ရိုးသားသည့်ဂုဏ်
by General Knowledge on Wednesday, June 13, 2012 at 7:05am
မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)
ရေချမ်းစင်တစ်ခုမှာ ကပ်ထားတဲ့ မေတ္တာ ၀ါဒီဆရာတော်ရဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်မိတယ်။
လှူရင်တိုး ခိုးရင်မွဲ ရိုးသားသည့်ဂုဏ် စားမကုန်တဲ့။
လှူဒါန်းတယ်ဆိုတာ ငွေကြေးပိုလျှံ စိတ်လက်ကြည်သာ ရှိနေလို့ လှူဒါန်းတာဖြစ်တယ်။
ဒီအတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးမှုပိုလာတယ်။
လုပ်ငန်း လုပ်ဆောင်ရာမှာလည်း ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာ လိုအပ်ရင် ပိုမို ချောမွေ့လို့ စီးပွားဥစ္စာ တိုးပွားလွယ်မယ်။
ခိုးတယ်ဆိုတာကတော့ မိမိအရင်းအနှီးမပါဘဲ သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာကို ကိုယ့်ဟာဖြစ်အောင် လုပ်တာဆိုတော့ အင်္ဂလိပ် စကားနဲ့ရေးရရင် (easy come easy go) လွယ်လွယ်ရ လွယ်လွယ်သုံး လွယ်လွယ်ကုန်နဲ့ ခိုးလို့မအောင်မြင်တာများရင် မွဲတာပေါ့။
ရိုးသားသည့်ဂုဏ် စားမကုန်ကတော့ ရိုးသားသူအတွက် မိတ်ဆွေပေါတယ်။
သူ့ကို ယုံကြည်ကြမယ်။
အကူအညီလိုရင်လည်း ပေးဖို့ ၀န်မလေးကြတော့ လုပ်ကိုင်စားသောက်ရာမှာ ရေရှည်တည်တံ့မယ်။
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ နီးနီး အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ကာလအတွင်း တိုးတက်တဲ့နိုင်ငံများရဲ့ ၀ိုင်းဝန်း ပိတ်ဆို့အရေးယူတာတွေ ခံလာရလို့ အစစအရာရာ ဖွံ့ဖြိုးမှုတွေနောက်ကျ ကျန်ခဲ့ရတယ်။
လက်ရှိ အရပ်သား အစိုးရလက်ထက်မှာ အရင်အစိုးရဲ့ ဖိနှိပ် အုပ်စိုးခဲ့မှုတွေကို ဖြေလျှော့ပေးပြီး နိုင်ငံရေးလုပ်ဆောင်ရာမှာ လွတ်လပ် ပွင့်လင်းတဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်လာအောင် ကြိုးစားလုပ်ဆောင်လာနိုင်တာတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျေနပ်လက်ခံကြလို့ စီးပွားရေးအရေး ယူပိတ်ဆို့ထားမှုတွေကို တော်တော်များများ ဖြေလျှော့ပေးသလို အကူအညီတွေလည်းပေးဖို့ ပြင်ဆင်နေကြပါပြီ။
ဒီအခါမှာ အစိုးရရော၊ ပြည်သူတွေရော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရော နေပြလုပ်ပြရမှာက ရိုးသားတဲ့ဂုဏ်ပါပဲ။
