Monday, June 18, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၆)


သစ်ထူးလွင်



Posted: 18 Jun 2012 03:35 AM PDT

နော်ဝေနိုင်ငံ၊ အော်စလိုမြို့က မြန်မာ့နိုင်ငံရေး
အကြောင်း ဆွေးနွေးတဲ့ အော်စလိုဖိုရမ်ကို
 တက်ရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနို
နှင်းဆီပန်းအနီ၊ လုံချည်အနီနဲ့ လန်းဆန်းပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အဆိုတော် ဘိုနို၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား အောစလိုဖိုရမ် စင်မြင့်ထက်ဝယ် ဇွန်(၁၈)ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ-AFP)
ဇွန်(၁၈)ရက်နေ့က အောစလိုဖိုရမ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere က ကြိုဆိုနှုတ်ဆက်နေစဉ်(ဓာတ်ပုံ-AFP)
သတင်း-ဓါတ်ပုံ  -Facebook
Posted: 18 Jun 2012 03:04 AM PDT
ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထား
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယခုလ  (၁၅)ရက်နေ့က စတင်ကာ ပဋိပက္ခများ တည်ငြိမ်ခဲ့သော်လည်း မြို့နေရာ အနှံ့အပြားနှင့် ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရှိရသည်။

စစ်တွေတွင် ယခင်က  လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထား မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သားများ ည အချိန်တွင် ကင်းချ ထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။

''ကမ်းနားလမ်းတစ်လျှောက်ပေါ့၊ ညဆိုရင် ရဲကင်းတွေ  နေရာအနှံ့ချထားတာ တွေရပါတယ်၊ ဒါအပြင် စစ်တွေဟိုတယ်ဘက်    ပင်လယ်ကမ်းခြေမှာလည်း ရဲကင်းချထားတာတွေ့ရပါတယ်၊ အထူးသဖြင့်ဘင်္ဂါလီတွေရေကြောင်းကနေ ဝင်လာမှာ ကို ကာကွယ်တဲ့အတွက်ပါ ''ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေပြားရပ်ကွက်ရှိ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်မီးများထွန်းထားရပြီး ရဲနှင့် အရပ်သားများကပူးပေါင်း၍ ကင်းစောင့် ရကြောင်း ရွှေပြားရပ်ကွက်က ဒေသခံတစ်ဦးက ပြောသည်။

''ရပ်ကွက်လုံခြုံရေးကို ရဲ နဲ့ ပြည်သူတွေနဲ့ပေါင်းပြီးကင်းစောင့်နေကြရပါတယ်၊ မြစ်ကမ်းတစ်လျှောက်လည်း မီးချောင်းတွေ ထွန်ထားရပါတယ်၊ပြီးတော့ ဆလိုက်မီးနဲ့လည်း မြစ်ဘက်ကို မကြာမကြာထိုးပေးရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီတွေ  က မြစ်ဘက်ကနေ မလာဘူးလို့ပြောလို့မရဘူး ဒါကြောင့် ကျနော်တို့က ညနေဆိုရင် ကင်းချထားရပါတယ်'' ဟု ရွှေပြားဒေခံတစ်ဦးက ရှင်းပြသည်။

လက်ရှိ အနေအထားအရ ဘင်္ဂါလီများကို စစ်တွေမြို့ပြင်ရှိ ဘုမေနှင့်  ရေချိုးဆိပ် သဲချောင်းတို့တွင်ယာယီနေရာချပေး ထားပြီး   ကျောင်းကြီးလမ်းရပ်ကွက်နှင့် အောင်မင်္ဂလာတို့တွင် ဘင်္ဂါလီ အများအပြားကျန်ရှိနေသေး ကြောင်းကိုလည်း သိရသည်။

မင်းရပ်ကွက်နှင့် နေရာအချို့တွင်  စစ်တပ်နှင့် ရဲလုံခြုံရေးချထားဆဲဖြစ်သလို ညမထွက်ရအမိန့်လည်း ထုတ်ပြန် ထားဆဲဖြစ်သည်။

'’ ကာဖျုးထုတ်လိုက်ခြင်းအားဖြင့်လည်း လုံခြုံရေးအတွက် အထောက်အကူဖြစ်စေတာပေါ့''ဟု မင်းဂံရပ်ကွက်မှ ကိုထွန်းမင်းက ပြောပြသည်။ စစ်တွေမြို့တွင် တည်ငြိမ်သွားသည့်တိုင် ဈေးအချို့နှင့် စာသင်ကျောင်းများမှာ ပိတ်ထားဆဲဖြစ်သည်။

