13.06.2012 နေ့ဖတ်ရန် သတင်းများ
by Myanmar Journal on Tuesday, June 12, 2012 at 6:35pm
Eleven Media Group
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အုပ်စု သပြေချောင်ကျေးရွာ မှ မသီတာထွေးအား မုဒိန်းကျင့်၊ သတ်ဖြတ်၊ လုယက်မှု ကျူးလွန်သူ တရားခံ ၃ ဦးအား ဇွန်လ ၈ ရက်နေ့က တရားစွဲချက်တင်ခဲ့ရာ ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် အမှုကို ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တရားလိုဖက်မှ သက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄နာရီ ၃၀ မိနစ်ခန့်တွင် ရပ်နားခဲ့သည်။
ထို့ပြင် ဇွန်လ ၁၂ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က တရားလိုဘက်မှ သက်သေ ၈ ဦး ၏ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၃နာရီ ၄၅ မိနစ်ခန့်တွင် ရပ်နားခဲ့သည်။
တရားလိုသက်သေ ၂၄ ဦးအနက် ကျန်ရှိနေသော သက်သေ ၈ ဦးအား ဇွန်လ ၁၃ ရက်နေ့ ရုံးချိန်တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။
အဆိုပါ ခန့်အပ်လွှာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဇွန်လ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
“တိုင်းရင်းသား လူနည်းစုတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင်နဲ့ အစိုးရနဲ့သူတို့အကြား အမှန်တကယ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာစေဖို့အတွက် ၈ျပန်အစိုးရနဲ့ လက်တွဲပြီး ကျနော့်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ အဆင့် ကနေ လုပ်ကိုင် ဆောင်ရွက်သွားလိုပါတယ်” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က အခမ်းအနားတွင်ပြောကြားသွားသည်။
၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်း မြန်မာနိုင်ငံသို့ ဖောင်ဒေးရှင်းဥက္ကဋ္ဌ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့က လူနည်းစု တိုင်းရင်းသားများကို ကူညီရန် တိုက်တွန်းခဲ့ဖူးသည်။
ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှလည်း မြန်မာနိုင်ငံ ကိုယ်ရေပြားရောဂါ တိုက်ဖျက်ရေး အတွက် ချစ်ကြည်ရေး သံတမန်အဖြစ် ၂ဝဝ၁ ခုနှစ်က ခန့်အပ်တာဝန်ပေးခဲ့ဖူးပြီး ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ကိုယ်ရေပြားရောဂါသည်များ၏ လူအခွင့်အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံ ခဲ့ရဖူးသည်။
ယခု အစီအစဉ်တွင် တောင်ပေါ်စိုက်ပျိုးရေးတန်ဖိုး တိုးမြှင့်ရန် အတွက် ဆေးဖက်ဝင်အပင်များ၊ ကျောင်းဆောက်လုပ်ရေးများ၊ ဆေးသေတ္တာများ၊ စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားရသူများအတွက် ခြေတု လက်တုများ အပါအဝင် လူနည်းစုတိုင်းရင်းသားများဘဝ တိုးတက်ရေးအတွက် အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။
“ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးဆိုတာဟာ ဒေသခံပြည်သူတွေရဲ့ သဲညှာကို အထိရောက်စေဆုံးဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂမ်းဘား က ပြောသည်။
“မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေး အောင်မြင်မှုမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ကျနော့်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးတွေမှာ အသားပေး ကူညီသွားမှာပါ” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က ခန့်အပ်လွှာ လက်ခံပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။
နေပြည်တော်သို့ ခြေလျင်ချီတက် ဆန္ဒပြ ရွှေလုပ်သားများ တားဆီးခံရ
ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၃ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးအတွက် ဆန္ဒပြသည့်အနေဖြင့် နေပြည်တော် သို့ ခြေလျင်ချီတက်နေကြသည့် ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမား ၃,၀၀၀ ကျော်ခန့် ရွှေမြင်တောင် ဘုရားသို့ အရောက်တွင် လုံထိန်းနှင့် ရဲအင်အား ၆၀၀ ခန့်က ဝိုင်းရံလမ်းပိတ်ထားကြောင်း သပိတ်ခေါင်းဆောင် တဦးဖြစ်သူ ကိုသက်လွယ် က ပြောသည်။
