Saturday, June 16, 2012

ငအ


soe naing 

+ ဟာ… လာ လာ။ သူငယ်ချင်း လာ.. ထိုင်။ ငါမျှော်နေတာကြာပြီ။ မင်းကိုစောင့်ရင်း တစ်ခွက် နှစ်ခွက်ကြိုထားတာ။ ဒီဆိုင်လေးက တော်တော် ငြိမ်းချမ်းတယ်ကွ။ မင်းနဲ့ငါ သေချာ အေးအေးဆေးဆေး စကားပြောချင်လို့ တမင်ရွေးထားတာ။ မင်းဘာသောက်မလဲ… အပြင်းလား အပျော့လား။

x …… 

+ လုပ်ပါကွ။ မင်း သောက်တတ်တာ ငါသိပါတယ်။ ကြုံတုန်းဆုံတုန်းလေးပါ။ ငါ single malt တစ်လုံး ဆွဲလာတယ်ကွ။ ဟေး… ညီလေးရေ.. ရေခဲ၊ ဆော်ဒါ၊ ရေသန့်အေးအေးလေး ပေးပါဟေ့။ မင်း ဘာစားမလဲပြော။


x …..

+ မဆာသေးရင်လဲ အသီးပွဲမှာလိုက်မယ်ကွာ။ ဟေး.. ဘွိုင်… သစ်သီးစုံတစ်ပွဲလောက်။ မင်း ဆော်ဒါရောမလား ရေရောမလား။ ငါ့လို ရေခဲနဲ့ အွန်သရော့ခ်လား။ ဒီကောင်က အဝင်ညက်တယ်ကွ အွန်သရော့ခ်ကြည့်ကွာ.. ငါ စပ်ပေးမယ်။  ကောင်လေးရေ.. ဆေးလိပ်တစ်ပွဲပေးပါဟေး.. အေး ရူဘီပဲပေး။

x …..

+ မင်းကို ငါ တွေ့ချင်နေတာ ကြာပြီသူငယ်ချင်းရာ။ ငါတို့တွေ ကျောင်းပြီးသွားကတည်းက မတွေ့ဖြစ်တော့တာ။ ငါကလဲ ဌာနကလွှတ်တဲ့ နယ်ရောက်သွား၊ မင်းကလဲ နိုင်ငံခြားထွက်သွားတာနဲ့ နှစ်တွေတောင် တော်တော်ကြာသွားပြီပဲ။ ခုမှ တိုက်တိုက်ဆိုင်ဆိုင် တစ်မြို့တည်းမှာ ပြန်ဆုံဖြစ်ကြတော့တယ်။ ဒါတောင် မင်းလိပ်စာ ဖုန်းနံပါတ်မသိလို့ တော်တော်ကြာကြာ စုံစမ်းလိုက်ရသေးတယ်။ နောက်မှ စင်ကာပူရောက်နေတဲ့ ဝါဆိုနဲ့ ဖုန်းအဆက်အသွယ်ရတော့မှ မင်းနဲ့သူနဲ့ အင်တာနတ်မှာ တွေ့တဲ့အကြောင်း ငါသိရတော့တယ်။ ခုတောင် ဝါဆိုက မင်းကို ဖေ့ဘွတ်မက်ဆိ မပို့ရင် ငါဒီမြို့မှာ ရှိနေမှန်း မင်းသိမှာမဟုတ်ဘူး။ ချကွာ… ချီးယားစ်

x …..

+ ငါ့မလဲကွာ.. ဝန်ထမ်းဘဝက ထွက်ပြီးတော့မှပဲ အပြင်မှာ ကိုယ့်ဟာကိုယ် လုပ်ကိုင်စားရတော့ နည်းနည်း ချောင်လည်တော့တယ်။ ဌာနထဲမှာကျ ကိုယ်က မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ ခွင်မရှိဘူးပေါ့ကွာ.. ငါကလဲ မဖန်ချင်ပါဘူး။ ဆိုးတာက ဒီနေရာ ဒီဌာနရောက်ရင် ဒီလိုခွင်ဖန်နေတဲ့သူတွေချည်းပဲဆိုပြီး အများနဲ့ရော သိမ်းကြုံး အထင်ခံရတာ ဆိုးသကွ။ ဒါနဲ့ပဲ အလုပ်ထွက်လိုက်လို့ ဒီမြို့ မှာ အခြေတကျ ပြန်နေနိုင်တာ။ နို့မဟုတ်ရင် သူတို့ လွှတ်သမျှ ဟိုနယ်ရောက်လိုက် သည်နယ်ရောက်လိုက်နဲ့ မင်းနဲ့ ဒီတစ်သက် ပြန်တွေ့ဖို့က ဝေးပြီပဲ။ ချကွာ..နောက်တခွက်။ သူငယ်ချင်း ငါတော့ မင်းနဲ့တွေ့ရတာ ပျော်တယ်ကွ.. ဝမ်းသာလို့ မူးအောင်သောက်မယ်ကွာ။ မင်းကလဲ ပြုံးချည်းနေတာပဲ.. စကားလေးဘာလေး ပြောပါဦးကွ.. ဟားဟား..။ ချီးယားစ်ကွာ

x …..