တစ်ပတ်အတွင်းရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများတွင်   မေလမှစ၍ ဇွန်လ(၁၅)ရက်နေ့အထိ သေဆုံးသူ   (၅၀) ၊ဦး ထိခိုက်ဒဏ်ရာရသူ  (၅၄) ဦး ရှိကြောင်း အစိုးရသတင်းများတွင်ကြေညာထားသော် လည်း ဒေသခံများ၏   ကောက်ယူမှုစာရင်းများနှင့် ကွာဟချက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
by Myit Makha Mediagroup on 18 Jun, 2012
Posted: 18 Jun 2012 02:58 AM PDT
 ပြင်ဦးလွင် ကုန်းခြံများ
ပြင်ဦးလွင်မြို့နယ်ရှိ  ကုန်းခြံများမှာ သင်္ကြန်ပြီးနောက်ပိုင်းအရောင်းအ၀ယ်လိုက်ခဲ့သော်လည်း ယခုအချိန်တွင် တဆင့်ခံဝယ်ယူ မှုများကြောင့် ဈေးအဆမတန်မြင့်တက်လာမှုကြောင့် ၀ယ်ယူသူများ အနည်းငယ်တုံ့ဆိုင်းမှုများ ရှိလာကြောင်း   အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“ဒီမှာကတော့ ရွာတွေဘက်မှာ ပိုပြီးအ၀ယ်လိုက်ကြတယ်၊ အရင်လကတော့ အရောင်းကော အ၀ယ်ကောတော်တော်လေးဖြစ်  တယ်  ဒီလထဲတော့ နည်းနည်းပါးသွားတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်ကိုမောင်မောင်ငြိမ်းက ပြောသည်။

ပြင်ဦးလွင်မြို့နယ်တွင် ထိုကဲ့သို့ ကျေးရွာဘက်များ၌ မြေကွက်အရောင်းအ၀ယ်ဖြစ်နေရခြင်းမှာ   ငွေကြေးတတ်နိုင်သူ များ အနေဖြင့် နှစ်ရှည်ပင်များ စိုက်ပျိုးလိုခြင်းကြောင့် ခြံများအား ဧကလိုက်ဝယ်ယူလျက် ရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုကဲ့သို့ ပြင်ဦးလွင်မြို့တွင် ကျေးရွာများ၌ ခြံကွက်များအရောင်းအ၀ယ်စလိုက်ခဲ့ခြင်းမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

“ဒီရွှေမြင့်သာရွာမှာဆိုရင် တစ်နေ့တစ်နေ့ ပွဲစားတွေ အယောက်(၁၀၀)လောက်ရှိမယ်၊ သူဌေးတွေက မြေကွက်တွေ ဧကလိုက်  လာဝယ်ကြတော့ လမ်းဘေးကျတဲ့မြေကွက်သေးသေးလေးတွေကလည်းသိန်းထောင်ချီနေပြီ”ဟုပိန္နဲကုန်းကျေး ရွာနေ ကိုမျိုးသန့်   ကပြောသည်။

ထိုကဲ့သို့ မြေကွက်များအား ငွေရှင်များအနေဖြင့် အများအပြားဝယ်ယူခဲ့ကြခြင်းကြောင့် ရွာသားများအနေဖြင့်နေ့စဉ်ဝမ်းရေးအတွက် အလုပ်ပုံမှန်ရရှိနေလျက်ရှိကြောင်းကိုလည်း နောင်ခမ်းကြီးကျေးရွာသားက ဆိုသည်။

ထိုကဲ့သို့ မြေကွက်များတန်ဖိုးမြင့်တက်လာခြင်းကြောင့် ၀ယ်ယူသူများအနေဖြင့်လည်း စာရွက်၊ စာတမ်း ခိုင်ခိုင်လုံလုံနှင့်   နောက်ကြောင်း ရှင်းသောမြေကွက်များကိုသာ ရှာ၍ ၀ယ်ယူလာကြကြောင်းသိရသည်။

ရွာသားများအနေဖြင့် အများစုရောင်းနေကြသော မြေကွက်များမှာ သီးစားချထားပေးသော စလစ်ရှိသည့်မြေကွက်  များဖြစ်ကြောင်း အကျိုးဆောင်များက ဆိုသည်။

ကျေးရွားများရှိ မြေကွက်တန်ဖိုးများမှာ ယခုအချိန်တွင် ကားဝင်၍ ရသော၊ လမ်းဘေးကျသော မြေကွက်များ အနေဖြင့် တစ်ဧကနှုန်း  လျှင် သိန်းတစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

လွန်ခဲ့သော(၂၀၁၁) အစောပိုင်းတွင်မူ တစ်ဧကတစ်ကွက်လျှင် သိန်းနှစ်ဆယ်မှ ငါးဆယ်ဝန်းကျင်ခန့်သာရှိခဲ့ကြောင်း  သိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 18 Jun, 2012
Posted: 18 Jun 2012 02:54 AM PDT
ရွှေအရောင်းဆိုင်
မြန်မာနိုင်ငံတွင် တစ်သောင်းတန်ငွေ စက္ကူများ ထွက်ပေါ်လာ ပြီးနောက် ရွှေဈေးနှုန်းများ ပြန်လည်မြင့် တက်လာကြောင်း  ရွှေအရောင်း ဆိုင်ကြီးများက သိရှိရသည်။