“ကျနော်တို့ ရှေ့တည့်တည့်မှာပဲ လမ်းပိတ်ပြီး ရပ်နေကြတာပါ။ လက်နက် အပြည့်အစုံနဲ့ ဒိုင်းတွေ၊ ဝါးရင်းတုတ်တွေ ကိုင်ပြီး လမ်းပိတ် နေပါတယ်။ တာဝန် ရှိသူတွေက ကျနော်တို့နဲ့ လာရောက် ညှိနှိုင်းတာ မရှိသေးပါဘူး။ ကျနော်တို့ ဘက်ကလည်း စောင့်ကြည့်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ အလုပ်သမားများသည် မိုးထိမိုးမိ ရွှေလုပ်ကွက်မှ မိုင် ၁၀၀ ခန့် ကွာဝေးသည့် နေပြည်တော်သို့ ချီတက်ကြမည်ဖြစ်ကာ ရမည်းသင်းမှ မိုင်လေးဆယ်ခန့် အကွာ ရွှေမြင် တောင်ခြေသို့ (ခရီး သုံးပုံ တပုံ) အရောက်၌ အာဏာပိုင်များမှ ယခုကဲ့သို့ တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြ အလုပ်သမားများသည် မိုးထိမိုးမိ တောင်မှ တနင်္လာနေ့ နံနက်က စတင် ထွက်ခွာခဲ့ကြပြီး ရွှေမြင်တောင်သို့ ထိုနေ့ည ၈ နာရီခန့်တွင် ရောက်ရှိခြင်းဖြစ်သည်။
ဇွန်လ ၁ ရက်နေ့မှ စတင်၍ မိုးထိမိုးမိ တောင်ပေါ်ရှိ ရွှေလုပ်သား တသိန်းခန့် ဆန္ဒပြခဲ့ပြီး ထိုအထဲမှ အလုပ်သမား ၃,၀၀၀ ခန့်တို့က နေပြည်တော်သို့ ခြေလျင် ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည်။
“သူတို့ခွင့်ပြုတဲ့ အက်ဒစ်တွင်း ဆိုတာက ကျနော်တို့ တနိုင်တပိုင် လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင် ပါဘူး။ သိန်းပေါင်း ရာချီ ရင်းရတာ။ ကျနော်တို့က ဘယ်တတ်နိုင်မှာလဲ။ ကျနော်တို့ရဲ့ လုပ်အား၊ ကျနော်တို့ရဲ့ ရှိမဲ့စုမဲ့ အရင်းအနှီးနဲ့ စိုက်ထုတ် ထားတာတွေကို ပြန်လည် လုပ်ကိုင်ခွင့် ရရှိဖို့ အခုလို နေပြည်တော်ကို ခြေလျင် ချီတက်ပြီး ဆန္ဒပြ ဖော်ထုတ်ရခြင်း ဖြစ်တယ်။ အရင်က သဘောတူထားကြသလိုပဲ ပြန်ပြီး လုပ်ပိုင်ခွင့် ပေးစေချင်တယ်” ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် ရွှေလုပ်သား တဦးက ပြောသည်။
လုပ်သားများအနေနှင့် သမ္မတနှင့် အစိုးရရှိရာ နေပြည်တော်အရောက် ချီတက်၍ ၎င်းတို့ လိုလားချက်များကို ထုတ်ဖော်ဆန္ဒပြကြမည်ဟု သိရသည်။
၂၀၁၂ ခုနှစ်၊ မေလတွင် ဒေသခံ ရွှေအလုပ်သမားများ၏ တနိုင်တပိုင် လုပ်ကွက်များ ဖြစ်သည့် ၄ ပေ ပတ်လည် ကျင်းများအား လုပ်ပိုင်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အက်ဒစ်ဟုခေါ်သည့် အလျား ၇ ပေ၊ အနံ ၇ ပေ ရှိ အဆင့်မီ ရွှေတွင်း လုပ်ကွက်များကိုသာ ဆက်လက် ခွင့်ပြုမည်ဟု အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ပြောဆိုခဲ့သည်။
ထိုကုမ္ပဏီ စီမံကိန်း မန်နေဂျာ ဦးထွန်းအောင်မိုးက ၄ ပေ တွင်းများ အလွယ်တကူ ခွင့်ပြုပေးပါက သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေမည့်အပြင် လုံခြုံရေးအရ ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်များသည့်အတွက်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ကန္တာရစိမ်း၊ အာရှအမြုတေ၊ ရွှေပြည်အေး၊ ကြယ်ငါးပွင့်၊ ရွှေတောင်ကျော၊ ဝေလင်းထိုက်၊ မြမျိုးသက်ဦး၊ ရွှေညီအကို၊ ရေတော်သား၊ ရွှေပလောင်၊ ဓနစမ်းရေ၊ နေခြည်ပွင့်၊ ရဲညီနောင်၊ မိုးရွှေဝါ၊ မြင့်မိုရ်ရွှေတောင် ကုမ္ပဏီ စသည့် ကုမ္ပဏီပေါင်း ၂၉ ခု စုပေါင်းထားသည့် အုပ်စုကုမ္ပဏီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်္ဘာလ ၉ ရက်နေ့တွင် ရမည်းသင်း ရွှေတော ကွက်ရပ် မိုးထိမိုးမိဒေသ၌ ရွှေသတ္တု တူးဖော်ခွင့်အား တရားဝင် လုပ်ကိုင်ခွင့် ရခဲ့သည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၌ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ထိုလုပ်ငန်းခွင်တွင်းရှိ အင်းပိုင် (ခ) စက်ပိုင်နှင့် အင်းသားများ စုစုပေါင်း ၅ သိန်းခန့်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ၅ နှစ် တရားဝင် လုပ်ကိုင်ခွင့်ပေးမည်ဟု နှုတ်ကတိဖြင့် ပြောကြားခဲ့သည်။