+ ငါ အလုပ်က ထွက်ပြီးတော့ အရည်ကြို လုပ်လိုက်သေးသကွ။ ဟိုဟာလေကွာ.. ကားဟောင်းတွေ ပြန်သွင်းတာကိုပြောတာ။ အဲသည်တုန်းကတော့ မသွားတော့ပါဘူး ဆုံးဖြတ်ထားတဲ့ နယ်တွေဆို တရွှတ်ရွှတ်ပဲ။ ကားဟောင်းကားပျက် အသံလေးကြားလို့ကတော့ ချက်ချင်းဆင်းပြီး စနည်းနာ.. ချောင်တယ်ဆိုရင် ငွေစိုက်ပေးမယ့် ဘော်ဒါဆီကို အကြောင်းကြား အဆင်ပြေရင် တခါတည်းဆွဲ။ ပြီးရင် နွားအုပ်ကြီး ရွာထဲမောင်းလာသလို မြို့ထဲကို မောင်းသွင်း။ ငါတို့လဲ ရွှေတနေ့ ငွေတနေ့.. နည်းနည်းမြတ်တာနဲ့ များများမြတ်တာပဲရှိတယ်။ သောက်လိုက်စားလိုက်နဲ့ မိုးမွှန်နေတာပဲ.. ဟားဟား။ ဟေ့ ဟေ့ ဟေ့ကောင်လေး.. မီးခြစ် မီးခြစ်။  နောက်တော့ကွာ…. လက်ထဲလဲ ဘာမှ မကျန်ခဲ့ပါဘူး။ ခု စီးလာတဲ့ ဆန်နီစုတ်လေးရယ် သောက်လိုက် စားလိုက် လုပ်လိုက်ရတာတွေပဲ အဖတ်တင်တာပဲ။ နောက်ဆုံးတော့ ဒုံရင်း ဒုံရင်း ပွဲစားယောင်ယောင် ပါပဲကွာ…။ ကုလားခပ်တဲ့ရေလဲ ကုလားဖင်ဆေးလို့ ကုန်တာဆိုသလိုပေါ့ကွ။ သြော်ဒါနဲ့ ခုတလော အဲသည်စကားပုံတောင် ပြောင်းရတော့မယ် ပြောသံကြားသကွ.. ဟားဟား။ 

x …..

+ ဘာတဲ့.. မင်းက ဖေ့ဘွတ်ဆိုတာမှာ တနေကုန်တနေခမ်း အမြဲရှိသတဲ့။ နိုင်ငံရေးစကားလဲ အတော်ပြောဆိုပဲ။ ဝါဆို ပြောသလိုအရဆို မင်းက အင်တာနတ်ထဲမှာ နေ့တိုင်း သဘောတရားရေးရာတွေပြော… ကမ်ပိန်တွေလုပ်… ဝေဖန်ချက်တွေထုတ်.. ပြီးတော့ မင်းလိုလူအချင်းချင်းနဲ့လဲ တချိန်းချိန်း စကားများ နောင်ဂျိန်ချနေတာချည်းပဲတဲ့။ သူတို့လို ငယ်သူငယ်ချင်းတွေတောင် မင်းနဲ့ စကားဝင်မပြောရဲကြတော့ဘူးတဲ့။ မတော် မင်းက ဒီမိုကရေစီ သူရဲကောင်းကြီးဆိုတော့ ဖောက်ပြန်ရေး ပုဒ်မကြီးကြီးတပ်စွပ်စွဲပြီး ပြန်ဆဲမှာ ကြောက်လို့ဆိုလားပဲ။ မင်းကလဲ ဟိုထဲမှာ တကယ့် ဆရာကြီးသမားကြီးတွေနဲ့မှ ပေါင်းဆိုပဲ။ မင်း ဘော်ဒါစာရင်းဆိုလား အဲသာထဲမယ် နိုင်ငံရေးသမားတွေ၊ အာ့တစ်စ်တွေ ချည်းပဲဆို.. အောင်မယ်.. မော်ဒယ်ဂဲလ်တွေတောင် ရှိသေးသတဲ့။ ငါ့ကောင်စွန်လှချည်လား.. ဟဲဟဲ။

x …..

