ပန်းတိမ်မသင်ခင် ရွှေခိုးတတ်နေကြသူများ
by General Knowledge on Tuesday, June 12, 2012 at 9:48pm ·
Written by မောင်စံပေါ Wednesday, 06 June 2012 20:13
(၁)
အသက်ကြီးလာတော့ ဘုဂလန့်တွေ တွေးလာတယ်ပြောရဲ့။ ဂွကျကျ စကားတွေပဲ ထွက်ထွက်လာတယ်ဆိုရဲ့။ ရွတ်တွတ်တွတ်တွေပဲ ရေးရေးနေတယ် ဝေဖန်ရဲ့။
အဲဒါတွေအားလုံးက အမှန်တွေချည်းပါပဲ။ အဲဒီရလဒ်တွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကလည်း နောက်ကွယ်မှာရှိတာ အသေအချာ။ တစ်သက်လုံး အောင့်အည်းသည်းခံနေလာရတာကြာတော့ သေခါနီးမှာ ပြောချင်တာလေး ပြော၊ လုပ်ချင်တာလေး လုပ်၊ ရေးချင်တာလေး ရေးမိသပေါ့ဗျာ။
(၂)
ရေးချင်စိတ်ပေါ်လာပေမယ့် ဘာရေးရမှန်းမသိတာက အင်မတန် ကြီးမားတဲ့ ပြဿနာ။ ကံအားလျော်စွာပဲ ကယ်တင်ရှင်က ပေါ်လာတယ်။ ကလင်ကလင် ဖုန်းသံ။ အချိန်မတော်လာတဲ့ဖုန်းဆိုတော့ တစ်ခုခုပဲ အောက်မေ့ပြီး ကိုင်လိုက်တဲ့ခဏမှာ နယ်ကညီမရဲ့ အသံကို ကြားရတယ်။
''ကိုငယ်ရေ ကြီးကြီးဒေါ်ရွှေကြိုင် ဆုံးသွားပြီ။ ခုနက ဖုန်းလာလို့ သန်ဘက်ခါ သင်္ဂြိုလ်မယ်တဲ့။
(၃)
ဒေါ်ရွှေကြိုင်၊ ဒေါ်ရွှေလှိုင်၊ ဒေါ်ရွှေမြိုင်ဆိုတာ အဖေ့ရဲ့ အစ်မတွေ။ အားလုံးက ရွှေကုန်သည်တွေ။ ဈေးထဲမှာ ရွှေဆိုင်ဖွင့်သဗျာ။ ရွှေရောင်းတယ်။ အပ်ထည်လက်ခံတယ်။ ရွှေ၊ ငွေ ရတနာ အပေါင်ခံတယ်။ ငွေတိုးပေးတယ်။ ဒါသူတို့ရဲ့ အဓိကစီးပွားရေး။ ငယ်ငယ်တုန်းကတည်းက စကား ခပ်များများကောင်ဆိုတော့ ကြီးတော်များက ချစ်ကြသဗျာ။ အခုလို စကားများခြင်းမျိုးမဟုတ်ဘဲ ချစ်ခင်နှစ်သက်ဖွယ်ရာ ပီယ၀ါစာလေးတွေလည်း ဆိုတတ်တာကိုး။ ဒါတောင်မှ တစ်ခါတစ်ခါမှာ ဂွတီးဂွကျတွေ တွေး၊ မေး၊ ပြောတတ်တာက ရှိသေးရဲ့။
(၄)
အဲဒီဂွတီးဂွကျတွေထဲက မှတ်မှတ်ရရတစ်ခု ရှိပါတယ်။ ကိုယ့်ဘက်ကလည်း မှတ်မှတ်ရရ၊ ကြီးတော်များဘက်ကလည်း မှတ်မှတ်ရရပေါ့ဗျာ။
အဲဒီနေ့က ကျောင်းပိတ်တော့ ဈေးထဲသွားတယ်။ ကြီးတော်တွေရဲ့ ရွှေဆိုင်မှာထိုင်တယ်။ မုန့်စားတယ်။ သူတို့စာရင်းတွေကူပြီးပေါင်းပေးတယ်။ စစ်ပေးတယ်။ အဲဒီအတွက်မုန့်ဖိုးပေး ရတယ်။