မိုးထိ - မိုးမိ ဒေသသည် အကျယ်အဝန်းအားဖြင့် ၆,၁၀၅ ဧက ရှိကာ ပင်လယ် ရေပြင်အထက် အမြင့်ပေ ၄,၆၀၀ ကျော် တွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ရွှေ့ပြောင်း ရွှေရှာသူများ ရောက်ရှိလုပ်ကိုင် အခြေချခဲ့ကြသည်။
ထားဝယ်စီမံကိန်းမှ Max Myanmar နုတ်ထွက်လိုက်ပြီ
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၃၉ မိနစ်
မဇ္ဈိမသတင်းဌာန ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် Max Myanmar ကုမ္ပဏီအနေဖြင့် ဆက်လက် ပါဝင်တော့မည် မဟုတ်ကြောင်း ရန်ကုန်ရှိ စီးပွါးရေး သတင်းရပ်ကွက် တခုက မဇ္ဈိမကို တနလာင်္နေ့တွင် ပြောကြားခဲ့ သည်။ ထားဝယ်စီမံကိန်းတွင် စက်မှုလုပ်ငန်းများလည်း ပါဝင်သည်။
Max Myanmar ကုမ္ပဏီအနေဖြင့် ၎င်း၏ အစုကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီနှင့် ရင်းနှီးသူတဦးက ပြောဆို ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ လကမူ Max Myanmar က ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ DDC ၏ လေးပုံတပုံကို ရယူရန် သဘောတူထားပြီးဖြစ်ကြောင်း ဆိုခဲ့သည်။ Max Myanmar အား အစိုးရနှင့် ရင်းနှီးသော ဆက်ဆံမှုရှိသူ ဦးဇော်ဇော် က ပိုင်ဆိုင်သည်။
အစောပိုင်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီ ITD က DDC ၏ ၅၁ ရာခိုင်နှုန်းကို အနည်းဆုံး ရယူမည် ဖြစ်ပြီး အခြား ပူးပေါင်း ပါဝင်လိုသူများအားလည်း ကြိုဆိုကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖေဖော်ဝါရီက ရေးသားခဲ့သည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အလွန်အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေပြီဟုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင် က ပြောကြားခဲ့သေးသည်။
“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီ အနေနဲ့ အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ဇန်နဝါရီလ အစောပိုင်းတွင် ဒေသတွင်းရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ အစီအစဉ် ပျက်ပြယ် သွားကတည်းက ထားဝယ်စီမံကိန်း လုပ်ငန်းစဉ်များ တုံ့ဆိုင်းနှေးကွေး ခဲ့ရသည်။
ဒေါ်လာသန်းပေါင်း ၈,၅ဝဝ တန်ဖိုးရှိသည့် ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည့် ITD ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ဧရိယာ ၂၅ဝ စတုရန်း ကီလိုမီတာ (၉၇ စတုရန်းမိုင်) အား အရှေ့တောင်အာရှ၏ အကြီးဆုံး စက်မှုရပ်ဝန်းအဖြစ် ထူထောင်ရန် ဖြစ်ကာ ရေနက်ဆိပ်ကမ်း တခုလည်း ပါဝင်မည် ဖြစ်ပြီး အရှေ့တောင်အာရှ၏ အဓိက ဆိပ်ကမ်းတခု ဖြစ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ယခုအခါတွင်စီမံကိန်း လုပ်ငန်းစဉ်များ နှေးကွေးနေပြီး လုပ်ဆောင်မှု အနည်းငယ်မျှသာ ရှိသည်ဟု အစီရင်ခံစာ များက ဆိုသည်။
ဒေသတွင်းတွင် အဆောက်အဦး အနည်းငယ်သာ ဆက်လက် ဆောက်လုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ထားဝယ်စီမံကိန်းတွင် စူပါ အဝေးပြေးလမ်းမများ၊ သံမဏိစက်ရုံများ၊ ဓာတ်အားပေး စက်ရုံများ၊ သဘောင်္ကျင်းများ၊ရေနံသန့်စင် စက်ရုံများ၊ ပျော့ဖတ်နှင့် စက္ကူစက်ရုံများ၊ ရေနံဓာတုပစ္စည်း စက်ရုံများ ပါဝင်သည်။
ထားဝယ် အထူး စီးပွါးရေးဇုန်အား ယခင် မြန်မာ စစ်အစိုးရနှင့် စာချုပ်ချုပ်ဆို ခဲ့ခြင်းဖြစ်ပြီး အီတာလျံ-ထိုင်း အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၁ဝဝ ကီလိုမီတာ (၆၂ မိုင်) ရှည်လျားသည့် မြေလမ်းတခု တည်ဆောက်ပြီးနောက် စီမံကိန်း ၏ ပထမ အဆင့်ဖြစ်သော လမ်းများ၊ တယ်လီကွန်း ကွန်ယက်များနှင့် ဆိပ်ကမ်းတည်ဆောက်ရန် အတွက် ဒေါ်လာ ၈.၅ ဘီလီယံ သုံးစွဲရမည်ဖြစ်သည်။ ITD မှ အရာရှိများက နှစ်အကုန်တွင် အကျိုးတူပူးပေါင်း လုပ်ဆောင်မည့်သူ ရှာဖွေနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ကြသည်။