နိုင်ငံတကာကပေးလာတဲ့ ကူညီငွေရုပ်ဝတ္ထုပစ္စည်းတွေကို သူတို့ရည်ရွယ်တဲ့ နေရာဒေသ၊ ဒါမှမဟုတ် ဘေးအန္တရာယ် ကျရောက်နေရာအတွက် အလေအလွင့် မရှိအောင် တာဝန်ယူ စီမံပေးရသူတွေမှာ ရိုးသားရပါမယ်။
နာဂစ်လေမုန်တိုင်းကြီး ကျရောက်စဉ်က နိုင်ငံတကာကပေးလာတဲ့ အကူအညီ ထောက်ပံ့ပစ္စည်းတွေဟာ ဒုက္ခသည်တွေဆီ ရာနှုန်းပြည့်မရောက်ခဲ့သလို တချို့ဟာ ကယ်ဆယ်ရေးပစ္စည်းထုပ်တွေပေါ်မှာ မိမိကုမ္ပဏီမှ လှူဒါန်းသည်လို့ရေးလိုက်တဲ့ -- သူများအလှူ ကိုယ်အလှူလုပ်တဲ့ မရိုးသားမှုတွေလည်း ရှိခဲ့ပါတယ်။
ကျေးလက်ဖွံ့ဖြိုးရေး၊ ကျေးရွာ ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့ပစ္စည်း၊ ငွေကြေးတွေအပေါ် အခွင့်အရေးယူ အလွဲသုံးတာမျိုး မရှိအောင် ထိန်းသိမ်းကြရပါမယ်။
NGO မှာ ပူးပေါင်းလုပ်ဆောင်တဲ့ ၀န်ထမ်းတွေအနေနဲ့လည်း မှန်ကန်သင့်မြတ်တဲ့ အသုံးစားရိတ်နဲ့သာ လုပ်ဆောင်သင့်ပါတယ်။
နာဂစ်လေဘေးကြီးရဲ့ ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးကာလအတွင်း အချို့သော NGO အဖွဲ့ဝင်တွေရဲ့ အိမ်ငှား စရိတ်၊ ကားငှား စရိတ်၊ စက်လှေ၊ ပဲ့ထောင်၊ လှေငှားစရိတ်တွေဟာ သာမန်ထက် များနေခဲ့တာတွေ ရှိပါတယ်။
ဒါကတော့ ဖြစ်လာတော့မယ့် နိုင်ငံတကာက ပေးလာမယ့် အကူအညီတွေအတွက် ဆင်ခြင်ကြဖို့ပါ။
နောက်တစ်ခုက အပြည်ပြည်ဆိုင်ရာနဲ့ ကုန်သွယ်မှုအပိုင်းပါ။ ကုန်သွယ်ရာမှာ အရေးအကြီးဆုံးအပိုင်းဟာ အရည်အသွေးထိန်းသိမ်းမှု (Quality Control) အပိုင်းပါပဲ။
ကမ္ဘာမှာ အသုံးပြုပြီး ကား အများဆုံးတင်ပို့နေတဲ့ ဂျပန်နိုင်ငံမှာ အဲဒီ (Used Car) တွေကို အမြင်အတိုင်း ပို့ခွင်မပြုပါဘူး။
(Export Quality Control Board) က ခွင့်ပြုမှ တင်ပို့လို့ ရပါတယ်။ ကားဟောင်းကို ပို့ခွင့်မပြုပါဘူး။ ကားကောင်းကိုပဲ ပို့ခွင့်ပြုပါတယ်။
သူတို့ reject လုပ်သမျှ ပြင်ပေးပြီးမှ တင်ပို့ခွင့် ရပါတယ်။ သူတို့သတ်မှတ်တဲ့ စံချိန် စံညွှန်းနဲ့ အံမ၀င်ရင် နိုင်ငံခြားကို တင်ပို့ ခွင့် မပြုပါဘူး။
ဒီလိုထိန်းသိမ်းပေးတဲ့အတွက် ဂျပန်ပို့ကုန်တွေဟာ ဟောင်းဟောင်း သစ်သစ် ကမ္ဘာက ကျေနပ် လက်ခံခဲ့ကြပါတယ်။
နောက်တစ်ချက်က စာချုပ်ပါ အရည်အသွေးတွေကို ပြီးပြည့်စုံသည်အထိ ဖြည်းဆည်းပေးခြင်းနဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးလည်း တာဝန်ယူတတ်မှုပါပဲ။