လျှပ်စစ်ဂဏန်းပေါင်းစက်တွေ မပေါ်သေးတဲ့ခေတ်ဗျာ။ အစိုးရရုံးတွေမှာတောင်မှ ဂဏန်းပေါင်းစက်ကြီးကို နှိပ်လိုက် လက်ယာရစ် လှည့်လိုက်၊ လက်ဝဲရစ် လှည့်လိုက်နဲ့ လုပ်ရတာ။
အဲဒီတော့ကာ တူတော်မောင် လူရည်ချွန်လေးလာတဲ့ခဏမှာ ကောင်းကောင်း အသုံးချပါရော။ စစ်စမ်းဟဲ့ အကြွေးစရင်း၊ ပေါင်းစမ်းဟဲ့ အရောင်းစာရင်း၊ နှုတ်စမ်းဟဲ့ အ၀ယ်စာရင်းပေါ့ဗျာ။ ပြေစာတွေနဲ့ လယ်ဂျာစာအုပ်နဲ့ တိုက်ဆိုင်စစ်ဆေးရတာလည်း ပါသေးသဗျ။
(၅)
အဲဒီနေ့ကဗျာ ဖြစ်ချင်တော့ ခါတိုင်းလို ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပေးတဲ့မုန့်ဖိုး ယူဆိုပြီးပြီ။ ကိုယ်ကိုယ်၌ကိုယ်က ရှည်တာပါဗျာ။ ပြေစာတွေ ကြည့်ပြီး အမေးအမြန်းထူမိတယ်။
''ကြီးကြီးပြေစာမှာပါတဲ့ အလျော့တွက်တွေက များလှချည်လားဗျ''
''လူကလေးရဲ့ လက်ဝတ်လက်စား လုပ်တယ်ဆိုတာ အင်မတန်မှ အနုစိတ်ပြီး လက်ဝင်တာကွဲ့။ ထုရင်း နှက်ရင်း ဆစ်ရင်း ပိုင်းရင်း ဖြတ်ရင်း တောက်ရင်း ပုံဖော်ရင်းနဲ့ ရွှေမှုန်လေးတွေ လေလွင့်တတ်သကွဲ့။ အဲဒါအတွက်ပါ တွက်ထားရတာပေါ့'
''အဲဒီရွှေမှုန်တွေလွင့်တာ ပန်းတိမ်ဖိုထဲမှာပဲ မဟုတ်ဘူးလား။ ကြီးကြီးတို့ပြောတော့ ပန်းတိမ်ဖိုနေရာဟောင်းကို မှိုက်ထုတ်ရင်တောင်မှ ရတဲ့ရွှေက အများကြီးဆို''
''အဲဒါ ပန်းတိမ်ဆရာရဲ့ အိမ်လကွယ်။ ကိုယ်ကဘာရမှာလဲ။ နောက်ပြီး အလျော့တွက်ဆိုတာက ပန်းတိမ်ဆရာအတွက် ဆောင်းရတာကွဲ့။ ရွှေတစ်တုံး တစ်ကျပ်သားပေးပြီး တစ်ကျပ်သား ဆွဲကြိုးလုပ်လို့ မရဘူး။ အလျော့တွက်ယူတာ သိပ်များရင် အဲဒီ ပန်းတိမ်ဆရာကို မအပ်ကြတော့ဘူး။ သင့်တင့်တဲ့ ပမာဏတစ်ခုပဲ လက်ခံကြတာ''
''ဒါနဲ့ ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုတာကရော ကြီးကြီး''
''တယ် ဒီကောင်လေးတော မေးတောင်မေးနဲ့၊ ပန်းတိမ်ကောင်းကောင်း တတ်သွားရင် ရွှေခိုးသင်စရာ မလိုဘူး။ အလျော့တွက် သက်သက်သာသာနဲ့ လက်ရာကောင်းကောင်း ထွက်သဟဲ့။ တော် တော်''
ဒါနဲ့ အဲဒီနေ့က မုန့်လည်းငတ်ခဲ့သဗျာ။ မုန့်ဖိုးတော့ ဝေးပေါ့။