ဖေဖော်ဝါရီလက မြန်မာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး က ရိုက်တာ သတင်းဌာနသို့ ပြောကြားရာတွင် ထားဝယ်စီမံကိန်း မပြီးခင်တွင် အခြား အထူးစီးပွါးရေးဇုန် အနည်းဆုံး နှစ်ခုကို ပိုမိုလျင်မြန်စွာ ဆောက်လုပ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ရန်ကုန်မြို့ အနီးတွင် ဆောင်ရွက်မည့် သီလဝါ စီမံကိန်းနှင့် ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ စီမံကိန်း တို့ကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ နေရာဖြစ် သည့် ကျောက်ဖြူစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတခု ပါဝင်ကာ ပြီးစီးလု ဖြစ်နေကြောင်း သိရသည်။
“ထားဝယ်ဇုန်ထက် ပိုမြန်မှာပါ။ အခု ကျနော်တို့ ကျောက်ဖြူ ဧရိယာကို လျှပ်စစ်ဓာတ် ပေးဖို့ စဉ်းစားနေပါတယ်” ဟု ဦးသန်းဌေးက ဆိုခဲ့သည်။
ITD ကုမ္ပဏီမှ ချုပ်ကိုင်ထားသည့် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ DDC၏ မန်းနေဂျင်း ဒါရိုက်တာ Somchet Thinaphong က ရိုက်တာ သတင်းဌာနသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့ရာတွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းတွင် အကျိုးတူဖြစ်သည့် Ratchaburi Electricity Generating Holding Pcl RATC.BK အနေဖြင့် သုံးလအတွင်း လောင်စာ စွမ်းအင် တမျိုးကို အသုံးပြုရန် ဆုံးဖြတ်မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သဘာဝဓာတ်ငွေ့ ထွက်ရှိရာ နေရာများမှ ၅ဝ ကီလိုမီတာ (၃၁ မိုင်) ပိုက်လိုင်းဖြင့် သွယ်တန်းယူဆောင်ကာ အသုံးပြုနိုင်ခြေ ရှိသည်ဟုလည်း သိရသည်။
ဦးသန်းဌေးက ထားဝယ်စီမံကိန်း၏ အနာဂတ်ကို သူ၏ ဝန်ကြီးဌာနက ဆုံးဖြတ်လိမ့်မည် မဟုတ်ဘဲ အခြားဝန်ကြီးဌာန များက ဆုံးဖြတ်လိမ့်မည်ဟု ဆိုထားသည်။ သို့သော် အစိုးရအနေဖြင့် မည်ကဲသို့ ပြုလုပ်နိုင်ဖွယ် ရှိကြောင်းကိုလည်း ကိုယ်ပိုင် ထင်မြင်ချက် ပေးခဲ့သည်။ “အရင် အစိုးရ လက်ထက်က စာချုပ်အတိုင်းဆိုရင် ထုတ်ရောင်းလိမ့်မယ် ထင်ပါ တယ်” ဟု ဆိုခဲ့သည်။
ITD ကုမ္ပဏီကမူ စီမံကိန်းအား ရှေ့ဆက်လုပ်ကိုင်မည်ဟု အခိုင်အမာ ဆိုထားသည်။
စင်္ကာပူ စတော့ ကုမ္ပဏီ DBS Vickers Securities သည် မကြာသေးခင်က ထားဝယ် စီမံကိန်းနှင့် ပတ်သတ်၍ ဖြစ်လာနိုင် သည့် အခက်အခဲ တချို့ကို မီးမောင်းထိုးပြခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆိုခဲ့သည်။
“မြန်မာနိုင်ငံကို စီးပွါးရေး အခွင့်အလမ်းတွေ အများကြီး ယူဆောင်လာနိုင်တယ် ဆိုပေမယ့် စီမံကိန်းဟာ ကနဦး အဆင့်မှာတင် ရှိနေသေးပြီး အခက်အခဲပေါင်းစုံကိုလည်း တွေ့နိုင်ပါတယ်” ဟု DBS Vickers Securities က ဆိုသည်။
“၄,ဝဝဝ မီဂါဝပ် ထုတ်ပေးနိုင်မယ့် ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကို ရပ်ဆိုင်းဖို့ ရုတ်တရက် တောင်းဆိုခံရတာဟာ အီတာလျံ-ထိုင်း အဖို့ စီမံကိန်းအတွက် ဘဏ္ဍာရေး လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဗျူဟာမြောက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသူတွေ ရှာဖွေရေးအတွက် ခက်ခဲသွားစေခဲ့ပါတယ်” ဟု ဆိုထားသည်။
အစိုးရ တပ်ရင်းများ တိုးချဲ့လာ၍ ရှမ်းဒေသခံများ ပိုမိုစိုးရိမ်လာ
ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲထား သော်လည်း ရှမ်းပြည်နယ် အတွင်း မြန်မာအစိုးရ၏ စစ်တပ်များ ပိုမိုတိုးချဲ့လာသဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ် ထိတ်လန့်နေရသည်ဟုဒေသခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက ပြောသည်။
