Tuesday, June 12, 2012

ယနေ့မြန်မာနိုင်ငံရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများအပေါ်သုံးသပ်မိသည့် ကျနော့်အတွေးများ


by Nay Oo-People on Tuesday, June 12, 2012 at 3:13am 


ဤသုံးသပ်ချက်ကို  အစွဲကင်းကင်း၊ ရိုးရိုးသားသားနှင့်  နိုင်ငံရေးအရသိပ္ပံနည်းကျစွာ ရေးသားပြီး ပြည်သူပြည်သားများနှင့် ယနေ့အစိုးရလေ့လာရန်  တင်ပြပါသည်။

"သူတို့" "ငါတို့" ဆိုတဲ့ ပုံပြင်တွေ
  • သမိုင်းကိုပြန်လှန်ကြည့်လိုက်တဲ့အခါ အစိုးရတွေ၊ အုပ်ချုပ်သူတွေရဲ့ "သူတို့" "ငါတို့" တို့လို့ တွင်တွင်သုံးပြီး သွေးခွဲအုပ်ချုပ်ခဲ့တဲ့အောက်မှာ ကျနော်တို့အလှည့်စားခံခဲ့ရတာကိုမမေ့သင့်ပါ။
  • အစိုးရတွေ အုပ်ချုပ်သူတွေပြောခဲ့တဲ့  "သူတို့" "ငါတို့" ပုံပြင်တွေရဲ့ လိမ်လှည်လှည့်ဖျားမှုအောက်က ကျနော်တို့တွေ မမြင်ခဲ့တဲ့ဖြစ်ရပ်တွေ နားမလည်နိုင်ခဲ့တဲ့ဖြစ်ရပ်တွေ.အများကြီးရှိခဲ့ဘူးတယ်။ တိုင်းပြည်ကို ၂၆ နစ်တာအုပ်စိုးလာခဲ့တဲ့ ဦးနေ၀င်းအစိုးရလက်ထက်က ကရင်၊ ကချင်၊ ရှမ်း၊ အစရှိတဲ့ သူတို့ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတဲ့ သူပုန်တွေကို အကြမ်းဖက်သမား၊ အဖျက်သမားခေါင်းဆောင်များအနေ နဲ့  ပုံဖေါ်ခဲ့ကြဘူး (People were socialized to know who their enemy was) တယ်။ ဥပမာ- ရုပ်ရှင်ထဲမှာ သောင်းကြမ်းသူအကြမ်းဖက်သမား အနေနဲ့ သရုပ်ဆောင်တဲ့ အံ့ကျော်ကြီးဟာ အရက်တွေမှုး၊ ကြက်ကျော်ကြီးကိုက်၊ မြင်းကြီးစီးလို့.. သူရဲ့ရုပ်ဆိုးဆိုးမျက်နှာ အော်ဂလီဆန်တဲ့မျက်နှာကြီးကိုရှုံ့တွရင်း၊ မလိုအပ်ပဲတဟားဟားရယ်ကာ အပျိုငယ်ကလေးတွေကို ဖျက်ဆီးတာ၊ အပြစ်မဲ့တဲ့လူတွေကို သတ်တာ၊ စော်ကားတာကိုမြင်ရတော့ ကျနော်တို့ တွေဟာ လူမျိုးစုသူပုန်တွေကို ဘာမသိညာမသိ အသားလွတ် မုန်းခဲ့ကြပြီး စစ်ပွဲကပြန်လာတဲ့ (အမိန့်အရ) ကိုယ့်လူမျိုးအချင်းချင်းသတ်လာခဲ့တဲ့၊ ဖျက်ဆီးလာခဲ့တဲ့ စစ်သားတွေကို ပြည်သူတွေက အောင်သပြေတွေ၊ ပန်းကုန်းတွေနဲ့ ၀မ်းသာအားရလက်ကမ်းကြိုခဲ့ကြဘူးတယ်။  