လက်ခံရေးအဖွဲ့ (Accept-ant Team)ကို တန်စိုးလက်ဆောင်ပေးတဲ့ အလေ့အထလည်း မရှိပါဘူး။
အင်း ပုသိမ် အလွန် တစ်နေရာက စက်ရုံကြီးတစ်ရုံဆိုရင် စက်ရုံဟောင်းပေးသွင်းတဲ့ နိုင်ငံရဲ့ ပို့ကုန်အရည်အသွေး ထိန်းသိမ်းမှု လျော့နည်းမှုကြောင့် ကတိက၀တ်အရ ထုတ်ကုန်တွေနဲ့ စက်ဖိုးကိုပေးချေရပေမယ့် စာရေးသူတို့တိုင်းပြည်အတွက် ကြီးတော်နွား အလကားကျောင်းလိုက်ရ သလိုပါပဲ။
အကျိုးမရှိခဲ့ပါဘူး။
လက်ရှိမှာ စက်လည်မှုကထွက်လာတဲ့ ရေဆိုးတွေကို သန့်စင်တဲ့စနစ် ညံ့ဖျင်းမှုကြောင့် ပတ်ဝန်းကျင်မှာအနံ့ဆိုးတွေနဲ့ ရင်ဆိုင်နေ ရပါပြီ။ စက်ရုံလည်ပတ်နေသမျှ ပတ်ဝန်းကျင်ကပြည်သူတွေ ဒုက္ခလို့ ပြောရမလိုပါပဲ။
ယနေ့အချိန်မှာ ပို့ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေးဟာ အထူးအရေးပါလာပါပြီ။ စံနှုန်းတွေကို ပုံမှန်ထိန်းသိမ်းနိုင်ပါမှ မိမိရဲ့ ပို့ကုန် ဈေးကွက်ကို ကာကွယ်နိုင်မှာပါ။
အပျက်အစီးနည်းစေတဲ့ ထုပ်ပိုးမှုနည်းစနစ်တွေလည်း လေ့လာတီထွင်ရပါမယ်။
ယခင်အခါက ပုစွန်ကို ဂျပန်ပို့တာ ပုစွန်ခေါင်းထဲမှာ သတ္တုစ တွေ့လို့ လက်မခံတာ။
လတ်တလောမှာ အင်ဒိုနီးရှားကို ပို့တဲ့ ဆန်တွေမှာ အရည်အသွေးမမီတာတွေပါနေတဲ့အတွက် တန်ဖိုးလျှော့ခံ ရတာတွေဟာ တကယ်တော့ ရိုးသားသည့်ဂုဏ်ကို မထိန်းသိမ်းခြင်းရဲ့ ဆိုးကျိုးကြောင့် ကြုံခဲ့ရတဲ့ ဆုံးရှုံးမှုတွေပါ။
ဆုံးရှုံးမှုအပြင် နောက်အကျိုးဆက်က သံသယနဲ့ ဆက်ဆံခံရခြင်းတွေပါ။
တစ်ဆက်တည်း တွေ့ကြုံရမှာက သွင်းကုန်တွေ တစ်ဟုန်ထိုး စီးဝင်လာမှာပါ။ ဒီအတွက် နိုင်ငံတော်မှာ မှန်ကန်တဲ့ အကောက်ခွန် ငွေတွေ နိုင်ငံတော် ဘတ်ဂျက်ထဲ ရောက်ရှိရေးပါ။
လက်ရှိ မှာတော့ ကုန်သွယ်မှုကရနေတဲ့ အကောက်ငွေဟာ ရသင့်တာထက်နည်း နေတာအမှန်ပါ။ သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ အကောက်ခွန် ၀န်ထမ်းတွေရဲ့ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်ကတစ်ဆင့် နည်းအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတွေနဲ့ ဆီလိုအပေါက်ရှာပြီး လာဘ်ငွေတောင်းနေတာက ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့ လုပ်ငန်းရှင်အားလုံး အသိပါ။
ပစ္စည်းသွင်းတဲ့ ပိုင်ရှင်ကို ကဲ ဆရာရေ ရိုက်ရတော့မယ်ဆိုရင် ပိုင်ရှင်က အကောက်ခွန်အဖွဲ့ကို လာဘ်ထိုးရမယ်လို့ပြောတာ။
