Friday, June 15, 2012

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်”

by Soe Min on Friday, June 15, 2012 at 2:50am

          ကလေးဘ၀ကတည်းက ပေါင်းသင်းခဲ့သမျှ သူငယ်ချင်းတွေထဲမှာ ချစ်စရာအကောင်းဆုံးနဲ့ ကိုယ့်အပေါ်မှာ အနွံတာခံနိုင်ဆုံး ငယ်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ကိုယ်ကလွဲရင် ကိုယ့်အတွင်းစိတ်ကို အသိနိုင်ဆုံးသူတစ်ယောက်လို့လည်း ပြောလို့ရတယ်။ အထက်တန်းကျောင်းမှာကတည်းက လည်ပင်းဖက်ရင်း နပန်းသတ်ရင်း ပေါင်းသင်းလာခဲ့တဲ့ အဲဒီသူငယ်ချင်းဟာ ဆေးကျောင်းတက်တဲ့အခါမှာလည်း ဘယ်သွားသွား မခွဲအတူပါပဲ။ အရေးအခင်းဖြစ် ကျောင်းတွေပိတ်သွားလို့ မတည်ငြိမ်တဲ့နိုင်ငံရေးအောက်က မရေရာတဲ့ ပညာရေးကိုစွန့်ခွာပြီး အမေရိကမှာ သူ့ဘ၀သူ ရုန်းကန်တဲ့အခါမှသာ အဆက်အသွယ်ပြတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မတွေ့တော့တာ အခုထိပါပဲ။ ကိုယ့်ရဲ့ငယ်ဘ၀အကြောင်းကို ပြန်စဉ်းစားတဲ့အခါတိုင်း သူမပါပဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီတစ်သက် ဒီဘ၀မှာဖြင့် သူ့လိုကောင်းတဲ့ သူငယ်ချင်းမျိုးရဖို့ဆိုတာ သိပ်မလွယ်လှဘူးလို့တော့ ကိုယ့်ဘာသာကိုယ် သိပါတယ်။ မင်္ဂလာဆောင်တဲ့အခါတုန်းကတော့ ဒီမှာကျန်နေသေးတဲ့ သူ့မိဘများကို တကူးတက ရှာဖွေပြီး တလေးတစားဖိတ်တဲ့အခါ သူ့ဆီကလည်း မာကြောင်းသာကြောင်း ၀မ်းသာစကား တဆင့်ကြားလိုက်ရပါသေးတယ်။
အခု သူလည်း အဆင်ပြေလို့ မိသားစုအားလုံး ဟိုကိုခေါ်သွားနိုင်ပြီဆိုတဲ့အခါ ကိုယ်လည်းပဲ ၀မ်းသာရတာပေါ့။ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ မထူးဆန်းလှတဲ့အကြောင်းကလေးကို အခုမှ ပြန်အစဖော်ရတာကတော့ အဲသည်သူငယ်ချင်းကလေးဟာ မွတ်စလင်ဘာသာဝင်ဖြစ်ပါတယ်။ ကိုယ်နဲ့သူနဲ့အကြားမှာ လူမျိုးရေးကိစ္စ၊ ဘာသာရေးကိစ္စဆိုတာ စတာနောက်တာ ကျီစားတာကလွဲလို့ ဘယ်တုန်းကမှ အငြင်းပွားစရာ မဖြစ်ခဲ့တဲ့အကြောင်းကို ကျေကျေနပ်နပ်ကြီး ပြန်တွေးမိတယ်ဗျ။