'ကိုယ်ကျိုးစီးပွားကို လွန်လွန်ကျူးကျူး ရှေ့တန်းတင်လာကြသလားလို့ပါကွာ။ အလုပ် မလုပ်ရသေးဘူး။ ရရာရကြောင်းတွေ၊ ခွင်တွေမြင်နေ တတ်ကြပြီ။ နောက်ပြီးစာဖတ်တဲ့ ကိစ္စကွာ'
(၆)
တစ်ရက်မှာ တက္ကသိုလ်တစ်ခု မှာ ပါမောက္ခချုပ်ဖြစ်နေတဲ့ သူငယ်ချင်းနဲ့တွေ့တယ်။ အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုကို အတူသင်၊ အတူဘွဲ့ရခဲ့တဲ့သူငယ်ချင်း။ သူ့မူလ ရည်ရွယ်ရာ ဘ၀လမ်းကြောင်းကို မတိမ်းမစောင်း လျောက်ရင်း နိုင်ငံခြား ပညာတော်သင် အရွေးခံရ၊ မဟာဘွဲ့ရ၊ မဟာဘွဲ့ရတဲ့ တိုင်းပြည်က တက္ကသိုလ်ကြီးမှာပဲ ပါရဂူဘွဲ့ရခဲ့သူ။ ပညာထူးချွန်ပြီး စိတ်သဘောထား မှန်ကန်ဖြောင့်မတ်သူ။
သူငယ်ချင်းတွေ တွေ့ကြတော့ မြကျွန်းသာအရိပ်လေးတွေ ပြန်ဆွဲ၊ တက္ကသီလာတေးတွေ ပြန်ဆိုနဲ့ ငယ်ဘ၀ကို ခဏ အလည်သွားကြတယ်။ အတိတ်က အရိပ်အရောင်တွေ လွင့်တဲ့ခဏမှာ ပစ္စုပ္ပန်ကို ပြန်ရောက်ပါရော။
''ပါချုပ်ကြီး သူငယ်ချင်းရဲ့ တက္ကသိုလ်နဲ့ အခြေအနေ ကြုံတုန်းလေး ဗျူးပါရစေ''
''ကိုယ်တို့လုပ်နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကတော့ အများကြီးပေါ့ သူငယ်ချင်းရာ။ အဲဒါတွေထားပြီး သူငယ်ချင်း စိတ်ဝင်စားမယ့် ကျောင်းသားတွေအကြာင်းပဲ ပြောပါ့မယ်။ အခု ကျောင်းသားတွေ တွေ့တွေ့နေရတာ ကိုယ်တို့တုန်းကနဲ့ ကွာသွားတာအမှန်ပဲ။ အားလုံး မဟုတ်ပေမယ့် မနည်းတာတော့အမှန်''
''ဆိုပါဦး''
''ကိုယ်တို့တုန်းက ကျောင်းပြီးလို့ အလုပ်ဝင်ရင် တာဝန်ကျတဲ့နေရာသွားမယ်။ ကိုယ့်အလုပ်ကို ကိုယ်တာဝန်ကျေအောင်လုပ်မယ်''
''အခုရော''
''အခုတွေ့နေရတာကတော့ကွာ နောက်ဆုံးနှစ်မပြောနဲ့ ကျောင်းရောက်ခါစ သစ်လွင်တွေကလည်း ဘယ်နေရာက ကောင်းတယ်။ ဘယ်မြို့ဆို အဆင်ပြေတယ်။ ဘယ်ဂိတ်မှာကျရင် အိုကေ။ ဘယ်လူကြီးက ကျပ်တယ်။ ဘယ်ပုဂ္ဂိုလ်ကြီးမှာ သမီးအပျို ဘယ်နှစ်ယောက်ရှိတယ်။ ယောက္ခမတော်ဖို့ ကြိုးစားရမယ် ဘာညာနဲ့ကွာ''
''အဲဒီတော့ သူငယ်ချင်းပြောချင်တာက''
''ကိုယ်ကျိုးစီးပွားကို လွန်လွန်ကျူးကျူး ရှေ့တန်းတင်လာကြသလားလို့ပါကွာ။ အလုပ်မလုပ်ရသေးဘူး။ ရရာရကြောင်းတွေ၊ ခွင်တွေမြင်နေတတ်ကြပြီ။ နောက်ပြီး စာဖတ်တဲ့ကိစ္စကွာ''