အခေါ်အပြောကတော့ ရိုက်ရမယ်ပေါ့။
အကောက်ခွန်အဖွဲ့ကို ပိုက်ဆံနဲ့ ရိုက်ရမယ်လို့ ပြောတာပါ။
ဒါပေမယ့်လည်း အားလုံးသောပစ္စည်းသွင်းသူတွေဟာ ရိုက်ရမယ် အပြောခံတာချည်းပါ။
လုပ်ငန်းရှင်တွေဘက်ကကြည့်ရင်လည်း ကုန်သွယ်ရေး သတ်မှတ်ခွန်ထက် အဆမတန် တိုးမြှင့်ကောက်ခံသွားမှာကို ရှောင်ရှားလိုတဲ့ အတွက် သက်ဆိုင်ရာ အကောက်ခွန်ဝန်ထမ်းက တောင်းဆိုတဲ့ လာဘ်ငွေကို မအီမသာနဲ့ ပေးနေရတာပါပဲ။
ဒဏ်ကြေးဆိုတဲ့ မိစ္ဆာကြီးကိုကြောက်တော့ ကုလားလိုပြောရရင် အာတား.. အာတား(တစ်ဝက်စီ)ပေါ့။
ဒဏ်ကြေး ၁၀၀ ကျမယ်ဆိုရင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်က ၅၀ CUSTOM ကို ရိုက်ရမယ် ပြောပေးတယ်။
ပစ္စည်းပိုင်ရှင်က သူ့ဘက်က လွန်ထားတာဖြစ်နေတော့ ပေးမယ်ဖြစ်ရတယ်။
သူ့တို့ဘက်ကကြည့်ရင် တန်ဖိုး တစ်ဝက်လောက်တော့ သက်သာနေမှာကိုး။
အစိုးရက ရမယ့်အခွန်ငွေ ၁၀၀ ဆိုရင် အကောက်ခွန်နဲ့ ရှင်းလင်းရေး ကိုယ်စားလှယ်က ၅၀၊ ပစ္စည်းပိုင်ရှင်က ၅၀ သက်သာ၊ အစိုးရအခွန်ငွေစာရင်းမှာတော့ ဗလာပါပဲ။
ဒါဟာ အကောက်ခွန် ၀န်ထမ်း တချို့ရဲ့ နိုင်ငံတော် ၀င်ငွေဖြစ်ရမယ့်အရေးထက် မိမိစည်းစိမ်ဖြစ်ရေး လုပ်ဆောင်မှုတွေပါ။
ဒါတွေကို လောလောဆယ်ဆယ် အဖြေသိချင်ရင် အကောက်ခွန်ဌာနက ထွက်လာတဲ့ Container ကားကြီး တစ်စင်းကို အထွက်ဂိတ်က စောင့်နေပြီးတော့ ဒီ Container ကြီးထွက်လာတာ Custom ကို ဘာအပိုကြေးမှ မပေးရဘူးနော်လို့ ပြောကြည့်ပါ။
အမေးခံရသူက မိတ်ဆွေကို အရူးတစ်ယောက်လို ကြည့်သူက ကြည့်သွားမယ်၊ ပြုံးပြီး နည်းနည်းပါးပါးတော့ ပေးရ တာပေါ့ဗျာလို့ ဖြေချင်ဖြေမယ်။
ဒီကထွက်လာရင် ပေးပြီးလို့သာ ထွက်လာရတာ မပေးသေးတဲ့ မှန်တဲ့လူတွေကျန်ခဲ့ပြီလို့ ပြောသူက ပြောပါလိမ့်မယ်။
အဲ သူတို့မရတဲ့ အထူးအခွင့်အရေးရ ကော်ပိုရေးရှင်း၊ လီမိတက်ကြီးတစ်ခုနဲ့ ခါတော်မီ သူဌေးကြီးတစ်ဦးရဲ့company တစ်ခုတော့ ရှိခဲ့ပါရဲ့။
ဒါတွေကို အထူးအခွင့်အရေးပေးလိုက်လို့ နိုင်ငံတော်မှာ ရသင့်တဲ့အခွန်ငွေ မရလိုက်ပေမယ့် ပြည်သူပြည်သားတွေမှာ သက်သာ ချောင်ချိမှုတွေ ခံစားကြပါရဲ့လား မေးကြည့်ပါ။
အဲဒီစားအုန်းဆီတို့၊ စည်ဘီယာတို့၊ ဘိလပ်မြေတို့က လက်သင့်ရာ စားတော်ခေါ်လိုက်တဲ့ ပါမစ်ရသူတွေဆီက ပြည်သူက အမြတ်ပေး ၀ယ်ရတော့ အစိုးရကအခွန်မရ၊ ပြည်သူက ဈေးအပိုပေးဝယ်ရနဲ့ အကောက်ခွန် လွတ်ခွင့်ရတဲ့ ခါတော်မီသူဌေးကြီးတွေပဲ ကျိကျိတက် ချမ်းသာသထက် ချမ်းသာလာပါတယ်။