ရှမ်းပြည်နယ် ၅၅ မြို့နယ်တွင် ယခင်က တမြို့နယ်လျှင် မြန်မာအစိုးရ၏ တပ်ရင်း တရင်းနှုန်းသာ ရှိခဲ့သော်လည်း ၁၉၉၆ နောက်ပိုင်းမှ စတင်ကာ တပ်ရင်း ၁၈ဝ ကျော်ထိ ဖြစ်လာသဖြင့် မြန်မာတနိုင်ငံလုံးရှိ တပ်ရင်းပေါင်း ၆ဝဝ ကျော် ၏ လေးပုံတပုံကျော် ချထားခြင်း ဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းမှ ပြောခွင့်ရသူ ဒေါ်ယိင်းဟန်ဖကပြောသည်။
“မြို့ကြီးလောက်ပဲ ပြောင်းလဲမှု အနည်းငယ်ရှိပေမယ့် ကျေးလက်တောရွာတွေမှာတော့ အရင်အတိုင်းပဲ ပြည်သူတွေ ခံစားနေရတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ဆိုပြီး အပစ်အခတ် ရပ်ဆိုင်းထားပေမယ့် တပ် မရုတ်သိမ်းသေးဘူး။ တကယ်တမ်းကျတော့ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူးဆိုတာ သိသာ ထင်ရှားမြင်ရပါတယ်”ဟုဒေါ်ယိင်းဟန်ဖက ပြောသည်။
ကျောက်မဲမြို့နယ်မှ ဒေသခံတဦးကလည်း “ကျနော်တို့ ကျောက်မဲဆိုရင် တပ်ရင်း သုံးရင်းလောက် တိုးတယ်။ ခုတော့ ပိုများလာတယ်။ မူဆယ်-နမ်ခမ်းလမ်းတော့ စိုးရိမ်စရာ မရှိဘူး။ ကျေးရွာတွေမှာဆို စစ်သားတွေက ထမင်းထုပ်တောင်းတာတို့၊ လမ်းပြ ခိုင်းတာတို့၊ လမ်းပြမှားရင်လည်း အရိုက်ခံရတာတို့ရှိတော့ စိုးရိမ်ရတယ်”ဟု မဇ္စျိမကို ပြောသည်။
လူထုအခြေပြုအဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် ၇ဝ ကျော်က လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ဇွန်လ ၄ ရက်၊ ၅ ရက်နေ့များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ စည်းဝေးကျင်းပပြီး အင်္ဂါနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ယင်းလူထုအခြေပြု အဖွဲ့အစည်းများမှာ လူငယ်၊ အမျိုးသမီး၊ သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ လူ့အခွင့်အရေး အဖွဲ့၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အလုပ်သမား အဖွဲ့အစည်း များ၊ သံဃာတော်များနှင့် ရှမ်းပြည်နယ်မှ လယ်သမားများ ပါဝင်သည်။
ဆွေးနွေးပွဲတွင် လယ်ယာမြေသိမ်းခံရမှုများ၊ တိုက်ပွဲဖြစ်ပွားနေခြင်းများ၊ လူထု ညဉ်းပန်း နှိပ်စက်ခံရမှုများ အပါအဝင် အချက် ကိုးချက်ကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရေနံနှင့်သဘောဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ်တွင် ကျေးရွာဒေသခံများ အသက်ဘေး အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် ဒေသခံများ စိုးရိမ်နေရသည်ဟု ဒေါ်ယိမ်းဟန်ဖ က ပြောသည်။
“ဥပမာ သီပေါ ဘောဂျိုဘက် ဆားတွင်းကြီး ရှိတယ်။ မြေက ဆားဓါတ်တွေ ရှိတယ်။ လျှပ်စစ်ဓါတ်တိုင်တွေ စိုက်တာ ၄၊ ၅ လလောက်ပဲ ခံတယ်။ မြေကြီးက ဆားပါတော့ သံချေးတက်ပြီး မကြာဘဲ လဲပြိုကျတယ်။ ဒီလို မီးတိုင်တောင် မခံဘူးဆိုရင် နောက် ဘယ်နှနှစ်မှာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲသွားမယ်ဆိုရင် ပြည်သူက ဘယ်လောက်ထိ အန္တရာယ်ရောက်မလဲ”ဟု ပြောသည်။
ထိုရေနံနှင့် သဘာဝဓါတ်ငွေ စီမံကိန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က လုပ်ဆောင်နေပြီး ပိုက်လိုင်း ကို ရခိုင်ပြည်နယ် ရမ်းဗြဲကျွမ်းမှတဆင့် မန္တလေးတိုင်း မြေမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နောင်ချို၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ခမ်းမြို့များမှ တရုတ်နိုင်ငံထိ ဖြတ်သန်းဖောက်လုပ်မည် ဖြစ်သည်။
ထိုစီမံကိန်းကြောင့် ဒေသခံပြည်သူများ၏ လယ်မြေများ သိမ်းပိုက်ခံနေရသည်ဟု ရှမ်း သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က တာဝန်ရှိသူ ကိုစိုင်းခေးဆိုင်က ပြောသည်။ နမ့်ခမ်းမြို့နယ်အတွင်း လယ်ယာမြေ ဧကပေါင်း ၁၅,ဝဝဝ သိမ်းပိုက်ခံနေရသည်ဟု ဆိုသည်။
လယ်သမာများကို ငါးရစ်ခွဲ၍ လျော်ကြေးပေးမည်ဟုဆိုသော်လည်း ဒုတိယ အရစ်သာ ပေးနေသဖြင့် လျော်ကြေးများ ကို တစုတည်း ပေးစေလိုကြောင်း ကျောက်မဲမြို့နယ် ဒေသခံတဦးက ပြောသည်။