''ကျောင်းစာလား''
''ကျောင်းစာပြောမလားကွာ။ အပြင်စာပေါ့။ ကိုယ်တို့တက္ကသိုလ်ကြီးတစ်ခုလုံးမှ စာကြည့်တိုက်အတွက် ရတဲ့ရန်ပုံငွေက ဂဏန်းသေးသေးလေး ငါးလုံးရယ်၊ ဘာဝယ်နိုင်မှာလဲ။ ကိုယ်တို့ခေတ်တုန်းကလည်း ထူးမခြားနား ရှိခဲ့မှာပါ။ ဒါပေမဲ့ သူငယ်ချင်းတို့ ဦးဆောင်ပြီး အဆောင်စာကြည့်တိုက်ဖွင့်တယ်။ ပိုက်ဆံစုထည့် ကြတယ်။ ငှားခယူတယ်။ အပြင်ထက် အများကြီးသက်သာတဲ့ ငှားခနဲ့အပြင် စာအုပ်တွေထဲက ကောင်းနိုးရာရာလေးတွေ ဖတ်နိုင်ခဲ့တယ်''
''သူငယ်ချင်းတပည့်တွေကို ပြောမပြဘူးလား''
''အောင်မယ်လေးကွာ။ ပြောပေါင်းများလို့ ရိုးနေပါပြီတောင် ဖြစ်ပေါ့။ သူတို့က ကျောင်းစာတောင် မနည်းဖတ်နေရတာတဲ့။ ဒါပေမဲ့ အားတဲ့အချိန်ကျတော့ ဂိမ်းဆော့ကြသဗျာ။ ဘောလုံးပွဲကြည့်သဗျာ၊ ဘောလုံးပွဲ လောင်းသဗျာ။ ဒီလိုနဲ့ ဘွဲ့မရဘဲ ကျောင်းထွက်သွားရတဲ့ သူတွေ ရှိတယ်။
သူငယ်ချင်း ပါချုပ်ခမျာ သစ်ခေါင်းထဲ သွားသွားအော်နေရတာ။ အခုမှ လူအစစ်ကို အရှင်လတ်လတ်ပြောရတော့တယ်ဆိုပြီး ပြောသဗျ။ ကိုယ့်မလည်း နားထောင်ရတာကများ၊ ကြားရတာက မသက်သာနဲ့ပေါ့ဗျ။
(၇)
''သူငယ်ချင်းလည်း ကြားရတာ သက်သာမှမဟုတ်ဘူး။ ကိုယ်လည်း ပြောရမှာစိတ်ထဲမှာ မကောင်းဘူး။ တစ်မျိုးကြီးကွာ။ ဆိုးပါတယ်''
မသက်မသာနဲ့ ပြောလာတာ သူငယ်ချင်းသူဌေးကြီးတစ်ဦး။ သူဘယ်လောက်ချမ်းသာမှန်း သူ့ကိုယ်ကိုသူတောင်မှ မသိရလောက်အောင် ချမ်းသာသူ။ သူ့ရဲ့ များပြားလှစွာသော စီးပွားရေးလုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးတဲ့ လုပ်ငန်းအကြောင်း ပြောပြနေတာ။
''အဲဒီချာတိတ်ကွာ၊ ကိုယ့်သမီးထက်တောင် ငယ်ပါဦးမယ်။ အသက်မှ နှစ်ဆယ်စွန်းရုံ ရှိသေးတယ်။ အလုပ်ဝင်တာမှနှစ်လ။ အလွဲသုံးစားလုပ်သွားတာ သိန်းနှစ်ရာ''
''ဟာများလှချေလား။ သူငယ်ချင်းတို့က ဘာမှစစ်တာဆေးတာ ထပ်ဆင့်စစ်ဆေးတာမလုပ်ဘူးလား''