ဒီစီးပွားရေးလုပ်ငန်းကြီးတွေ အကျိုးအမြတ်များကြပေမယ့် အများပြည်သူအတွက် ကောင်းကျိုးတွေလုပ်ပေးတာမျိုးတွေတော့ မတွေ့မိသလိုပါပဲ။
သူတို့ဆီ က မှန်ကန်တဲ့အခွန်ငွေ ပေးဆောင်ရင်တော့ ပြည်သူတွေ ခံစားရပါမယ်။
ပါမစ်ဆိုတဲ့ လုပ်စားခွင့်ဆိုတာတွေ မဖျောက်နိုင်သရွေ့ ပြည်သူတွေသာ ခါးစည်းခံကြရမှာပါ။
ခါတော်မီသူဌေးကြီးများရဲ့ နေရာစုံ ထောင့်စုံလုပ်နေလို့ ကျောက်သံ ပတ္တမြားရွှေတွေ ထုတ်ရာမှာ သူတို့။
ကျွန်းသစ်ထုတ်ရာမှလည်း သူတို့။
ကျောမွဲလယ်သမားတွေ တစ်ဝမ်းတစ်ခါး လုပ်စားနေတဲ့ လယ်ယာမြေတွေသိမ်းပြီး စိုက်ခင်းကြီးတွေ မဖွံ့ဖြိုးနိုင်သေးတဲ့ စက်မှုဇုန်တွေနဲ့ မတရား အမြတ်ငွေတွေရအောင် အာဏာပိုင်တွေ အကာအကွယ်ယူပြီး မမျှတတဲ့ အလုပ်ကြီးတွေ လုပ်တာလည်း သူတို့။
သူတို့ရဲ့ နိုင်ငံတစ်နံတစ်လျား ကုန်တင်ယာဉ်ကြီးတွေ၊ စက်ယန္တယားတွေသုံးပြီးသွားခဲ့လို့ ပျက်တဲ့ လမ်းတွေကို ပြင်ခွင့်တောင်းပြီး လမ်းခွန် တံတားခွန် တရားလွန်ကောက်ခံတာလည်း သူတို့။
ဓာတ်ဆီ၊ ဒီဇယ်ဆီတွေရောင်းချခွင့်ရအောင်လုပ်ပြီး ကမ္ဘာတစ်လွှား ပေါက်ဈေးထက် ပိုရောင်း။ အဲဒီလုပ်ငန်းတွေထဲမှာ အာဏာရှိသူ တွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကို ရှယ်ရာတွေပေးပြီး အကာအကွယ်ယူထားတာလည်း သူတို့။
တစ်မိုးလုံး ခါတော်မီသူဌေးဖျောက်ဆိပ်တွေရဲ့ လုပ်ငန်းတွေချည်းပါပဲ။ အာဏာရှိသူတွေနဲ့နွှယ်ပြီး ၀င်ငွေတွေ သောက်သောက်လဲ ရကြပေမယ့် ထိုက်သင့်တဲ့ အမြတ်ခွန်တွေကိုရော ပေးဆောင်ကြပါရဲ့လား။
နိုင်ငံတော်အတွက် ရိုးသားသည့်ဂုဏ်ထားပြီး တာဝန်ကျေသင့်ပါတယ်။
နောက်တစ်ခု ရိုးသားသည့်ဂုဏ် မရှိသူတွေကတော့ အခွန်စည်းကြပ် ၀န်ထမ်းတွေပါပဲ။
ကုန်စည် ရောင်းဝယ်တဲ့ ပြည်သူတွေကို အခွန်စည်းကြပ်ရာမှာ အမှန်တကယ်ကျသင့်တဲ့ ရောင်းဝယ်ခွန်ထက် နည်းအောင် စည်းကြပ်ငွေကို သတ်မှတ်ပေးပြီး လာဘ်ယူမှုတွေပါပဲ။
လုပ်ငန်းရှင်တိုင်းကလည်း ကိုယ်သက်သာပြီးရောဆိုတဲ့ အတွေးတွေနဲ့ လာဘ်ပေးသွားကြတာကြောင့် နိုင်ငံတော်မှာ ကြီးမားတဲ့ အခွန်ငွေဆုံးရှုံးမှုနဲ့ ရသင့်တဲ့ အခွန်ငွေက သူတို့တွေအိတ်ထဲရောက်ခဲ့ ရပြီပဲလေ။
နိုင်ငံတော်မှာ ရသင့်ရထိုက် တဲ့ အခွန်ငွေဟာ ဒီမရိုးသားတဲ့ ၀န်ထမ်းတွေကြောင့် လျော့နည်းဆုံးရှုံးခဲ့ရတယ်။