အဲဒီအချိန်မှာ- ဟိုးနယ်စပ်တွေမှာ လူမသိသူမသိတောတောင်တွေထဲမှာ အပြစ်မဲ့တဲ့ ကရင်၊ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာတွေ ရွာလုံးကြွတ်မီးရွှံ့ဖျက်ဆီးခံခဲ့ရတာတွေ၊ လူတွေသေကြေပျက်စီး ဒုက္ဒ္ခရောက်ခဲ့ရတာတွေ၊ မိန်းမတွေမုဒိန်းကျင့်ခံခဲရတာတွေ စတဲ့ဝမ်းနည်းဘွယ်ရာအဖြစ်ဆိုးတွေကြုံတွေနေခဲ့ရတာကို ကျနော်တို့မမြင်ခဲ့ မသိခဲ့၊ မလေ့လာနိုင်ခဲ့ကြဘူး။ တိုင်းပြည်ကရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုငြိမ်းချမ်းတဲ့နည်းတွေနဲ့ မဖြေရှင်းချင်တဲ့ ဦးနေ၀င်းအစိုးရလုပ်ဆောင်ခဲ့လို့ ရလိုက်တဲ့ရလာဒ်ကတော့- ပြည်သူ့တပ်မတော်ဟာ နောက်ဆုံး ပြည်သူ့ရဲ့အမုန်းကို ခံခဲ့ရတာပဲ။
  • ထိုနည်းတူပဲ တိုင်းရင်းသားသူပုန်ခေါင်းဆောင်တွေက သူတို့ဒေသကလူတွေရဲ့ ထောက်ခံမှု၊ စုစည်းမှုကို အလွယ်တကူရဘို့အတွက်  ဗမာတွေအားလုံးကို လူကြမ်းတွေအဖြစ် သူတို့လူတို့လူထုတွေကြားမှာ ချဲ့ကား ပုံဖေါ်ခဲ့ကြလို့ လူမျိုးစုအတော်များများကြားမှာ  "ဗမာလူမျိုး" အဓိပ္ပါယ်= "ရန်သူ" ဖြစ်သွားခဲ့ရတယ်။ တချို့လူမျိုးတွေဆိုရင် ဗမာနဲ့ယူရင် လည်ပင်းပြတ်မယ်လို့ သူတို့ခေါင်းဆောင်တွေရဲခြမ်းခြောက်တာကို ခံခဲ့ကြရတယ်။ အဲဒီလိုနဲ့ အစိုးရတွေ၊ အုပ်ချုပ်သူတွေက (၂၆) နစ်လုံးလုံး ကျနော်တို့ကို နိုင်ငံရေးအရ စီးပွားရေးအရ အမြတ်ထုတ်ခံခဲ့ကြတာကိုကျနော်တို့ခံခဲ့ရတယ်။ ရလာဒ်ကတော့ မလုံခြုံမှု၊ အမုန်းတရား၊ ကြောက်ရွံ့မှုနဲ့အတူ ပြည်သူတွေသွေးကွဲနာကျင်ခဲ့ရတာပဲ။
ဒီလိုအတိတ်က ခါးသီးတဲ့သင်ခန်းစာတွေရှိခဲ့တာကို ယနေ့အစိုးရနဲ့ ကျနော်တို့ပြည်သူပြည်သားအားလုံး မမေ့ကြဘို့ သတိရှိကြဘို့လိုတယ်။ တိုင်းပြည်အကျိုးစီးပွားအတွက် လူနည်းစုအကျိုးစီးပွားသက်သက်ကိုဖေါ်ဆောင်ပေးသည့် "သူတို့" "ငါတို့"  ပုံပြင်များ တခန်းရပ်သင့်ပါပြီ။

ယနေ့ဘင်္ဂါလီပြဿနာနဲ့ မြန်မာနိုင်ငံရေး