          ဆယ်တန်းအောင်ပြီးကတည်းက ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရားတွေ သွားတဲ့အခါတိုင်း သူလည်း လိုက်လာတတ်ပြီး ဘုရားမရှိခိုးတာကလွဲလို့ ဘာတစ်ခုမှ ဘာသာခြားမှန်းသတိထားမိအောင် မနေပါဘူး။ သူငယ်ချင်းတွေဆုံလို့ တရုတ်ဆိုင်တွေမှာ အတုံးလိုက် အတစ်လိုက် မှာစား၊ အရက်သောက်တဲ့အခါမှာလည်း သူကိုယ်တိုင် ၀င်မသောက်မစားတာကလွဲလို့ ရယ်ရယ်မောမော ရောရောနှောနှော နေလေ့ရှိပါတယ်။ သောကြာနေ့တွေ သူဘုရားဝတ်ပြုတဲ့အခါမှာလည်း ကိုယ်ကစောင့်ရတဲ့အခါ စောင့်တာပေါ့။ သူနဲ့ကိုယ်နဲ့အကြားမှာ မတူကွဲပြား ခြားနားတဲ့အတွက် ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူ့ဖခင်ဟာ မြန်မာနိုင်ငံသားဖြစ်ပေမယ့် အမွှေးထူထူ၊ မျက်တွင်းနက်နက် မျက်တောင်ကော့ကော့ အစားထဲကပါ။ သို့သော်လည်း လက်ဘက်ရည်ဆိုင်မှာ ပလာတာရိုက်ရင်းကနေ သားသမီးတွေအားလုံး လူလုံးလှရုံတင်မဟုတ်ဘူး။ ပညာထူးချွန် လူနေမှုအဆင့်မြင့်မြင့် ဖြစ်လာအောင် ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားခဲ့ရတယ်လို့ ဂုဏ်ယူစွာပြောပြီး ဆုံးမလေ့ရှိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒါ ဂုဏ်ယူစရာလို့ မြင်ပါတယ်။ သူတို့အိမ်မှာ လက်ဘက်ရည်ဆိုင် ဖွင့်ထားကတည်းက ရောက်ခဲ့ဖူးတယ်။ ၄၈ လိုင်းကားတွေ ထောင်တော့လည်း စီးခဲ့ဖူးတယ်။ မနက်ဘယ်ချိန်ထလို့ ညဘယ်ချိန်မှ အိပ်ရသလဲဆိုတာ မျက်မြင်ပါ။ သားသမီးတွေရှေ့ရေးအတွက် တကယ်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အားကုန်သွန်ပြီး ကြိုးစားနေမှန်း သတိထားမိပါရဲ့။ ဒါကြောင့်လည်း ကိုယ်တွေက အရေးအခင်းကြောင့် ကျောင်းသုံးနှစ်ပိတ်နေတဲ့အခါ လတ်လျားလတ်လျား အချိန်ကုန်သွားပေမယ့် သူတို့အတွက်ကျတော့ အဲဒါ ဘယ်လိုမှ သည်းညည်းခံစောင့်ဆိုင်းလို့ မရတဲ့ကာလဖြစ်နေတယ်။ အနာဂတ်နဲ့ ဘ၀ရှေ့ရေးဆိုတာတွေကလည်း အတိုးတက်သလို တက်တယ် ထင်ပါရဲ့။ သားကြီး သမီးကြီးတွေ စကာင်္ပူလွှတ်၊ အမေရိကလွှတ်လို့ အသီးသီး ရုန်းကန်စေတယ်။ ဒီအချိန်မှာ အသီးတွေ အပွင့်တွေ စားသုံးနိုင်ပြီဆိုရင်လည်း အဲဒါ သူကိုယ်တိုင် စိတ်ရှည်လက်ရှည် အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့တဲ့ အသီးအပွင့်တွေပါ။ သတိထားမိတာကတော့ သူတို့တွေဟာ ကိုယ်တွေထက် ကြီးထွားရှင်သန်နှုန်း မြန်တဲ့သန်တဲ့ မျိုးဗီဇလို့ မငြင်းနိုင်သလိုရှိတယ်ဗျ။
          အသက်အရွယ်ကလေး ရလာတဲ့အခါမှာတော့ သူ့လိုပဲ မတူကွဲပြား ဘာသာခြားများနဲ့ အတူတကွ ရောနှောဆက်ဆံရတဲ့ကိစ္စဟာ အဆန်းမဟုတ်တော့ပဲ တော်တော် ယဉ်ပါးလို့လာပါတယ်။ ခေါင်းရင်းအိမ်က မိသားစုဆို မောင်နှမကိုးယောက်ရှိတဲ့ မွတ်စလင်တွေပါ။ ကိုယ့်အောက်က ညီတွေ ညီမတွေနဲ့ အပြိုင်းအရိုင်း အရွယ်ရောက်လာကြပြီး နှစ်အိမ့်တစ်အိမ် မိသားစုလိုပဲ ဘာအရေးရှိရှိ ဆိုးတိုင်ပင်ကောင်းတိုင်ပင် စောင့်ရှောက်နေထိုင်ခဲ့ကြတာ အခုထက်ထိပဲဗျ။ ဘုရားရှိခိုးတဲ့အခါသာ ကိုယ့်ဘုရားကိုယ် ရှိခိုးကြတာ ကျန်တာအားလုံး အတူတူပဲ လို့ စိတ်ထဲမှာ သဘောထားကြပါတယ်။ ကိုယ့်အိမ်ကလူတွေ မင်္ဂလာဆောင်ကြတော့ မြန်မာဝတ်စုံတွေကို သူတို့တတွေက ကြည့်ကြည့်ပြီး သဘောကျနေကြသလို သူတို့အိမ်က မင်္ဂလာဆောင်တော့လည်း ခြုံလွှာပုဝါလှလှလေးတွေနဲ့ ဦးထုပ် ဘောင်းဘီဆန်းဆန်းကလေးတွေကို ကိုယ်တွေက ကိုင်ကြည့်ကြ သဘောကျကြနဲ့။ ဘုစုခရုလေးတွေ ခေတ်ရောက်လာတော့ ကလေးငိုရင် သူတို့အိမ် ပြေးပြေးချော့ရတယ်။ မုန့်ပဲသွားရည်စာ၊ ကစားစရာလေးတွေ ရောင်းတာကိုး။ သူတို့အဖေကြီး နေမကောင်းလို့ ဆေးရုံတက်ရရင် ကိုယ်တွေစောင့်ရှောက်တဲ့အလှည့်ပေါ့။ အခုဆို သူတို့အိမ်က သားကလေးတောင် ဆရာဝန်ဖြစ်လို့ မလေးရောက်သွားပြီ။ အင်တာနက်ပေါ် တခါတခါတွေ့ရင် မာကြောင်းသာကြောင်း သတိရကြောင်း စကားပါးတုန်း။ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေ အကြားမှာ ဘာသာရေးလူမျိုးရေးဆိုတာ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ဖူးဘူးဆိုတာ ကိုယ်ရော သူတို့ရော အသိပါဗျာ။