 “ကမ္ဘာရွှေဈေးကလည်း တက်နေတယ်ခုနည်းနည်းတော့ကျလာပြီ။ ဒေါ်လာဈေးကလည်းဒီရက်ပိုင်းနည်းနည်းကျလာတယ် နောက်ပြီး   ကျပ်တစ်သောင်းတန်ကလည်း ထွက်ပေါ်လာခဲ့တဲ့အတွက်ရွှေဈေးကဆက်လက်မြင့်တက်နေရတယ်၊ ဆိုင်တာမဆိုင် တာအသာထား   ငွေကြေးတန်ဖိုးပြောင်းလဲတာနဲ့ ရွှေဈေး ကလည်း လှုပ်ခတ်မှုရှိတာ အချိတ်အဆက်လို ဖြစ်နေပြီ၊ ဒါပေမယ့် ရွှေအထည်ဝယ်တဲ့   ဈေးကွက်ကတော့ ဈေးအေးနေတုန်း။” ဟု လှည်းတန်း ၀င်းညွှန့်ညွှန့်ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ရွှေဈေးမှာ ဇွန်လ(၁၈)ရက်နေ့တွင် ကမာ့္ဘရွှေပေါက်ဈေးအရ  တစ်အောင်စလျှင်  ဒေါ်လာ (၁၆၂၄)ကျပ်လောက်ရှိနေပြီး၊   မြန်မာ့ရွှေဈေး  မှာ (၁၆) ပဲရည်တစ်ကျေပ်သားလျှင် ငွေကျပ် (၇၂၆၃၀၀) ကျပ်၊ (၁၅) ပဲရည်မှာ (၆၇၅၀၀၀) ကျပ်ရှိ   နေကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင် အခေါက်ရွှေးဈေးနှုန်းသည် ပြီးခဲ့သည့် မေလ(၁၄)၇က်နေ့ မှစ သုံးပတ်နီးပါးမျှကျပ် (၇) သိန်းအောက်သို့ ရောက်ရှိခဲ့ပြီး ဇွန်လ (၄) ၇က်နေ့မှ စတင်ကာ ကျပ် (၇) သိန်းအထက် ရောက်ရှိခဲ့သည်။

“ပိုက်ဆံအသစ်ထွက်တာနဲ့ ရွှေဈေးတစ်သောင်းကျော်ထပ်တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက် လာတာလည်း ပါတယ်။ တခြား ဒေါ်လာဈေးတို့လည်းလိုက် တက်လာကြတယ်”ဟု ရတနာ ရွှေ အရောင်းဆိုင်က မမြင့်မြင့်စန်းက ပြောသည်။

ဇွန်လ (၁၅)ရက်နေ့ ငွေစက္ကူအသစ် စတင်ထုတ်ဝေပြီးနောက် ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ ခုနှစ်သိန်းနှစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်

 “ရွှေဈေးပြန်တက်လာတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ရှုံးတဲ့သူရှိသလို၊ မြတ်တဲ့သူလည်း ရှိတယ်။ ကမ္ဘာ့ရွှေဈေးကလည်း မတည်ငြိမ်ဘူး။ အတက်အကျကြမ်းတယ်။ ပြီးတော့ ငွေစက္ကူအသစ်ကလည်း ထုတ် ထားတယ်ဆိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမယ်”ဟု Gold Star ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လဆန်းပိုင်းတွင် ရွှေဈေးနှုန်းခုနှစ်သိန်းအထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ဇွန်လ (၈)ရက်နေ့အထိ ပြည်တွင်းအခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်အသားလျှင် ကျပ်ငွေ(၇၀၉၅၀၀) ရှိနေပြီး၊ (၁၅ ပဲရည်) တစ်ကျပ် သားလျှင် ကျပ်ငွေ(၆၆၅၀၀၀)နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၈၀) ဝန်းကျင်တွင် ရှိနေသည်။

ငွေစက္ကူအသစ်ထွက်သည့်နေ့ ဇွန်လ (၁၅) ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၁၆၂၆.၁၅) အထိရှိခဲ့ပြီးနောက်တစ်နေ့ ဇွန်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ (၇၂၂၀၀၀) အထိ ရောက်ရှိခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇွန်လ ဒုတိယအပတ်ကျော်သည်အထိ ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့မှုကြောင့် မတ်လလဆန်းပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၀၀)ကျော်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်းတစ်ကျပ်သားလျှင် အမြင့်ဆုံး ကျပ် (၇၆၀၀၀၀)ကျော်အထိ ရောက်ရှိခဲ့ သည်။

ရန်နိုင်+ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 18 Jun, 2012
Posted: 18 Jun 2012 02:23 AM PDT
သမ္မတကြီး ဦးသိန်းစိန်
ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး လေ့လာသူများအကြား နာမည်ကောင်းဖြင့် ထင်ရှားလာသည့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံတော် အခြေပြမိန့်ခွန်း ကို ဇွန် လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြောကြားရန်ရှိကြောင်း အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခြင်းခံရသည့် အသင်းအဖွဲ့ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပါအ၀င် အသင်းအဖွဲ့များကို ဖိတ်ကြားထားကြောင်း ၄င်းတို့က ဆိုသည်။