  • ဘင်္ဂါလီပြဿနာဟာ- လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာဖြစ်တယ်။  တိုင်းပြည်တပြည်နဲ့ တပြည်အကြားက စစ်ပွဲ (သို့) ကျူးကျော်မှုမဟုတ်ဘူး။  ဘာသာရေးစစ်ပွဲမဟုတ်ဘူး။ အခြားတိုင်းပြည်တစ်ခုကို အခြားတိုင်းပြည်တစ်ခုကလူတွေ ၀င်ရောက်နေထိုင်လုပ်ကိုင်ကြတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ကလူတွေလည်း ထိုင်းတို့၊ မလေးရှားတို့၊ စင်ကာပူတို့၊ အပြင်အခြားတိုင်းပြည်များကိုရော သန်းနဲ့ချီ သွားရောက်နေထိုင်နေကြတာပဲ။ အဲဒီလို နေထိုင်ကြလို့ အခြားတိုင်းပြည်ကလူတွေလည်း အကြိုးအမြတ်အပြင် ဆုံးရှုံးမှု တွေခံစားရတာပဲ။  ဘာသာရေးအရပြောရင်လည်း လူအသီးသီးဟာ သူတို့ယုံကြည်ရာ ဘာသာကို ပြန့်ပွားအောင် က မ္ဘာ နဲ့အ၀ှမ်းလွတ်လပ်စွာလုပ်ကြတာပဲ။ ဗုဒ္ဓမြတ်စွာဘုရားတောင် နီပေါလူမျိုးဖြစ်ပြီး အန္ဒိယမှာပွင့်ခဲ့ကာ ဗုဒ္ဓဘာသာတရား အခြားတိုင်းပြည်များအပြင် မြန်မာပြည်အထိပါ ပြန့်ပွားရောက်ရှိလာခဲ့ရသေးတာပဲ မဟုတ်လား။
  • နိုင်ငံရေးအရလက်ခံပေးလို့မရတဲ့ မတရားတဲ့ နယ်မြေတောင်းလာတဲ့ ကိစ္စ မျိုးတွေရှိလာခဲ့ရင်၊ ဘာသာရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ ဘာပဲဖြစ်ဖြစ်မတရားတဲ့နည်းတွေနဲ့ အတင်းအကြပ်လုပ်လာမျိုး အတင်းသွတ်သွင်းလာခဲ့တာမျိုးဆိုလာခဲ့ရင်တော့ နိုင်ငံရေးအရရှင်းရှင်းပြတ်ပြတ်ပြောဘို့၊ ပြန်ပို့သင့်တဲ့သူတွေကို ပြန်ပို့ဘို့၊  တည်ဆဲ တရားဥပဒေအရ တင်းတင်းကြပ်ကြပ်အရေးယူလုပ်ကိုင်ကြဘို့ ရှိတာပဲ။ ဖြေရှင်းလို့ရတဲ့နည်းနာတွေရှိနေရဲ့သားနဲ့... "မီးရွှိ့ကြကွ. သတ်ကြကွ.. ဖျက်ဆီင်္းကြကွ" လို့ အော်နေတာ လူယဉ်ကျေးမှုအရပဲကြည့်ကြည့် ဘာသာရေးအနေနဲ့ကြည့်ကြည့် အတော့်ကို ရှက်ရမယ့်ကိစ္စဖြစ်တယ်။ ကိုယ်သတ်ဖြတ်မယ်ဆိုတဲ့ တဘက်ကလူအုပ်ထဲမှာ အပြစ်မဲ့တဲ့ ကလေးတွေ မိန်းမတွေရှိနေတာကို မမေ့နဲ့။
  • ဗုဒ္ဓ ဘာသာကို အသုံးချပြီး မွတ်ဆလင် မြန်မာဗုဒ္ဓ ဘာသာ အဓိကရုန်းဖန်တီးမယ်ဆိုရင်- ဗုဒ္ဓ ဘာသာ နဲ့ ခရစ်ယန်ဘာသာ ၀င်တွေရဲ့ အဓိကရုန်းတွေဖြစ်လာနိုင်တယ့်အပြင်  အခြားလူမျိုးရေးကိုအခြေခံတဲ့ ရေခံမြေခံ ပြဿနာအကြောင်းအရာတွေ အချက်အလက်တွေရှိပြီးသားဖြစ်တဲ့ တရုတ်-ဗမာလို အဓိကရုန်းတွေဖြစ်လာနိုင်တယ် ဆိုတာကိုလည်း တွက်ဆဘို့ မမေ့နဲ။  အေးချမ်းတဲ့ မြန်မာတွေဟာ ဘာသာရေးအစွန်းရောက်စိတ်ဓါတ် ('religious militancy mindset') ရှိတဲ့သူတွေဖြစ် ကုန်နိုင်တယ်ဆိုတာ မမေ့နဲ့။ အဲဒီလိုလုပ်ရင် သာသနာအရောင်အ၀ါမှေးမှိန် လိမ့်မယ်။ သိပ်အန္တရယ်ကြီးတယ်။