နောက်တစ်ခုက မြန်မာပြည်ရဲ့ ယာဉ် စီးရေ ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းကြား အစီးရေရှိတဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေက နိုင်ငံတော်က ရသင့်တဲ့ ဒဏ်ကြေးငွေတွေပါ။
ယာဉ်ပေါင်းများစွာ စည်းကမ်းမဲ့စွာ မောင်းနေပေမယ့် ရသင့်တဲ့ဒဏ်ကြေး ငွေဟာ ၂၀ ရာခိုင်နှုန်းထက်မပိုပါ။
ဘယ်ဘက်ကွေ့ရင် ဘယ်ဘက်ယာဉ်ကြောမှာ ရပ်ပြီး မီးဝါ၀ါနီနီ ကွေ့မောင်းနေကြပေမယ့် ယာဉ်ထိန်းတွေက မီးပွိုင့်ထိန်း အခန်းထဲက မထွက်ပါဘူး။ ထွက်လို့လည်း မဖြစ်သေးတာက အခန်းထဲ ပိုက်ဆံခေါက်ပြီး ပစ်ထည့်သွားတဲ့ငွေတွေ၊ မီးပွိုင့်နီနေတုန်း အခန်းထိပြေးလာပြီး ပေးတဲ့ငွေတွေ ရနေသေးတာကိုး။
အဲဒီ နောက်တော့ မီးပွိုင့်ဘေးမှာရပ်လို့ လိုင်းကားယာဉ်နောက်လိုက်တွေနဲ့ ကားတွေ မီးပွိုင့်ဖြတ်နေစဉ်မှာ လက်ဆွဲနှုတ်ဆက် တော့တာပါပဲ။
ရန်ကုန်မြို့အ၀င်အထွက် လမ်းမတွေမှာလဲ pick up ကားငယ်လေး တစ်စီးပေါ်မှာ ယဉ်ထိန်းတပ်ဖွဲ့ဝင်တွေ ထိုင်စောင့်ပြီး လမ်းစည်း ကမ်းထိန်းသိမ်းလေ့ ရှိပါတယ်။
ယာဉ်ဘေးမှာရပ်ပြီး သူသံသယ၀င်တဲ့ ကုန်တင်ကားထင်ရင် လက်ကလေးမြှောက်ပြမယ်၊ ကုန်တင်ကားက အရှိန်လျှော့ပြီး နီးလာရင် ကားပေါ်က လက်တစ်ချောင်းထွက်လာမယ်၊ လက်ချင်းထိပြီးရင် ဆက်မောင်းသွားမယ်။
လက်ချင်းထိတာက ငွေလွှဲသွားတာလေ။
ဒါမှလည်း ငွေတွေလိုက်မကောက် ရတော့မှာပေါ့။
နိုင်ငံတော်ရဲ့ အခွန်ငွေ ရှာပေးရတဲ့အဖွဲ့တွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် အခွန်ငွေတွေ ယိုဖိတ်နေမှုပါ။
နိုင်ငံတော်အတွက် ၀င်ငွေရှာပေးသူထဲ အခွန်ငွေယိုဖိတ်မှုတွေကြောင့် အချို့သော ပညာရေး ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စရပ်တွေမှာ ရည်မှန်းထားသလောက် မလုပ်ဆောင်နိုင်ခဲ့ပါ။
ဒီတော့ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိလို့ နိုင်ငံတော်က ၀န်ထမ်းတွေကို ဖူလုံမှုရှိအောင် မပံ့ပိုးနိုင်၊ လာဘ်ငွေ ရှာလို့ရနိုင်တဲ့ ၀န်ထမ်းတွေကလည်း ငါ့ဝမ်းပူစာမနေသာလို့ စားရတယ်နဲ့ ဂျာအေး သူ့အမေရိုက်ဆိုတာမျိုးတွေ ဖြစ်လာရပါတယ်။