မိန့်ခွန်းပြောကြားမည့် အဆိုပါ အခမ်းအနားကို နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင် တွင် ကျင်းပမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသူများထံမှ ဆက်လက် စုံစမ်းသိရှိရသည်။

The Voice Weekly
Posted: 18 Jun 2012 02:19 AM PDT
ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။

အဆိုပါ အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၁ရက် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သက်သေများ၏ ထွက်ဆိုချက်ကို ရယူပြီ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

ပြစ်မှု ကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရသူ အစ္စလာမ်ဘာသာဝင် သုံးဦးအနက် ထက်ထက် (ရော်ရှီး) သည် မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ကျန်နှစ်ဦးဖြစ်သော ရော်ဖီး၊ ခိုရှီး တို့သည် ယင်းပြစ်ဒဏ်ကို ခံစားရမည်ဖြစ် ကြောင်း အဆိုပါရှေ့နေက ရှင်းပြသည်။

မသီတာထွေးသည် မေလ ၂၈ရက်နေ့က ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီးနေအိမ်သို့ ပြန်လာစဉ် အစ္စလာမ် ဘာသာဝင်များနေထိုင်သော ကျောက်ထရံရွာ အနီးတွင် အစ္စလာမ်ဘာသာဝင်သုံးဦးက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ဇွန်လ ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။

The Voice Weekly

Posted: 18 Jun 2012 02:26 AM PDT
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာလူ့ အခွင့် အရေးဆု ပေးအပ်ပွဲ နှင့် U2အဖွဲ့ အပါအဝင် ကမ္ဘာကျော် အဆိုတော်များ၊ သရုပ်ဆောင်များမှ ဂုဏ်ပြုတင်ဆက်မည့် Electric Burma အမည်ရှိ ဂီတပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။

 ဂီတပွဲတော်အပြီး ဒပ်ဗလင်ရှိ ဂုဏ်ပြုရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို အမှတ်တရစကား ပြောကြားမည်ဖြစ်သည်။

 ယနေ့မနက်နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forumတွင် အိုင်းရစ်အဆိုတော်ဘိုနို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ဒပ်ဗလင်မြို့သို့သွားရောက်ရန်အတွက် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေးဝန်ကြီးဌာနက သတင်းတရားဝင်ထုတ်ပြန်ခဲ့သည်။
Posted: 18 Jun 2012 01:53 AM PDT
ဇွန်လ ၁၇ရက်နေ့ နေ့လည် ၁နာရီခန့်တွင် နာဇီကျေးရွာအတွင်းသို့ လမ်းလျှောက်ဝင်လာသော ရခိုင်လူငယ် ၂ဦးအား စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ အဖမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။

“စစ်တွေတစ်မြို့လုံး နေရာတိုင်းမှာ လုံခြုံရေးတွေနဲ့ဆိုတော့ လုံခြုံတယ်ပေါ့၊ အဲဒါကြောင့် အဓိကရိုဏ်း ဖြစ်တုန်းက မီးလောင်ခဲ့တဲ့နေရာတွေကို သွားကြည့်ကြတာ၊ အဲဒီလူငယ်နှစ်ဦးကလည်း နာဇီရွာထဲဘက်ကို လမ်းလျှောက်ဝင်လာတာ၊ အဲဒါကို မသင်္ကာဆိုပြီးတော့ အောင်နိုင်ဝင်း ရေခဲစက် လုံခြုံရေး မျှော်စင်ကနေ သေနတ်နဲ့ ပစ်လိုက်တာ ၁ ယောက်သေသွားပြီး နောက် ၁ယောက်ကို ဖမ်းသွားတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောပြသည်။

ယခုသေဆုံးသွားသူမှာ ဆပ်ရိုးကျကျေးရွာမှ ရွာသားတစ်ဦးဖြစ်ပြီး အဘ ဦးငပုမော်၊ ၅၁နှစ်၏ သား ကိုမောင်မောင် အသက် ၁၇နှစ်ဖြစ်သည်။ သူနဲ့အတူပါလာသော သူငယ်ချင်းမှာလည်း ဖမ်းဆီးခံထားရကြောင်းသိရှိရသည်။ ကိုမောင်မောင်၏ အလောင်းကိုထုတ်လာစဉ် အဘဖြစ်သူ ဦးငပုမော်မှာလည်း သူ့သားအလောင်းအား ဖက်၍ငိုနေရာ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီး ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။

“ဖြစ်တာက နေ့လည် ၁နာရီဆိုတော့ မသင်္ကာစရာရှိရင်တောင် ခေါ်ပြီးတော့ စစ်ဆေးလို့ရတယ်။ ဘာမှ စစ်လားဆေးလားမလုပ်ဘဲနဲ့ တမင်သက်သက်ပစ်ထည့်လိုက်တာ ဆိုတော့ လူတွေက တော်တော်လည်း မကျေမနပ်နိုင်ဖြစ်နေကြတယ်။ စစ်တပ်ကတော့ သူတို့အမှားကိုသူတို့ ကာကွယ်ဖို့တွက် အကြောင်းပြချက်တွေ အမျိုးမျိုးပေးနေတယ်”ဟု ယင်းမြို့ခံမှ ဆက်လက်ပြောပြသည်။