  • ယနေ့ အစိုးရက၊  စစ်တပ်က အဲဒီလိုအောက်လမ်းနည်းနဲ့ လူထုမေတ္တာကိုခံယူရရှိဘို့ကြိုးစားနေတယ်ဆိုရင် (ဖြစ်ခဲ့ရင်-လုပ်နေခဲ့ရင်) အတော့်ကို ရှက်စရာကောင်းတဲ့နိုင်ငံရေးပဲဖြစ်မှာပဲ။  အစိုးရက၊  စစ်တပ်က ပြည်သူ့အချစ်ကိုလိုချင်ရင် အလွယ်ကလေးပဲ။   ပြည်သူကို ရင်ဖွင့်ပြီး ချစ်ပြလိုက်ပါ.. ပြည်သူက ရင်ခွင်ပိုက်ပြီး အကြီးအကျယ်ပြန်ချစ်လိုက်မှာပဲ။  ကိုယ်ကတော့ အချစ်ခံချင်ပြီးတော့ အခြားသူတွေကိုတော့ အမုန်းရစေချင်တယ်ဆိုရင်လည်း ကလေးဆန်သွားမှာပဲ။ အဲဒီလိုပြည်သူလူထုကိုလှည့်စားပြီး ရယူခဲ့တဲ့ အချစ်ဟာ ရေရှည်မခံဘူးဆိုတာ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာအရေးအခင်း သမိုင်းတွေက သက်သေပြခဲ့ပြီး ပြီ။ အဲဒါကိုလည်း မမေ့နဲ့။ အစိုးရလုပ်ရမှာ က တရားဥပဒေစိုးမိုးရေးကို ကြောသားရင်သားမခွဲခြားပဲ ပြတ်ပြတ်သားသား အတိအကျ အကောင်အထည်ဖေါ်လုပ်ကိုင်ဘို့ပဲ။ အဲဒီလိုလုပ်ရင် အစိုးရကိုပြည်သူက ချစ်ခင်ယုံကြည်လာလိမ့်မယ်။
ရန်သူအစစ်
  • ယနေ့တိုင်းပြည်တွင်းမှာအတူတကွနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပြည်သူတွေကြားမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အခွင့်အရေး စတဲ့မမျှမတမှုတွေ၊ မညီမျှမှုတွေ၊ (Gaps တွေ)  လက်တွေ့တည်ရှိနေတယ်။ တကယ်တန်းပြောရရင်- ကျနော်တို့တိုင်းပြည်ရဲ့ရန်သူ (နောက်ဆုံး ပြောရရင် ) လူသားတွေရဲ့ရန်သူ အစစ်ဟာ အဲဒီမမျှတမှုတွေ မညီမျှမှုတွေဖြစ်တယ်။ အဲဒီမမျှတမှုတွေ မညီမျှမှု တွေရှိနေသရွေ့ ပြည်တွင်းစစ်တွေ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ စစ်ပွဲတွေ၊ လှုပ်ရှားမှုတွေ၊ တိုက်ပွဲဝင်မှုတွေ ဆက်လက်ရှိနေဦးမှာပဲ။

ကျနော်တို့အကျိုးစီးပွားကိုလိုလားသည်ဆိုသော တိုင်းပြည်များနှင့် ကျနော်တို့အခန်းကဏ္ဍ
