Monday, February 20, 2012

မည်သို့ သောလူနည်း (ခင်မာလာကြာဖြူ)

by Myint Myint Thein on Monday, February 20, 2012 at 2:17pm

မည်သို့ သောလူနည်း (ခင်မာလာကြာဖြူ)







“Character is revealed in how we handle things that go wrong”
ပလေတိုက “လူ” ဟုခေါ်ရန် အောက်ပါ အချက် အင်္ဂါရပ်များနှင့် ပြည့် စုံရမည် ဟု ဆိုသည်။

          အသိဥာဏ်ရှိရမည်။
          အမှား အမှန်ကို ခွဲခြားသိပြီး အမှန်ဘက် က ရပ်ဖို့ သတ္တိရှိရမည်။
          စောင့်စည်းရမည်။
          တရားမျှတမှုရှိရမည်။
          သမိုင်းက ဘယ်လိုဆိုဆို ဆင်ခြင်တွေးခေါ်သူများ က ဘယ်လိုရေးရေး၊ ငါ့ ဖာသာ ရောက်တဲ့နေရာမှာ အခြေနေပေးသမျှ ငါ့ အလိုကျ ငါ လုပ်တာ ဘာဖြစ်သလဲ။ မှည့်ချင်တဲ့ နာမည် မှည့်မှည့် လူလို့ မခေါ်ချင်လဲ နေ။ ငါ စားချင်တာစား။ အိပ်ချင်သလိုအိပ်၊
အလိုရှိသမျှ မှီဝဲနေရတာ ငါ့ အတွက် နိဗာန်ပါ ဟု ဆိုသူများ အတွက် အလိမ္မာ ဟာ စာမှာလည်း မရှိပါဘူး။ ကမ္ဘာမှာလည်း မရှိပါဘူး။ ကမ္ဘာကြီး က ဘာပြောပြော စာထဲ မှာ ဘယ်လိုဆိုဆို လိမ္မာတာဟာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာကိုပင် ခွဲခြားဖို့ မလိုသူများရဲ့ ဘဝဟာ သူတို့ အတွေး နဲ့ သူတို့ ကျေနပ်နိုင်ပါတယ်။
          တချို့သော သူ များကတော့ လူလူချင်း ညှာတာ ထောက်ထားတဲ့ အသိစိတ်ဓါတ်ဖြင့် တရားမရှိသလို နေကြပေလိမ့်မည်။ သူတစ်ပါး ကို နှုတ်အားဖြင့် လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း ကိုယ်အားဖြင့်လည်းကောင်း မကျူးကျော်လို၍ စောင့်စည်းကြပေလိမ့်မည်။
          ရေများရေနိုင် မီးများ မီးနိုင် ဆိုသော စကားနှင့် အညီ ဒုက္ခဘုံမှာတော့ ကောင်းမှု ကို မကောင်းမှုက အမြဲ အနိုင်ယူနေတော့သည်။
          ဒါဆို ကောင်းကောင်းမနေနဲ့ တော့ ဒုက္ခဟာ ဒုက္ခပဲ မို့လား ဆိုပြီး ဒုက္ခပဲ ပေးနေမလား။
          ကောင်းမှုနဲ့ မကောင်းမှု မည်သည်ဘက်မှာ ရပ်မလဲ လို့ ကော တွေးမလား၊ ရပ်ကော ရပ်မှာလား။
          မိမိ၏ အသိစိတ်ဓါတ်ဖြင့်သာ ပြုရသော အရာများဖြစ်ပါသလား ဟု စဉ်းစားမိသောအခါ….
          အသိစိတ်ရှိသူကို ပြောစရာမလို
          မသိတတ်သူ ကို ပြော၍ မရ
ဟု ကောက်ချက် ချမိသည့် ခဏ စာရေး လိုစိတ်၊ စကားပြောလိုစိတ်ပင် မရှိတော့ပါ။
          သို့ရာတွင် အောက်ပါ စာပိုဒ်လေး ကို ဖတ်မိတော့ မရေးရ မနေနိုင်ပြန်။
          “သူ ဘယ်လို အကျင့် ရှိသလဲ ဆိုတာ သူ ဒုက္ခရောက်ချိန်မှာ အဲဒီ ဒုက္ခ ကို ဘယ်လို ကိုင်တွယ်သလဲ ကို ကြည့်ပြီး သိနိုင်တယ်။”
          “သူ ဘယ်လိုအကျင့်ရှိသလဲ ဆိုတာကို အရာရာဟာ မှားယွင်းနေချိန်မှာ သူဘယ်လို ရင်ဆိုင်သလဲ ဆိုတာကို ကြည့်ပြီး သိနိုင်တယ်။”
          ဒုက္ခရောက်ချိန်
          အရာရာဟာ အစီစဉ်တကျ ရှိမနေချိန်မှာ…
          သူ့ အပြု မူတွေ ကြည့်ပြီး
          သူဟာ လူလား လူမဟုတ်ဘူးလား သိနိုင်ပါတယ်။ တနည်း ဆိုရသော် သူဟာ အသိဥာဏ် ရှိသူလား
          သတ္တိရှိသူလား
          စောင့်စည်းသူလား
          တရားမျှတသူလား ဆိုတာ ကိုပေါ့။
          သည်စာရေးနေချိန်မှာ မီးပျက်ရာမှ မီး ရုတ်တရက် ကောက်လာပါတယ်။ ဘယ်သူဖွင့်ထားမှန်း မသိတဲ့ TV က အသံထွက်လာလာတော့  ပိတ်ဖို့ TV ဆီ သွားတဲ့ အခါ ဖန်သားပေါ်မှာ စာတကြောင်း တွေ့ လိုက်တယ်။