          လုပ်ငန်းခွင်ဝင်လာတဲ့အခါမှာတော့ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့မို့ အဲသည်ကိစ္စတွေ ပိုကင်းရပါလိမ့်မယ်။ လူနာတိုင်းကို လူနာအဖြစ်နဲ့ပဲ မြင်ဖို့ ကြိုးစားပါတယ်။ အယုတ် အလတ် အမြတ် အတူတူပဲ ဆက်ဆံနိုင်မယ်။ လူမျိုး ဘာသာဆိုတာ ကိုယ်ပေးမယ့်ကုထုံး သူလက်ခံလို့ ဖြစ်မဖြစ် အတွက်သာ စဉ်းစားတယ်။ ပါးစပ်ကြီးရှိလို့ လျှောက်ပြောနေတာမဟုတ်ဘူး။ ကိုယ့်လူနာတွေသာ အသိဆုံး။ လူနာအဖြစ်ကနေ အရမ်းခင်မင်ရင်းနှီးသွားတဲ့ မွတ်စလင်မိတ်ဆွေတွေ အများကြီး ရှိပါသဗျ။ လုပ်ဖော်ကိုင်ဖက်ချင်းကတော့ ဘာပြောစရာလိုမှာလဲ။ အလုပ်ထဲမှာရှိနေတဲ့ ပညာတတ်၊ လူလတ်တန်းစား (အဲဒါသူတို့အတွက် အနိမ့်ဆုံးနေရာ)၊ ဆရာဝန်လောက်ဖြစ်နေတဲ့ မွတ်စလင်လူမျိုးတွေရဲ့ လူမှုဆက်ဆံရေးကို တွေးကြည့်လိုက်ပေါ့။ အနည်းဆုံးတော့ သဘောကောင်းပါတယ်လို့ နံမယ်ထွက်တဲ့သူတွေချည့်ပဲ။ (ခပ်တုံးတုံး ခပ်အအတော့ တစ်ယောက်မှ ပါလိမ့်မည် မဟုတ်)။ မြန်မာပြည်ရဲ့ ထိပ်ထိပ်ကျဲဆရာဝန်လောကထဲမှာလည်း သူတို့နဲ့ မကင်းပါဘူးဗျာ။ ဆရာကြီးဦးကိုဝင်းတို့၊ ဦးခင်ထွန်းတို့၊ ဦးသိန်းအောင်တို့၊ တကယ့်ပြိုင်စံရှားကြီးတွေပါ။ သည်လောကထဲမှာလည်း ဘယ်လိုအကြောင်းနဲ့မှ ပြဿနာဖြစ်စရာ မရှိရိုးအမှန်။ ဆလတ်ကွက် စမာကလာကွက်တွေနဲ့ ကျုပ်တို့ကြားထဲ လာညှော်ဖို့ရှို့ဖို့ ကြိုးစားရင်တော့ အောင်ဖေ ညောင်ရွှေ၊ အကိုင်းကြီးကြီးမှာ နားချေပါတော့လေ။
          သို့သော်လည်းပဲ ရခိုင်ပြည်နယ်မှာတော့ ပြဿနာက အကြီးကြီးမှ အကြီးကြီး။ ငြိမ်းမနိုင်အောင် လောင်တဲ့မီးမို့လို့ သူတို့ရခိုင်တွေက အလကားနေ သူစိမ်းလက်သင့်မခံတဲ့အမျိုး (Intolerance) လို့ စွပ်စွဲကြသဗျ။ ဒီ့ထက်ပိုဆိုးလာတော့ Racist တွေ၊ Xenophobic တွေကနေ အခုဆို Genocide ပါ လို့တောင် အတိအလင်း စွပ်စွဲကုန်ပြီ။ ဟုတ်သည် မဟုတ်သည် နှုတ်ဝဇီ ထုတ်မြည် စဉ်းစားကာ ဝေဖန်ကြည့်ပါတော့လို့ စာရေးတဲ့ဆရာတင် စုံလင်သောအထောက်အထားနဲ့ တင်ပြခဲ့ရတာလည်း ဟောရင်းမတ်တပ်က ပျံလွန်တော်မူရတော့မယ် ထင်ပါရဲ့ ကျောင်းအမရယ်။ တစ်မိသားနဲ့တစ်မိသား ခိုက်ရန်ဖြစ်ပွား အချင်းများကြရင် ကိုယ့်လူကိုယ်ဆွဲကြရတာ ဓမ္မတာမို့။ ကိုယ့်အနေနဲ့လည်း လူကြီးပီပီ တော်၊ တန်၊ တိတ် စကားပဲ ပြောရဦးတော့မှာပေါ့။ ကလေးတွေနဲ့လိုက်ပြီး ချကွ သတ်ကွ ပြောစရာလား။ တကယ်လို့များ လူအများက သတ်မလိုဖြတ်မလို အရေဆုတ်မယ်  အရိုးထုတ်မယ်လုပ်နေတဲ့ ကုလားကလေးတွေ ရခိုင်ကလေးတွေဟာ ကိုယ်နဲ့သိကျွမ်းခင်မင်ရတဲ့သူတွေ၊ အိမ်နီးနားချင်းတွေ ဖြစ်နေမယ်ဆို ဘယ်လိုစဉ်းစားကြမလဲ။ အပြင်မှာ ကြားလာခဲ့တဲ့ ကောလာဟလသတင်းတစ်ခုကို ကိုယ်နဲ့အကျွမ်းတ၀င်ရှိနေတဲ့ သူတို့တွေနဲ့ စကားပြောတဲ့အခါ ဘယ်လို လေသံမျိုးနဲ့ ပြောကြဆိုကြမလဲ။ ဟိတ်ယောင် မင်းတို့ကုလားတွေက ငါတို့ဗမာတွေကို သတ်ကုန်ပြီကွဆိုပြီး အချင်းချင်းထ နပန်းလုံးရမှာလား။ သူနဲ့ကိုယ်နဲ့ တိုက်ရိုက်ဖြစ်တဲ့ ပဋိပက္ခဆိုရင်တောင်မှ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတစ်ခုမှာ အတိတ်က ခင်မင်မှု သံယောဇဉ်တွေကို ထောက်ထားပြီး လျှော့လိုက်ကြရမှာ မဟုတ်ဘူးလားဗျာ။ တခြားနေရာမှာ ငါတို့လူမျိုးကိုသတ်သွားလို့ ငါ့အိမ်ဘေးက သူတို့လူမျိုးကို ပြန်သတ်မယ်ဆိုတာ အခုခေတ်မှာ အင်မတန်ရိုင်းစိုင်းသွားပြီဖြစ်တဲ့ ဟာမူရာဘီကိုဒ ဥပဒေနဲ့တောင် ဘောင်မ၀င်ပါဘူး။ သူတို့နဲ့ ဘာဆိုင်လို့လဲ။ သတ်ချင်ရင် ဟိုလူကို ရအောင်ဖမ်းပေါ့။
          ဒီဘက်အိမ်က ညှော်လုပ်ရင်တောင် ဟိုဘက်အိမ်ကို ညှော်မယ်နော် လို့ ခွင့်တောင်းရတဲ့ဟာ ငါ့အိမ်တစ်လုံးရင်းပြီး သူတို့တစ်ရပ်ကွက်လုံး ပြာချပစ်မယ်ဆိုတာကရော ဘယ်လိုဘုရားသခင်ရဲ့ အဆုံးအမမျိုးပါလိမ့်။ နဂိုက အဆင်ပြေပြေ အကျွမ်းတ၀င်နေနိုင်ပါလျက်ကနဲ့ အခုချိန်မှာ ကြားလေသွေးလို့ မချစ်နိုင် မခင်နိုင်ရင်လည်း ရှိပါစေ။ နင်သေမှ အေးမယ်။ နင့်မသတ်ရ ငါမကျေဘူး ဆိုတာမျိုးအထိတော့ မဖြစ်သင့်ပါဘူး။ သွေးအလိမ်းလိမ်းနဲ့ အိုးမဲ့အိမ်မဲ့ မိသားစုတွေ သေကျေပျက်စီးပြီး အတိဒုက္ခရောက်နေတဲ့သူတွေကို တရားနဲ့ဖြေပါ။ ခွင့်လွှတ်လိုက်ပါ ပြောလို့ မရနိုင်မှန်း သိပါတယ်။ သို့သော်လည်း သူတို့တတွေမှာ ထိခိုက်သွားတဲ့နစ်နာမှုတွေကို အရင်ကယ်တင်နှစ်သိမ့်ပေးပြီး တရားဥပဒေနဲ့အညီ ဖြစ်ရစေ့မယ်ဆိုတဲ့ အာမခံချက်တစ်ခုကတော့ မဖြစ်မနေလိုတာပေါ့။ နောက်ထပ် နှစ်ဘက်စလုံးမှာ ထိခိုက်ဆုံးရှုံးနစ်နာမှု မရှိစေဖို့ အာမခံချက်နဲ့ အကာအကွယ်ပေးမှုတစ်ခုလည်း လိုတာပဲ။ ဒီအရေးအခင်းကို ရပ်တန့်စေချင်ရင် နိုင်ငံတော်က အဲဒီအချက်တွေကို တာဝန်ယူရပါလိမ့်မယ်။ သတင်းကြေငြာရင်း ပါးစပ်ပြော အာမခံချက် မဟုတ်ပါဘူး။ လက်တွေ့ ထိထိရောက်ရောက် အချိန်မလွန်ခင် ကုစားနိုင်မှ ပျောက်ရမယ့် ရောဂါပါ။ ဒီကိစ္စမပြီးသေးသရွေ့ တကယ် မကုစားသေးလို့ လို့ပဲ ယူဆရမှာပဲ။ နာဂစ်မှာ ဂီရိမှာလို ဘေထုပ်တွေဝေပြီးရုံနဲ့ ငြိမ်သွားမှာတော့ မဟုတ်ဘူးဗျ။ အရေးအခင်းတုန်းက ဦးမောင်မောင်ကြီးလုပ်သလို ပြည်သူပြည်သားအပေါင်းတို့ခင်ဗျား နဲ့လည်း မငြိမ်းဘူး။
လက်တွေ့သဘောမှာ ပြောသလောက် မလွယ်ကူတာကတော့ ပြည်တွင်းပြည်ပ အမှောင့်ပယောဂတွေကလည်း မုန်လာဥလုပ်လို့ မရအောင် လက်ဆုပ်လက်ကိုင်နဲ့ မိထားသေးတာကိုး။ ကောင်းပါပြီ။ ဒါဟာ အကွက်ကျကျ ကြိုတင်စီမံထားတဲ့ နိုင်ငံရေး မသမာမှုတစ်ခု၊ နယ်စပ်ကျူးကျော်ဝင်ရောက်မှု၊ ရခိုင်လူမျိုးများကို ရခိုင်မြေပေါ်က မောင်းထုတ်ပြီး သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ သီးခြားပြည်နယ်ထူထောင်ဖို့ ကြိုးစားတဲ့အမှုတစ်ခု လို့ ဟုတ် ဟုတ် မဟုတ်ဟုတ်၊ လက်ခံစဉ်းစားကြည့်မယ်ဗျာ။ အဲဒါဆိုရင်လည်း ကျူးကျော်သူတွေကို ချေမှုန်းဖို့ တပ်မတော်ရဲ့အကူအညီမပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အခုသူတို့မှာ အန်ဂျီအိုအမည်ခံတွေဆီက တရားမ၀င် လက်နက်တွေရှိနေတယ်ဆိုရင် ကိုယ့်ဆီမှာ ကြက်သွန်လှီးတဲ့ဓါးတောင် သွေးထားပြီးသား ရှိရဲ့လား။ ဘာမှ ကြောက်စရာမလိုဘူး။ အသက်ချင်း လဲပလိုက်မှာပေါ့ ဆိုရင်တောင် သတ္တိကိုတော့ လေးစားပါတယ်။ အကြံပေးချင်တာက သတိ၊ ၀ီရိယနဲ့ ခံစစ်ကိုပဲ လုံအောင်ပြင်ပါ။ ကိုယ့်ဘက်က တိုက်စစ် သွားမစပါနဲ့။ ကုလားရွာလည်း မီးမရှို့နဲ့။ ကုလားမြင်တိုင်းလည်း ဖမ်းမသတ်နဲ့။ ကိုယ့်ပြည်နယ်ကိုယ် ကာကွယ်ဖို့ဆိုတာတော့ အနှစ်လေးငါးဆယ်လုံးလုံး လက်နက်အပြည့်အစုံနဲ့ မွေးထားအုထားတဲ့ မြန်မာ့တပ်မတော်ကြီးတစ်ခုလုံး ဒီနေရာမှာမှ မသုံးရင် ဘယ်နားသွားသုံးဖို့တုန်း။ အားကိုးလိုက်စမ်းပါ။ အခုထက်ထိ ဘာမှ မလုပ်သေးလည်း လိုအပ်လာရင် မလုပ်ပဲ မနေဘူး။ လုပ်ကိုလုပ်ရမှာ။ တပ်မတော်ကြီးတစ်ခုလုံးရှိလျက်နဲ့ ရခိုင်ပြည်နယ်ကြီး ကုလားလက်ပါသွားတယ်ဆိုရင် ဦးစီးချုပ်ကြီး သူ့ဘာသူ ဟလ္လာလုပ်သွားလိမ့်မယ်။ ရာဇ၀င်တော့ အရိုင်းမခံဘူး။ ကျွန်တော်တို့ဆီက လူကြီးမင်းများဟာ မြန်မာအစစ်မို့ မြန်မာ့သွေးအစစ်နဲ့ ပြဿနာကို ခေါင်းအေးအေး ကိုင်တွယ်ဖြေရှင်းနေတာသာဖြစ်တယ်။ ဟိုဘက်က ကုလားမကြီးလို ဘင်္ဂါလီအချင်းချင်း ရေမျောကမ်းတင်တာတောင် မဆယ်ဝံ့ပဲ မျက်နှာလွှဲခဲပစ်လုပ်တဲ့အစိုးရ မဟုတ်ဘူးဗျ။ ကိုယ်တိုင်ခံစားနေရတော့လည်း သူများတွေလုပ်တာ ကြန့်ကြာရန်ကောလို့ ဆန္ဒတွေ စောမိတာပေါ့ဗျာ။ ဒါပေမယ့် ပိတ်သတ်ကြီးရေ။ အားမလျော့ပါနဲ့။ နောက်ဆုံးကျ ရွှေဘပဲ နိုင်မှာပါ။ တအောင့်နေ လာကယ်တော့မှာ။ တောင့်ခံထားနော်။ တို့အဘလက်သီး ဘယ်လောက်စွမ်းတယ်ဆိုတာ ဒီကောင်တွေ မသိသေးလို့ပါ။ တို့ကိုသမတုန်းကများ လက်သံကိုပြောင်လို့။ လာ လာ တစ်ယောက်တစ်လှည့်စီ ကျပ်ထုပ်ထိုးပေးကြတာပေါ့။ တော်တော်ကြာ ရွှေဘလာရင် လက်ခုပ်မတီးနိုင်ပဲနေဦးမယ်။ ကြည့်ကြသေးတာပေါ့ကွာ။ ဗိုလ်အောင်ဒင်နဲ့မှ မနိုင်ရင် ကျားခင်စိန် လွှတ်လိုက်မယ်။

“သတ္တိသွေး၊ ဗျတ္တိသွေး။ စပ်မိရင် မေးကြည့်ကြ ကျားသွေးရောင်ရှိန်။ ဘယ်သူ့ကိုများ ဂရုကိုမထား။ အသံကြားရင်ဖျားကြတာ ကျားမ ခင်စိန်။ လူ့ပြေကို သဘောသေးနဲ့ အမှုတွေကို ရောထွေးလို့ ဥပဒေကို ကျောပေးတဲ့ ခင်စိန် ခင်စိန်။ ကျားခင်စိန်။ ကျားခင်စိန်။ ရန်သူဆို ဗိုလ်မထားတဲ့ ကျား … ကျားခင်စိန်။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...