  • ယနေ့အစိုးရ (သို့မဟုတ်) စစ်တပ်ထဲက ဗျူဟာကိုင်တဲ့သူတွေအချို့ (သို့) တိုင်းပြည်အကျိုးစီးပွားနှောင့်နေးတာကိုလိုလားတဲ့သူတွေဟာ .. ဘင်္ဂါလီ ကိစ္စကနေ ဘာသာရေးအဓိကရုံးဖန်တီးပြီး မြန်မာပြည်သူတွေရဲ့မေတ္တာ၊ အမေရိကန်ရဲ့မေတ္တာအပြင် အလားတူပြဿ နာမျိုးကြုံနေရတဲ့ တရုတ်ရဲ့ဂရုဏာကိုပါ လှည့်ဖြားတဲ့နည်းနဲ့ ယူနေရော့သလားလို့ သံသယဖြစ်မိတယ်။ သမိုင်းကိုပြန်လေ့လာရင် ယခင် တရုတ်အစိုးရကိုချည်းကပ်တုန်းက စစ်အစိုးရက ပြည်တွင်းစစ်ကို လက်ညိုးထိုးပြီး သူသာလျှင်တိုင်းပြည်ကို တည်ငြိမ်စွာ အုပ်ချုပ်နိုင်သူအနေနဲ့ ပုံဖေါ်နိုင်ခဲ့လို့ တရုတ်က ယခင်စစ်အစိုးရကို စစ်ရေး အကူအညီတွေ ပုံအောပေးခဲ့ တယ်။ အဲဒါကြောင့် ပြည်တွင်းစစ်ရှည်ကြာခဲ့ပြီး တကယ်သေခဲ့၊ နာခဲ့ရတာက ကျနော်တို့ပြည်သူတွေပဲလေ.။ ကျနော်တို့ရလိုက်တဲ့ရလာဒ်က ဆင်းရဲမွဲတေမှုနဲ့၊ တိုင်းပြည်စည်းလုံးညီညွတ်မှု မရှိမှုနဲ့ အခြားဘေးထွက် ပြဿနာတွေပဲမဟုတ်လား။  အဲဒီလိုအစိုးရက (သို့) စစ်တပ်က ဘာသာရေးအဓိကရုန်းကို တမင်ဖန်တီးအမြတ်ထုတ်ခဲ့တာမှန်ခဲ့မယ်ဆိုရင် ဦးသိန်းစိန်အစိုးရကို ၀န်းရံနေတဲ့ ပေါ်လစီမိတ်ကာ (policy makers) တွေ (သို့) စစ်တပ်ကို ၀န်းရံနေတဲ့ ပေါ်လစီမိတ်ကာတွေ တိုင်းပြည်ကို ချောက်ထဲဆွဲချနေပြီလို့ပြောချင်ပြီး ယနေ့ပေါ်လစီကို အမြန် ပြန်ဆန်းစစ်ဘို့လိုမယ်။ ထိုပေါ်လစီမိတ်ကာများ အစား ထက်မြက်ထူးချွန်ပြီး ရင်ခွင်ကျယ်-ဦးနှောက်ကြီးတဲ့ ပေါ်လစီမိတ်ကာ အသစ်တွေနဲ့ ဖြည့်တင်းဘို့လိုမယ်။ 
  • ယနေ့ဦးသိန်းစိန်အစိုးရဟာ အမေရိကန်ဦးဆောင်တဲ့အနောက်နိုင်ငံများ၊ တရုတ်နဲ့၊ အခြားတိုင်းပြည်များရဲ့ အကူအညီကို ယူပြီး မိမိတိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့ အလျှင်အမြန်တိုးတက်ရေးအတွက်...