          “ Justice delayed is Justice denied ” တဲ့။

ဘာအကြောင်းလဲ ဆိုတာ ထိုင်နားထောင်လိုပေမယ့် စာရေးလက်စ ပျက်သွားမှာ စိုးတာနဲ့ စားပွဲမှာ ဝင်ထိုင်ပြီး သည်စာ ကိုဆက်ရေးနေပါတယ်။

         ကြန့်ကြာနေတဲ့ တရားမျှတမှုဟာ တရားမျှတမှု ကို ငြင်းဆန်လိုက်တာပါပဲ။

          မကောင်းမှု အတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် မကောင်းမှု ဟာ မကောင်းမှု ပဲ မို့ အရေးမပါလောက်ပါဘူး။
          ကောင်းမှု ကျတော့ ပိုခက်ပါတယ်။ ဒါကြောင့်လည်း ကောင်းမှု ဟာ ကျင့်သုံးဖို့ ပိုခက်လေသလား။
          ဘာဖြစ်လို့လည်း ဆိုတော့ ကောင်းမှုပင် ဖြစ်ပါစေ၊ အချိန်လွန်သွားရင် ကောင်းမှု ကိုငြင်းဆန်ရာ ရောက်တတ်တယ်။
          အချိန်မှန်နေရာမှန် ( Right time နဲ့ Right place ) ကလည်း အရေးကြီးပြန်တယ်။
          “တနေ့တော့……”  ဖြစ်လာမှာပေါ့ ဆိုပြီး လူတွေ ဟာ ဖြေတွေးတွေး ကြတယ်။
          ကျမ ဟာ အထက်ပါစာကြောင်းလေး ကို မဖတ်မှီ ကပင်  “ ဖြစ်တယ် ” ဆိုတာလည်း အချိန်ရှိတယ်။ သိပ်ကြာသွားတော့ မဖြစ်သလိုပါပဲ လို့ ပြောလေ့ရှိတယ်။
          “ အဲဒါ ကို ဘာလုပ်မလဲ အစ်မ ”ဆိုတော့ ပထမ တစ်ကြိမ် နှစ်ကြိမ်တော့ အမှားလုပ်သူများအပြစ် ဖြစ်ပါတယ်။
          အကြိမ် အရေအတွက်များလာတော့ အမှားလုပ်ခံရသူ အပြစ် ဖြစ်လာလိမ့်မယ်။
          “ နင်တို့ လူတွေပဲ။ ဦးနှောက် ကို အသုံးချစားတဲ့ လူတွေပဲ။ ဥာဏ်ကိုလွှာသုံးတတ်တဲ့ လူတွေပဲ။ တရားမျှတမှု ကို မြတ်နိုးတတ်တဲ့ လူတွေပဲ မဟုတ်လား ”
          “ ဒါပေမယ့် အပျင်းထူပြီး အချိန်တွေ ဆွဲနေရင်၊ သူလုပ်လိမ့်မယ်ဆို့ပြီး ဘယ်သူများထလုပ်လိမ့်မလဲ ဆိုပြီး တွက်ကပ်နေရင် နင်တို့ဟာ သတ္တိ မရှိတဲ့ လူ၊ လုပ်သင့် လုပ်ထိုက်တာ မလုပ်ပဲ ပျက်ကွက်တဲ့ လူ ဖြစ်နေပြီ ” လို့ ပြောတော့ ……….
“ အစ်မဟာ တော်တော် ရက်စက်တယ်၊ အဲဒီလောက် ပြောရလား ” ဆိုကာ စိတ်ဆိုးပါလေရော။