“မြို့နယ် အုပ်ချုပ်ရေးမှူးကနေ လယ်သမားတွေကို ခေါ်တယ်။ လျော်ကြေးပေးမယ် ဆိုတာတောင် မသိဘူး။ ရုံးရောက်တော့ ဒါက လျော်ကြေးပေါ့။ ဘယ်လောက် သိမ်းခံရတယ်ဆိုတာလည်း မပြောဘူး။ နောင်ငန်းတို့ လယ်ကွင်းတို့တွင် ပိုက်လိုင်း မြေယာတွေဆိုရင် ငါးရစ်စာဆိုပေမယ့် နှစ်ရစ်လုပ်ပြီးတော့ လျော်ကြေးပေးပါတယ်” ဟု ဆိုသည်။
သီပေါ၊ ကျောက်မဲ၊ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အစိုးရမြေတိုင်းရုံးနှင့် စီးပွားရေးလုပ်ငန်းရှင် တချို့ကဒေသခံများ၏ မြေယာများ သိမ်းယူထားသော်လည်း တိုင်ကြားရန် ခက်ခဲသည့် အခြေအနေ ရှိနေသည်ဟု သီပေါမြို့နယ် ဒေသခံတဦးက ပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများကို ပါဝင်စေသင့်ကြောင်း၊ လူသားချင်း စာနာသော အထာက်အကူပေးမှုများကို သက်ဆိုင်ရာ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ ဒေသခံလူထုထံသို့ တိုက်ရိုက် ပေးအပ်ရန်တို့ကို အကြံပြုတောင်းဆိုထားသည်။
ထို့ပြင် နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းပြီးနောက် ဒေသခံ ပြည်သူလူထု၏ ဘဝ ရှင်သန်ရေးကို ကာကွယ်စောင့်ရှောက် မည့် ရင်းနှီးမြှပ်နှံ့မှု ပေါ်လစီ ထားရှိပြီးမှ ရင်းနှီးမြှပ်နှံမှုများကို စဉ်းစားသင့်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှမ်းပြည်နယ်အတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ၊ လျှပ်စစ်ထုတ်သည့် ရေကာတာများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် အကြီးစားစက်မှုလုပ်ငန်းများအား ချက်ချင်း ရပ်တန့်ရမည် ဟု ဖော်ပြထားသည်။
ရိုဟင်ဂျာ လှေများ ဘင်္ဂလားဒေ့ရှ်မှ လက်မခံ
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၄၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား အကြမ်းဖက်မှုများနှင့် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိလာသော ရိုဟင်ဂျာ လှေများကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ လက်မခံဘဲ တနင်္လာနေ့က ပြန်လည် မောင်းနှင်လွှတ်လိုက်ကြောင်း သိရသည်။
တစီးလျှင် လူ ၅၀ ကျော်ပါ လေ ၁၄ စီးအား ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ အကပ်မခံ၍ ဆိပ်ကမ်းနှင့် မိုင် ၄၀ အကွာ ဘင်္ဂလားပင်လယ်တွင်သာ ရောက်ရှိနေကြောင်း နယ်စပ်ရှိ ရိုဟင်ဂျာအဖွဲ့တခုမှ ဆိုသည်။
“လှေပိုင်ရှင်တွေက ပြောတယ်။ ငါတို့ စစ်တွေက လာတာ။ ငါတို့ အသက်ကို ကယ်ပါ။ အဲဒါ ဘင်္ဂလားဒေ့ရှ် navy (ရေတပ်)က ပြောတယ်။ ငါတို့နိုင်ငံကို မ၀င်နဲ့။ အဲ ဆိုက်ကပ်ဖို့ လှေ ၁၄ ခုကို ပင်လယ်သမုဒ္ဒရာမှာ မျှောပါတယ်” ဟု Arakan National Rohinja Democratic Party ဆိုသည့်အဖွဲ့မှ ဦးမောင်မောင် က မဇ္ဈိမကို ပြောသည်။
ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ စုစုပေါင်း ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာကြသည့် လှေ ရှစ်စီးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည်မောင်းထုတ်လိုက်ကြောင်း ဖော်ပြထားသည်။
“စစ်တွေက လာတဲ့ လှေ ရှစ်စီးလုံး မြန်မာပိုင်နက်ထဲကို ပြန်နှင်ထုတ်လိုက်တာပါ။ အများစုက မိန်းမနဲ့ ကလေးတွေ ဖြစ်ပါတယ်။ အတော်များများက ငိုယိုနေကြပြီး အတော်စိုးရိမ်ထိတ်လန့်နေကြပုံပေါ်ပါတယ်” ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး Shafiqur Rahman က ပြောသည်။
သို့သော် စစ်တွေဒေသခံများကမူ ၎င်းရိုဟင်ဂျာ မူဆလင်များက ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ကို မီးရှို့ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ဘင်္ဂလား-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများကရေးသားထားကြသည်။
ရိုဟင်ဂျာ ဟူသောအသုံးကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက လက်မခံကြဘဲ ၎င်းတို့မှာ တဖက်နိုင်ငံမှ ဘင်္ဂါလီများသာ ဖြစ်ကြသည်ဟု သတ်မှတ်ထားသည်။
၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီအစိုးရက ရခိုင်ဒေသရှိ မူဆလင်များကို အိန္ဒိယ တိုင်းရင်းသားများအဖြစ် မှတ်တမ်းတင် ခဲ့သည်။ ထိုစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ တပေါင်းတစည်းတည်း ဖြစ်သည်။
မောင်တောမြို့နယ်တွင် ၁၉၄၂ ခုနှစ်က ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းဖြစ်ပွားပြီး ရခိုင်ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၁ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ မူဆလင်ကွန်ဖရင့် ကျင်းပကာ ရခိုင်ပြည်နယ်တွင်း ရခိုင်နှင့် မူဆလင်များ အာဏာခွဲဝေရေးအတွက် တင်ပြခဲ့ကြဖူးသည်။
ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဇူလိုင်လ လွှတ်တော်တွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တဦး၏ အမေးကို လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဖြေကြားခဲ့ဖူးသည်။
“ကာလရှည်ကြာ မြန်မာနိုင်ငံအတွင်းသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် နေထိုင်သူများ အများအပြား ရှိလာ သည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေ ဒေသလုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ ၁၈၀,ဝ၀ဝ ကျော်ကို ပြန်လည် လက်ခံခြင်း ပြုခဲ့ ပါကြောင်း၊ ၁၉၉၂ ခုနှစ် စက်တင်ဘာ၂၂ ရက်မှစ၍ နှစ်နိုင်ငံသဘော တူညီချက်ဖြင့်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀ဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ ၂၃၀,ဝ၀ဝ ကျော် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုနောက်ပိုင်း ယနေ့တိုင် လက်ခံစခန်း ဖွင့်ထားသော်လည်း တရားဝင် ပြန်လည် ဝင်ရောက် လာသူ မရှိတော့ဘဲ တရားမဝင် ခိုးဝင်မှုများမှာမူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါကြောင်း” ဟူ၍ ပြောဆိုသွားခဲ့သည်။
မောင်တောခရိုင်ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၅၂ မိုင်ခန့် ထိစပ်လျက်ရှိသည်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဒုက္ခသည် တသောင်းကျော်ရှိဟု RNDP ပြော
ဖနိဒါ | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၄ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ အကြမ်းဖက် သတ်ဖြတ်မှုများ၊ မီးရှို့မှုများကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဗူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည် တသောင်းကျော် ရှိသွားပြီ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ RNDP နှင့် ဒုက္ခသည်များကို ကူညီနေသူများက ပြောသည်။
စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၂၅ ခုတွင် ဦးရေ ၂,၇၀၀ ကျော်၊ ဗူးသီးတောင်မြို့ပေါ် မေယုခန်းမနှင့် တခြားစခန်း တခုတို့တွင် ဒုက္ခသည် ၁,၃၀၀ ကျော်၊ ရသေ့တောင် မြို့နယ်အတွင်းမှ ဒုက္ခသည် ၃,၀၀၀ ကျော်နှင့် မောင်တော မြို့နယ်မှ ၅,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
“လုံခြုံရေး အများကြီးလိုအပ်နေတယ်။ လောလောဆယ် ဒုက္ခရောက်တဲ့လူတွေ သိပ်များနေတယ်။ အကူအညီတွေ အများကြီး လိုအပ်လိမ့်မယ်။ မြို့ပေါ်မှာတော့ လုံခြုံသွားတဲ့ အနေအထား ရှိတယ်။ နယ်ဘက်မှာ ရှိတဲ့ ရခိုင်တွေက မလုံခြုံသေးဘူး။ ဒါကြောင့် ရွာတွေက မြို့ပေါ် တက်ပြီး ခိုလုံနေရတယ်”ဟု RNDP မှ ပါတီ ခေါင်းဆောင် တဦးကပြောသည်။
စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်များသည် ဘုန်ကြီးကျောင်းများ၊ ရပ်ကွက်များရှိ ဓမ္မာရုံများတွင် ခိုလုံနေကြသည်ဟု သူက ဆက်ပြောသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်တွေမြို့ပေါ် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ၊ ဘုန်းကြီးကျောင်းများကို ဘင်္ဂါလီ လူမျိုးများက မီးရှုံ့ဖျက်ဆီးခြင်းကြောင့် အကြမ်းဖက်မှု ဖြစ်ပွားသော သုံးရက်အတွင်း သေဆုံးသူ ၃၀ ခန့် ရှိနေပြီဖြစ်ကြောင်း ယင်းပါတီမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ သို့သော် မဇ္ဈိမမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ဒုက္ခသည်များအတွက် သုံးရက်ကြာ ထမင်းထုပ်များ ဝေငှပေးနေရကာ နောက်ပိုင်း စားရေးသောက်ရေး အခက်အခဲ ရှိလာမည် ဖြစ်ပြီး အကူအညီများ လိုအပ်နေသည်ဟု ပြောသည်။