ဒီကြားမှာ အမြတ်ထွက်သူတွေကတော့ ယခင်စစ်အစိုးရလက်ထက်မှာ တန်ခိုးထွားသူတွေ၊ သူ့မိသားစုဝင်တွေနဲ့ အလွမ်းသင့်လို့ အခွင့်အရေးတွေရခဲ့ပြီး အမျိုးမျိုးလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ ရပြီး ချမ်းသာလာတဲ့ သူဌေးကြီးများနဲ့ အခွင့်အာဏာတွေကြောင့် ခါတော်မီ သူဌေးကြီးများရဲ့ ကိုးကွယ်ဆည်းကပ်ကြေးတွေနဲ့ အလုံးစုံ ပြည့်စုံကြွယ်ဝနေပြီဖြစ်တဲ့ ယခင်အစိုးရလက်ထက်မှာ တန်ခိုးထွားခဲ့တဲ့ စစ်ခေါင်းဆောင်တွေ ပါပဲ။
ကုန်းဘောင်ခေတ်မှာ ဘုရင်က ဦးစားပေးခံရတဲ့ အမတ်ကြီး ဦးပေါ်ဦးဟာ သူကွယ်လွန်သွားတဲ့အခါ လူ့ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ လက်ချည်းပဲ သွားရတယ်ဆိုတဲ့သဘောကို ပေါ်လွင်ချင်တဲ့ အယူအဆနဲ့ အလောင်းသွင်းထားတဲ့ ခေါင်းထဲကနေ လက်တစ်ဖက်ကို ထုတ်ပြထားဖို့ မှာခဲ့တာကြောင့် အသုဘရှုလာသူတွေမှာ သံဝေဂတွေရကြပေမယ့် အဲဒီ ခေါင်းဆောင်ကြီး ကွယ်လွန်ချိန်မှာတော့ ဘယ်သူ့ကိုမှ သံဝေဂတွေ ပြမသွားနိုင်ခဲ့ ပါဘူး။
စည်းစိမ်ချမ်းသာ ကြွယ်ဝခြင်းတွေဟာ မရဏမင်းရဲ့ ဒဏ်ကနေလွတ်အောင် မစွမ်းဆောင်နိုင်ပါဘူး။
သူတည်းတစ်ယောက်..ကောင်းဖို့ ရောက်မူ...သူတစ်ယောက်မှာ... ပျက်လင့်ကာသာ...ဓမ္မတာတည့်.. ရွှေအိမ်နန်းနဲ့ ကြငှန်း လည်းစံ..မတ် ပေါင်းရံလျက်..ပျော်စံရိပ်ငြိမ်..စည်းစိမ်မကွာ..မင်းချမ်းသာကား..သမုဒ္ဒရာ..ရေမျက်နှာထက်..ခဏ တက်သည့်... ရေပွက်ပမာ..တစ်သက်လျာတည်း။ (အလွတ်ရေးရလို့ အမှားပါရင်ခွင့်လွှတ်ပါ)ဆိုတဲ့ အနန္တ သူရိယ အမတ်ကြီးရဲ့ အမျက်ဖြေလင်္ကာထဲက တစ်ပိုဒ်ပါ။
ခုချိန်မှာ ခါတော်မီသူဌေးကြီးများနဲ့ ခါတော်မီသူဌေးကြီးများရဲ့ အပူဇော်ခံများကိုလည်း မုဒိတာပွားပါတယ်။
အတိတ်ကံတွေကြောင့်လို့လည်း မှတ်ယူ ပေးပါတယ်။
ဟာသစာစောင်ထဲက စာတစ်ပိုဒ်ကို ရေးပြချင်ပါတယ်။
သနားစရာ ဟာသလေးပါ။
တစ်နေ့မှာ ဧည့်သည်လာလို့ ဖအေနဲ့ ထိုင်စကားပြောနေတုန်း မအေက စားစရာတွေချပေးတယ်။
ဖအေနဲ့ ဧည့်သည်တို့ စားရင်း ကုန်ခါနီးတော့ မအေက နောက်ဆုံးလက်ကျန်ယူပြီး စားပွဲဝိုင်းမှာချပေးလိုက်တာကို မီးဖိုခန်းထဲက စောင့်ကြည့်နေတဲ့ သားငယ်က မြင်လို့ ဦးဦးဧည့်သည်ကြီး သားသားဖို့ ချန်ပါဦးဗျလို့ အော်လိုက်တယ်။
အဲဒီမှာ တင် မအေက သားကို တီးတော့တာပေါ့။
ဒီမှာတင် သားလေးက ဦးဦးဧည့်သည်ကြီး ကုန်အောင်သာစားပါတော့ သားအမေက သားကိုရိုက်နေပြီလို့အော်၊ ဧည်သည်ကလည်း ကုန်အောင်စားနဲ့ သားငယ်စားစရာ ဘာမှမကျန်တော့ပါဘူး။