          အမေ နှစ်မျိုးရှိပါတယ်။
          ပထမ တစ်မျိုးကတော့ သားသမီးမှားရင် မှားတယ် မပြောဘူး၊ “ ချမ်းသာတဲ့ သားသမီး ကိုယ့်ကိုထောက်ပံ့နေတဲ့ သားသမီး မှားတော့ ဘာမှ မပြောဘူး။ ဆင်းရဲတဲ့ သားသမီးမှားတော့ ပစ်ပစ်နှစ်နှစ် ပြောတယ်။ ”
          ဒုတိယ အမေမျိုးကတော့ ဘယ်သူမှားမှား ပစ်ပစ်နှစ်နှစ်ပြောတယ်။ သူက သားသမီး ဆိုတဲ့ အစွဲမပါဘူး။ ချမ်းသာ ဆင်းရဲ အဂတိ မလိုက်စားဘူး။ ဆင်းရဲတဲ့ သားသမီး ကို ဂရုဏာ ပိုတာမှ အပ “အပြစ်” တွေ “ အမှား” တွေကို သဘောတရားအရ လုံးဝ ဆန့်ကျင်တယ်၊ ဘယ်သူ ဘာအပြစ်လုပ်လုပ် ဘယ်သူအမှားလုပ်လုပ် ဆော်ပလော်တီးတာပဲ။
          အခုလဲ သဘောတရားအရ “ ခံ” နေတာဟာ တော်လောက်ပြီ။ တော်လှန်တာ မဟုတ်သော်မှ၊ အမှန်တရားအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေစေချင်တယ်။ သည်နေရာမှာ မားမားမတ်မတ် ရပ်နေလျှင်ပဲ အတိုင်းအတာ တစ်ခုထိ တရားမျှတရာ ရောက်မယ် မဟုတ်လား။
          “ အစ်မက ကျွန်တော်တို့ ကို ပြောတယ်၊ အစ်မ ကိုတော့ ဘယ်သူပြောလဲ”
          “ ဘာလဲ အဲဒီထဲမှာ အစ်မ လည်း ပါတာပဲ လို့ဆွဲထည့်တာပေါ့ ”
          “ ပါတယ်၊ ငါမငြင်းပါဘူး၊ ဒါပေမယ့် ငါ့ ကိုယ်ကျင့်တရားက ငါ့ ကို အမြဲဆုံးမတယ်။ ငါဟာ နေ့ တိုင်းလူဟုတ်ရဲ့လားလို့ နေ့တိုင်းဆန်းစစ်တယ်။ ငါ ဒုက္ခရောက်နေချိန်မှာ ငါဘယ်လိုရပ်တည်မလဲ ဆိုတာ အဆင်သင့် လုပ်ထားတယ်၊ လူနဲ့ တူအောင် ကြိုးစားနေတယ်၊ အဲဒီလိုပဲ နင်တို့အားလုံး ဥာဏ်ကလေး ကိုသုံးမယ်၊ သတ္တိလေး နဲနဲထည့်မယ်၊ စောင့်စည်းတဲ့ စည်းရိုးလေး ကို ကျားကန်ထားမယ်၊ အချိန်မဆိုင်းတဲ့ တရားမျှတမှု ကို ကျင့်သုးံမယ်ဆိုရင် ငါ ပြောရကျိုးနပ်ပါပြီ”
          အဖြေတစ်ခုအတွက်တော့ ကံကြမ္မာ လက်ထဲ ပို့လိုက်ပါပြီ။
          နောက်တစ်ခု ကြုံတုန်းပြောရဦးမယ်၊ “ Freedom is not free ” ဆိုတဲ့ စကားကို ဘယ်လိုနားလည်သလဲ။