မောင်တောမြို့ပေါ်ရှိ အောင်မြေဗောဓိ၊ အလိုတော်ပြည့် ပရဟိသ၊ ဗဟိုကျောင်း၊ လေးမိုင် ရဲတပ်ရင်း၊ မြို့မ အလက၊ ပုပ္ပါရုံကျောင်း၊ မြို့မ ဓမ္မာရုံ တို့တွင် ဒုက္ခသည်စခန်းများ ဖွင့်ထားရသည်ဟု သိရသည်။
အစိုးရ စစ်တပ်များ လုံခြုံရေးယူထားသဖြင့် အကြမ်းဖက်မှု မရှိတော့သော်လည်း တနင်္လာနေ့ နံနက်ပိုင်းက မောင်တော မြို့နယ် ဗိုလ်မှူးကျေးရွာတွင် ဘင်္ဂါလီလူမျိုးများ မိမိနေအိမ်များကို မီးရှုံ့ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထိန့်လန့်မှုများ ရှိနေဆဲ ဖြစ်သည်ဟု အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရ က မိန့်သည်။
“မနက်က မီးထလောင်တော့ လူတွေက ခြောက်ခြားတုန်လှုပ်ကြတယ်။ လူတွေ ထင်ရောင်ထင်မှားဖြစ်အောင် သူ့အိမ် သူ မီးရှို့တာပါ။ သက်ဆိုင်ရာက အချိန်မီ ငြှိမ်းနိုင်လို့ တခြားအိမ် ကူးစက်လောင်ကျွမ်းတာ မရှိပါဘူး။ အေးဆေးတယ် လို့ ပြောလို့ရတယ်” ဟု ဆရာတော်က မိန့်သည်။
အလိုတော်ပြည့်ကျောင်းတွင် ဒုက္ခသည် ၅၅၇ ဦးရောက်ရှိနေပြီး အောင်မြေဗောဓိကျောင်း၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းများတွင် ဒုက္ခသည် လူဦး ၃,၀၀၀ ကျော် ရှိနေသဖြင့် ကူညီထောက်ပံ့ကြရန် မိန့်သည်။
“ဦးဇင်းတို့ တိုင်းရင်းသားဆိုတာက အိမ်ရှင်ပါ။ အကြမ်းတိုက်ခိုက်ခံရတဲ့ ဦးဇင်းတို့ တိုင်းရင်းသားတွေမှာ လူမသေပေ မယ့် ဘဝသေသွားကြပါပြီ။ အိမ်တွေလည်း မရှိတော့ဘူး။ စားစရာ မရှိတော့ဘူး။ ကမ်းမမြင် လမ်းမမြင် ဒုက္ခသည်တွေ ကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူတွေက စိတ်ဓါတ်ရေးရာပဲ ဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်စေ ပါဝင်ကူညီကြပါ” ဟု မေတ္တာရပ်ခံသွားသည်။
ရခိုင်ပြည်နယ်အတွင်း ဆူပုအကြမ်းဖက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများကြောင့် “အရေးပေါ်အခြေအနေ” ကို တနင်္ဂနွေနေ့က သမ္မတအမိန့်ဖြင့် ကြေညာထားပြီး စစ်တပ်မှ ပါဝင်ထိန်းသိမ်းနေသည်။
ပြည်သူ့တန်ဖိုးနဲ့ ပြည်သူ့တာဝန် သိစေချင်
ခိုင်မြန်မာ | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၄ မိနစ်
စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ဒေသခံ ပြည်သူများအပေါ်တွင် လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ပေါ် တွင်လည်းကောင်း၊ ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းအောင် စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများရဲ့ ရည်မှန်းချက်ကို အချို့သော စီမံကိန်းများမှ အကောင်အထည်ဖော်ဆောင်နိုင်မှု အားနည်းနေကြောင်းကို တွေ့မြင်နေရပါတယ်။
ကျမတို့ ရန်ကင်းမှာ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံကိန်းများချပြီး တိုက်ခန်းဟောင်း များမှာ နေထိုင်ကြသူတွေကို တိုက်အသစ်ကြီးများပေါ် ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။ (ခိုင်ခန့်မှုကို စနစ်တကျ တိုင်းတာရန် မဖြစ်နိုင်သေးသော်လည်း) ကောင်းမွန်သည့် ဘဝမြှင့်တင်ရေး စီမံကိန်းများ ဖြစ်ကြောင်း မြင်သာပါတယ်။
သို့ပါသော်လည်း ရန်ကင်းဈေးအနီးမှာ ဖော်ဆောင်နေတဲ့ အိုးအိမ်စီမံကိန်းအတွက် တာဝန်ပေးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီများက ၎င်းတို့အတွက် ကုန်ကျစားရိတ် သက်သာစေရန်ကိုသာ ဦးစားပေးပြီး ဒေသခံ ပြည်သူများအပေါ်ဘေးထွက်ဆိုးကျိုး သက်ရောက်နေမှုများကို လျစ်လျူရှုနေပါတယ်။
0 comments:
Post a Comment