စစ်တွေမြို့တွင် စစ်တပ်မှ လုပ်ပိုင်ခွင့်နှင့် အခြေအနေအားလုံးကို ထိန်းချူပ်ထားပြီး ယခုအခါတွင် စစ်တပ်အာဏာလွှမ်းမိုးလျက်ရှိသည်။ စစ်တွေမြို့၌ ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ဖြင့် ညဘက်တွင် ထွက်နေပါက ပစ်ခတ်နိုင်သော်လည်း ယခုဖြစ်ပွားခဲ့သောအမှုမှာ နေ့လည် ၁နာရီတွင် ပစ်ခတ်ခြင်း ခံခဲ့ရသည့်အတွက် ပြည်သူများမှာ စစ်တပ်အား အလွန်ကြောက်ရွံ့လျက်ရှိပြီး ကိုမောင်မောင် ပစ်ခတ်ခံရမှုနဲ့ပက်သက်၍လည်း မကျေမနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်တွေမြို့ခံများပြောပြချက်အရ သိရှိရသည်။

Written by ရွှေဘန်း(စစ်တွေ) အာရကန်တိုင်းမ်စ်
Posted: 17 Jun 2012 08:49 PM PDT
RFA
နော်ဝေနိုင်ငံ ဘာဂန်မြို့ရှိ ရဖ်တိုဖောင်ဒေးရှင်းတွင်
 နော်ဝေနိုင်ငံရောက် မြန်မာမိသားစုများနှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၇ ရက်နေ့တွင်
 တွေ့ဆုံနေကြစဉ်။
နော်ဝေနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဒုက္ခသည် တိုင်းရင်းသားပေါင်းစုံကို လက်ခံစောင့်ရှောက်ထား တဲ့ နော်ဝေနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေဟာ လေးစား အတုယူစရာကောင်းတဲ့ စံနမူနာအဖြစ် မနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။

အော်စလိုမြို့တော်မှာ မနေ့က နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး Rafto Foundation လူ့အခွင့်အရေးအဖွဲ့ရုံးစိုက်ရာ ဘာဂန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တာပါ။

ဒီနောက် အဲဒီမြို့ကိုရောက်နေတဲ့ မြန်မာတိုင်းရင်းသား မိသားစုတွေရဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ပြီးတော့လည်း မိန့်ခွန်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတဲ့ ဘာဂန်မြို့ဟာ သူ့ကို နိုင်ငံတကာကချီးမြှင့်တဲ့ဆုတွေထဲက ပထမဦးဆုံးအနေနဲ့ ၁၉၉၀ပြည့်နှစ်က လက်ခံရရှိတဲ့ လူ့အခွင့်အရေးဆုကို အဲဒီမြို့မှာအခြေစိုက်တဲ့ Rafto Foundation ကဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာဂန်မြို့သူ မြို့သားတွေရဲ့ကြိုဆိုပုံကိုကြည့်ပြီး ဂုဏ်ယူမိတယ်လို့ ဘာဂန်မြို့က မြန်မာ့အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မကေသီအေးက ပြောပါတယ်။

ဘာဂန်မြို့ရဲ့ဂုဏ်ပြုပွဲအခမ်းအနားအပြီး ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ကို ပြန်လည်ထွက်ခွာသွားပြီး ဒီကနေ့မှာ နော်ဝေလွှတ်တော်ကို သွားရောက်မှာဖြစ်ပါတယ်။

RFA-Burmese
Posted: 17 Jun 2012 08:39 PM PDT
ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ် မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

ကျောင်းသား ဘဝ ကတည်းမှစ၍ လူထု သတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ် ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ)၏ ဖမ်းဆီးခြင်းကို ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂-နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်း သေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲ ဖြစ်သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာအမွေ လက်ဆင့်ကမ်း ပေးနေဆဲ ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းသည် ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားလျက် ရှိသည်။ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။

ဆရာ လူထု စိန်ဝင်းဟာ ယနေ့ခေတ် ထုတ်ဝေနေသာ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာပညာနှင့် ပတ်သတ်သော အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးနေသူ တစ်ဦး ဖြစ်သည်။ ယခုကဲ့သို့ သတင်းစာပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေရခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။

“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါး တွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ။ ၁၉၈ဝ နောက်ပိုင်း ဆရာ ထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသား တွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာ ဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာ တွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစား ခဲ့ရတယ်။ ဒါကြောင့် လူငယ်တွေကို သတင်းစာ အကြောင်း သိရအောင် သတင်းစာ ပညာ သောင်းပြောင်း ထွေလာ ဆိုတာ အရင်ဆုံး စရေး ခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီး တယ်လို့ ခံယူ ထားတာပါ။ သတင်း စာတစောင်ဟာ တိုင်းပြည်မှာ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့ အတိုင်းပေါ့။ တိုင်းပြည် တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာတကယ် မြတ်နိုး ပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ ဖူးပါဘူး။ အခု ထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက် ရေးနေ တာပါ။ ရေးသမျှရဲ့ More than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”

ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တချို့ 

- စကား မာရသွန် - ၁၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စကား မာရသွန် - ၂၊ ပင်ဝါးရုံ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၇ ခုနှစ်၊
- စာနယ်ဇင်း အရေးအသား ပုံစံသစ်
- စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ
- စောမိုးခမ်း
- ဆာယိုနာရာ
- တောင်ဗီယက်နမ်မှ ငရဲခန်းများ
- နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား
- ပထမ အမျိုးသမီး လမ်းထွင်သူများ
- ဖတ်စရာ၊ ပင်ဝါးရုံ စာပေ၊ မေလ၊ ၂ဝဝ၇။။
- မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။
- မူပိုင်ခွင့်၊ ပင်ဝါးရုံ စာပေ၊ ၂ဝဝ၅။
- မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်
- လူငယ်နဲ့ တာဝန် ယူစိတ် (လူငယ် လမ်းညွှန် စာစုများ)၊ ၂ဝဝ၄ ခုနှစ်။
- လူငယ်နှင့် အချစ်၊ ၁၉၉၈။
-လူငယ်များသို့ ကဗျာလက်ဆောင်
-ရှက်စိတ်၊ ယနေ့ မန္ဈလေး စာအုပ်တိုက်။
-သတင်းစာပညာ သောင်းပြောင်းထွေလာ
-အဖြူနဲ့ အမည်း
- အဖြူနဲ့ အဝါ
- အလံ မလှဲစတမ်း၊ လင်းဦးတာရာ စာပေ၊ ပ - အကြိမ်၊ ၂ဝဝ၆။
-အရှက်နှင့်တန်ဖိုး

SOURCE: wikimyanmar
Posted: 17 Jun 2012 08:33 PM PDT
၁၇ ရက်ကြာ ဥရောပ ခရီးစဉ်ထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ နော်ဝေးနိုင်ငံ ဘာဂန်မြို့ကို ရောက်ရှိပြီး အဲဒီမှာရှိတဲ့ မြန်မာ လူမှုအသိုင်းအ၀ိုင်းတွေကိုရော ဘာဂန်မြို့ခံ လူထုကိုပါ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဘာဂန်မှာရှိတဲ့ Rafto Foundation ကို အဓိက လာရောက်တာပါ။ Rafto Foundation ကပေးတဲ့ Rafto ဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပထမဆုံး နိုင်ငံတကာဆုလည်း ဖြစ်ပါတယ်။ ဘာဂန်မြို့ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဘာဂန်မြို့ခံတဦးလည်းဖြစ်၊ မြန်မာမိသားစုနဲ့ ဒေါ်စု တွေ့ဆုံပွဲမှာ ပူးပေါင်းစီစဉ်သူ တဦးလည်းဖြစ်တဲ့ မကေသီအေးကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

“အန်တီက ဒီကို ၁ နာရီခွဲ ၀န်းကျင်လောက် ရောက်တယ်။ ဘာဂန်က Rafto Foundation ရဲ့ ရုံးခန်းမှာ သူတို့ ဒီမြို့ကနေပြီးတော့ တွေ့ဖို့ပေါ့လေ။ သူတို့ ချိန်းထားတဲ့ ဒီက ဥပမာ သုတေသနသမားတို့၊ ပညာရေးနဲ့ ပတ်သက်တဲ့သူတွေ၊ နောက် သက်ဆိုင်ရာဌာနတွေ၊ ပြီးတော့ သူတို့ ချိန်းထားတဲ့ လူကြီးတွေနဲ့ တွေ့တယ်ပေါ့နော်။ ၃ နာရီလောက်မှာ စပြီးတော့ မြန်မာတွေနဲ့ တွေ့ဆုံပွဲကို ဟိုတယ်နောဂ မှာလုပ်တယ်။ အဲဒီဟိုတယ်ထဲကို မြန်မာတွေက ဘာဂန်တမြို့တည်းက မြန်မာတွေတင် မဟုတ်ဘူး။ ဆိုတော့ မြန်မာတွေက သုံးရာကျော်လောက် ရှိတာပေါ့နော်။ အဲဒီပွဲမှာ ဘာဂန်မြို့ရဲ့ မြို့တော်ဝန်ရယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းမှာ ၀ိုင်းဝန်းလုပ်ဆောင်ကြတဲ့သူတွေ တချို့ တက်တယ်။”

အဲဒီမှာ ဘာဂန်က Rafto Foundation မှာ Rafto ဆုကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး ပေးခဲ့တဲ့ဆုကို ဒီဆု ပြန်ပေးတဲ့ အခမ်းအနားတွေ ဘာတွေ လုပ်ဖြစ်သေးလား။