နှိုင်းကြည့်တော့ ဖအေက အာဏာရထားသူ။
ဧည့်သည်က ခါတော်မီသူဌေး။
‘ဖအေ’ လုပ်စာ မှီစားနေတဲ့ ‘မအေ’က အောက်ကလုပ်ပိုင်ခွင့်ရသူ ၀န်ထမ်းကြီး။
အစာမစားလိုက်ရတဲ့ ကလေးငယ်က ရိုးသားတဲ့ ပြည်သူတွေများ ဖြစ်နေသလို ပါပဲနော်။
ခါတော်မီ သူဌေးကြီးများအနေနဲ့ ပြည်သူတွေဝန်ထုပ်ဝန်ပိုးလို ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ မတရား စီးပွား ရှာနေတာကို ပြည်သူတွေဘက်မှာ သက်သာမှုရလာစေတဲ့ ရိုးသားတဲ့ စေတနာလေးတွေထားကြပြီး လုပ်ဆောင်စေချင်ပါတယ်။
ပြည်သူတွေ ဘက်ကလည်း အူမမတောင့်လို့ သီလ မစောင့်နိုင် အယူအဆတွေကို ပျောက်အောင်ဖျောက်ပြီး ရိုးသားသည့်စိတ်ရှိ အောင် ကျင့်ကြံရပါမယ်။
အစိုးရက ဘယ်လောက်ကောင်းအောင်လုပ်လုပ် ပြည်သူဘက်က ရိုးသားစွာ ပူးပေါင်းပါဝင်မှု မရှိရင် နစ်နာရမှာက ပြည်သူတွေ ကိုယ်တိုင်ပါပဲ။
လက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ မှန်ကန်တဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့လို့ ကမ္ဘာ့အလယ် ၀င်ဆံ့နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့နေဆဲ ဖွံ့ဖြိုးပြီးနိုင်ငံဆိုတာ မရှိတော့ပါ။
နိုင်ငံရေးမှာ အကြီးအကျယ် အောင်မြင်မှုတွေရနေပေမယ့် ၀န်ကြီးဌာနတွေအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အကျင့်ပျက် လာဘ်စားမှုတွေကတော့ ရှိနေဆဲဖြစ်တာကြောင့် စီးပွားရေးမှာတော့ အောင်မြင်မှုတွေ မည်မည်ရရ မရရှိသေးဘဲ ခါတော်မီ သူဌေးကြီးများ လက်ခုပ်ထဲကရေတွေသာ ဖြစ်နေပါ သေးတယ်။
အရာရာဟာ လုပ်ဆောင်ရခက်နေဆဲပါ။
အဏုမြူဗုံးဒဏ်ခံ စစ်ရှုံးဂျပန်နိုင်ငံဟာ အုပ်ချုပ်သူအဆက်ဆက်ရဲ့ မိမိ လုပ်ဆောင်မှုကို မိမိတာဝန်ယူမှုအောက်မှာ ဂျပန်ပြည်သူ ပြည်သားများဟာ အားကောင်းမောင်းသန် ရိုးသားစွာ ကြိုးစားလုပ်ဆောင်ခဲ့လို့ ပြာပုံအောက်ကနေ ရုန်းကန် လွတ်မြောက်ပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။
ခေါင်းဆောင်နေတဲ့ လူကြီးများအနေနဲ့ ဦးစားပေးလုပ်ဆောင်ဖို့ရှိနေတာက ၀န်ထမ်းကြီးအချို့ရဲ့ တရားလွန် အခွင့်အရေး ယူလွန်းမှုတွေကို ထိန်းချုပ်ထိန်းကျောင်းရေးနဲ့ အကျင့်ပျက်ဝန်ထမ်း အားလုံးကို လေ့ကျင့်ကြပ်မတ် နားလည်ပေးစေချင်တာက 'ရိုးသားသည့်ဂုဏ် စားမကုန်'ဆိုတဲ့ အသိဝင်လာရေးပါ။
0 comments:
Post a Comment