''လုပ်တာပေါ့ကွာ။ ကိုယ်စားလှယ်တွေဆီ နေ့စဉ် ငွေသိမ်းသွားရင် မှတ်ပုံတင်စာအုပ်ပါတယ်။ ကိုယ်စားလက်မှတ်၊ ငွေသိမ်းသူလက်မှတ်ထိုးပြီး ငွေလက်ခံတယ်။ အဲဒီနေ့စဉ်ငွေ အ၀င်တွေကို ရုံးမှာစာရင်းနဲ့ အပ်ရတယ်။ အဲဒါကို စာရင်းဖျောက်တယ်။ စာရင်းလိမ်တယ်။ ကုမ္ပဏီစစ်ဆေးရေး ပုံမှန်ဝင်စစ်ရာကနေ ပေါ်တယ်။ ပေါ်တော့ အရေးယူဖို့ ဖြစ်လာတာပေါ့ကွာ''
''အဲဒီတော့''
''အရေးမယူချင်ဘူး။ တစ်ပတ်အတွင်း ငွေပြန်အပ်ပါ။ ဒါမှမဟုတ်ရင် တရားစွဲမယ်ပေါ့။ အဲဒီတော့ ငွေလည်း ပြန်မအပ်နိုင်ဘူး။ စပြီးအလုပ်ဝင်ကတည်းက ဒီလခလေးမက်လို့ လာလုပ်တာမဟုတ်ဘူး။ တရားစွဲချင်ရင် တရားစွဲ၊ ဖမ်းချုပ်ချင်ရင်လည်း ဖမ်းချုပ် ကြိုက်တာလုပ်ပါတဲ့''
(၈)
''တရားစွဲ ဖမ်းချုပ်သာပြောတာ ခုခေတ်မယ် ထောင်တို့ တန်းတို့ဆိုတာ ကြောက်ရမှန်းကော သိသေးရဲ့လား မပြောတတ်ပါဘူးဗျာ။ သက္ကရာဇ် ၂၀၀၀ စွန်းစွန်းကပေါ့၊ ကျွန်တော်တို့ကုမ္ပဏီ ဆိုင်ကမိန်းကလေးတစ်ယောက် သိန်းနှစ်ရာ့ငါးဆယ် အလွဲသုံးစား လုပ်သွားတာဗျာ။ ဘာပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပြန်မရဘူး။
ကျုပ်တို့မှာ တရားရုံးးစရိတ်၊ ရှေ့နေစရိတ်၊ ခရီးစရိတ်၊ သက်သေစရိတ် စရိတ်ပေါင်းများစွာထပ်ပြီး အဆစ်ပါသွားတယ်။ မရွှေစာကတော့ အေးအေးဆေးဆေးပဲ၊ ရှေ့နေတောင် မငှားဘူး။ အမှုပြီးတော့ ထောင်ကျသွားတယ်။ ချုပ်ရက်နဲ့ ဘာနဲ့ညာနဲ့ဗျာ။ ခဏနဲ့ လွတ်လာတာပါပဲ။'' တခြားသော ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်မိတ်ဆွေတစ်ယောက်ရဲ့ ရင်ဖွင့်သံ။
(၉)
စစ်တုရင်ကစားတာ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ စာပေသင်ကြားမှုမှာ အထောက်အကူဖြစ်စေတယ်။ ကောင်းကျိုးတွေ အများကြီး ပေးတယ်။
ကျောင်းသားလူငယ်လေးတွေကြားမှာ စစ်တုရင်ကစားနည်း တိုးတက်ပွားများထွန်းကားအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။
လူငယ် စစ်တုရင်ပြိုင်ပွဲတစ်ခုမှာပါ။ သက်ငယ်တန်းထဲမှာ ကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခုကို မိတ်ဆွေတစ်ယောက်က ပြောပြတယ်။