“ပထမဆုံးကတော့ အဲဒီအစီအစဉ် လုပ်ဖို့ စဉ်းစားတယ်။ ဒါပေမဲ့ အန်တီလာတဲ့ အချိန်က သိပ်နည်းတယ်။ လေးနာရီ ငါးနာရီလောက်ပဲ ဘာဂန်မှာ ရှိမယ်ဆိုတော့ အဲဒါကြောင့်မို့ ထင်ပါတယ်။ သူတို့ ပွဲလုပ်မယ့် အစီအစဉ်ကို ဖျက်လိုက်ပြီးတော့၊ ဒီလို မြန်မာတွေနဲ့ တွေ့တယ်။ တွေ့ပြီးတဲ့အခါကျတော့မှ ဘာကိုလုပ်လဲ ဆိုတော့အခါကျတော့ မြို့ထဲမှာ နော်ဝေလူမျိုးတွေ၊ လူထုကို ပေါ့နော် စကားပြောတယ်။ မိန့်ခွန်းပြောပွဲကို အန်တီ ထပ် လုပ်သေးတယ်။ အဲဒီ မြန်မာတွေနဲ့ တွေ့ပြီးတဲ့အချိန်မှာ အဲဒီပွဲကို ခဏလေးနားပြီးတော့ ဒီပွဲမှာလာတဲ့ မြန်မာတွေ အကုန်လုံးကလည်း အဲဒီပွဲကို ကူးတယ်။ နောက်ပြီးတော့ နော်ဝေ လူမျိုးတွေကလည်း အများကြီးပဲ။ တော်တော် ထူးဆန်းတာ တခုကတော့ ဘာဂန်မှာ အစ်မနေတာ ၇ နှစ်ရှိပြီ။ အဲဒီ ၇ နှစ်အတွင်းမှာ ဒီလောက်များတဲ့ နော်ဝေလူမျိုးတွေက မြို့လယ်မှာ နွေရာသီဆိုရင် ပွဲတွေ အများကြီး ရှိပါတယ်။ ကိုယ်ကလည်း ပွဲပေါင်းစုံ မရောက်ဖူးဘူး ဆိုပေမဲ့ တော်တော်များများတော့ သိတယ်။ ဒီလောက်များတာ တခါမှ မတွေ့ဖူးဘူး။ အဲဒီပွဲမှာ အန်တီက မိန့်ခွန်းပြောတယ်။ နော်ဝေ public ကိုပြောတဲ့ မိန်ခွန်းဖြစ်တယ်။”

စောစောကပြောတဲ့ မြန်မာအသိုင်းအ၀ိုင်းနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက အချက်က ဘာများ ပြောသွားတာ တွေ့ရလဲ။

“အန်တီကတော့ ပြောတာကတော့ များပါတယ်။ ဒါပေမဲ့ အန်တီ ပထမဦးဆုံး ပြောတဲ့အခါမှာ ဘာကိုပြောလဲဆိုတော့ - သူပေါ့လေ ဒီကိုလာတဲ့အချိန်မှာ သူ့ကို လှမ်းနှုတ်ဆက်တဲ့ တိုင်းရင်းသားတွေက၊ ပထမ ချင်းတိုင်းရင်းသား ၁၀၀ လောက်က အန်တီကို လှမ်းနှုတ်ဆက်တာကို အန်တီ တွေ့တယ်ပေါ့နော်။ တွေ့တဲ့အခါမှာတဲ့ သူ မြန်မာပြည်ကိုများ ပြန်ရောက်သွားသလားလို့ သူထင်မိတယ် ပေါ့လေ။ နောက်ပြီးတော့ သူ ဒီကိုလာတဲ့အခါမှာ တိုင်းရင်းသား မျိုးစုံ သူ တွေ့ရတယ်ပေါ့လေ။ အဲဒီအခါကျတော့တဲ့ အန်တီစိတ်ထဲမှာပေါ့လေ၊ မြန်မာပြည်ကလူတွေကို ဘာဂန်ကလူတွေကို ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးနဲ့ စောင့်ရှောက်ကြတဲ့ဟာကို တွေ့တဲ့အချိန်မှာ သူ စဉ်းစားမိတယ်တဲ့။ ကိုယ့်တိုင်းပြည်က လူတွေကို ဒီတိုင်းပြည်က လူတွေက ဒီလိုကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်တယ်ဆိုရင် ကိုယ့်တိုင်းပြည် အစိုးရကရော မစောင့်ရှောက်နိုင်ဘူးလား ဆိုတဲ့ဟာကို။ နောက်တခုက အန်တီက မြန်မာတွေကို ဘာပြောလဲဆိုတော့ ကိုယ့်နေတဲ့တိုင်းပြည်မှာ မြန်မာပြည်ကလူတွေ အားလုံးက တယောက်နဲ့တယောက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေပါ။