ဘာလုပ်မလည်းဆိုတာ ဘာမဖြစ်ခဲ့ရင် ဘာလုပ်မလည်းဆိုတာ Plan A, B, C တွေထားပြီး အတိအကျစဉ်းစားဘို့လိုတယ်။  အမေရိကန်နဲ့ စစ်ရေးအတူလေ့ကျင့်ရတော့မယ် အမေရိကန်အရှိန်အ၀ါနဲ့ ကမ္ဘာ့နိုင်ငံရေးစီးပွားရေး ကို ချိတ်ဆက်နိုင်တော့မယ်ဆိုတဲ့ အိမ်မက်လောက်နဲ့ ဆိုရင်တော့ ကျနော်တို့မှားမယ်။ အမေရိကန်နဲ့ တရုတ်အကြားကစားမယ်ဆိုရင် ချောက်ပေါက်ကျမယ်။ သတိထားဘို့က ယနေ့အမေရိကန်ဟာ ယနေ့အချိန်အထိ အဘက်ဘက်မှာ တရုတ်ရဲ့ အဓိက မိတ်ဆွေဖြစ်နေတာ ကိုတွေ့ရမယ်။   သတိထားရမယ့်နောက်အချက်တခုက အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဂျပန်လိုမဟာမိတ်တွေဟာ တရုတ်နိုင်ငံက လူဦးရေတစ်ဘီလီယံလောက်ရှိတဲ့ လူသားဈေးကွက်ကြီးကနေနစ်စဉ်ရနေတဲ့ ဘီလီယံနဲ့ချီပြီးမြတ်နေတဲ့ ၀င်ငွေတွေ၊ သူတို့အကျိုးစီးပွားတွေကို စွန့်ပြစ်ပြီး လူသန်းပေါင်း (၅၀) ကျော်လောက် ရှိပြီး ပြ ဿနာပေါင်းများစွာရှိတဲ့ ကျနော်တို့တိုင်းပြည်ကို စွန့်လွတ်အနစ်နှာခံပြီး လွယ်လွယ်နဲ့ ကယ်တင်မှာမဟုတ်ဘူး။  အသုံးသာချသွားနိုင်တယ်ဆိုတာပဲ။ ကျနော်တို့ကလည်းကျနော်တို့တိုင်းပြည်အကျိုးအတွက်ပူးပေါင်းလုပ်မယ်. အသုံးချတာတော့မခံဘူးလို့ ကျင့်သုံး ခံယူ လုပ်ကိုင်ရမယ်။

စဉ်းစားစရာများ
  • ယနေ့ ကမ္ဘာ့ ဒီပလိုမေစီဟာ အမေရိကန်ရဲ့ အီရတ် စစ်ပွဲ၊ အာဖဂန်စစ်ပွဲနဲ့အတူ..ကျိုးပြတ်သွားတာကြာလှပြီ။ သူတို့ဝင်ချင်တဲ့တိုင်းပြည်ကို ကြိုက်တဲ့အချိန်ဝင်လို့ရသလိုဖြစ်သွားပြီ။  အဲဒါနဲ့အတူကမ္ဘာ မှာ အချုပ်အခြာအာဏာ (Sovereignty) ဆိုတာ ဘာလည်း ဆိုတာ မေးခွန်းဖြစ်လာတယ်။ ယနေ့ အမေရိကန်ဟာ အာဖဂန်နဲ့ အီရတ်က ခွာနေပြီ.။  ရိုးရိုးခွာတာမဟုတ်ဘူး  ကောင်းကင်ကနေ ကြည့်ချင်တဲ့တိုင်းပြည်ကို မိုးစီး ကြည့်နေနိုင်ပြီး လိုအပ်ရင် ပစ်မှတ်ကို အင်အားကြီးစွာ တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ Predator Drones တွေထားခဲ့ပြီး ဆုတ်မှာ။ ဒါကြောင့်ဆုတ်ခွာတယ်လို့တောင်ပြောမရဘူး၊ ပါကစ္စတန်နိုင်ငံအစိုးရ ခွင့်ပြုချက်မယူပဲနဲ့ remote သုံးပြီး အမေရိကန် ပစ်ခတ်ခဲ့တဲ့ Drone Strikes တွေဘယ်နစ်ကြိမ်ရှိနေပြီလည်း။ ဒါမျိုး ယီမင် Yemin မှာလည်း လုပ်ခဲ့တာပဲ။  မဆိုင်တဲ့သူတွေလည်းသေခဲ့တာပဲ။ ဒါပေမယ့် အဲဒီလို လိုအပ်ရင်ပစ်ခတ်သတ်ဖြတ်တာ တရားဝင်တယ်၊ ကျင့်ဝတ်နဲ့လည်းညီညွတ်တယ်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စလည်းဖြစ်တယ် (legal, ethical, and necessary) လို့ အမေရိကန်အစိုးရကဗြောင်ပဲ ကမ္ဘာ ကိုကြေငြာထားခဲ့ပြီးပြီ။ အဲဒီလို ကမ္ဘာ့ နိုင်ငံရေးမျိုးကို ကျနော်တို့ ကြုံနေရပြီ။  စစ်အေးခေတ် ကစဉ်းစားချက်တွေနဲ့သွားမရတော့ဘူး။
  • ယနေ့အင်အားကြီးတိုင်းပြည်တွေရဲ့ အင်အားတိုးချဲ့ပြိုင်ဆိုင်မှုတိုက်ပွဲအဆင့်ဟာ အာကာသအခြေစိုက် အနုမြုလက်နက်တွေထားနိုင်တဲ့ စစ်စခန်းတွေ  (space-based nuclear power station ) တည်ဆောက်နိုင်ဘို့ ကြိုးပမ်းနေတဲ့ခေတ်ကိုရောက်နေပြီ။   ကုန်းမြေပထ၀ီနိုင်ငံရေး Geo-politics ကိုပဲအမြဲအဓိကထားအခြေခံတဲ့ Strategic တိုက်ပွဲသက်သက်မဟုတ်နိုင်တော့ဘူး။ ပထ၀ီကိုအခြေခံတဲ့ စီးပွားရေးနိုင်ငံရေးအရဆိုရင်တော့ ဟုတ်မယ်။ ယနေ့အမေရိကန်က မြန်မာအစိုးရနဲ့ တကယ်ပဲနီးစပ်ချင်တယ်၊ ပူးပေါင်းလုပ်ကိုင်ချင်တယ်။ ရည်ရွယ်ချက်က (Atlantic and Pacific Ocean) သမုဒ္ဒရာ နစ်ခုကို ပိုင်ထားခဲ့လို့ အင်အားကြီးခဲ့တဲ့အမေရိကန်ဟာ စစ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေးအရ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ အိန္ဒ္ဒိယ သမုဒ္ဒ္ဒရာ ကြီးကိုပါ ကြီးစိုးလွှမ်းမိုးထားချင်တယ်။   ပိုပြီးဖြစ်နိုင်တာက တရုတ်နဲ့ ဆက်စပ်နေတဲ့ အရှေ့တောင်အာရှ၊ အာရှနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး စားကွက်ကို ၀င်ဘို့ဖြစ်နိုင်တယ်။  သူတို့ (အမေရိကန် ဦးဆောင်တဲ့အနောက်၊ တရုတ်၊ အရှေ့တောင်အာရှက တိုင်းပြည်များ) တွေရဲ့အကျိုးစီးပွားနဲ့ ကျနော်တို့တိုင်းပြည်အကျိုးစီးပွား လက်တွေ့ကျကျပေါင်းစပ် အသုံးချပြီး ကျနော်တို့တိုင်းပြည် ကြီးပွားတိုးတက်အောင်လုပ်ဘို့လိုတယ်။  ယနေ့နိုင်ငံရေးမှာ တရုတ်ကိုရော အမေရိကန်ကိုရော အခြားဘယ်သူ့ကိုမှ အပြတ်ပြောလို့မရဘူး။ လိမ်မာပါးနပ်ဘို့ကလွှဲပြီး ဘယ်သူ့ကိုမှလည်း တပည့်ခံစရာမလိုဘူး။  နိုင်ငံတကာနိုင်ငံရေးကို ရေရှည်အမြင်နဲ့ ကြည့်ပြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးပေါ်မှာကြည့်ပြီ့း ပါးပါးနပ်နပ်နဲ့ အားလုံးနဲ့ပေါင်းလုပ်ရမှာဖြစ်တယ်။