+ ဘာလို့ မိန့်မိန့်ကြီး ပြုံးနေတာလဲကွ။ ငါပြောတာ မဟုတ်လို့လား။ ဝါဆိုကတော့ ငါ့ကို ညာမယ်မထင်ဘူး.. ဟဲဟဲ။ မြစ်ဆုံတုန်းကလဲ ဆေ့သယ်ဧရာဝတီ ဘာညာဆိုလဲ မင်းပါသဆို…။ NLD ရွေးကောက်ပွဲ နိုင်ဖို့အတွက်လဲ မင်းတို့က လော်ဘီလုပ်ပေးရသဆို၊ ဟိုးတလောက မီးပျက်လို့ ဖယောင်းတိုင်ထွန်းတာတွေလဲ မင်းတို့တွေ ဖွသဆို။ လှိုင်သာယာစက်ရုံတွေ မွဲသွားတာလဲ မင်းတို့အုပ်စု စနက် မကင်းဘူးဆို။ ပြောတာတွေတော့ အများကြီးပဲကွ။ မင်းကတဲ့.. နေရာတကာမှာ ပါလေရာငပွကြီးကို ဖြစ်လို့တဲ့။ ဒီလိုဆို မင်းက အရင် ငါတို့ ကျောင်းတက်ကြတုန်းကလို မဟုတ်တော့ဘူးပဲကွ။ ကျောင်းမှာတုန်းက မင်းက လူအေးပါ… ဟိုကောင်တွေ ပြောသလိုပြောရရင် ကြောက်ချီးပါ။ ဘယ့်နှယ်.. ကျောင်းတက်တုန်း အရေးအခင်းတွေ ဖြစ်တုန်းကကျ ငါတို့နဲ့ လိုက်မထွက်ပဲ အဆောင်မှာ ပေအိပ်နေပြီး ခုမှ မင်းက ဒီလိုဒီလိုဆိုတော့ ငါဖြင့် တော်တော်တောင် အံသြသွားသေးတယ်။ အဲဒါနဲ့ ဟုတ်ရဲ့လား ဝါဆိုရယ်ဆိုတော့ ဟိုကောင်မက မင်းအကြောင်း အတင်းတုတ်လိုက်တာ ဝလချီးကို လည်နေတာပဲ။

x …..

+ ဘာလဲ.. ဘာ မဲ့ပြုံးပြုံးတာလဲ။ မင်းက ဝါဆိုကို စိတ်ဆိုးချင်သေးလို့လား။ စ တာပါ သူငယ်ချင်းရာ.. ဟုတ်ချင်လဲ ဟုတ်နေမှာပေါ့.. ဟဲဟဲ။ ပေး.. မင်းခွက် ငါထပ်ထည့်ပေးမယ်။ ချိတ်ချိုးနဲ့ သောက်လိုက်ဦးနော်.. ဟက်ဟက်။ ညီလေးရေ မီးခြစ်လေးပေးကွာ။

x …..

+ ငါ့သူငယ်ချင်းကို ငါပြန်တွေ့ရတာ ဝမ်းသာသကွ။ ငါက မင်းနဲ့တွေ့ရင် စကားတွေ အားရပါးရ ပြောမယ် စိတ်ကူးထားတာ။ ဝါဆိုပြောပုံအရဆို မင်းက ကျောင်းတုန်းကနဲ့မတူတော့ဖူးပဲ။ ခုဆို တော်တော် တက်ကြွနေတဲ့ အက်တီးဗစ်ကြီးဆိုတော့ စကားတော်တော်များလာပြီမှတ်နေတာ။ မင်းက တစ်လုံးမှလဲ ပြန်မပြောဘူး။ ငါ့လချီးထဲ.. ရောက်ကတည်းက ငါချည်းပြောနေရသလိုပဲ။ စကားလေးဘာလေး ပြောပါကွာ..အာတောင် ခြောက်လာပြီ။ ဟေး ကောင်လေး… ရေသန့်တစ်ဘူးပေး။

x…..

+ ဘာလဲကွာ.. မင်းက ဘာဖြစ်နေတာလဲ.. မပျော်ဘူးလား။ စကားတစ်လုံးမှ ပြန်မပြောရအောင် မင်းကငါ့ကို စိတ်ဆိုးနေတာလား။ မကျေနပ်နေတာလား။ ငါပြောတဲ့အထဲ ဘာအမှားပါလို့လဲ။ မင်း ငါနဲ့တွေ့ဖို့ ဆန္ဓမရှိမှန်းသိရင် ငါ မချိန်းပါဘူး။ အားနာတယ် သူငယ်ချင်း။ ဆောရီးပဲ…

x …..

+ ပြော.. မင်း ဘာပြောချင်တာလဲ.. ပါးစပ်က လှုပ်စိ လှုပ်စိနဲ့။ မင်း အ သွားပြီလား… ပြောချလိုက်စမ်းပါကွ

x …..

+ ဟေ့ကောင် ပြောလေကွာ.. အသံထွက်ပြောလေကွာ.. မင်း တကယ် အ သွားပြီလား

x ငါ.. ငါ…

+ ပြော.. ဟေ့ကောင်ပြော.. မင်း ဘာဖြစ်ချင်တာလဲ..ပြော… ဟာကွာ… ဒီကောင် တကယ် အ သွားပြီလားမသိပါဘူး.. ပြော ဟေ့ကောင်

x ငါ့ .. ငါ့ ကို

+ အေး.. မင်း ဘာလိုချင်တာလဲပြော.. ပြောစမ်းကွာ…

x ငါ့…. ငါ့ကို ဇော်ဂျီလက်ကွက်ပါတဲ့ ကီးဘုတ်လေး ပေးပါ။

+ ၈…. ၈…. ၈….၈

......
ရေးသူ။ ။ မောင်သုကာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...