“နောက်ပြီးတော့ ကိုယ့်ကို စောင့်ရှောက်ထားတဲ့ တိုင်းပြည်အတွက်ကိုလည်း မေတ္တာတရား ထားပြီးတော့ ဒီမှာလည်း ကောင်းကောင်းမွန်မွန် နေကြပါ။ နောက်ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဘာသာစကား အကုန်လုံးကိုလည်း ထိန်းသိမ်းပါ။ ဒီတိုင်းပြည်က ယဉ်ကျေးမှု ဘာသာစကားကိုလည်း သင်ယူပါ။ အန်တီက ပြောတာက လူတယောက်ဟာတဲ့၊ အခုခေတ် ကမ္ဘာကြီးမှာ လူတွေဟာ ဘာသာလူမျိုး မတူလို့၊ အရှေ့နဲ့ အနောက်နဲ့ ခွဲခြားတာတွေက မရှိတော့ပါဘူး။ အရမ်း ခေတ်နောက်ကျသွားပါပြီတဲ့။ ယဉ်ကျေးမှုတိုင်းကို တန်ဖိုးထားပြီး စောင့်ရှောက်တဲ့ခေတ်ကို ရောက်လာပြီတဲ့။ ဒီလိုအချိန်မှာ ကိုယ်က ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း ကိုယ်က ထိန်းသိမ်းတယ်ဆိုရင် ကိုယ်ကတန်ဖိုးရှိတဲ့သူတဲ့။ အခုလို လူမျိုးဟာ ရောက်နေတဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း သင်ယူပြီး ထိန်းသိမ်းတဲ့ သူတယောက်က ယဉ်ကျေးမှုနှစ်ခုကို ထိန်းသိမ်းတဲ့သူတယောက် အဖြစ် ပိုပြီးတော့ တန်ဖိုးရှိပါတယ်တဲ့။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ကိုယ်က မထိန်းသိမ်းဘူး၊ ရောက်တဲ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း သေချာ မသင်ဘူး ဆိုရင်တော့ ဒီလူတွေဟာ နှစ်ခါ ရှုံးတာပါတဲ့။ အန်တီ ပြောသွားတဲ့ အဲဒီစကားကတော့ အရမ်းကို တန်ဖိုးရှိတယ်လို့ ထင်ပါတယ်။”
By ကိုသားညွှန့်ဦး - (ဗွီအိုအေ-မြန်မာပိုင်း)
Posted: 17 Jun 2012 08:30 PM PDT
WeeklyEleven Vol 7 No 37
 ဇွန်လ ၁၈ ရက်နေ့တွင်ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၇ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?05ndqciexwhfsif
https://www.box.com/s/2dfe564ac2baca1732e3
http://ifile.it/0fzl1xk
http://db.tt/XtaJYnsE

Posted: 17 Jun 2012 08:15 PM PDT
လုပ်ငန်းရှင်များအား အလုပ်သမား ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယာယီ အခြေခံလစာ ဆိုင်ရာ ရှင်းလင်းနေစဉ် - ဓါတ်ပုံ- Eleven Media Group
အလုပ်သမား ၀န်ကြီးဌာနမှ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများ ၏ အနိမ့်ဆုံးယာယီလစာအား ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက်မှ အကောင်ထည်ဖော် ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ သတင်းရရှိသည်။
အဆိုပါ အနိမ့်ဆုံးယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသား ကြီးခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ အနိမ့်ဆုံးယာယီလစာ အား(OT ကြေးမပါ) ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ တရားဝင် အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယာယီ အခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာစက်မှု ဇုန်များရှိ စက်ရုံများအား ကဏ္ဍ အလိုက် ခွဲခြားကာ ယာယီ အခြေခံ လစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါစက်မှုဇုန်များရှိ စက်ရုံများအား အနိမ့်ဆုံးယာယီအခြေခံလစာကို တစ်ပြေးညီသတ်မှတ်၍ စက်ရုံ လုပ်ငန်းရှင်များလည်း ပါဝင် ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်။
ဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့အနေနဲ့ အနည်းဆုံး အနိမ့်ဆုံးယာယီ အခြေခံလစာ ကို ဌာနပေါင်း ၃၈ ခုနဲ့ ညှိနှိုင်းပြီး သတ်မှတ်လိုက်ပါတယ်။ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ အတွက် စက်ရုံလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးဌာနက သတ်မှတ်လိုက်တဲ့အတိုင်း ပြုလုပ် ဆောင်ရွက်ပေးသွားစေချင် ပါတယ်။  အတင်းအကျပ် တိုက်တွန်းတာမဟုတ် ဘဲ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်”ဟု Eleven Media Group
ကို ပြောကြားခဲ့သည်။
အနည်းဆုံး ယာယီလစာသတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင် များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊ ယခင်က ဆန္ဒထုတ် ဖော်မှုများ မပြုလုပ်ခင်က စက်ရုံဝန်ထမ်း တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ ကျပ် ၃၀၀၀၀ ထိသာ ဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၄ ရက်နေ့တွင်စတုတ္ထ အကြိမ်မြောက်ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံးအခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာစံနှုန်းနှင့်အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့ တွင် CMP  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုစုပေါင်း ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့ Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
Eleven Media Group
Posted: 17 Jun 2012 07:35 PM PDT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...