''ချာတိတ်တွေဗျာ။ မူလတန်းအဆင့်လောက် ရှိဦးမှာပါ။ နိုင်ရင်ဆုရမယ့် ချာတိတ်က တစ်ဖက်ကချာတိတ်ကို ညှိခိုင်းတယ်ဗျာ။ သားလက်ဖက်ရည်တိုက်ပါ့မယ်။ မုန့်ကျွေးပါ့မယ်။ အဲဒီကောင်ကိုသားကို အရှုံးပေးဖို့ ပြောပေးပါဘာညာနဲ့ဗျာ''
''ဒါနဲ့ ခင်ဗျားက လုပ်ပေးလိုက်ရောလား''
''လုပ်ပေးစရာလားဗျာ။ မင်းဖာသာမင်း ကြိုးစားပြီး နိုင်အောင်ကစား။ ဒါမျိုးနောက်လာမလုပ်နဲ့။ ပြိုင်ပွဲက အထုတ်ခံရမယ်။ ပြီးခဲ့တဲ့ အင်ဒိုနီးရှား ဆီးဂိမ်းမှာတောင် ဗီယက်နမ် စစ်တုရင်သမားတစ်ယောက် ဒီလိုမျိုး မကစားခင် သွားလုပ်လို့ အရေးယူ အပြစ်ပေးခံလိုက် ရတယ်ဆိုတာ ပြောပြလိုက်တယ်''
(၁၀)
ပြောပြလာကြသမျှ ကြားရတာ တွေရေးပြရရင် မနည်းမနောဗျာ။ ကိုယ့်အလုပ်ကိုကိုယ် ကောင်းကောင်း မလုပ်ကြတာ။ ကိုယ့်နယ်ပယ်မှာ ကိုယ် ပိုမိုကျွမ်းကျင်အောင် တိုးတက်အောင် မကြိုးစားချင်ကြတာ။ လူကြီးနာမည်ရောင်းစားပြီး စီးပွားရှာကြတာ။ လူကြီးပြပြီး တွေ့ခွင့်ရဖို့လုပ်ပေးရင် ဘာ၊ စာတင်ပေးရင် ညာ၊ ခွင့်ပြုချက်ရရင် အ၀ှာစသဖြင့် လုပ်စားကြတာစသဖြင့် ပြောပြကြတယ်။
စကားဝိုင်းတွေရဲ့ ထုံးစံအတိုင်း ခေါင်းစဉ်တစ်ခုခုစလိုက်ရင် အထင်တွေ၊ အမြင်တွေ ပြောကြတယ်။ ကိုယ်ကတော့ နားထောင်ကြားနာမှတ်သားပေါ့ဗျာ။
(၁၁)
ကြားနာမှတ်သားတွေ့မြင်ရတာ တွေများလာတော့ စဉ်းစားကြည့်တယ်။ အဲဒါတွေ တကယ်ဖြစ်နေတာလား။ အဲဒါမျိုးတွေ တကယ်များ နေပြီလား။ ဒီကိစ္စမျိုးတွေ ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီအကျိုးကို ဖြစ်စေတဲ့အကြောင်းတွေက ဘာလဲပေါ့ဗျာ။
နောက်ပြီး ဒီအကျိုးကလည်း နောက်ထပ်ဖြစ်လာမယ့် ရလဒ်တစ်ခုအတွက် အကြောင်းတရား ပြန်ဖြစ်ဦးမှာ။ ဒီလိုမျိုးအကြောင်းတရားမှာ အရင်းခံပြီးရလာမယ့် အကျိုးတရားကလည်း ကောင်းစရာတော့ သိပ်ရှိလှမှာ မဟုတ်ဘူး။ တွေးရင်း တွေးရင်းနဲ့ ခေါင်းတွေ မူးနောက်လာတယ်။ ကြီးတော်ကြီး အသေစောသွားတယ်။ နို့မို့ရင်“ကြီးကြီးရေ ပန်းတိမ်မှမသင်ရသေးဘူး။ ရွှေခိုးတာတော့ တတ်နေကြသဗျာ” ဆိုပြီး စောဒက တက်လို့ရသဗျာ။
ဒီတစ်ခါဆိုရင်တော့ ခေါင်းများ အခေါက်ခံရမလားပဲ . . .
0 comments:
Post a Comment