နေတာပါပဲ။ ဒါဘာကြောင့်လဲဆိုတော့ အလေ့အကျင့်ရသွားတဲ့ သဘောမျိုးပေါ့။ cerebral autoregulation က အဲလောက်သွေးပေါင်ချိန်ကို လိုက်ထိမ်းပေးနိုင်လာတယ်။ set-point of autoregulation ပြောင်းသွားတယ်လို့ ရေးပါတယ်။ ဒါကြောင့် သွေးတွေ အရမ်းတိုးနေရင်လည်း နာတာရှည်သွေးတိုးလူနာက မသိတော့ပါဘူး။



“ကျမက အပေါ်သွေး ၁၁၀ မှ ရတာ။ ၁၂၀ ဖြစ်တာနဲ့ ခေါင်းကိုက်ရောပဲ” ဆိုတဲ့ လူနာများက ဖေါချင်းသောချင်း။ သွေးပေါင်ချိန်ဆိုတာ အချိန်နဲ့ အမျှ မိနစ်နဲ့ အမျှပြောင်းလဲနေတယ်ဆိုတာကို လူတွေက သိမထားကြဘူး။ တကယ်တော့ များသောအားဖြင့် Tension Headacheတို့  Migraine တို့ကြောင့် ခေါင်းကိုက်တုန်းမှာ သွေးချိန်မိတော့ သွေးပေါင်ချိန်က ၁၂၀ ဖြစ်နေတယ်။ နေကောင်းတုန်းက ချိန်မိတော့ ၁၁၀ ဆိုတာကို အသေမှတ်ထားပြီး “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ဆိုသလိုပဲ ထန်းသီးကြွေကျတာ ကျီးကန်းနားလို့ပဲ စွတ်စွဲသလိုမျိုး ခေါင်းကိုက်တာကို သွေးပေါင်ချိန် ၁၀ တက်လို့ ဖြစ်ပါတယ်လို့ ယိုးစွဲကြတော့မယ်။ တခါတလေတော့လည်း စိတ်ပူစိတ်ညစ်လို့ သွေးပေါင်လေးနည်းနည်းက တက်နေတုန်း Tension Headache ရလာလို့ သွေးချိန်မိရင်လည်း အလားတူပဲ သွေးတိုးကို ယိုးစွတ်ပါတယ်။ တကယ်တော့ Tension Headache ကို ဖြစ်စေတဲ့ stress  က အကြောင်းရင်းဖြစ်ပြီး ခေါင်းကိုက်တာရယ် သွေးပေါင်လေး နည်းနည်း တက်လာတာရယ် ၂ ခုလုံးက အကျိုးတရား ၂ ခု ဖြစ်နေတာပါ။ တချို့လည်း ခေါင်းမမူး ခေါင်းမကိုက်ရင် သွေးကျဆေး မစားတော့ဘူး။ လေဖြတ်မှပဲ ဆေးရုံရောက်လာတော့တယ်။ တချို့လည်း ခေါင်းကိုက်တာကို သွေးတိုးတယ်ထင်ပြီး သွေးကျဆေးစားပြီး ဆေးရုံရောက်လာပြန်တယ်။

 ကွန်ပြူတာရဲ့ UPS လိုပဲ အတိုင်းအတာတစ်ခုအထိတော့ cerebral autoregulation က လိုက်ထိမ်းပေးနိုင်တာပါ။ UPS မထိမ်းနိုင်လောက်တဲ့ မီးအားဆောင့်တက်လိုက်ရင် ကွန်ပြူတာ ပျက်စီးလောက်ကျွမ်းသလိုမျိုးပါပဲ cerebral autoregulation က ထိမ်းမရလောက်အောင် မြန်ဆန်တဲ့ သွေးတိုး (acute hypertension) တွေမှာရော၊ အလွန်တက်လွန်းတဲ့ သွေးတိုးတွေ(Severe hypertension) မှာရော ဦးနှောက်ယောင်အမ်းလာပြီး သတိလစ်(Hypertensive encephalopathy) တတ် ပါတယ်။ ဒါကြောင့် hypertensive emergencies လို့ ခေါ်တဲ့ အပေါ်သွေး ၁၈၀ ကျော်တဲ့ လူနာတွေမှာ ခေါင်းကိုက်ရင်တော့ သွေးပေါင်တက်လို့ ခေါင်းကိုက်တာပါလို့ ယူဆကြရပါမယ်။

အောက်မှာ အထောက်အထားရေးပြမှာမို့ကျနော် ထမ်းထားတဲ့ ဒုတ်ကြီး အောက်ချလိုက်ပါပြီခင်ဗျာ။ ကျနော်ပြောတာတွေ မယုံရင် ဒုတ်နဲ့ ရိုက်မယ်လို့ ပြောဖို့ မလိုတော့ပါဘူး။

တကယ်တော့ နော်ဝေလူနာပေါင်း 22,685 ပါဝင်ပြီး အစမ်းသတ်ခံခဲ့တဲ့ Blood pressure and risk of headache: a prospective study of 22 685 adults in Norway မှာ ဘာသွားတွေ့သလဲ ဆိုတော့ သွေးတိုးဝေဒနာရှင်တွေမှာ Migraine မဟုတ်သော ခေါင်းကိုက်ခြင်း Non-migrainous headache ဖြစ်တာ ပိုနည်းသတဲ့ဗျာ။ ဒါဆို Migraine သမားတွေရော သွေးတိုးနဲ့ ဆိုင်နိုင်သလား မတွေးပါနဲ့။ အမေရိကန် ဆရာဝန် 22,701 ပါတဲ့ Physicians' Health Study မှာ Migraine ရှိသူရော   Non-migrainous headache မိဂရိန်းမရှိဘဲ ခေါင်းကိုက်သူတွေရောမှာ သွေးတိုးဖြစ်နုန်းက အတူတူပါပဲတဲ့ ခင်ဗျား။

နိဂုံးချုပ်ပြောရရင် သွေးတိုးဆိုတာ လက္ခဏာမရှိပါဘူး။ ဒါကြောင့် အသံတိတ်လူသတ်သမား Silent Killer ရယ်လို့ တင်စားကြတာပါ။ ဆရာဝန်ဟုတ်သူရော ဆရာဝန်မဟုတ်သူတွေရော ခေါင်းကိုက်တိုင်း သွေးတိုးထင်တာတွေ၊ သွေးတိုးရှိသူတွေက ခေါင်းမကိုက်ခေါင်းမမူးရင် သွေးပေါင်မချိန် ဆေးမစား လုပ်နေကြတာတွေ အယူမှားတွေက ကင်းဝေးနိုင်ကြပါစေ။

ပိုးသာကုန်မောင်ပုံစောင်းမတတ်
ဒေါက်ချာဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...