  • ကျနော်တို့အားလုံး အဓိကထားလုပ်ရမှာက ကျနော်တို့တိုင်းပြည် အေးချမ်းသာယာပြီး တည်ငြိမ်မှု ငြိမ်းချမ်းမှုရှိနေရေးပဲ။ ယနေ့ကမ္ဘာ့ အင်အားကြီးတိုင်းပြည်များရဲ့ပေါ်လစီက "stability and security" တည်ငြိမ်ရေးနဲ့ လုံခြုံရေးပဲ။ ကျနော်တို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှ  တိုင်းပြည်တွင်းကို ပြည်ပရင်းနှီးမြှုတ်နှံ့မှုတွေ ၀င်လာမယ်။ အဲဒီအတွက် အစိုးရဟာ  တိုင်းပြည်တွင်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများကို လုပ်သွားရင်း ပြည်သူလူထုတရပ်လုံးနဲ့ တိုင်းပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံရေး မဏ္ဍိုင်တွေတောင့်တင်းအောင် အားစိုက်လုပ်ဘို့လိုတယ်။
  • ယနေ့ဦးသိန်းစိန်အစိုးရ၊ တိုင်းပြည်တွင်းက ပြည်သူပြည်သားများနဲ့ နိုင်ငံတကာအစိုးရတွေဟာ မြန်မာပြည်ကို ဒီမိုကရေစီတိုင်းပြည်အဖြစ်   အမှန်တကယ်ပြောင်းလဲချင်တယ်ဆိုရင် ယခင်အစိုးရတွေကျူးလွန်ခဲ့တဲ့ အတိတ်က ဆိုးကြိုးတွေ ကို ထပ်မံမကြူးလွန်မိဘို့ အဲလိုလုပ်ရပ်မျိုးတွေကို အားမပေးဘို့၊ မြန်မာပြည်သူတွေကို မလှည့်စားဘို့ သတိထားရလိမ့်မယ်။ လုပ်နေမိတယ်ဆိုရင်လည်း ရေရှည်ပြည်သူ့ အကျိုးစီးပွားကိုရှေ့ရှုပြီး  ချက်ချင်းရပ်ပြစ်ဘို့လိုမယ်။  အဲဒီလို အကြံပေးနေတဲ့သူတွေ လျှို့ဝှက်လုပ်နေတဲ့သူတွေရှိနေရင်လည်း ဖြုတ်ပစ်ရ၊  သတိပေးရ၊ အရေးယူရ လိမ့်မယ်။ ထို့အတူယနေ့တိုင်းပြည်ကြုံတွေနေ ရတဲ့ ပြ ဿနာတွေကို အသုံးချပြီး ပြည်တွင်းပြည်ပက မသမာတဲ့သူတွေနဲ့ အခြားတိုင်းပြည်တွေကနေ ကျနော်တို့ရဲ့တိုင်းပြည်ကို အသုံးချသွားတာမျိုးမခံရအောင် သတိထားရလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

နေဦး

We need to build Peace, Stability, and Security for all people in the country and the region.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...