          လွတ်လပ်ရေးရတာနဲ့ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး နေလို့ မရဘူး၊ လွတ်လပ်ရေးရတာနဲ့ အမျှတာဝန်ဆိုတဲ့ နှေင်ကြိုးတွေဟာ တဆင့် ပြီး တဆင့် ရစ်ပတ်နှောင်ဖွဲ့လာရော။ အမေနဲ့ နေစဉ်က အမေ့အုပ်ချုပ်မှု အောက်မှာတာဝန်တွေ အကုန်လုံး အမေယူထားတယ်။ ဒါပေမယ့် ကိုယ့်ဟာ ကိုယ်တော့ အမေ့စည်းကမ်းတွေ အောက်မှာ မလှုပ်သာတော့၊ လွပ်လပ်ရေး ကို မျှော်တွေးနေတယ်။ တက္ကသိုလ် ကိုတစ်ယောက်ထည်းသွားရချိန်မှာ လွတ်လပ်ပြီ ဆိုပြီး သိပ်ပျော်ခဲ့တယ်။ ဘာမှကို မလုပ်တော့ဘူး၊ စာတောင်မကျက်တော့ဘူး။ အိပ်ချင်သလောက်အိပ်၊ စားချင်မှစား၊ ဝတ္တုတွေ တစ်အုပ်ပြီး တစ်အုပ်ဖတ်။ ပျော်မှ ပျော်ပဲ။ စာမေးပွဲ ကျတော့ ရှက်ဖို့ ကောင်းလိုက်တာ၊ လွတ်လပ်ရေး ရပေမယ့် တာဝန်မယူတော့ အဆင့် အတန်းနိမ့်တာပေါ့။
          အဲဒါ ကို သတိထားမိတာနဲ့ ကိုယ့် စာ ကိုယ်ဖတ်၊ ကိုယ့် အဝတ်ကိုယ်လျှော်၊ ပို့တဲ့ ပိုက်ဆံနဲ့ လောက်အောင်သုံး၊ စာမေးပွဲ အောင်ဖို့ ပထမ ဆိုပြီး ကိုယ့်တာဝန်ကိုယ်ယူလိုက်ရတယ်။
          လွတ်လပ်ခွင့်ရတာဟာ တကယ်မလွတ်လပ်ဖူးဆိုတာ သိလာရတော့တယ်။
          လွတ်လပ်ခွင့်ဟာ တာဝန်ဆိုတဲ့ နှောင်ကြိုးနှင့် ချည်ထားပါမှ လွတ်လပ်ခြင်းအရသာ ကို ခံစားရပါမယ်။
          ကျမတို့ဟာ အရာရာမှားယွင်းသွားပေမယ့် မှန်မှန် ကန်ကန် ဘယ်လိုရပ်တည်မလဲ ဆိုတာ သင်ယူလို့ ရမယ် ထင်ပါသလား။




အတွေးအမြင်(၂၀၀) နိုဝင်ဘာ ၂၀၀၈

(ဆရာမောင်ဝံသ ၏ အမှာစာဖြင့် ဒေါင်းစာပေ မှ ထုတ်ဝေသော မြစ်လို သစ်ပင်လို မိုးလိုလူ ဆောင်းပါ အပါအဝင် ၄၇ ပုဒ်သော ဆောင်းပါးတို့ ပါဝင်သည့် မြစ်လို သစ်ပင်လို မိုးလိုလူ စာအုပ်မှ ကူးယူဖြန့်ဝေခြင်းဖြစ်ပါသည်။
ကျမ စေတနာထားရပါသော နီးသော ဝေးသော မိတ်ဆွေများဖတ်စေလိုသောဆန္ဒ ဖြင့် မျှဝေလိုက်ရခြင်းအားနားလည်မှုပေးနိုင်ကြလိမ့်မည်ဟုယုံကြည်ပါသည်။)

MMT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...